← Chapters

မူလဓမ္မရတနာကို အဆင့်မြှင့်တင်ခြင်း (၁)

Vol. 11 Ch. 216

မူလဓမ္မရတနာကို အဆင့်မြှင့်တင်ခြင်း (၁)

Vol. 11 Ch. 216

ထိုပုတီးစေ့သည် ခရမ်းရောင်မီးမိုးကြိုးမုန်တိုင်း ပုတီးစေ့ဟု ခေါ်တွင်ပြီး အဆင့် ၄ ပဏာမအဆင့်ရှိသည့် လက်နက်ဖြစ်သည်။ အဆင့် ၄ ပဏာမအဆင့်ဟု သတ်မှတ်ရခြင်းမှာ ထိုပုတီးစေ့ကို အသက်သွင်းလိုက်လျှင် ရွှေအမြုတေ ပဏာမအဆင့်ရှိသည့် ဖျက်ဆီးရေးစွမ်းအင်ကို ထုတ်ဖော်နိုင်ခြင်းကြောင့်ဖြစ်သည်။ ကျီဖုအဆင့် ကျင့်ကြံသူအများစုအဖို့ ထိုလက်နက်သည် အသက်အန္တရာယ် ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ မုရုံဖေးလုံတွင် အဆိုပါလက်နက်မျိုး ပိုင်ဆိုင်ထားမည်ဟု ကျန်းချန်ရွှမ်တစ်ယောက် ကြိုမတွက်ထားခဲ့ပါ။ သူ့ဆုံးဖြတ်ချက် မှန်ကန်သွားသည်ဟုဆိုရမည်။

အကယ်၍ မုရုံဖေးလုံကို အဝေးမှတိုက်ခိုက်ခြင်းမပြုခဲ့ဘဲ အနီးကပ်တိုက်ပွဲတစ်ခု ဖော်ဆောင်လိုက်ပါက ထိုလက်နက်ကြောင့် ဒုက္ခအကြီးအကျယ်တွေ့သွားနိုင်သည်။ ကျန်းချန်ရွှမ်သည် မုရုံဖေးလုံ၏လက်ထဲရှိပုတီးစေ့နှင့် သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်သည်။ ရှန်းရူယန်သည်လည်း ပေတုန်းချန်တို့နှစ်ဦးထံမှ သိုလှောင်လက်စွပ်များကို ရှာဖွေသိမ်းဆည်းလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။ မကြာမီ အလင်း တန်းများ သက်ဆင်းလာပြီး အခြားသောကျင့်ကြံသူများ ရောက်ရှိလာကြသည်။ ထိုသူများထဲတွင် ဟွေ့လျန်းနှင့် ဟွမ်းယောင်တို့လည်း ပါဝင်သည်။

သူတို့အားလုံးသည် မြေပြင်အခြေအနေကို အကဲခတ်ပြီးနောက် မကြာသေးမီကပင် ကျီဖုအဆင့်ကျင့်ကြံသူများအကြား အသက်လုတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း မှတ်ချက်ချလိုက်သည်။ နောက်ဆုံးရလဒ်ကိုတော့ သူတို့အားလုံး ခန့်မှန်းနိုင်ခြင်းမရှိပါ။ ဟွမ်းယောင်တို့နှစ်ဦးအနေနှင့် ခန့်မှန်းမိကြသည့် တစ်ချက်တော့ရှိသည်။ ထိုတွက်ဆချက်ကြောင့် နှစ်ဦးသား တုန်လှုပ်သွားမိသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လူသူကင်းမဲ့သည့် တောင်တန်းတစ်နေရာတွင် သက်ဆင်းလိုက်ကြပြီး မုရုံဖေးလုံတို့ထံမှ ရရှိခဲ့သော ရတနာများကို ရေတွက်နေကြသည်။ အရေးကြီးဆုံးပစ္စည်းများမှာ မုရုံဖေးလုံတို့သုံးဦး ကိုင်စွဲအသုံးပြုခဲ့သည့် ဓမ္မလက်နက်များဖြစ် သည့် မီးလျှံနဂါးစေတီ၊ နေနီနီဘူးသီးခြောက်နှင့် အစိမ်းရောင်ငှက်မွေး ယပ်တောင်တို့ဖြစ်သည်။

ထိုရတနာသုံးခုလုံးသည် အဆင့် ၃ အလယ်အဆင့် လက်နက်များဖြစ်ပြီး မုရုံဖေးလုံ၏စေတီမှာ အဆင့် ၃ အမြင့်ဆုံးအဆင့်နီးပါးဟု သတ်မှတ်နိုင်ပါသည်။ ထိုရတနာသုံးခုသည် တိုက်ပွဲအတွင်း သုံးမရသည်အထိ ပျက်စီးသွား၍ အရင်ဆုံးပြုပြင်မွမ်းမံပြီးလျှင် အဆင့် ၃ အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်မည်ဖြစ်သည်။ အဆိုပါရတနာသုံးခုအပြင် အဆင့် ၃ အနိမ့်စား ဓမ္မရတနာငါးခုကိုလည်း တွေ့ရှိရပြီး တန်ဖိုးကြီးဆေးပြားများ၊ ကုန်ကြမ်းများကိုလည်း တွေ့ရပြန်သည်။ ထိုအထဲတွင် မုရုံဖေးလုံတစ်ယောက် ရတနာဖလှယ်ပွဲတွင် လဲလှယ်ရရှိခဲ့သည့် နှစ်တစ်ထောင် မိုးကြိုးဆင်းသစ် သားနှင့် ရွှေရောင်စကြဝဠာ ကျောက်စိမ်းတို့လည်း ပါဝင်သည်။ ထိုရတနာနှစ်ခုကို ရရှိရန်အတွက် ကျန်းချန်ရွှမ်နှင့် မုရုံဖေးလုံတို့သည် ရတနာဖလှယ်ပွဲအတွင်း ပြိုင်ဆိုင်ခဲ့ရသေးသည်။

