စနစ်မစ်ရှင်များကို စူးစမ်းခြင်း
Vol. 11 Ch. 209
မျက်စိတစ်မှတ်အတွင်း တစ်နှစ်ဟူသော အချိန်သည် ကုန်လွန်သွားခဲ့ပြန်သည်။ ထိုအတောအတွင်း၌ ကျန်းချန်ရွှမ်သည် ရေဓာတ်ဆီးသီးမှရရှိသော ဆေးစွမ်းအင်ကို ခန္ဓာကိုယ်တွင်းလှည့်ပတ် ပြုပြင်ခြင်းဖြင့် အချိန်ကုန်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် ဆီးသီးမှရရှိသည့် နောက်ဆုံးသော စွမ်းအင်အပိုင်းအစကို စုပ်ယူလိုက်သည်။ သူ့ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်သည် ရှေးယခင်ကထက် ၃၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီဖြစ်သည်။ သို့သော် ကံမကောင်းသည်တစ်ချက်က ရေဓာတ်ဆီးသီး နောက်တစ်လုံးကို စားသုံးရန် နောက်ထပ် နှစ် ၁၀၀ စောင့်ရမည့်အရေးဖြစ်သည်။ မဟုတ်ပါက ဒုတိယအကြိမ် စားသုံးလိုက်သည့် ရေဓာတ်ဆီးသီးသည် အစွမ်းအာနိသင် လုံးလုံးပြ နိုင်မည်မဟုတ်ပေ။ နှစ် ၁၀၀ စောင့်ပြီးမှ စားသုံးပြန်လျှင်လည်း ဒုတိယဆီးသီးသည် ပထမတစ် ခုလောက် စွမ်းအားထက်မြက်မှု ရှိမည်မဟုတ်ပါ။
ကျင့်ကြံသူတစ်ဦးအနေနှင့် တစ်သက်တာတွင် ရေဓာတ်ဆီးသီးကို အများဆုံး သုံးလုံးသာ သုံးစွဲနိုင်သည့်အတွက် နောက်ထပ်နှစ်ကြိမ်စားသုံးပြီးပါက ထိုရတနာသစ်သီးများသည် ကျန်းချန်ရွှမ်တို့အတွက် အသုံးဝင်တော့မည် မဟုတ်ပါ။ ဝိညာဉ်သွေးကြောမှ ရရှိလာသည့် ရေဓာတ်ဆီးသီးမှာ စုစုပေါင်း ၇ လုံးဖြစ်ပြီး ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းရန်တောက်တို့က တစ်လုံးစီယူထားလိုက်ကြသည့်အတွက် လေးလုံးကျန်ပါသည်။ ထိုအထဲမှ သုံးလုံးကို နောင်တစ်ချိန်အသုံးပြုရန် သိမ်းဆည်းထားပြီး ကျန်တစ်လုံးကိုတော့ လိုအပ်သည့် ရင်းမြစ်၊ ကုန်ကြမ်းများနှင့် လဲလှယ်ရန် စီစဉ်ထားကြသည်။
ထိုခဏတွင် ကျန်းချန်ရွှမ်သည် မစ်ရှင်ပြီးမြောက်မှုနှုန်းကို စစ်ဆေးလိုက်ရာ ၈၆ ရာခိုင်နှုန်းသို့ ရောက်ရှိနေကြောင်းတွေ့ရသည်။ တစ်နည်းအားဖြင့် လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် ကျင့်ကြံခြင်းဖြစ်စဉ်စဆုံးကို တစ်ရက်တွင် နှစ်ကြိမ်အထိ လည်ပတ်နိုင်စွမ်းရှိနေပြီဟု မှတ်ယူနိုင် သည်။ ကျန်းချန်ရွှမ်သည် ၁၀၀ ရာခိုင်နှုန်းအထိကို တစ်ထိုင်တည်းတွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။ နောက်ထပ်ခြောက်လ ကြာမြင့်သွားသည်။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်သည် ကျီဖုနယ်ပယ် ပဉ္စမအဆင့်ကို အုတ်မြစ်ခိုင်မာသည်အထိ ကျင့်ကြံပြီးဖြစ်သလို မစ်ရှင်ပြီး မြောက်မှုသည်လည်း ၁၀၀ ရာခိုင်နှုန်းပြည့်မီသွားသည်။ ထိုအချိန်တွင် သူမျှော်လင့်စောင့်စားနေ သည့် စနစ်မှအချက်ပြသံ ထွက်ပေါ်လာသည်။
