ဖလှယ်ပွဲစပြီ
Vol. 11 Ch. 213
သို့သော် လင်းကန်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ဆိုင်၏ ပထမထပ်ကို တက်လိုက်သည်။ လင်းကန်က သူတို့လေးဦးကို ပထမထပ်ရှိ ခန်းမဆောင်တစ်ခုအတွင်း နေရာချပေးလိုက်ပြီးလျှင် ဘေးတစ်ဖက်ရှိ အခန်းငယ်လေးအတွင်းသို့ ဝင်သွားပြီး မကြာမီ ကျောက်စိမ်းသေတ္တာ ၆ ခုကို ယူ လျက် ပြန်ထွက်လာသည်။ လင်းကန်သည် ကျောက်စိမ်းသေတ္တာအဖုံးများကို ဖွင့်လှစ်ပြပြီး
“မိတ်ဆွေတို့ ဒီပစ္စည်းခြောက်မျိုးလုံးက အဆင့် ၃ အထက် ဝိညာဉ်ရတနာတွေ၊ ကုန်ကြမ်းရင်းမြစ်တွေနဲ့ ဓမ္မရတနာတွေဖြစ်ပါတယ်။ သေချာကြည့်လိုက်ကြပါ၊ အထူးသဖြင့် ဒီတစ်ခုပေါ့”
လင်းကန်က ပြောပြောဆိုဆိုနှင့် သေတ္တာတစ်လုံးအတွင်းက ပုဝါကဲ့သို့ ပစ္စည်းတစ်မျိုးကို ထုတ်ယူ ပြသလိုက်ပြီး
“ဒီရတနာက နှင်းဆီတိမ်လွှာ လက်ကိုင်ပုဝါလို့ခေါ်ပါတယ်၊ အဆင့် ၃ အနိမ့်စား ဓမ္မရတနာတပါးဖြစ်ပြီး အသုံးပြုသူရဲ့ အော်ရာလှိုင်းတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ သက်တံ့ကျောက်တုံးနဲ့ နှစ်တစ်ထောင် ရေခဲပိုးအိမ်တို့ကို အသုံးပြုရက်လုပ်ထားတာပါ။ အလွန်ရှားပါးတဲ့ပစ္စည်းပါ”
ထို့နောက် လင်းကန်သည် လှေကဲ့သို့အသွင်ရှိ ရတနာပစ္စည်းတစ်ခုကို ပြသလိုက်ပြန်သည်။
“ဒါကတော့ အဆင့် ၃ အနိမ့်စား လှေပျံဖြစ်ပါတယ်။ ကျင့်ကြံသူအရေအတွက် တစ်ရာအထိ သယ်ဆောင်နိုင်ပြီး အဆင့် ၂ အမြင့်ဆုံးအဆင့်ရှိ အကာအကွယ် အစီအရင်တွေ တပ်ဆင်ထားပါတယ်။ အရေးကြုံလာရင် လက်နက်တင်တိုက်လှေအဖြစ်လည်း အသုံးပြုနိုင်ပါတယ်”
“ဒါလေးကတော့ အဆင့် ၃ ဝိညာဉ်သစ်ဥသစ်ဖုဖြစ်တဲ့ မှော်ဝင်ကျောက်စိမ်းလိပ်ပြာပါ။ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆေးဝါးရတနာဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ကျုပ်တို့ရှောင်ယန်ဂိုဏ်း ရဲ့ သင်္ကေတဖြစ်တဲ့ ရှောင်ယန်သလင်းကျောက်ဖြစ်ပါတယ်။ တာအိုမိတ်ဆွေတို့ စိတ်တိုင်းကျ ကြည့်ရှုကြပါ”
လင်းကန်ခင်းကျင်းပြသသည့် ရတနာပစ္စည်းများကို ဟွမ်းယောင်နှင့် ဟွေ့လျန်တို့ အထူးစိတ်ဝင်စားမိကြသည်။ အထူးသဖြင့် နှင်းဆီတိမ်လွှာ လက်ကိုင်ပုဝါဖြစ်သည်။ အဆင့် ၃ အနိမ့်စားအဆင့် သာရှိသော်လည်း ထိုရတနာ၏ စွမ်းအင်အာနိသင်အရ အဆင့် ၃ အလယ်အလတ် ရတနာများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ပါသည်။ သို့သော် ထိုပစ္စည်းများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်တော့ အသုံးဝင်လှခြင်းမရှိပါ။ နောက်ဆုံးတွင် ဟွမ်းယောင်နှင့် ဟွေ့လျန်တို့သည် နှင်းဆီတိမ်လွှာ လက်ကိုင်ပုဝါနှင့် ရှောင်ယန်သလင်းကျောက်တို့ကို ဝယ်ယူလိုက်တော့သည်။ ကျန်းချန် ရွှမ်တို့နှစ်ဦးလည်း လက်ဗလာနှင့်ပြန်ရန် စိတ်ကူးမရှိသည့်အလျောက် မိသားစုအတွက် အသုံးချရန် ရတနာလှေပျံကို ဝယ်ယူလိုက်သည်။
ထို့နောက်တွင် လေးဦးသား ဆိုင်မှထွက်ခွာလာပြီး ဈေးအတွင်း အနည်းငယ် လှည့်ပတ်ကြည့်ရှု ကြသည်။ စိတ်ဝင်စားစရာ ထွေထွေထူးထူး မရှိသည့်အတွက် ကျန်းချန်ရွှမ်တို့လည်း ဟွမ်းယောင်တို့ကို နှုတ်ဆက်ကာ တည်းခိုရာအခန်းသို့ ပြန်လိုက်ကြသည်။ တစ်လအကြာတွင် ကြေညာထားသည့်အတိုင်း ရတနာဖလှယ်ပွဲကြီးကို စတင်ကျင်းပပါသည်။ ပြပွဲကျင်းပမည့်နေရာသို့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရောက်ရှိသွားချိန်တွင် ကြက်ပျံမကျ စည်းကားလျက်ရှိနှင့်သည်ကို တွေ့ရသည်။ ဧည့်သည်အများစုမှာ ယန်နိုင်ငံမှ ဒေသခံကျင့်ကြံသူများနှင့် အိမ်နီးချင်းနိုင်ငံများမှ ကျင့်ကြံသူများဖြစ်ကြသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့နှစ်ဦးအား တစ်စုံတစ်ယောက်မှ စိုက်ကြည့်နေသလို ခံစားမိ၍ လှည့်ကြည့်မိရာ ထင်ထားသည့်အတိုင်း မုရုံဖေးလုံ နှင့် ပေတုန်းချန်တို့ပင်ဖြစ်နေသည်။
ထိုနှစ်ဦး၏အကြည့်မှာ မလိုမုန်းထားမှုအပြည့်နှင့် အလျှံတငြီးငြီး တောက်လောင်လျက်ရှိသည်။ ကျန်းချန်ရွှမ်တို့ ပြန်လည်စိုက်ကြည့်လိုက်သောအခါ မသိချင်ယောင်ဆောင်ပြီး အကြည့်လွှဲသွား ကြသည်။ ထို့နောက် များမကြာမီ စင်မြင့်ပေါ်သို့ ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦး တက်လာပြီး မိတ်ဆက်လိုက်သည်။
“အားလုံးပဲ၊ ရှောင်ယန်ဈေးကနေ ကြိုဆိုပါတယ်။ ကျုပ်ကတော့ ရှောင်ယန်တောင်ဂိုဏ်းက လု ကျိမင် ဖြစ်ပါတယ်။ ဖလှယ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိပြီးဖြစ်မယ်လို့ ယူဆတဲ့အတွက် ပွဲစလိုက်ကြရအောင်ပါ”
ထို့နောက် လုကျိမင်ဆိုသူက ရတနာပစ္စည်းသုံးခုကို တစ်ပြိုင်နက်တည်း ခင်းကျင်းလိုက်သည်။
“ဒီပစ္စည်းတွေကတော့ ရေဓာတ်တက်လှမ်းခြင်းဆေးပြား၊ အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာ နဲ့ ကျီဖုကျောက်တို့ပဲဖြစ်ပါတယ်။ ဒီရတနာတွေအကြောင်းကို အသေးစိတ်ရှင်းပြစရာ မလိုဘူးလို့ ထင်တယ်။ ထိုက်သင့်တဲ့ ရတနာပစ္စည်းတွေနဲ့ လဲလှယ်လို့ရပါပြီ”
