← Chapters

ကံကြမ္မာဆိုးလာပြီ

Vol. 11 Ch. 210

ကံကြမ္မာဆိုးလာပြီ

Vol. 11 Ch. 210

မတော်တဆ တိုက်ဆိုင်သွားခြင်းလားဟု ထင်မှတ်မိလိုက်သည်။ သို့သော် ကံကောင်းခြင်းစုတ်တံ၏စွမ်းရည်ကို စမ်းသပ်လိုသည့် ကျန်းချန်ရွှမ်အတွက် ထိုအခွင့်အရေးကို လက်လွှတ်မခံလိုပါ။ ထို့ကြောင့် အဆင့် ၃ အဆောင်လက်နက်တစ်ခုဖြစ်သည့် မိုင်တစ်ရာပုံရိပ်ယောင်အဆောင်ကို စတင်ရေးဆွဲလိုက်သည်။ ထိုအဆောင်ကို အသက်သွင်းလိုက်လျှင် အသုံးပြုသူ၏ မိုင်တစ်ရာပတ်လည်ရှိ ရှုခင်းများ၊ အရာဝတ္ထုများအားလုံးကို မြူခိုးများ ဖုံးလွှမ်းထားမည်ဖြစ်သည်။ ရန်သူအား စိတ်အာရုံထွေပြားစေရန်နှင့် လှည့်စားရန် အဓိကအသုံးပြုသည့် အဆောင်လက်နက်တစ်မျိုးဖြစ် သည်။ ယခင်က ထိုအဆောင်ကို အကြိမ်ကြိမ် စမ်းသပ်ရေးဆွဲခဲ့ဖူးသော်လည်း တစ်ကြိမ်တစ်ခါမှ အောင်မြင်ခြင်းမရှိခဲ့ပါ။

သည်တစ်ကြိမ်တွင်တော့ ကံကောင်းခြင်းစုတ်တံကို အသုံးချ၍ အဆိုပါအဆောင်လက်နက်ကို ရေးဆွဲကြည့်လိုက်သည်။ ကျန်းချန်ရွှမ်သည် ဓမ္မစွမ်းအင်များကို စုစည်းလျက် စုတ်တံအတွင်းသို့ ဖြည့်သွင်းလိုက်သည်။ ထိုတစ်ခဏတွင် သူ့ကိုယ်ခန္ဓာတစ်ခုလုံးကို အမျိုးအမည်မဖော်ပြတတ် သည့် ခံစားမှုတစ်မျိုးက စီးနင်းဖုံးလွှမ်းသွားသည်။ အဆောင်ရေးဆွဲနေသော လက်များသည် ပုံမှန်ထက် မြန်ဆန်ချောမွေ့နေသလို ခံစားမိသည်။ ကျန်းချန်ရွှမ်သည် ရှေးဦးစွာ ပုံကြမ်းအဆင့် ရောက်သည်အထိ ခပ်သော့သော့ ရေးဆွဲလိုက်သည်။ ထို့နောက် ရက်အနည်းငယ် အချိန်ယူပြီး မိုင်တစ်ရာပုံရိပ်ယောင် အဆောင်လက်နက်ကို စိတ်တိုင်းကျ ဖန်တီးလိုက်တော့သည်။ အဆုံး သတ်တွင် ထိုအဆောင်လက်နက်ကို အောင်မြင်စွာ ရေးဆွဲပြီးဆုံးသွားသည်။ ရရှိသော ရလဒ်က သူ့ကို အတော်လေး အံ့အားသင့်တုန်လှုပ်စေသည်။

အဆောင်လက်နက် ရေးဆွဲနေချိန်တွင် ကျန်းချန်ရွှမ်သည် အဆောင်၏ ဖွဲ့စည်းပုံနှင့် အခြေခံသဘောတရားများကို တစ်ချိန်တည်းတွင် ထိုးထွင်းသိမြင်လိုက်သည့်အတွက် အဆောင်ရေးဆွဲခြင်း ဖြစ်စဉ်သည် ရှေးကထက် အဆများစွာ လွယ်ကူချောမွေ့နေခဲ့ပြီး စုတ်တံ၏ အပိုစွမ်းရည်ကို ထုတ်သုံးရန်ပင် မလိုလိုက်ပါ။ ထို့နောက် ကျန်းချန်ရွှမ်သည် နောက်ထပ်အဆောင်တစ်ခုကို ထပ်မံရေးဆွဲပြီး စမ်းသပ်ဦးမည်အပြု၊ စုတ်တံအရောင်မှာ အနက်ရောင်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ စနစ်ထံမှ ရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်ပြောင်းစဉ်းစားမိသည့် အခါကျန်းချန်ရွှမ်မှာ မျက်မှောင်ကြုတ်သွားသည်အထိ တွေဝေသွားမိသည်။ အနက်ရောင်စုတ်တံသည် ကံကြမ္မာကောင်းများကို ဆုတ်ယုတ်စေမည်ဟု ဆိုထားရာ ကျန်းချန်ရွှမ်သည် မည်သို့သော ကံကြမ္မာဆိုးများ ကျရောက်လာမည်၊ မည်မျှထိအချိန်ကြာမည် ဆိုသည့်အချက်များကို စမ်းသပ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သူ့စိတ်ထဲတွင် စမ်းသင့်ရန်သင့်မသင့်ကို အချိန်အတန်ကြာ ဝေခွဲမရဖြစ်နေပြီးနောက်တွင် စုတ်တံနက်၏ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို စမ်းသပ်ထားရန် ဆုံးဖြတ်လိုက်တော့သည်။

