← Chapters

မုရုံဖေးလုံ၏ ခြိမ်းခြောက်မှု

Vol. 11 Ch. 211

မုရုံဖေးလုံ၏ ခြိမ်းခြောက်မှု

Vol. 11 Ch. 211

ထိုအချိန်တွင် မနီးမဝေးရှိ လှိုဏ်ဂူတစ်နေရာတွင် တစ်ကိုယ်တည်း ကျင့်ကြံနေသော ရှန်းရူယန် သည် ကျန်းချန်ရွှမ်ရှိရာ လှိုဏ်ဂူတွင် တစ်ခုခုဖြစ်ပွားနေကြောင်း သတိပြုမိလိုက်သည်။ ရုတ်တရက် စိတ်လှုပ်ရှားသွားမိခြင်းကြောင့် စဉ်းစားဆင်ခြင်ရန်ပင် မတွေးမိတော့ဘဲ ကျန်းချန်ရွှမ်ထံသို့ အပြေးလှမ်းလိုက်သည်။ ရှန်းရူယန်ရောက်ရှိသွားချိန်တွင် လှိုဏ်ဂူတစ်ခုလုံး ပြိုပျက်လျက်ရှိပြီး အပျက်အစီးပုံများကြားထဲမှ ကျန်းချန်ရွှမ်တစ်ယောက် လေးဖက်ထောက်လျက် ဒယိမ်းဒယိုင် ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။ ရှန်းရူယန်လည်း ကျန်းချန်ရွှမ်ကို စိုးရိမ်စွာနှင့် အပြေးအလွှား ထူမပေးလိုက်ရသည်။

“ယောကျ်ားရယ် ဘယ်လိုတွေဖြစ်ရတာတုံး”

ဇနီးဖြစ်သူကိုမြင်လျှင် ကျန်းချန်ရွှမ်လည်း ရှက်ပြုံးပြုံးလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။ ရှန်းရူယန်သည် ကျန်းချန်ရွှမ် ရှင်းပြသည်ကို နားထောင်ပြီးနောက် အံ့အားသင့်တုန်လှုပ်သွားပုံပေါ်သည်။ ထို့ကြောင့် အဆိုပါ ကံကောင်းခြင်းစုတ်တံကို ကျန်းချန်ရွှမ်ထံမှ တောင်းယူပြီး အနုလုံပဋိလုံ စစ်ဆေးလိုက်သည်။ လက်ရှိအချိန်တွင် စုတ်တံသည် အနက်ရောင်မဟုတ်ဘဲ မူလအရောင်ဖြစ်သည့် အနီနှင့်အနက် စပ်ကြားအရောင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ အဓိပ္ပာယ်မှာ ထိုစုတ်တံကြောင့် ဖြစ်ပေါ်လာသည့် ကံကြမ္မာဆိုးများမှာ လုံးဝကုန်ဆုံးသွားသည့်သဘောများလားဟု ကျန်းချန်ရွှမ်တွေးမိလိုက်သည်။

ထိုအချိန်တွင် ရှန်းရူယန်သည် စုတ်တံကို စေ့စပ်စွာ ကြည့်ရှုလေ့လာလျက်ရှိသည်။ ထိုကဲ့သို့ရတနာမျိုးကို သူမတစ်သက်တာတွင် လုံးဝမြင်ဖူး၊ ကြားဖူးခြင်းမရှိပါ။ ရှေးအတိတ်ဘဝက ရရှိထားသည့် မှတ်ဉာဏ်အတွေ့အကြုံများတွင်လည်း ထိုစုတ်တံနှင့်ပတ်သက်သည့် အချက်အလက်များကို မတွေ့ရပါ။ အကြိမ်ကြိမ် စစ်ဆေးသော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရသည့်နောက် တွင် ရှန်းရူယန်သည် ကံကောင်းခြင်းစုတ်တံကို ကျန်းချန်ရွှမ်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။

“ယောက်ျား နောက်ထပ်အရဲကိုးတာမျိုး မလုပ်ပါနဲ့တော့။ ရှင်ရေးတဲ့ အဆောင်ပစ္စည်းက အဆင့် ၃ အနိမ့်စားအဆင့်ပဲရှိနေလို့ ကံကောင်းသွားတယ် ပြောရမယ်။ ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်ထက် ပိုတဲ့ အဆောင်ပစ္စည်းမျိုးကို ဒီစုတ်တံသုံးပြီး ဆွဲမိလို့ကတော့ ရှင့်အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်”

ကျန်းချန်ရွှမ်က နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တွင်လည်း သူ့လုပ်ရပ်သည် မစဉ်းစားမဆင်ခြင်ဘဲ အရဲစွန့်လိုက်သည့် မိုက်မဲသော လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်းကို သူကိုယ်တိုင်လည်း သိရှိပါသည်။

