မမျှော်လင့်သော ထိပ်တိုက်တွေ့ဆုံမှု (၂)
Vol. 11 Ch. 215
“မင်းဘာပြောလိုက်တယ်”
မုရုံဖေးလုံမှာ ချက်ချင်းပင် မျက်နှာပျက်သွားသည်။
“ကျုပ်ပြောတာ မရှင်းဘူးထင်တယ်။ မလဲဘူးလို့ပြောတာ အကြီးအကဲမုရုံရဲ့”
မုရုံဖေးလုံမှာ ယမ်းပုံမီးကျ ဒေါသထွက်သွားသည်။ သူ့ဘဝတွင် ယခုလိုမျိုး တစ်ခါမျှ အရှက်မရဖူးခဲ့ပေ။ သူ့မျက်လုံးများတွင် ကျန်းချန်ရွှမ်ကို အမှုန့်ချေလိုသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ လေလံပွဲမဟုတ်သည့် အခြားတစ်နေရာတွင်သာဆိုပါက ကျန်းချန်ရွှမ်ကို ကျိန်းသေတိုက်ခိုက်မည်မလွဲပါ။
“မင်းနောင်တမရစေနဲ့”
မုရုံဖေးလုံသည် အံကိုကြိတ်လျက် ပြန်လည်ထွက်ခွာသွားတော့သည်။ ရှန်းရူယန်သည် မုရုံဖေးလုံကိုကြည့်နေရင်း မျက်ဝန်းများမှာ မီးဝင်းဝင်းတောက်လာတော့သည်။
“ယောက်ျား ဒီလူ့ကို ကျွန်မတို့ အရှင်ထားလို့မရတော့ဘူး။ ဒီပွဲပြီးတာနဲ့ သူ့ကိုရှင်းရအောင်”
သို့နှင့် ရက်အနည်းငယ်ကြာသွားသည်။ ထို့နောက်တွင် ရှောင်ယန်ဈေးလေလံပွဲကြီး တရားဝင်ပြီးဆုံးသွားတော့သည်။ ထိုကာလအတွင်း နောက်ထပ်ရတနာပစ္စည်းအချို့ကို ထပ်မံရရှိခဲ့သေးသည်။ ထိုရတနာများအနက် ကျန်းချန်ရွှမ်အတွက် ခန္ဓာကိုယ်မွမ်းမံသည့် ကျင့်စဉ်များအတွက် လိုအပ်နေသည့် ရင်းမြစ်များအပြင် ရှန်းရူယန်အတွက် ဓမ္မရတနာအသစ် ဖန်တီးရန်လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများပါဝင်သည်။ နောက်ထပ် လဝက်ခန့်ကြာသွားသည်။ ထို့နောက်တွင်တော့ ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှောင်ယန်ဈေးမှ ထွက်ခွာလာခဲ့ကြပြီး ကျန်းမိသားစုထံသို့ ဦးတည်ခရီးနှင်လိုက်ကြသည်။
နှစ်ဦးသား ရှောင်ယန်ဈေးမှ ပျံသန်းထွက်ခွာပြီးမကြာမီ သူတို့နှစ်ဦးရှေ့တွင် လူနှစ်ဦးပိတ်ဆို့လျက် ရှိသည်ကိုတွေ့ရသည်။ ထိုနှစ်ဦးမှာ မုရုံဖေးလုံနှင့် ပေတုန်းချန်တို့ပင်ဖြစ်သည်။ ကျန်းချန်ရွှမ်တို့ မမျှော်လင့်ထားသည်မှာ မုရုံဖေးလုံတို့နှစ်ဦးအပြင် နောက်ထပ် ကျင့်ကြံသူတစ်ဦးပါ ထပ်မံရောက် ရှိလာခြင်းဖြစ်သည်။ ထိုသူမှာ ရတနာဖလှယ်ပွဲတွင် တွေ့ခဲ့ရသည့် စာပေပညာရှင်အသွင်ရှိသည့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျီဖုနယ်ပယ် ဆဌမအဆင့်ကို ရောက်ရှိနေသူဖြစ်သည်။ ထိုသုံးဦးသည် ကိုယ်စီ ဓမ္မလက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြသည်။ မုရုံဖေးလုံက အနီရောင်အဆင်းရှိသည့် စေတီတစ်ဆူကို ဆွဲထုတ်လိုက်သလို ပေးတုန်ချန်ကလည်း အနီရောင်ဘူးသီးခြောက်တစ်လုံးကို ထုတ်ယူလိုက်သည်။