ကျန်းချန်ရွှမ်သည် စိတ်ပိုင်းဖြတ်ပြီးနောက် စုတ်တံနက်ကို ကောက်ယူကိုင်တွယ်ကာ ကောင်း ကင်ဘုံဓား နတ်ဘုရားရန်နှိမ် အဆောင်လက်နက်ကို စတင်ရေးဆွဲလိုက်သည်။ ထိုအဆောင် လက်နက်သည် ရန်သူ၏ နတ်ဘုရားအာရုံကို တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိသည့် လက်နက်တစ် မျိုးဖြစ်သည်။ ကျန်းချန်ရွှမ်သည် ဓမ္မစွမ်းအင်ကို စုတ်တံအတွင်း သွတ်သွင်းပြီးနောက် ရှေးနည်းတူ ခံစားချက်မျိုး တစ်ဖန်ဖြစ်ပေါ်လာသည်။ သို့သော် ပထမတစ်ခေါက်နှင့် မတူသည့်အချက်က တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ကိုယ်တွင်းမှ တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်တစ်မျိုးပါ အဆစ်ပါလာခြင်းဖြစ်သည်။ တစ်ဆက်တည်းတွင် ကျန်းချန်ရွှမ်၏စိတ်အာရုံတွင် အသိသစ်၊ အမြင်သစ်များ လင်းပွင့်သွားပြီး အဆောင်ရေးဆွဲခြင်းဖြစ်စဉ်မှာ လွယ်ကူချောမွေ့သွားပြန် သည်။

အမှန်စင်စစ်တွင် ကောင်းကင်ဘုံဓား နတ်ဘုရားရန်နှိမ်အဆောင်သည် အဆင့် ၃ အနိမ့်စားအ ဆောင်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ရေးဆွဲဖန်တီးရာတွင် မိုင်တစ်ရာပုံရိပ်ယောင်ထက် များစွာခက်ခဲသည်။ ရေးဆွဲအောင်မြင်ရန် ရာခိုင်နှုန်းသည် ၃၀ အောက်သာရှိသည်။ ထို့အပြင် ကျန်းချန်ရွှမ်သည် ထိုအဆောင်ကို ပထမဆုံးအကြိမ် ရေးဆွဲဖူးခြင်းဖြစ်သည်။ သို့သော် သူ့အနေနှင့် ရှေးယခင်က အကြိမ်များစွာ ထပ်တလဲလဲရေးဆွဲခဲ့ဖူးသလို ခံစားနေမိသည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်ရွှမ်သည် နောက်ဆုံးစုတ်ချက်ကို ရေးဆွဲပြီး အဆောင်လက်နက်ကို အပြီးသတ်ဖန်တီးနိုင်လိုက်သည်။ ထိုအခါတွင် ကျန်းချန်ရွှမ်သည် စုတ်တံ၏ အလုပ်လုပ်ပုံကို ပို၍ နားလည်လာမိသည်။

စုတ်တံ၏ ထပ်ဆောင်းစွမ်းဆောင်ရည်မှာ သူထင်ထားသည်ထက်ပင် ပိုမိုနေသေးသည်။ ကျန်းချန်ရွှမ်သည် ကံကောင်းခြင်းစုတ်တံကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုမိလိုက်ပြန်သည်။ ထိုအချိန်တွင် စုတ်တံ၏ အနက်ရောင်သည် ပို၍နက်မှောင်သည့် အရောင်တစ်မျိုးအဖြစ် ပြောင်းသွားသည်ကို သတိထားမိလိုက်သည်။ ကျန်းချန်ရွှမ်မှာ ထိုမြင်ကွင်းကြောင့် ဇဝေဇဝါဖြစ်သွားရ သည်။ စုတ်တံကို နှစ်ကြိမ်ဆက်တိုက် သုံးလိုက်မိသည့်အတွက် နက်မှောင်သွားသည်လား သို့မဟုတ် စုတ်တံနက်၏ ဘေးထွက်ဆိုးကျိုးဖြစ်သည့် ကံမကောင်းခြင်းများ ကျရောက်လာတော့မည့် ကနဦးနိမိတ်များလား။ ထိုအတွေးများ ကျန်းချန်ရွှမ်၏ ခေါင်းထဲတွင် စီတန်းလာကြသည်။