“စိတ်ချပါ ရူယန်၊ နောက်ဒါမျိုး မဖြစ်စေရပါဘူး”

ထို့နောက် ရှန်းရူယန်က တစ်စုံတစ်ခုကို အမှတ်ရလိုက်ဟန်နှင့်

“ဒါနဲ့ တာအိုမိတ်ဆွေ ဟွမ်းယောင်က အကြောင်းကြားထားတယ်။ နောက်ခြောက်လလောက် အကြာမှာ ယန်နိုင်ငံက ရှောင်ယန်ဈေးမှာ ရတနာပစ္စည်းဖလှယ်ပွဲ ရှိတယ်လေ။ ကျွန်မတို့ အဲဒီပွဲ ကို သွားကြရင်မကောင်းဘူးလား”

“ယန်နိုင်ငံ ရှောင်ယန်ဈေး ဟုတ်လား”

“ဟုတ်ပါ့၊ အဲဒီဈေးမှာ ကျင်းပတဲ့ ရတနာဖလှယ်ပွဲမှာ တန်ဖိုးကြီးရှားပါးရင်းမြစ်တွေ တွေ့ရတတ် တယ်တဲ့။ ရှင်လိုချင်နေတဲ့ စကြဝဠာကျောက်စိမ်းလည်း အဲဒီမှာ ရှိနေနိုင်တယ်”

ရှန်းရူယန်ပြောသည့် စကြဝဠာကျောက်စိမ်းဆိုသည်မှာ သတ္တုဓာတ်အခြေခံ ကုန်ကြမ်းတစ်မျိုး ဖြစ်ပြီး ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာဖြစ်သည့် ရွှေဗလာနယ်ဓားကို အဆင့်မြှင့်တင်ရာတွင် မရှိ မဖြစ်လိုအပ်သည့် ရင်းမြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်လည်း အလွယ်တကူပင် သဘောတူလိုက်သည်။

“ကောင်းပြီလေ၊ ဘယ်တော့သွားကြမလဲ”

“ဖလှယ်ပွဲက လာမဲ့ခြောက်လအတွင်း ကျင်းပမယ်တဲ့၊ ဒီနေရာကနေ ယန်နိုင်ငံကို ခရီးထွက်ရင် လအနည်းငယ်ကြာဦးမယ်ဆိုတော့ ဒီလကုန်လောက် သွားကြရအောင်”

“ကောင်းပြီလေ”

ထို့နောက် ကျန်းချန်ရွှမ်သည် ကျင့်ကြံရာဂူအတွင်းသို့ ပြန်ဝင်မည်အပြုတွင် တစ်စုံတစ်ခုကို သတိရလိုက်ပြီး အကြောင်သားဖြစ်သွားသည်။ သူနေထိုင်သည့် လှိုဏ်ဂူတစ်ခုလုံး တစ်စစီဖြစ်သွားခဲ့ပြီ လေ။ ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ ဖြစ်အင်ကိုကြည့်ရင်း ခိုးခိုးခစ်ခစ်ရယ်လိုက်သည်။ ကျန်း ချန်ရွှမ်တစ်ယောက် ကျင့်ကြံမှုမစတင်မီနေထိုင်မည့် လှိုဏ်ဂူအသစ်ကို အရင်တည်ဆောက်ဖို့ လိုပါလိမ့်မည်။ တစ်လကုန်ပြီးနောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယန်နိုင်ငံသို့ ခရီးဆက်လိုက်ကြသည်။ သူတို့နှစ်ဦး၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်ပင် ယန်နိုင်ငံ ရှောင်ယန်‌ဈေးကို ရောက်ရှိရန် သုံးလအထိ ကြာမြင့်သွားခဲ့သည်။ ရှောင်ယန်ဈေးကို ရောက်ရှိချိန်၌ ရတနာဖလှယ် ပွဲကျင်းပရန် တစ်လလိုပါသေးသည်။ ဇနီးမောင်နှံနှစ်ဦးသည် ရှောင်ယန်ဈေးအတွင်းရှိ ဝိညာဉ် အင်မော်တယ်မျှော်စင် ဟုခေါ်သည့် တည်းခိုခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်။

