မူလဓမ္မရတနာကို အဆင့်မြှင့်တင်ခြင်း (၂)
Vol. 11 Ch. 217
ကျန်းရန်ယီတို့လူစုသည် ကျန်းချန်ရွှမ်တို့စုံတွဲ၏ ရှင်းပြချက်ကြောင့် တုန်လှုပ်မှင်သက်သွားရ သည်။ ယန်နိုင်ငံရှိ ရတနာဖလှယ်ပွဲသို့ အသွားတွင် သည်လိုအဖြစ်မျိုးနှင့် ကြုံဆုံရလိမ့်မည်ဟု သူ တို့မထင်ထားခဲ့ကြပါ။ ထိုထက် အံ့အားသင့်စရာကောင်းသည်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ပွဲဝင်စွမ်းရည်ပင်ဖြစ်သည်။ သူတို့သိထားသလောက် မုရုံဖေးလုံသည် ကျီဖုနယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးဖြစ်သလို သူနှင့်အတူ ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးပါ ပါဝင်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မယှဉ်နိုင်ဘဲ သေပွဲဝင်ခဲ့ကြရသည်။ သူတို့မိသားစု၏ စီနီယာဦးလေးနှင့် အဒေါ်တို့၏ အလားအလာမှာ သူတို့မမျှော်မှန်းနိုင်သည်အထိ မြင့်မားကြောင်း လက်ခံမိကြသည်။ တစ်ချိန်တည်းတွင် တုန်လှုပ်မှင်သက်ခြင်းနှင့်အတူ ဝမ်းသာ အားရလည်းဖြစ်မိကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ သူတို့ကျန်းမိသားစုဝင် အား လုံး၏ အနာဂတ်မှာ ဖြောင့်ဖြူးလေလေ မဟုတ်ပါလား။ သို့သော် လတ်တလောတွင် သူတို့အားလုံး သတိမူရမည့် ပြဿနာတစ်ခုရှိနေသည်။ အဆိုပါအဖြစ်ကို မီးလျှံဂိုဏ်းသိရှိပါက ကျန်းမိသား စုနှင့် မီးလျှံဂိုဏ်းအကြားတွင် သွေးထွက်သံယိုတိုက်ပွဲများ ကျိန်းသေဖြစ်ပေါ်လာမည်ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ထိုအဖြစ်မျိုးမှာ ထူးဆန်းသည်တော့ မဟုတ်ပါ။ ကျန်းချန်ရွှမ်က ကျန်း ရန်တောက်ကို ဒိုင်းတစ်ခုကမ်းပေးလိုက်သည်။
“ရန်တောက် ဒီဒိုင်းက အဆင့် ၃ အနိမ့်စားအဆင့် ကာကွယ်ရေး ဓမ္မရတနာပဲ။ ပေးတုန်ချန်ရဲ့ သိုလှောင်လက်စွပ်ထဲက သိမ်းလာတာ။ ခင်ဗျားမှာ ကာကွယ်ရေးရတနာတစ်ခုပဲ ရှိတယ်မလား။ ဒါကိုယူထားလိုက်ပါ”
ကျန်းရန်တောက်သည်လည်း အတိုင်းမသိ ဝမ်းမြောက်သွားပြီး အဆိုပါဒိုင်းကို လက်ခံရယူလိုက် သည်။ သူကိုယ်တိုင်လည်း ကာကွယ်ရေး ဓမ္မရတနာတစ်ခုကို ရှာဖွေနေသည်မှာ ကြာမြင့်လှပြီဖြစ် ၍ စီနီယာဦးလေးက ချီးမြှင့်လိုက်သောအခါ ထခုန်မိမတတ် ဝမ်းသာသွားမိခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်က မုရုံဖေးလုံတို့လူစုထံမှ ရရှိခဲ့သော ရင်းမြစ်များနှင့် ရတနာများကို မိသားစုဝင်အားလုံး အား အညီအမျှခွဲဝေပေးလိုက်သည်။ ထိုရတနာများကို သင့်လျော်သလို အသုံးပြု၍ ကျန်းမိသားစု ဝင်များ၏ အင်အားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကျန်းချန်ရွှမ်သည် ကျောက်စိမ်းပြားအချို့ကို ကျန်းရန်ယီကို ပေးအပ်လိုက်ပြီး