မုရုံဖေးလုံ၏ ဓမ္မလက်နက်မှာ ကြက်သွေးရောင်နဂါးစေတီ ဟုခေါ်ပြီး စေတီ၏ပတ်လည်တွင် နဂါးတစ်ကောင်ရစ်ခွေလျက်ရှိသည်။ ပေတုန်းချန်၏ ဘူးသီးခြောက်ကို နေနီနီဘူးသီးခြောက်ဟု ခေါ်ပြီး ယန်မီးလျှံများကို သိုလှောင်ထုတ်လွှတ်နိုင်စွမ်းရှိသည်။ စာပေပညာရှင်ဟန်ပန်ရှိသူ ထုတ်ယူလိုက်သည့် ဓမ္မရတနာမှာ အစိမ်းရောင်ငှက်မွေးများဖြင့် ပြုလုပ်စီရင်ထားသည့် ယပ်တောင်တစ်ခုဖြစ်ပြီး အင်အားပြင်းထန်သည့် ဝိညာဉ်လေပွေများကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။ အဆင့်နိမ့်ကျင့်ကြံသူများသာ ထိုလေပွေစာမိသွားပါက အရိုးနှင့်အသား တခြားစီဖြစ်ကာ ဝိညာဉ်ပါလွင့်သွား သည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆိုပါကျင့်ကြံသူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သတိကြီးကြီးထား၍ ခုခံရန် ပြင်ဆင်လိုက်သည်။
ကျန်းချန်ရွှမ်က အရပ်ခြောက်မျက်နှာစေတီကို ဆင့်ခေါ်လိုက်သည်။ အရှိန်အဟုန်ဖြင့် သက်ဆင်းလာသော မုရုံဖေးလုံ၏ နဂါးစေတီနှင့် ထိပ်တိုက်တွေ့မိပြီး ကျယ်လောင်သော မြည်သံကြီးတခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်တွင် ဧရာမမီးလျှံတန်းကြီးတခု ဖြစ် ပေါ်လာတော့သည်။ အနီးအနားရှိ တိမ်တိုက်များလည်း ဓမ္မစွမ်းအင်နှစ်ခု တိုးတိုက်မှုကြောင့် အငွေ့ပျံကုန်ကြသည်။ ထိုအချိန်တွင် ရှန်းရူယန်ကလည်း မိုးကြိုးဆင်းတံဆိပ်တော်ကို ဆင့်ခေါ်၍ ပေတုန်းချန်၏ နေနီနီဘူးသီးခြောက်နှင့် စာပေပညာရှင်အသွင်လူတို့၏ ဝိညာဉ်လေပွေများကို ဆီးကြိုခုခံလိုက်သည်။ ထိုတံဆိပ်တော်မှာ အဆင့် ၃ အနိမ့်စားအဆင့်သာ ရှိသော်လည်း ရှန်းရူယန်၏ ကျင်လည်စွာထိန်းချုပ်မှုအောက်တွင် ပေတုန်းချန်တို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ကောင်းစွာခုခံနိုင်စွမ်းရှိလာသည်။
