← Chapters

မမျှော်လင့်သော ထိပ်တိုက်တွေ့ဆုံမှု

Vol. 11 Ch. 214

မမျှော်လင့်သော ထိပ်တိုက်တွေ့ဆုံမှု

Vol. 11 Ch. 214

မုရုံဖေးလုံသည် ဝတ်ရုံထဲမှ ဝိညာဉ်သစ်ဥတစ်ခုကို ထုတ်ယူလိုက်သည်။ နဂါးခေါင်းပုံအသွင်ရှိပြီး အနားတွင် ပန်းပွင့်အဝါများ အစီအရီကပ်လျက်ရှိသည်။ စင်မြင့်ထက်မှလူသည် ထိုရတနာကိုမြင် လျှင် မျက်မှာမှာ မှိုရသလို ဝမ်းမြောက်သွားပြီး

“ဒါကြီးက အဆင့် ၃ အမြင့်ဆုံးအဆင့် နဂါးမီးဂျင်ဆင်းပဲ”

ထိုလူသည် အဆိုပါရတနာကို အငမ်းမရ ငေးစိုက်လိုက်သည်။ သူ့မျက်လုံးတွင် လိုချင်တပ်မက်စိတ်များ ပြည့်လျှံနေတော့သည်။

“တာအိုမိတ်ဆွေ ခင်ဗျားပစ္စည်းနဲ့ လဲမယ်”

မုရုံဖေးလုံက ပိုင်နိုင်စွာပြုံးလျက်

“ရတယ်လေ၊ တစ်ခုတော့ရှိတယ်၊ ခင်ဗျားပြထားတဲ့ ရတနာနှစ်ခုပေါင်းရင်တောင် ကျုပ်ရဲ့ဂျင်ဆင်းတန်ဖိုးကို မမီသေးဘူးနော်”

စင်မြင့်ထက်မှလူက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် မုရုံဖေးလုံကို ကမ်းလှမ်းလိုက်သည်။

“ကောင်းပြီ၊ နဂါးမီးဂျင်ဆင်းကို ကျုပ်မှာကျန်နေတဲ့ ပစ္စည်းနှစ်ခုအပြင် ဝိညာဉ်ကျောက်တုံး သုံးသောင်းပါ အလိုက်ပေးပြီး လဲယူမယ်၊ ဘယ်လိုသဘောရလဲ”

မုရုံဖေးလုံက ထိုလူ၏ကမ်းလှမ်းချက်ကို ကြားသောအခါ ကျေနပ်စွာ ချက်ချင်းခေါင်းညိတ်လိုက် ပြီး မကြာမီ အလဲအလှယ် ထမြောက်သွားတော့သည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ မျက်မှောင်ကိုယ်စီကြုတ်လျက် မျက်နှာထားများ တင်းမာသွားကြသည်။ မုရုံဖေးလုံသည် ထိုရတနာကို အမှန်တကယ် အလိုရှိ၍ပဲလား သို့မဟုတ် ကျန်းချန်ရွှမ်တို့ကို သက်သက်မဲ့ အနှောက်ယှက် ပေးခြင်းပဲလားကို သူတို့နှစ်ဦးမဝေခွဲနိုင်ပါ။ သို့သော် မုရုံဖေးလုံ၏ လှောင်ပြောင်လိုဟန် မျက်နှာထားကြောင့် သူတို့နှစ်ဦးကို တမင်ကဖျက်ကယက် လုပ်ခြင်းဖြစ်သည်ဟု ကျန်းချန်ရွှမ်က ယူဆမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မုရုံဖေးလုံ၏အကြည့်က သူတို့နှစ်ဦးထံ ကျရောက်လာရာ ကျန်းချန်ရွှမ်နှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအခိုက်တွင် မုရုံဖေးလုံ၏ နှုတ်ခမ်းသည် တွန့်ကွေးသွားပြီး ကျန်းချန်ရွှမ်ကို အဓိပ္ပာယ်ပါပါ မခိုးမခန့်ကြည့်လိုက်သည်။ ထိုကြောင့် မုရုံဖေးလုံသည် တမင် ကြံစည်ပြီး သူတို့နှစ်ဦးကို နှပ်ချပစ်ခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။

