ရှောင်ယန်ရတနာစင်မြင့်
Vol. 11 Ch. 212
အင်ဒီးယန်းတောင်တန်းပေါ်တွင် ဖြစ်ပွားခဲ့သည်များကို အများသိပြီးဖြစ်၍ ထူးဆန်းသည်တော့ မဟုတ်၊ ထူးဆန်းသည့် ပေါက်ကွဲမှုသတင်းသည်လည်း လျန်နိုင်ငံတွင် တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး မီးလျှံဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သည့် ကျုံးဝူချန် ဒဏ်ရာအကြီးအကျယ် ရရှိသွားသည်ကို လည်း လူအားလုံး အနည်းနှင့်အများ သိရှိထားကြပါသည်။ အင်ဒီးယန်းတောင်တန်းကိစ္စသည် မီး လျှံဂိုဏ်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်ပြီး ဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ဦးဖြစ်သူ ကျုံးဝူချန်ကိုပင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ ကျုံးဝူချန်သာ အစီအရင်အကွက်ကို ကြိုတင်မဖန်တီးနိုင်ခဲ့လျှင် ပေါက်ကွဲမှုတွင် အသက်ဆုံးရှုံးရမည်မှာ သေချာပါသည်။ သည်အဖြစ်အပျက်သည် မီးလျှံ ဂိုဏ်းအတွက် အရှက်ရစရာဖြစ်ခဲ့သောကြောင့် ကျန်းချန်ရွှမ်က ထိုကိစ္စကို အစဖော်လိုက်သောအ ခါ မုရုံဖေးလုံ၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။
တစ်ချိန်တည်းတွင် မုရုံဖေးလုံနှင့် ပေးတုန်ချန်တို့၏ မျက်လုံးများတွင် လူသတ်လိုသည့် အရိပ်အ ငွေ့များ ယှက်သန်းလာပါသည်။ မုရုံဖေးလုံသည် စိတ်ကိုထိန်းချုပ်လျက် ဟန်မပျက်ပြောလိုက် သည်။
“ပြောထားဦးပေါ့၊ မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲ ကြည့်မယ်”
ထို့နောက် မုရုံဖေးလုံနှင့် ပေးတုန်ချန်တို့သည် တည်းခိုခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ မျက်မှောင်ကြုတ်လျက် ကျန်ရစ်ခဲ့သည်။
“ယောက်ျား ကျွန်မတို့ မီးလျှံဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ် ထင်တယ်”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်လောက်မယ်”
“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်း”
ထို့အချိန်တွင် ကျန်းချန်ရွှမ်တို့နှင့် ရင်းနှီးပြီးသား အသံတစ်ခုကို ကြားလိုက်ရ၍ နောက်လှည့် ကြည့်ရာ မြူခိုးတိမ်စင်မြင့်မှ ဟွမ်းယောင်နှင့် ဟွေ့လျန်းတို့ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးနှစ်ဦးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံသို့ ဖြည်းညင်းစွာ လျှောက်လာနေသည်။
“တာအိုမိတ်ဆွေဟွမ်းနဲ့ ဟွေ့တို့ ဘယ်တုန်းကရောက်လဲ”
“ရောက်တာကြာပါပြီ၊ ရက်အနည်းငယ်လောက်ရှိပြီ”
ဟွမ်းယောင်က ရှန်းရူယန်၏အမေးကို ခေါင်းညိတ်လျက် ဖြေကြားလိုက်သည်။ ထို့နောက် သူမက ဘေးဘီဝဲယာကို အကဲခတ်ပြီး
“ဒါနဲ့ ခုနက ရှင်တို့နဲ့ မုရုံဖေးလုံတို့ ပြဿနာတက်နေတာကို ကြားလိုက်တယ်၊ ဘယ်လိုဖြစ်ကြတာလဲ”
ကျန်းချန်ရွှမ်တို့လည်း ထိုကိစ္စကို ဖုံးကွယ်၍မထူးတော့ပြီမို့ ဇာတ်စုံခင်းပြလိုက်သည်။ ထိုအခါတွင် ဟွမ်းယောင်နှင့် ဟွေ့လျန်းတို့လည်း မျက်မှောင်ကြုတ်သွားပြီး