[ဂုဏ်ယူပါသည် စနစ်ပိုင်ရှင်၊ စွမ်းအင်လည်ပတ်မှု အကြိမ် ၁၀၀၀ ဆောင်ရွက်ပြီးပါပြီ။ ဆုလာဘ် အနေနှင့် ပါရမီရမှတ်တစ်မှတ်၊ တွက်ချက်ခြင်းပုတီးစေ့နှင့် အသိပွင့်လင်းခြင်းအဆောင်တို့ကို ရရှိ ပါမည် ]
စနစ်မှ ဆုလာဘ်သုံးခုအထိ တန်းစီချီးမြှင့်လိုက်သည်ကို တွေ့သောအခါ ကျန်းချန်ရွှမ်အနေနှင့် ထခုန်မိမတတ် ဝမ်းသာသွားတော့သည်။ စနစ်သည် သူ့အပေါ် ဤမျှအထိ ရက်ရောမည်ဟု သူမထင်ထားခဲ့။ ပထမဆုံးဆုလာဘ်ဖြစ်သည့် ပါရမီရမှတ်သည် အလွန်တန်ဖိုးကြီးကြောင်း အကျယ်တဝံ့ရှင်းပြရန်မလိုပါ။
ကျင့်ကြံခြင်းဖြစ်စဉ်များကို သင်ယူနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့်အပြင် ကျင့်ကြံရာတွင်လည်း ရှေးကထက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ ပါရမီရ မှတ်သည် ထိုးထွင်းသိမြင်မှု အမှတ်များထက် အဆတစ်ထောင် သာလွန်သည်ဟု ဆိုလျှင်လည်း မမှားပါ။ ဒုတိယဆုလာဘ် တွက်ချက်ခြင်းပုတီးစေ့သည် ပြီးပြည့်စုံခြင်းမရှိသည့် ကျင့်ကြံခြင်း နည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများကို အပြည့်အစုံ ဖော်ထုတ်နိုင်စွမ်းရှိသည်။ အသိပွင့် လင်းခြင်းအဆောင်သည်လည်း ကျင့်ကြံသူတစ်ဦးကို ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ ပို့ဆောင် ပေးနိုင်လိမ့်မည်။
လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် စနစ်၏ အလုပ်လုပ်ပုံကို စူးစမ်းရှာဖွေလိုစိတ် ပြင်းပြလာမိသည်။ အတိတ်တွင် စနစ်မှပေးအပ်သော မစ်ရှင်အချို့ကို ဆောင်ရွက်ခဲ့သော်လည်း ရရှိခဲ့သည့် ဆုလာဘ်များမှာ ထင်သလောက် စိတ်ဝင်စားဖွယ်မရှိခဲ့။ ယခုအခါတွင် အဆိုပါမစ်ရှင်များကိုပင် အကြိမ်ရေတိုးမြှင့်လျက် ဆောင်ရွက်စေပြီး ဆုလာဘ်များကိုလည်း ရက်ရက်ရောရော ပေးနေပြန်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် သူရှေးက ဆောင်ရွက်ပြီးစီးခဲ့သော အဆင့် ၃ မန္တန်တစ်ခုကို ပြန်လည်လေ့ကျင့်လိုက်သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးသည်အထိ စနစ်မှ တစ်စုံတစ်ရာ မတုံ့ပြန်ပါ။ ထိုအခါ ကျန်းချန်ရွှမ်တစ်ယောက် ဇဝေဇဝါဖြစ်သွားမိသည်။ သူ့အတွေးမှန်ပါက စနစ်သည် ထိုအဆင့် ၃ မန္တန်ကို အကြိမ် ၁၀၀၀ အထိ ကျင့်ကြံရန် မစ်ရှင်ချပေးရမည် မဟုတ်ပါလား။
ကျန်းချန်ရွှမ်သည် လွယ်လွယ်နှင့် လက်မလျှော့လိုသေးဘဲ အခြားသော နည်းစနစ်ပေါင်းစုံကို တစ်လှည့်စီ စမ်းသပ်ကျင့်ကြံလိုက်ပြန်သည်။ အရင်က ကျင့်ကြံခဲ့ဖူးသည့်မန္တန်များ၊ အစီအရင်ဖန် တီးခြင်းနည်းစနစ်များ၊ လက်နက်နှင့် ဆေးဝါး ဖော်စပ်သန့်စင်နည်းများ အစရှိသဖြင့် စိတ်ကူးမိသမျှ ကျင့်စဉ်၊ နည်းစနစ်အားလုံးကို စမ်းသပ်ကြည့်သော်လည်း စနစ်မှ မတုံ့ပြန်ပါ။ နောက်ဆုံး တွင် အဆင့် ၃ အဆောင်လက်နက် ဖန်တီးခြင်းနည်းစနစ်တစ်ရပ်ကို ကျင့်ကြံလိုက်ချိန်တွင်မှ စနစ်မှ အချက်ပေးလာတော့သည်။