လုကျိမင် ပြသသော ရတနာများမှာ ပရိသတ်အများစုအတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။ အထူးသဖြင့် ရေဓာတ်တက်လှမ်းခြင်းဆေးပြားသည် ကျီဖုအလယ်အဆင့်မှ နောက်ပိုင်းအဆင့်သို့ တက် လှမ်းရာတွင် အဓိကအသုံးပြုသည့်အတွက် ကျီဖုအဆင့် ကျင့်ကြံသူများအတွက် တန်ဖိုးမဖြတ် နိုင်သော ရတနာတစ်ပါးဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် ရေဓာတ်ဆီးသီးကို အခြေခံ၍ ထိုဆေးပြားကို ဖော်စပ်ရန် စိတ်ကူးရှိထားပြီးဖြစ်သည်။ ယနေ့တွင် ထိုဆေးပြားကို မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေရသည်။ ဒုတိယရတနာဖြစ်သည့် အဆင့် ၃ ဓမ္မရတနာ ဓားပျံ ကတော့ အထွေအထူးရှင်းပြစရာမလိုဘဲ ကျီဖုအဆင့် ကျင့်ကြံသူအားလုံး ကိုင်တွယ်အသုံးပြုနိုင် သည့်ရတနာတစ်ပါးဖြစ်သည်။
နောက်ဆုံးတစ်ခုဖြစ်သော ကျီဖုကျောက်စိမ်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ များအတွက်သာ အသုံးဝင်နိုင်မည်ဖြစ်သည်။ ရှေးက ရှင်းပြခဲ့သလိုပင် အခြေခံတည်ဆောက်ခြင်းအဆင့်မှ ကျီဖုနယ်ပယ်သို့ တက်လှမ်းရာတွင် အဓိကအကျိုးပြုသည့် ရတနာဖြစ်သည်။ မကြာမီ ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦးသည် ရေတက်လှမ်းခြင်းဆေးပြားကို အဆင့် ၃ ဝိညာဉ်ရတနာ တစ်ပါးအပြင် ဝိညာဉ်ကျောက်တုံးသုံးသောင်း ထပ်ဆောင်းပေး၍ လဲလှယ်သွားသည်။ ကျန်ရတနာနှစ်ခုကိုလည်း နောက်ထပ် ကျီဖုနဝမအဆင့် ကျင့်ကြံသူနှစ်ဦးက ထိုက်သင့်သည့် အဖိုးအခပေး ၍ လဲလှယ်သွားပြန်သည်။
ထိုအခါ ပရိသတ်အများစုသည် အားမလိုအားမရနှင့် ညည်းတွားမိကြသည်။ ဧည့်သည်အများစု သည် ထိုရတနာသုံးမျိုးကို ရယူလိုပါသော်လည်း ကျီဖုနဝမအဆင့် ပုဂ္ဂိုလ်များနှင့် ဈေးပြိုင်ကမ်း လှမ်းရန် မတတ်နိုင်သည့်အတွက် လက်လျှော့လိုက်ရခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့အတွက်တော့ ထိုပစ္စည်းများမှာ အရေးတကြီး မလိုအပ်သေးသည့်အတွက် အသာလက်ရှောင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် လူတစ်ဦးတက်လာပြီး ပစ္စည်းနှစ်ခုကို ခင်းကျင်းပြသလိုက်သည်။ မီးကျွမ်းနေသော သစ်သားအပိုင်းအစတစ်ခုနှင့် ရွှေရောင်အလင်းများ ဖြာထွကနေ သည့် ကျောက်စိမ်းတုံးတစ်ခုဖြစ်သည်။ အဆိုပါလူက နိဒါန်းပျိုးမနေတော့ဘဲ သူအလိုရှိသည်ကို ကြေငြာလိုက်သည်။