“ရန်ယီ၊ ဒီကျောက်စိမ်းပြားတွေထဲမှာ မီးလျှံဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ နတ်ဘုရားစွမ်း အားကျင့်စဉ်တွေပါတယ်။ မိသားစု ကျမ်းဂန်တိုက်မှာ သေချာထိန်းသိမ်းထားလိုက်ပါ”
“ဟုတ်ကဲ့ပါ စီနီယာဦးလေးခင်ဗျား”
ကျန်းရန်ယီက ဝမ်းမြောက်စွာ လက်ခံရယူရင်း ခေါင်းညိတ်လိုက်တော့သည်။
ထိုအချိန်တွင် မီးလျှံဂိုဏ်းဌာနချုပ်ရှိ ခန်းမဆောင်တစ်နေရာတွင်ဖြစ်သည်။ မြေအောက်မီး၊ ကျုံးဝူချန်နှင့် ဖန်းရွှီလျန်ဆိုသည့် မိန်းမချောတစ်ဦးသည် သူတို့လက်ထဲရှိ ဆက်သွယ်ရေးကျောက်စိမ်း ပြားများကို ကိုယ်စီငုံ့ကြည့်လျက် တိတ်ဆိတ်နေကြသည်။ ထိုစဉ် မြေအောက်မီးက
“အကြီးအကဲမုရုံနဲ့ အကြီးအကဲပေးတို့ဟာ ကျန်းမိသားစုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လက်ချက်နဲ့ သေသွားကြောင်း ငါတို့အတည်ပြုနိုင်ပြီ”
ထိုစကားကိုကြားလျှင် ကျန်နှစ်ဦး၏ မျက်နှာများမှာ မည်းမှောင်သွားကြသည်။ မုရုံဖေးလုံသေဆုံးမှုမှာ သူတို့မီးလျှံဂိုဏ်းအတွက် အကြီးစားထိုးနှက်ချက်တစ်ခုဖြစ်သည်။ မုရုံဖေးလုံကဲ့သို့ ကျီဖုနယ်ပယ် နောက်ဆုံးအဆင့်သို့ ချဉ်းနင်းဝင်ရောက်စပြုနေသည့် ကျင့်ကြံသူတစ်ဦးကို ဆုံးရှံးလိုက်ရသောကြောင့် မီးလျှံဂိုဏ်းသည် သာမန်ကျီဖုအဆင့် ဂိုဏ်းအဖွဲ့အစည်းအဖြစ်သို့ အဆင့်လျှောကျ သွားရတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ဖန်းရွှီလျန်က မတ်တတ်ထရပ်လိုက်ပြီး
“နင်တို့ အကြီးအကဲမုရုံရဲ့ လက်ရင်းတပည့် မုဝမ်းယန်ကို မေ့နေကြပြီထင်တယ်”
ထိုနာမည်ကိုကြားလျှင် ကျုံးဝူချန်နှင့် မြေအောက်မီးတို့မှာ ကြက်သေသေငိုင်သွားကြသည်။ ထို့ နောက်တွင် တစ်စုံတစ်ရာကို နားလည်သွားဟန်နှင့် ကျုံးဝူချန်က
“နင်ဆိုလိုတာက…”
ဖန်းရွှီလျန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ငါကိုယ်တိုင် ကောင်းကင်ယွဲ့ဂိုဏ်းကို သွားပြီး မုဝမ်းယန်ကို သူ့ဆရာမုရုံဖေးလုံ သေသွားပြီဆိုတဲ့အကြောင်း ပြောပြလိုက်မယ်”
ဖန်းရွှီလျန်၏ စကားကို ကျုံးဝူချန်နှင့် မြေအောက်မီးတို့နှစ်ဦးလုံး သဘောတူဟန်နှင့် ခေါင်းညိတ် လိုက်ကြသည်။ မုဝမ်းယုံဆိုသူမှာ မုရုံဖေးလုံ၏ လက်ရင်းတပည့်မဖြစ်ပြီး ကောင်းကင်ယွဲ့ဂိုဏ်း၏ အကြီးအကဲများအနက် တစ်ဦးဖြစ်သူ ဟွားဖေးနှင့် လက်ထပ်ထားသူဖြစ်သည်။ မုဝမ်းယုံသည် ဆ ရာဖြစ်သူ မုရုံဖေးလုံ၏ ကူညီစောင်မမှုဖြင့် ကျီဖု ဆဌမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက်တွင် ကောင်းကင်ယွီဂိုဏ်းမှ ဟွားဖေးနှင့် လက်ထပ်ခဲ့သည်။ ဟွားဖေးသည် ကောင်းကင်ယွဲ့ဂိုဏ်း၏ တရားဥပဒေစိုးမိုးရေးခန်းမတွင် ဒုတိယခေါင်းဆောင်ဖြစ်ပြီး သူ့ဇနီးကဲ့သို့ ကျီဖုနယ်ပယ် ဆဌမအဆင့်ကို တက်လှမ်းထားနိုင်သူဖြစ်သည်။ နောက်ထပ်အရေးကြီးသည့်တစ်ချက်မှာ ဟွားဖေး၏ ဆရာဖြစ်သူ ယုဟောင်ကျီသည် ကောင်းကင်ယွဲ့ဂိုဏ်း၏ ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲ လေးဦးအနက် တစ်ဦးဖြစ်နေခြင်းဖြစ်သည်။