“မီးလျှံဂိုဏ်းရဲ့ အဓိပတိအကြီးအကဲ မုရုံဖေးလုံက သဘောထားသေးသိမ်ပြီး အငြိုးကြီးတယ်ဆိုတာ အားလုံးသိကြပါတယ်၊ ဒီလူတွေက တစ်ချိန်ချိန်မှာ ရှင်တို့ကျန်းမိသားစုကို ဒုက္ခပေးလိမ့်မယ်၊ သတိကြီးကြီးထားပါ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း အဆိုးဆုံးကို ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ထားပြီး ဖြစ်၍ စိုးရိမ်မှုကြီးကြီးမားမား မရှိသော်လည်း ဟွမ်းယောင်တို့၏ စိတ်ရင်းမှန်ဖြင့် သတိပေးချက်အတွက် ကျေးဇူးတင်မိသည်။ ရှန်းရူယန်က ခေါင်းညိတ်ပြလိုက်ပြီး
“သတိပေးလို့ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့လည်း အထိုက်အလျောက် ပြင်ဆင်ထားပါတယ်”
ထို့နောက်တွင် လေးဦးသား စကားလမ်းကြောင်းပြောင်းလိုက်ကြသည်။ ဟွမ်းယောင်က ဝမ်းသာအားရလေသံနှင့် သတင်းတစ်ခုပေးသည်။
“ဒါနဲ့ ရှောင်ယန်ရတနာစင်မြင့်မှာ ပစ္စည်းအသစ်တွေ ရောက်တယ်တဲ့၊ ကျွန်မတို့သွားကြည့်ကြရင် မကောင်းဘူးလား”
ဟွမ်းယောင်ပြောသည့် ရတနာစင်မြင့်ဆိုသည်မှာ ရှောင်ယန်ဈေး၏ အကြီးဆုံးအရောင်းဆိုင်ဖြစ် သလို ထိုဆိုင်ကို ရွှေအမြုတေအဆင့် အဖွဲ့အစည်းဖြစ်သည့် ရှောင်ယန်တောင်ဂိုဏ်းက ပိုင်ဆိုင်ပါ သည်။ ထိုဆိုင်တွင် ခင်းကျင်းပြသထားသည့် ပစ္စည်းများသည် ကျန်းချန်ရွှမ်တို့အတွက် စိတ်ဝင်စားဖွယ်ကောင်းမည်မှာ သေချာသလောက်ရှိသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့လည်း ခေါင်းညိတ် ပြလိုက်သည်။
“ကောင်းပြီလေ၊ သွားကြတာပေါ့”
မကြာမီလေးဦးသား ရှောင်ယန်ရတနာစင်မြင့်ကို ရောက်ရှိလာကြသည်။ ဆိုင်တာဝန်ခံဖြစ်သူမှာ ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျီဖုအဆင့် ကျင့်ကြံသူလေးဦး တစ်ပြိုင်နက်တည်း ရောက်ရှိလာသည်ကို မြင်လျှင် ထိုင်ရာမှထပြီး ခရီးဦးကြိုပြုလိုက်သည်။ ထိုသူသည် အသက်အရွယ်အား ဖြင့် အတော်လေးကြီးရင့်နေပြီး ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါးရှိသည်။
“ကြိုဆိုပါတယ် တာအိုမိတ်ဆွေတို့၊ ကျုပ်နာမည်က လင်းကန်ပါ၊ ဒီဆိုင်ရဲ့တာဝန်ခံပါ။ မိတ်ဆွေတို့ ဘာများအလိုရှိပါသလဲ”
ဟွမ်းယောင်က ဦးဆောင်၍ ဖြေကြားလိုက်သည်။
“တာအိုမိတ်ဆွေလင်း၊ တွေ့ရတာဝမ်းသာပါတယ်။ ဒီဆိုင်ကို ပစ္စည်းအသစ်တွေ ဝင်တယ်ဆိုလို့ လာကြည့်တာပါ”
ထိုအခါ လင်းကန်မှာ အနည်းငယ်အံ့အားသင့်သွားပြီး
“ဒီကမိတ်ဆွေက ဒီသတင်းကိုကြားတယ်ပေါ့၊ အမှန်အတိုင်းပြောရရင် ရောက်လာတဲ့အထဲက ပစ္စည်းအတော်များများကို ထိန်းသိမ်းလိုက်ပါပြီ၊ ခင်ဗျားတို့စိတ်ဝင်စားမဲ့ ပစ္စည်းအချို့တော့ ကျန်ပါသေးတယ်၊ မိတ်ဆွေတို့စိတ်ဝင်စားရင် အပေါ်ထပ်လိုက်ခဲ့ပါ”
ကျန်းချန်ရွှမ်တို့မှာ ထိုသတင်းကြောင့် စိတ်ပျက်သွားသည်။ ပစ္စည်းအများစုကို မပြသဘဲ လျှို့ဝှက်ထိန်းသိမ်းလိုက်မည်ဟု မထင်ထားခဲ့ကြပါ။
***