မုရုံဖေးလုံဦးဆောင်သည့် ထိုသုံးဦးမှာ ထင်မှတ်မထားသည့် ကျန်းချန်ရွှမ်တို့၏ ခုခံမှုများကြောင့် အံ့အားသင့်သွားသည်။ သူတို့သိရှိရသလောက် ထိုစုံတွဲသည် ကျီဖုနယ်ပယ် ကနဦးအဆင့်သာရှိပြီး ယခုအခါတွင် ကျန်းချန်ရွှမ်တို့နှစ်ဦးစလုံးသည် ကျီဖု အလယ်အလတ်နယ်ပယ် နီးပါးအထိ ရောက် ရှိနေသည်ကိုတွေ့ရသည်။ တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ ထိုစုံတွဲသည် သူတို့ထင်မှတ်ထားသလို လွယ်လွယ်နှင့် သုတ်သင်နိုင်မည်မဟုတ်ကြောင်း ရိပ်မိလိုက်ကြသည်။ ထိုတစ်ခဏတွင် မုရုံဖေးလုံ၏ ကြက်သွေးရောင်စေတီသည် ကျန်းချန်ရွှမ်၏ ခြောက်မျက်နှာစေတီမှ ပစ်ဆောင့်မှုဒဏ်ကြောင့် အကွာအဝေးအနည်းငယ်ထိ လွင့်ထွက်သွားသည်။ ထိုအခါ မုရုံဖေးလုံသည် အကြောက်တရားကို ပထမဆုံးအကြိမ် ခံစားမိလိုက်ပြီး သွေးရူးသွေးတန်း ရေရွတ်လိုက်တော့သည်။
“ကိုယ်ခန္ဓာမွမ်းမံခြင်း နတ်ဘုရားစွမ်းအားပဲ”
တစ်ဆက်တည်းတွင် ကျန်းချန်ရွှမ်သည် တန်ပေါင်းများစွာလေးသည့် ရွှေနက်တုတ်ကြီးကို ဆင့်ခေါ်လိုက်ပြန်သည်။ ခဏချင်းတွင် ကောင်းကင်တစ်ခွင်၌ အနက်ရောင်တုတ်ရိပ်များ တစ်ခုပြီးတစ်ခု ထင်ဟပ်လာပြီး ထိုအရိပ်တုတ်ချက်များသည် တစ်ခုတည်းအဖြစ်သို့ စုပေါင်းကာ မုရုံဖေးလုံ၏ ဦးခေါင်းကို ကြောက်မက်ဖွယ်ဖိအားဖြင့် ရိုက်ချလိုက်တော့သည်။ အဆိုပါတုတ်ချက်ကြီး၏ အင်အားမှာ တောင်တစ်လုံးကိုပင် တစ်စစီချေမွနိုင်သည်အထိ အားကြီးလှသည်။ မုရုံဖေးလုံသည် မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ကျန်းချန်ရွှမ်၏ အဆက်မပြတ်တိုက်ခိုက်မှုများအောက်တွင် မုရုံဖေးလုံသည် သေခြင်းတရား၏ အငွေ့အသက်များကို စတင်ခံစားမိလာတော့သည်။ သူ နားမလည်သည်က ကျန်းချန်ရွှမ်သည် အလွန်ဆုံး ကျီဖုနယ်ပယ် အလယ်အဆင့်သာ ရှိသေးသော်လည်း သူ၏တိုက်ခိုက်မှုအဆင့်အတန်းမှာ မကြုံစဖူးမြင့်မားနေခြင်းဖြစ်သည်။
မုရုံဖေးလုံသည် သတိကြီးကြီးထားလျက် သူ့ဦးခေါင်းထက်တွင် ရွှေရောင်ဖျော့ဖျော့ အလင်းများကို ထုတ်ဖော်လိုက်သည်။ ထိုအလင်းတန်းများသည် မြန်ဆန်စွာ စုဖွဲ့သွားပြီး တံတိုင်းတစ်ခုအသွင်ပြောင်းကာ မုရုံဖေးလုံကို အပြည့်အဝကာကွယ်ပေးလိုက်သည်။ ထိုတံတိုင်းမှာ မုရုံဖေးလုံ၏ ကာကွယ်ရေးဓမ္မလက်နက်ဖြစ်သည့် ရွှေမှန်သားတံတိုင်းဖြစ်သည်။ ကျန်းချန်ရွှမ်၏ ရွှေနက် တုတ်ချက်သည် ရွှေမှန်သားတံတိုင်းထက်သို့ အဟုန်ပြင်းစွာ ကျရောက်သွားပြီ တံတိုင်းမှာ အကာအကွယ်အလင်းများကို ထုတ်လွှတ်လိုက်ပြီးနောက် ပြန်မှိန်သွားသည်။ တုတ်ချက်၏ ဒဏ်ကြောင့် တံတိုင်းအတွင်းရှိ မုရုံဖေးလုံ၏ ကိုယ်မှာ တုန်ယင်သွားပြီး သွေးများကို အန်ထုတ်လိုက်ရသည်။
အသက်ပင်မရှုရသေးခင်တွင် ကျန်းချန်ရွှမ်၏ နောက်ထပ်တုတ်ချက်တစ်ခု ဆင့်ကဲကျရောက်လာပြန်သည်။ သည်တစ်ခါတွင် ရွှေမှန်သားတံတိုင်းနှင့်တကွ မုရုံဖေးလုံရပ်နေသော မြေပြင်တစ်ခုလုံးသည် ဧရာမတုတ်ချက်ကြီး၏ ဖိအားကြောင့် နိမ့်ဆင်းသွားပြီး တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်သွား သည်။ ရှန်းရူယန်နှင့် တိုက်ခိုက်နေသော ပေတုန်းချန်တို့နှစ်ဦးမှာ ထိုမြင်ကွင်းကြောင့် ကြက်သီးများထသည်အထိ တုန်လှုပ်သွားမိသည်။ ထိုအချိန်တွင် ရှန်းရူယန်သည် ရောင်စဉ်ငါးပါးမသေမျိုး ရန်နှိမ်နတ်ဘုရားလက်နက်ကို ထုတ်ဖော်လိုက်သည်။ လေထုထဲတွင် အရောင်ငါးမျိုးပါ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပေတုန်းချန်၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ပေတုန်းချန်က အစိမ်းရောင်အလင်းဒိုင်းတစ်ခုကို ကမန်းကတန်း ထုတ်ဖော်ကာကွယ်လိုက်ရသည်။
သို့သော် ထိုဒိုင်းမှာ ရှန်းရူယန်၏ အလင်းတန်းလက်နက်ကို ခုခံနိုင်စွမ်းမရှိဘဲ လွင့်စင်သွားရသလို နေနီနီဘူးသီးခြောက်သည်ပင် အလင်းတန်းထိမှန်ပြီး ဝိညာဉ်အလင်းများ ဆုံးရှုံးသွားရပြီး မြေပေါ် သို့ကျဆင်းသွားတော့သည်။ ဓမ္မရတနာကို ဆုံးရှုံးလိုက်ရသည့် ပေတုန်းချန်မှာ ရှန်းရူယန်၏ တိုက်ခိုက်မှုကို ရေရှည်တောင့်ခံနိုင်စွမ်းမရှိဘဲ တစ်ခဏချင်းတွင် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ပေတုန်းချန်တစ်ယောက် ရှန်းရူယန်လက်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားရသည်ကို မြင်သော ကျန်တစ်ဦးမှာ အကြီးအကျယ်တုန်လှုပ်သွားတော့သည်။ အချိန်မဆိုင်းဘဲ အလင်းတန်းအသွင်ပြောင်းကာ လစ်ပြေးရန် ကြိုးစားလိုက်သည်။ ရှန်းရူယန်က နှာခေါင်းရှုံ့လိုက်ပြီး လျှပ်စီးတန်း များကိုဆင့်ခေါ်ကာ သူမတစ်ကိုယ်လုံးကို လျှပ်စီးကြောင်းအသွင်ပြောင်းလျက် ထိုလူထွက်ပြေးသည့် လမ်းကြောင်းရှေ့တွင် ပိတ်ဆို့လိုက်သည်။