ယုဟောင်ကျီသည် တပည့်ဖြစ်သူများအနက် ဟွားဖေးကို အလေးပေးဆုံးဖြစ်ပြီး ဟွားဖေးတစ် ယောက် အန္တရာယ်ရှိသော စစ်ဆင်ရေးများ ဆောင်ရွက်ရတိုင်းတွင် အကာအကွယ် ရတနာများ၊ အစီအရင်များ မကြာခဏပေးကမ်းချီးမြှင့်လေ့ရှိသည်ဟု သူတို့အားလုံးကြားဖူးသည်။ ကျုံးဝူချန်တို့လည်း ဖန်းရွှီလျန်၏ ဆိုလိုရင်းကို နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ မုဝမ်းယန်သာ သူမ၏ဆရာဖြစ်သူ အသတ်ခံရကြောင်းကြားလျှင် ကျန်းချန်ရွှမ်တို့ကို ကျိန်းသေလက်တုံ့ပြန်မည်သာ ဖြစ်သည်။ ကျုံးဝူချန်တို့သုံးဦး စုဝေးတိုင်ပင်နေကြချိန် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှမ်းမင်တောင်ထွတ်ရှိ ကျင့်ကြံရာလှိုဏ်ဂူအသီးသီးတွင် တစ်ကိုယ်တော်ကျင့်ကြံမှုကို စတင်နေကြပြီ ဖြစ်သည်။
သည်တစ်ခါ ကျန်းချန်ရွှမ်၏ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ သူ၏ ရွှေဗလာနယ်ဓားကို အဆင့် ၃ အလယ်အဆင့်ထိ မြှင့်တင်ရန်နှင့် ရေဓာတ်အခြေခံ မူလဓမ္မရတနာတစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် အခြေခံဓာတ်ငါးပါး ယင်ယန်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူဖြစ်၍ သီဝရီအရ မတူညီသည့် ဓာတ်ငါးပါးကို အခြေခံထားသည့် မူလဓမ္မရတနာငါးခုအထိ ကိုင်စွဲအသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် ရင်းမြစ်နှင့် နည်းပညာလိုအပ်ချက်များကြောင့် လက်ရှိအချိန်တွင် စိတ်ကူးမ ယဉ်နိုင်သေးပါ။ အနာဂတ်တွင်တော့ ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ကျန်းချန်ရွှမ် မျှော်လင့်ထားသည်။ ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ရွှေရောင်စကြဝဠာကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
စနစ်ထံမှရရှိထားသော ပါရမီရမှတ် +၁ ကြောင့် အဆင့်မြှင့်တင်သည့် လုပ်ငန်းစဉ်သည် ခဲယဉ်းမှု မရှိပါ။ ခြောက်လခန့်ကြာပြီးနောက် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာ ရွှေဗလာနယ်ဓားထံမှ စူးရှ သည့် အော်မြည်သံတစ်ခုထွက်ပေါ်လာသည်။ အဆင့် ၃ အလယ်အဆင့်သို့ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏ ရွှေဗလာနယ်ဓားသည် ယခုအခါ အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိ ဓ မ္မရတနာတစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်ရပါက