ထိုအချိန်တွင် သူတို့နှစ်ဦး ကောင်းစွာသိရှိသည့် လူနှစ်ဦးနှင့် မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့ဆုံမိ ကြတော့သည်။ ထိုသူနှစ်ဦးမှာ မုရုံဖေးလုံနှင့် ပေတုန်ချန်တို့ပင်ဖြစ်သည်။ ထိုနှစ်ဦးသည်လည်း ကျန်းချန်ရွှမ်တို့စုံတွဲကို သတိထားမိသွားပြီး လေးဦးသား အကြည့်ချင်းဆုံသွားသည်။ မုရုံဖေးလုံ နှင့် ပေတုန်းချန်တို့၏ မျက်လုံးများတွင် မလိုမုန်းထားခြင်း အရိပ်အယောင်များကို ထင်ရှားစွာ တွေ့မြင်ရသည်။ လေလံပွဲအတွင်းက ကျန်းချန်ရွှမ်သည် သူ့ကိုအနိုင်ပိုင်းပြီး ကောင်းကင်ခရမ်းပြာရေစင်ကို အပိုင်သိမ်းသွားခဲ့သည်ကို မုရုံဖေးလုံတစ်ယောက် အခဲမကျေဖြစ်နေသေးသည်မှာ ထင်ရှားသည်။ လေလံပွဲကျင်းပစဉ်က ကျန်းချန်ရွှမ်တို့ မည်သူမည်ဝါဖြစ်သည်ကို မုရုံဖေးလုံတို့ သိရှိခဲ့ခြင်း မရှိသော်လည်း လေလံပွဲပြီးမကြာခင်တွင် မီးလျှံဂိုဏ်း၏ အရှိန်အဝါကို အသုံးချပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမည်နာမများနှင့် နောက်ခံအကြောင်းအရာတို့ကို အသေးစိတ် စုံစမ်းနိုင်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် မုရုံဖေးလုံအနေနှင့် ကျန်းချန်ရွှမ်တို့ကို ပြဿနာမရှာဝံ့ပါ။ ရှောင်ယန်ဈေးသည် ရွှေအမြုတေအဆင့်ဂိုဏ်းမှ အုပ်ချုပ်လည်ပတ်နေသည် အဆင့် ၃ ဈေးကြီးဖြစ်သည့်အ တွက် ဈေး၏နယ်နိမိတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကို တင်းကြပ်စွာ တားမြစ်ထားပါ သည်။ ထိုစည်းကမ်းကို မလိုက်နာခဲ့လျှင် မုရုံဖေးလုံလို လူစားမျိုးအတွက်ပင် ရလဒ်ကောင်းနိုင်မည်မဟုတ်ပါ။ သို့သော် မုရုံဖေးလုံအနေနှင့် ထိုစုံတွဲကို သင်ခန်းစာမပေးဘဲ အသာတကြည်လွှတ်ပေးရန်တော့ စိတ်ကူးမရှိ။ ထို့ကြောင့် မုရုံဖေးလုံသည် လှောင်ပြောင်သရော်လိုဟန်နှင့် နှာခေါင်း ရှုံ့လိုက်ပြီး

“လေလံပွဲတုန်းကတော့ မင်းက အတော်လေးအထင်ကြီးစရာပဲ။ အပြင်မှာရော အထင်ကြီးစရာ ကောင်းမကောင်းက မကြာခင်သိရလိမ့်မယ်ထင်တယ်”

မုရုံဖေးလုံ၏စကားမှာ သူတို့နှစ်ဦးကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်းဖြစ်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ မျက်နှာများတင်းမာသွားကြသည်။ မီးလျှံဂိုဏ်း၏ အဓိပတိအကြီးအကဲဖြစ်သူသည် ဤမျှထိ သဘောထားသေးသိမ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ ကျန်းချန် ရွှမ်သည် မုရုံဖေးလုံ၏ သဘောထားကို ကောင်းစွာသိရှိလိုက်သည့်အတွက် ယဉ်ကျေးနေစရာ မလိုတော့ဟု မှတ်ယူလိုက်သည်။ လေလံပွဲတွင် ကောင်းကင်ခရမ်းပြာရေစင်ကို လက်လွှတ်လိုက် ရသည့်အတွက် ကျန်းချန်ရွှမ်ကို အပြစ်တင်နေခြင်းမှာ ရူးမိုက်ရာကျသည်ဟု သူမြင်မိသည်။ ထို့ ကြောင့် ကျန်းချန်ရွှမ်က ရယ်သွမ်းသွေးလိုက်ပြီး

“ခင်ဗျားတို့အတွက် ကျုပ်က အထင်ကြီးစရာ ကောင်းမကောင်းကို ကျုပ်ဂရုမစိုက်ဘူး၊ ကျုပ်သိတာကတော့ ခင်ဗျားတို့လူစု အင်ဒီးယန်းတောင်တန်းမှာ ပြဿနာတွေတက်ခဲ့တယ်တဲ့။ အဲဒီကို ဘာသွားရှာလဲတော့ မသိပေမဲ့ ခင်ဗျားတို့ရှာနေတာ ရခဲ့ပါစေလို့ မျှော်လင့်ပါတယ်ဗျာ။ ဒါနဲ့ ခင်ဗျားတို့ဂိုဏ်းက အကြီးအကဲကျုံးရော နေကောင်းရဲ့လားဗျ”

***

All Chapters