ထို့နောက် ရှန်းရူယန်၏ လက်အစုံသည် လေထဲမှ တစ်စုံတစ်ရာကို ဖမ်းယူဟန်ပြုလိုက်သည်။ ထို တစ်ခဏတွင် ခရမ်းရောင်လျှပ်စီးများ ရစ်ပတ်ထားသည့် ဓားတစ်စင်းဖြစ်တည်လာပြီး အဟုန်ပြင်းစွာနှင့် ခုတ်ပိုင်းလိုက်ရာ ကြားခံဗလာနယ်သည်ပင် တုန်ခါသွားသည်။ ထိုကျင့်ကြံသူ၏ အကာအကွယ် ဓမ္မစွမ်းအင်စက်ဝန်းများသည် တစ်စစီပြိုကွဲသွားပြီး ထိုသူ၏ ဓမ္မလက်နက်ဖြစ်သည့် အစိမ်းရောင်ငှက်မွေးယပ်တောင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလို လက်မှစ၍ တစ်ကိုယ်လုံး မီးသွေးပမာ မည်းနက်သွားတော့သည်။ ထိုသူကို သတ်ဖြတ်လိုက်သည့် လက်နက်သည် ရှန်းရူယန်၏ ခရမ်းရောင်လျှပ်စီးမီးလျှံဓားပင်ဖြစ်သည်။
တစ်ချိန်တည်းတွင် မုရုံဖေးလုံ၏ ရွှေမှန်သားဒိုင်းသည် ကျန်းချန်ရွှမ်၏ အဆက်မပြတ် ထိုးနှက်ချက်များကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ တစ်စစီကွဲကြေသွားပြန်သည်။ မြေပြင်ထက်တွင် မုရုံဖေးလုံတစ်ဦးတည်း အကာအကွယ်မဲ့လျက် ကျန်ရစ်ခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများအပြည့်ဖြစ်နေသည်။ ကျန်းချန်ရွှမ်သည် ကောင်းကင်ထက်မှ မုရုံဖေးလုံရှိရာ မြေပြင်ထက်သို့ တစ်ဟုန်ထိုး ဆင်းသက်လာသည်။ မုရုံဖေးလုံသည် ကျန်းချန်ရွှမ် သူ့ထံသို့ အဟုန်ပြင်းစွာ ချဉ်းကပ်လာသည်ကို တုန်လှုပ်စွာ မော့ကြည့်နေရင်း တစ်ခုခုလှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သို့ရာ တွင် ကျန်းချန်ရွှမ်က အခွင့်အရေးပေးလိုဟန်မတူဘဲ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ မုရုံဖေးလုံသည် မျက်လုံးပြူးမျက်ဆံပြူး ကြည့်နေရင်းမှာပင် သူ၏မျက်ခုံးနှစ်ခုကြားတွင် အပေါက်တစ်ခုဖြစ်ပေါ်လာကာ အော်ရာများ ရုတ်တရက်ငြိမ်းသွားပြီး အသက်ရှုရပ်သွားသည်။
မြေပြင်သို့သက်ဆင်းလာသော ကျန်းချန်ရွှမ်သည် မြေတွင်းထဲတွင် လဲကျသေဆုံးနေသော မုရုံဖေးလုံ၏ လက်ထဲတွင် ပုတီးစေ့ကဲ့သို့ အရာတစ်ခုကိုင်ထားသည်ကို တွေ့လိုက်ရ၍ မျက်မှောင်ကြုတ် သွားသည်။ ထိုပုတီးစေ့၏ အမျိုးအမည်ကို သိရှိသွားသောအခါ ကျန်းချန်ရွှမ်၏ မျက်နှာမှာ ဖြူ ဆုတ်သွားတော့သည်။
***