ယခုအချိန်တွင်တော့ ထိုရတနာနှစ်ခုလုံး ကျန်းချန်ရွှမ်တို့လက်ထဲ ရောက်ရှိလာပြီဖြစ်သည်။ ဘဝသည် မှန်းဆရခက်ခဲသည် ဆိုသောစကားမှာ အမှန်ပင်ဖြစ်သည်ဟု ကျန်းချန်ရွှမ်ထင်မြင်မိသည်။ ထိုနှစ်ခုအပြင် မုရုံဖေးလုံတစ်ယောက် ရေပြာကြာပန်းဖူးနှင့် လဲလှယ်ရန်ကြိုးစားခဲ့သည့် မှော်ဝင်သစ်သားချဉ်ဆီကိုပါ တစ်ပါတည်းတွေ့ရှိလိုက်ရသည်။ ထို့အပြင် သိုလှောင်လက်စွပ်များအတွင်းမှ မနည်းလှသော ကျင့်ကြံခြင်းနည်းစနစ်များ၊ မန္တန်များနှင့် ဝိညာဉ်ကျောက်တုံးများကိုပါ တွေ့ရ သည်။ မုရုံဖေးလုံတို့လူစုသည် ကျန်းချန်ရွှမ်တို့ ရင်ဆိုင်ခဲ့ဖူးသည့် ရန်သူများအနက် အကြွယ်ဝဆုံး ဖြစ်သည်ဟု ဆိုရမည်။ သို့သော် ထိုပစ္စည်းများအားလုံးသည် ယခုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပိုင် ဖြစ်သွားပါပြီ။ ကျန်းချန်ရွှမ်က မီးလျှံနဂါးစေတီ၊ ငှက်မွေးယပ်တောင်နှင့် ခရမ်းရောင်မီး မိုးကြိုးမုန်တိုင်းပုတီးစေ့တို့ကို ရှန်းရူယန်ထံ ကမ်းလိုက်ပြီး

“ရူယန်က ဒါတွေကိုယူလိုက်၊ ကိုယ့်မှာ အရပ်ခြောက်မျက်နှာစေတီ ရှိပြီးသားဆိုတော့ ဒီစေတီကို မလိုတော့ဘူး။ ပြီးတော့ ကိုယ့်မှာ အရေးပေါ်အသက်ကယ် အဆောင်လေးခုရှိထားတဲ့အတွက် ဒီ ပုတီးစေ့ကိုလည်း မလိုဘူး။ ဘူးသီးခြောက်ကိုတော့ ကိုယ်ယူထားလိုက်မယ်”

ရှန်းရူယန်က ကျန်းချန်ရွှမ်၏ ဆုံးဖြတ်ချက်ကို တစ်စုံတစ်ရာ မကန့်ကွက်ဘဲ အသာတကြည်လက်ခံလိုက်သည်။ ထို့နောက်တွင် နှစ်ဦးသား တောင်တန်းမှ ပျံသန်းထွက်ခွာပြီး လျန်နိုင်ငံရှိရာသို့ ထွက်ခွာလာကြတော့သည်။ လအနည်းငယ်အကြာတွင် မှော်တိုင်တောင်ရှိ ကျန်းမိသားစု၏ ဌာနချုပ်ကို ပြန်လည်ရောက်ရှိလာကြသည်။ ရောက်ပြီးမကြာမီမှာပင် ကျန်းချန်ရွှမ်သည် ကျန်း ရန်ယီ၊ ကျန်းရန်တောက်၊ ကျန်းရန်ချွမ်း၊ လျူလင်းလုံတို့အပါအဝင် ကျန်းမျိုးနွယ်စုအကြီးအကဲများကို ဆင့်ခေါ်လိုက်ပြီး ယန်နိုင်ငံတွင် သူတို့ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို အကုန်အစင် ရှင်းပြလိုက်သည်။ ထိုအထဲတွင် မုရုံဖေးလုံနှင့် အပေါင်းအပါနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ကိုပါ တစ်ပါတည်းထည့်သွင်းပြောပြပြီး မီးလျှံဂိုဏ်းက သူတို့ကျန်းမိသားစုကို တစ်စုံတစ်ရာ တုံ့ပြန်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားရန်ပါ မှာကြားလိုက်သည်။ မုရုံဖေးလုံတို့ကို သတ်ဖြတ်စဉ်က မျက်မြင် သက်သေမရှိရန် အထူးသတိထားခဲ့သော်လည်း လူများသည် ထိုကိစ္စကို အနှေးနဲ့အမြန် သိရှိသွား လိမ့်မည်ဖြစ်ကြောင်း ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ မုရုံဖေးလုံနှင့် သူတို့စုံတွဲအကြားတွင် ရန်ငြိုးများရှိနေကြောင်း လူအတော်များများ သိရှိထား၍ဖြစ်သည်။

***

All Chapters