[စနစ်မှ မစ်ရှင်အသစ်ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင်၊ အဆင့် ၃ အဆောင်လက်နက်ဖန်တီးသူ အဖြစ်သို့ တက်လှမ်းပါ]
ထိုအချိန်တွင်မှ ကျန်းချန်ရွှမ်တစ်ယောက် သက်ပြင်းချနိုင်သည်။ လက်ရှိအခြေအနေအရ စနစ်မှ ပေးအပ်သည့် ဆေးပြားဖော်စပ်ခြင်း၊ ချီစွမ်းအင်လည်ပတ်ခြင်း၊ မန္တန်ကျင့်ကြံခြင်း အစရှိသည့် မစ်ရှင်များသည် အခြေအနေပေါ်မူတည်၍ ကျပန်းရွေးချယ်ပေးအပ်ခြင်း ဖြစ်လိမ့်မည်။ သို့သော် ခြွင်းချက်အနေဖြင့် ကျပန်းမဟုတ်သည့် မစ်ရှင်အမျိုးအစားအချို့တော့ ရှိပါသေးသည်။ ထိုမစ်ရှင်များမှာ ကျင့်ကြံမှုအဆင့်တက်ခြင်း၊ အဆောင်လက်နက်ဖန်တီးခြင်းနှင့် အဂ္ဂိရတ်နယ်ပယ်များ ဖြစ်သည်။ ထိုနယ်ပယ်များတွင် အောင်မြင်မှု သို့မဟုတ် အဆင့်တက်လှမ်းနိုင်မှု တစ်ခုခု ရရှိခဲ့လျှင် စနစ်မှ မစ်ရှင်သီးသန့်မပေးအပ်ထားသည့်တိုင် ဆုလာဘ်တစ်ခုခု ချီးမြှင့်ပေးမည်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် စိတ်ကိုစုစည်းပြီး ပြန်လည်သုံးသပ်လိုက်သည်။ လက်ရှိအချိန်တွင် ကျပန်းပေးအပ်သည့် မစ်ရှင်များကို ဆောင်ရွက်ခွင့်မရနိုင်သေး၊ ထို့ကြောင့် ကျပန်းမဟုတ်သည့် မစ်ရှင်များကို လေ့ကျင့်ဖြည့်ဆည်းပြီး ဆုလာဘ်များကို အရင်ရယူထားရန် ဆုံးဖြတ်လိုက်သည်။ သည်နှစ် များတွင် ကျန်းချန်ရွှမ်သည် ကျင့်ကြံမှုအဆင့်တက်ရန်အတွက်သာ အချိန်ပေးခဲ့သည့်အတွက် အဆောင်လက်နက်ဖန်တီးခြင်းကို စွန့်ပစ်ထားသလိုဖြစ်နေသည်။ သို့သော် ထိုနယ်ပယ်ရှိ သူ၏အခြေခံအုတ်မြစ်မှာ ယုတ်လျော့ခြင်းမရှိသေးပါ။ ထို့ပြင် လတ်တလောတွင်မှ ကျီဖုပဉ္စမအဆင့် ကို တက်လှမ်းထားနိုင်သည့်အပြင် နောင်လာမည့် အချိန်ကာလတစ်ခုအထိ ကျင့်ကြံမှုအဆင့်တိုး တက်ရေးကိစ္စကို မေ့ထား၍ရပါသည်။ ထို့ပြင် အဆောင်လက်နက်ဖန်တီးရန် လိုအပ်သည့် ကုန်ကြမ်းရင်းမြစ်များလည်း ရှားပါးခြင်းမရှိသည့်အတွက် အဆင့် ၃ အဆောင်လက်နက်များကို ဖန်တီးပြုလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ကျန်းချန်ရွှမ်တစ်ယောက် အဆောင်လက်နက်များကို အချိန်အတန်ကြာပြီးမှ ပြန်လည်ဖန်တီးရ ခြင်းဖြစ်သည့်အတွက် အခက်အခဲတချို့ကို ရင်ဆိုင်ရသည်။ အဆင့် ၃ အဆောင်လက်နက်များကို ဖန်တီးရာတွင် အကြိမ်ကြိမ်ကျရှုံးခဲ့သော်လည်း အကြိမ်ရေမနည်း ကြိုးစားဖန်တီးပြီးနောက်တွင် အဆင့် ၃ အဆောင်ဖန်တီးခြင်းအဆင့်ကို ချဉ်းကပ်စပြုလာနိုင်သည်။ အဆင့် ၃ ရွှေတံတိုင်းအဆောင်ကို ဖန်တီးရာတွင် ကျရှုံးပြီးနောက် ကျန်းချန်ရွှမ်သည် စိတ်အာရုံကို ပြန်လည်စုစည်း လိုက်ကာ ရှေးအတိတ်က သူသင်ကြားနားလည်ခဲ့သော အဆင့် ၃ အဆောင်ဖန်တီးခြင်း နည်းစနစ်များကို ပြန်လည်သုံးသပ်လိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် မှိတ် ထားသော မျက်လုံးအစုံကို ဖွင့်လိုက်သည်။