ထိုအချိန်တွင် စင်မြင့်ထက်ကို နောက်ထပ်ကျင့်ကြံသူတစ်ဦး တက်လာပြီး ကြာဖူးတစ်ခုကို ချပြလိုက်သည်။ ထိုကြာဖူးသည် အပြာရောင်အလင်းသဲ့သဲ့ ထွက်နေသည့်အတွက် ရေဓာတ်အခြေခံ ရတနာတစ်ပါးဖြစ်ပုံရသည်။ ရှန်းရူယန်က ကျန်းချန်ရွှမ်ကို လျှို့ဝှက်အသံပို့စနစ်ဖြင့် ရှင်းပြလိုက်သည်။

“ယောက်ျား ဒီကြာဖူးက ရေပြာကြာပန်းဖူး ပဲ၊ ရှင်ရထားတဲ့ အင်မော်တယ်ရေကျောက်စိမ်းနဲ့ တွဲလိုက်ရင် ရေဓာတ်အခြေခံ မူလဓမ္မရတနာတစ်ပါးကို ဖန်တီးလို့ရတယ်။ ကျွန်မတို့ ကြိုးစားကြည့်သင့်တယ်”

ရှန်းရူယန်၏ စကားဆုံးလျှင်ဆုံးချင်း မုရုံဖေးလုံက အဆောတလျင် ကမ်းလှမ်းလိုက်သည်။

“တာအိုမိတ်ဆွေ ဒီရေပြာကြာပန်းဖူးကို ဘာနဲ့လဲချင်လဲ။ ကျုပ်မှာ အဆင့် ၃ မှော်ဝင်သစ်သား ချဉ်ဆီရှိတယ်။ ဘယ်လိုသဘောရလဲ”

သည်တစ်ခါတော့ မုရုံဖေးလုံသည် ထိုရေဓာတ်ရတနာကို အမှန်တကယ် လိုချင်နေပုံရသည်။ သို့ သော် ကြာဖူးပိုင်ရှင်က စိတ်ဝင်စားပုံမပေါ်ပါ။ ထိုသူက ချက်ချင်းပင် ခေါင်းခါလိုက်ပြီး

“ခင်ဗျားရဲ့ သစ်သားချဉ်ဆီက ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်အတွက် အသုံးမလိုဘူးဗျ။ ကျုပ်လိုချင်တာက ဟိုတာအိုမိတ်ဆွေရဲ့ ရေဓာတ်ဆီးသီးပဲ”

ထိုသူက ပရိသတ်အကြားရှိ ကျန်းချန်ရွှမ်ကို လှမ်းကြည့်လိုက်ပြီး

“ဘယ်လိုလဲ မိတ်ဆွေ၊ ကျုပ်ရဲ့ကြာဖူးနဲ့ လဲချင်တယ်မလား”

ထိုအခါ မုရုံဖေးလုံ၏ မျက်နှာမှာ ပြိုတော့မည့်မိုးပမာ မည်းမှောင်သွားသည်။ ကျန်းချန်ရွှမ် အလိုရှိသော ပစ္စည်းကို ဖြတ်သုတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူအလိုရှိနေသော ပစ္စည်းကို ကျန်း ချန်ရွှမ်လက်ထဲ ပြန်ထည့်လိုက်ရပါတော့မည်။ ကျန်းချန်ရွှမ်တစ်ယောက် စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာသွားပြီး ခေါင်းကို သွက်သွက်ကြီး ညိတ်ပြလိုက်သည်။

“ကောင်းပါပြီ”