“နှစ်တစ်ထောင်မိုးကြိုးဆင်းသစ်သားနဲ့ ရွှေရောင်စကြဝဠာကျောက်စိမ်းတို့ပဲ။ အဆင့် ၃ အမြင့်ဆုံးအဆင့် မီးဓာတ်ဝိညာဉ်ပစ္စည်း ဒါမှမဟုတ် ထိုက်သင့်တဲ့အဖိုးရှိတဲ့ ရတနာတစ်မျိုးနဲ့လဲမယ်”
ထိုအခါ ကျန်းချန်ရွှမ်တို့လည်း ထခုန်မိမတတ် ဝမ်းမြောက်သွားကြသည်။ ရွှေရောင်စကြဝဠာကျောက်စိမ်းသည် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို အဆင့်မြှင့်တင်ရာတွင် မဖြစ်မနေလိုအပ် သလို မိုးကြိုးဆင်းသစ်သားသည်လည်း ရှန်းရူယန်အတွက် လိုအပ်နေသည့် ကုန်ကြမ်းဖြစ်သည်။ ကျန်းချန်ရွှမ်က အထွေအထူးမစဉ်းစားတော့ဘဲ
“ဒီပစ္စည်းနှစ်ခုကို ရေဓာတ်ဆီးသီးနဲ့ လဲမယ်ဆိုရင် ဘယ်လိုသဘောရလဲ”
“ဘာလဲ ရေဓာတ်ဆီးသီး ဟုတ်လား”
စင်မြင့်ထက်က လူအပါအဝင် ပရိသတ်အားလုံး ကျန်းချန်ရွှမ်၏ ကမ်းလှမ်းမှုကြောင့် အံ့အားသင့်သွားကြသည်။ ယနေ့ကျင်းပသည့် ဖလှယ်ပွဲတွင် ရေဓာတ်ဆီးသီးလို ဝိညာဉ်သစ်သီးမျိုး ပါလာလိမ့်မည်ဟု သူတို့အားလုံး မမျှော်လင့်ကြပါ။ ထိုသစ်သီးသည် ကျင့်ကြံသူတစ်ဦးကို အနှစ်ငါး ဆယ်စာကျင့်ကြံသည်နှင့် ညီမျှသည့် ဓမ္မစွမ်းအင်ကို ပေးစွမ်းနိုင်စွမ်းရှိပြီး ရေဓာတ်တက်လှမ်းခြင်း ဆေးပြားထက် နိမ့်ကျခြင်းမရှိပါ။ ကျီဖုနယ်ပယ် ဆဌမအဆင့်တွင် ရပ်တန့်နေသည့် ကျင့်ကြံသူတစ်ဦးအတွက်တော့ ရေဓာတ်တက်လှမ်းခြင်းဆေးပြားက ပို၍တန်ဖိုးရှိမည်ဖြစ်သော်လည်း ကျီဖု သတ္တမအဆင့်နှင့် အဌမအဆင့် ကျင့်ကြံသူများအဖို့ ရေဓာတ်ဆီးသီးက ပိုမိုအသုံးဝင်ပါလိမ့်မည်။ ကံကောင်းသည်က စင်မြင့်ထက်မှလူသည် ကျီဖု သတ္တမအဆင့် ကျင့်ကြံသူဖြစ်နေသည်။ ထိုလူသည် သူ၏ပစ္စည်းနှစ်ခုကို ကျန်းချန်ရွှမ်၏ ရေဓာတ်ဆီးသီးနှင့် လဲလှယ်တော့မည်အပြုတွင် အသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
“နေဦး”
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်မှောင်ကြုတ်လျက် အသံကြားရာသို့ လှမ်း၍ ကြည့်မိလိုက်သည်။ သူတို့ထင်ထားသည့်အတိုင်း မုရုံဖေးလုံပင်ဖြစ်နေသည်။ ပရိသတ်အားလုံး၏အာရုံ သူ့ထံရောက်ရှိလာချိန်တွင် မုရုံဖေးလုံသည် ပြောင်ချော်ချော်မျက်နှာပေးနှင့်
“ဒီကတာအိုမိတ်ဆွေကြီးက အဆင့် ၃ အမြင့်ဆုံးအဆင့် မီးဓာတ်အခြေခံ ဝိညာဉ်ရတနာကို အလိုရှိနေတာ မဟုတ်လား”
***