ထိုအချိန်တွင် သူသတိမပြုမိလိုက်သည်က ပြာနက်မှုန်များသည် လှိုဏ်ဂူညာဘက်ရှိ ကျောက်မီးသွေးဖိုအတွင်းသို့ လွင့်စင်လာသည်ကိုဖြစ်သည်။ ထိုကျောက်မီးသွေးဖိုသည် ဆေးပြားများကို ဖော်စပ်ပြုပြင်ရာတွင် အသုံးချသည့်အရာဖြစ်ပြီး ပြာနက်မှုန်များမှာ ကျန်းချန်ရွှမ် ရေးဆွဲပြီးသည့် အဆောင်လက်နက် အပျက်များကို မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ပြာနက်မှုန်များတွင် အောင်းပူဟုခေါ်သည့် ကိုယ်ပိုင်အပူဓာတ်တစ်မျိူးရှိသည်။ ထိုအပူသည် ပြာဖုံးနေသော ကျောက်မီးသွေးဖိုထဲ ကျရောက်သွားပါက ပြောပလောက်သည့် သက်ရောက်မှုမျိုးရှိမည်မဟုတ်ပါ။ သို့သော် ယနေ့တွင် ကျောက်မီးသွေးဖိုသည် ထူးထူးခြားခြား အပူချိန်မြင့် လျက်ရှိသည်။

ပုံမှန်အားဖြင့် ထိုဖြစ်စဉ်မျိုးကို ကျန်းချန်ရွှမ်အနေနှင့် အလွယ်သတိပြုမိမည် ဖြစ်သော်လည်း ယနေ့တွင်တော့ ကံကောင်းခြင်းစုတ်တံကို ထပ်တလဲလဲ ကြည့်ရှုရင်း စဉ်းစားခန်းဝင်နေမိသည့် အတွက် သတိပြုမိခြင်းမရှိပါ။ အချိန်အနည်းငယ်ကြာပြီးနောက် ပြာမှုန်များနှင့် မီးသွေးဖိုတို့ ထိတွေ့ဓာတ်ပြုမိပြီး အနီရင့်ရောင်မီးလျှံများ ဟုန်းခနဲတောက်လောင်ပြီး လှိုဏ်ဂူအမိုးထိ ဟပ်မိသွားသည်။ အမိုးနှင့်ရိုက်မိသော အလျှံတရဲရဲ မီးလျှံများသည် ဂူကြမ်းပြင်ထက်သို့ အစုအပြုံလိုက် ကျဆင်းလာတော့သည်။

“သေဟ”

ကျန်းချန်ရွှမ်သည် ကြက်သွေးနီရောင်မီးလျှံများကို ငြိမ်းသတ်လိုပါသော်လည်း အဆောင်လက်နက်နှစ်ခုကို ဆက်တိုက်ရေးဆွဲထားရသည့်အပြင် အနားမရသည်မှာ ကြာမြင့်လှပြီဖြစ်၍ ဓမ္မစွမ်းအင်များကို ထုတ်ဖော်ရာတွင် နှောင့်နှေးနေသည်။ ထိုအချိန်တွင် မီးလျှံထုကြီးသည် သူ့အပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားတာ့သည်။ သို့သော် ကျန်းချန်ရွှမ်၏ လက်ရှိကျင့်ကြံမှုအဆင့်ကြောင့် အဆိုပါမီးလျှံများသည် သူ့ကို တစ်စုံတစ်ရာ ထိခိုက်အောင်မလုပ်နိုင်ပါ။ သို့သော် ထိုမီးလျှံရဲရဲများသည် ဂူကြမ်းပြင်မှတဆင့် ကျန်နေရာများသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားတော့သည်။ အထူးသဖြင့် လှိုဏ်ဂူနံရံများကို မီးသင့်သွားပြီး ရဲရဲနီလျက်ရှိပြီး အက်ကြောင်းများ ပင် ထစပြုလာသည်။

လှိုဏ်ဂူအတွင်းရှိ ထားရှိသည့် အကာအကွယ် အစီအရင်များနှင့် ထိန်းချုပ်အစီအရင်အလံများသည်လည်း အချိန်ကိုက် အလုပ်မလုပ်တော့ကြောင်း တွေ့လိုက်ရပြန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုအရာများကို ချိတ်ဆက်အားဖြည့်ထားသည့် ဝိညာဉ်ချီစီးကြောင်းများ တစ်နည်းနည်းဖြင့် ပြတ်တောက်သွား၍ ဖြစ်သည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၏ နားထဲတွင် တစ်စုံတစ်ခု အက်ကွဲကျိုးပဲ့သွားသံကို ပီပီသသ ကြည်ကြည်မြမြ ကြားလိုက်ရပြီး မျက်နှာအကြီးအကျယ် ပျက်သွားသည်။ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် ဂျိန်းခနဲအသံတစ်ခုကြားလိုက်ရပြီး လှိုဏ်ဂူအမိုးတစ်ခုလုံး စတင်ပြိုကျပါတော့သည်။ လှိုဏ်ဂူအမိုးပဲ့များနှင့်အတူ မီးလျှံထုထည်ကြီးတစ်ခုလုံး၏ ဖိသိပ်မှုအောက်တွင် ကျန်းချန်ရွှမ်တစ်ယောက် နစ်မြုပ်သွားတော့သည်။

***

All Chapters