မကြာမီ အလဲအလှယ်တစ်ခု အထမြောက်သွားပြန်သည်။ ကျန်းချန်ရွှမ် ထိုလူ့ထံမှ ကြာပန်းဖူးကို လက်ခံရယူလိုက်သည့် အချိန်တွင် စနစ်ထံမှ အချက်ပေးသံဝင်လာတော့သည်။

[စနစ်မှ မစ်ရှင်အသစ် ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင်၊ ဒုတိယမြောက် မူလဓမ္မရတနာကို ဖန်တီးသန့်စင်ပါ ]

စနစ်ထံမှ မမျှော်လင့်ထားသော အချက်ပေးသံကို ထင်မှတ်မထားသည့် အခြေအနေမျိုးတွင် ရရှိလိုက်သည့်အတွက် ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ်မှင်သက်သွားမိသည်။ မည်သို့ပင်ဆိုစေ သည်တစ်ခါ စနစ်မှချီးမြှင့်မည့် ဆုလာဘ်မှာ နှယ်နှယ်ရရမဟုတ်ဖို့ များနေသည်။ ထိုအချိန်တွင် မု ရုံဖေးလုံသည် သူတို့နှစ်ဦးထံ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၍ ကျန်းချန်ရွမ်နှင့် ရှန်းရူယန် တို့သည် သတိကြီးစွာဖြင့် အသင့်ပြင်လိုက်မိသည်။ ထိုလူ၏အကြံအစည်ကို လောလောဆယ် မှန်း ဆ၍မရသေးပါ။

“တာအိုမိတ်ဆွေ ခင်ဗျားလိုချင်တဲ့ ‌မိုးကြိုဆင်းသစ်သားနဲ့ ရွှေရောင်စကြဝဠာ ကျောက်စိမ်းကို ကျုပ်က တမင်လုတာမဟုတ်ပါဘူး။ နားလည်မှုလွဲသွားတာပါ။ ဒီပစ္စည်းနှစ်ခုနဲ့ ရေပြာကြာပန်းဖူး နဲ့ လဲလှယ်ပေးနိုင်မလား”

မုရုံဖေးလုံ၏ စိတ်နေအကျင့်စရိုက်ကို သိထားပြီးဖြစ်သည့်အတွက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သည် မုရုံဖေးလုံတစ်ယောက် ယခုလို နှိမ့်ချတောင်းဆိုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ သို့သော် ပြဿနာတစ်ရပ်က ကျန်းချန်ရွှမ်အတွက် ထိုကြာဖူးသည်လည်း အရေးတကြီးလိုအပ်နေခြင်းပင်ဖြစ်သည်။ မုရုံဖေးလုံလက်ထဲရှိ ရတနာနှစ်ပါးထက်ပင် ထိုကြာဖူးကို လတ်တလောတွင် ပိုမိုလိုအပ်နေသည်ဖြစ်ရာ ထိုရေပြာကြာပန်းဖူးကို မုရုံဖေးလုံလက်ထဲ ထည့်လိုက်၍မဖြစ်ပါ။

ထို့ပြင် မုရုံဖေးလုံ၏ အပြုအမူမှာ ပိုင်စိုးပိုင်နင်းနိုင်လွန်းသည်ဟု ကျန်းချန်ရွှမ်မြင်မိသည်။ အရေးမပါသည့် ကိစ္စတစ်ခုအတွက် ရန်ငြိုးသိုပြီး သူတို့နှစ်ဦးအား ခြိမ်းခြောက်စော်ကားပြီးမှ ဘာမှမဖြစ်ခဲ့ဟန်ဆောင်ပြီး ယခုလိုကမ်းလှမ်းလာခြင်းမှာ သူတို့ဇနီးမောင်နှံကို အထင်သေးရာကျသည်ဟုလည်း သူယူဆမိသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး

“စိတ်မရှိပါနဲ့ ကျုပ်တို့မလဲနိုင်ပါဘူး”

***

All Chapters