သူ့လက်ထဲရှိ အဆောင်ဖန်တီးရာတွင် အသုံးပြုသည့်စုတ်တံ၏ ထိပ်ဖျားတွင် ဓမ္မစွမ်းအင်များ စုစည်းသိပ်သည်းလာပြီး ရှေ့မှောက်တွင် ချထားသည့် ရွှေတံတိုင်းအဆောင်၏ မျက်နှာပြင်ထက်တွင် မှော်သင်္ကေတများ လင်းလက်လာတော့သည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် အဆင့် ၃ အဆောင်ပစ္စည်းတစ်ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် စနစ်ထံမှအချက်ပေးသံ ထွက်ပေါ်လာတော့သည်။
[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဆင့် ၃ အဆောင်လက်နက်ရေးဆွဲသူ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်အဖြစ် အဆောင်ဖန်တီးခြင်း ပါရမီရမှတ် +၁ နှင့်အတူ ကံကောင်းခြင်းစုတ်တံ၊ အဆင့် ၄ အဆောင်လက်နက်ဖြစ်သည့် ကောင်းကင်မီးလျှံတို့ကို ရရှိပါသည်]
သည်တစ်ခါ ချီးမြှင့်သော ဆုလာဘ်များသည် နောက်ဆုံးတစ်ခေါက်ကဲ့သို့ တန်ဖိုးကြီးခြင်းမရှိလှ သော်လည်း ကျန်းချန်ရွှမ်အနေနှင့် အထိုက်အလျောက် ကျေနပ်မိပါသည်။ ပါရမီရမှတ် +၁ သည် ရှင်းပြရန် မလိုလောက်အောင်ပင် အရေးပါပြီးသားဖြစ်သလို အဆင့် ၄ အဆောင်လက်နက်သည်လည်း ကျန်းချန်ရွှမ်၏ အနိုင်ဝှက်ဖဲတစ်ခုအဖြစ်လည်း အသုံးတော်ခံနိုင်ဦးမည်ဖြစ်သည်။ တစ်ဖန် ကံကောင်းခြင်းစုတ်တံသည်လည်း ရှားပါးရတနာတစ်ခုဖြစ်ပြီး အနီနှင့်အနက် အသွင်နှစ်မျိုးရှိသည်။ ပုံမှန်အချိန်တွင် သမားရိုးကျ စုတ်တံတစ်ချောင်းဟု ထင်ရသော်လည်း အဆောင်ပစ္စည်းများ ရေးဆွဲချိန်တွင် ထိုစုတ်တံသည် အနီ သို့မဟုတ် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အနီသို့ပြောင်းလဲသွားသည့်အခါတွင် အဆောင်ရေးဆွဲဖန်တီးရာတွင် အောင်မြင်မှုရာခိုင်နှုန်းကို တိုးမြှင့်ပေးပါလိမ့်မည်။ အနက်ရောင်သို့ ပြောင်းခဲ့လျှင်လည်း အနီနည်းတူပင် အောင်မြင်မှုရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ သို့သော် အနက်ရောင်တွင် ဘေးထွက်ဆိုးကျိုး တစ်ခုတော့ရှိနေသည်။ အသုံးပြုသူ၏ ကံကြမ္မာကောင်းများကို ယုတ်လျော့စေနိုင်ခြင်းဖြစ်သည်။
စနစ်ထံမှ ထိုသတင်းအချက်အလက်များကို ရရှိပြီးနောက် ကျန်းချန်ရွှမ်သည် စုတ်တံကို အမှတ်မထင် ငုံ့ကြည့်မိလိုက်ရာ နဂိုမူလက အနီနှင့်အနက် နှစ်ရောင်စပ်ထားသည့် စုတ်တံသည် ရုတ်တရက် အနီရောင်တစ်ခုလုံးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
***