ထိုလက်နက်ကို နှစ်ပိုင်းပြတ်သည်အထိ တတ်စွမ်း နိုင်လိမ့်မည်ဟု လက်မထောင်နိုင်ပြီဖြစ်သည်။ ဓားသည် ရှေးကထက် အဆများစွာ ထက်မြက်လာ သည့်အပြင် ဓား၏ ကိုယ်ပိုင်အရည်အသွေးဖြစ်သည့် ကိုယ်ယောင်ဖျောက်နိုင်စွမ်းသည်လည်း မကြုံစဖူး တိုးတက်လာခဲ့သည်။ ကျီဖုနောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် အာရုံစူးစိုက်ခြင်း မရှိပါက ရွှေဗလာနယ်ဓား၏ ဖြစ်တည်မှုကိုပင် သိရှိနိုင်မည်မဟုတ်ပေ။
အချုပ်ဆိုရလျှင် ကျန်းချန်ရွှမ်၏ တိုက်ပွဲဝင်စွမ်းရည်ကို နောက်တစ်ဆင့် မြှင့်တင်ပေးလိုက်ခြင်း ပင်ဖြစ်သည်။ မုရုံဖေးလုံနှင့် နောက်တစ်ကြိမ်ရင်ဆိုင်ခဲ့ရလျှင် ကျန်းချန်ရွှမ်အနေနှင့် နတ်ဘုရား စွမ်းအားကိုပင် အသုံးပြုရန်မလိုဘဲ အလွယ်တကူသတ်ဖြတ်နိုင်မည်ဟု ယုံကြည်မိသည်။ ထိုအချိန်တွင် ကောင်းကင်ယွဲ့ဂိုဏ်း အခြေစိုက်ရာ တောင်တစ်လုံးတွင်ဖြစ်သည်။ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးသည် သူမကို နှုတ်ဆက်ထွက်ခွာသွားသော ဖန်းရွှီလျန်၏ကျောပြင်ကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့လျက်ရှိသည်။ ဖန်းရွှီလျန်၏ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ အမျိုးသမီး၏ မျက်နှာသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မည်းမှောင်သွားသည်။
ထိုအမျိုးသမီးသည် မုရုံဖေးလုံ၏ လက်ရင်းတပည့်ဖြစ်သူ မုဝမ်းယန်ဖြစ်သည်။ ဖန်းရွှီလျန်က သူမ ၏ ဆရာဖြစ်သူ မုရုံဖေးလုံ အသတ်ခံရသည့်သတင်းကို ပေးပို့လာခြင်းဖြစ်သည်။ မုဝမ်းယန်သည် နေထိုင်ရာ ဂူဗိမာန်သို့ ခပ်သုတ်သုတ်ပြန်လာခဲ့သည်။ ဂူထဲရှိ ခန်းမတစ်နေရာတွင် အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားတစ်ဦး ထိုင်လျက်ရှိသည်။ ထိုသူက မုဝမ်းယန်ကိုမြင်လျှင် စိုးရိမ်ပူပန်စွာ မေးသည်။
“မင်းဆရာရဲ့ဂိုဏ်းကလူတွေလား”
မုဝမ်းယန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ထို့နောက် မုဝမ်းယန်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ
“ယောက်ျား ကျွန်မဆရာကို သတ်သွားတဲ့လူတွေကို ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး”
ထိုအခါ မုဝမ်းယန်၏ ခင်ပွန်းဖြစ်သူ ဟွားဖေး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး မုဝမ်းယန်ထံ တစ်လှမ်းချင်းလျှောက်လာပြီးနောက်
“ဝမ်းယန် မင်းရဲ့ဆရာနဲ့ သူ့လူနှစ်ယောက်ကို သတ်ပြသွားနိုင်တဲ့ ရန်သူက နှယ်နှယ်ရရတော့ မဟုတ်တာသေချာတယ်။ ပထမ၊ ဒုတိယနဲ့ တတိယအကြီးအကဲတွေ ဒါမှမဟုတ် ငါ့ဆရာ ဝင်ကူညီမှပဲ မင်းဆရာကိုသတ်သွားတဲ့ ရန်သူတွေကို လက်စားချေနိုင်မယ်လို့ ငါမြင်တယ်”
***