မစ်ရှင်အသစ်
Vol. 11 Ch. 219
အကန့်အသတ်မဲ့ဘီးကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနိုင်လျှင် သူ၏ တိုက်ပွဲဝင်စွမ်းရည်မှာ သိသာ စွာမြင့်တက်လာမည်ဖြစ်သည်။ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကိုတော့ လတ်တလော မလိုအပ်သေးဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် တွက်ချက်ခြင်းပုတီးစေ့ကို ချေမွ၍ အကန့်အသတ်မဲ့ဘီးကျင့်စဉ်၏ မဖော်ထုတ်ရသေးသည့် အပိုင်းများကို တွက်ဆလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် တွက်ချက်ခြင်းလုပ်ငန်းစဉ်ကို ရပ်တန့်လိုက်သည်။ အဆိုပါကျင့်စဉ်ကို ဆက်လက်ကျင့်ကြံရန် လိုအပ်သည့် နောက်ဆက်တွဲနည်းနာများကို ရရှိလိုက်ပြီဖြစ်သည်။ ကျန်းချန်ရွှမ်သည် အချိန်မဆွဲတော့ဘဲ ရှောင်ယန်ဈေးမှ ဝယ်ယူခဲ့ သည့် ခန္ဓာမွမ်းမံခြင်းအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ပြင်ဆင်လိုက်သည်။ ထိုအခိုက်တွင် စနစ်ထံမှ ကြေငြာသံကို ကြားလိုက်ရပြန်သည်။
[စနစ်မှ မစ်ရှင်အသစ် ကြေညာလိုက်သည်။ စနစ်ပိုင်ရှင်၊ ခန္ဓာကိုယ်မွမ်းမံခြင်းကျင့်စဉ်ကို အကြိမ် နှစ်ရာအထိ ဆောင်ရွက်ပါ ]
[လက်ရှိအခြေအနေ 0 % ]
ထိုအခါ ကျန်းချန်ရွှမ်လည်း အနည်းငယ်တွေဝေသွားသည်။ နောက်ဆုံးမစ်ရှင်ကဲ့သို့ အကြိမ်တစ် ထောင်ပြုလုပ်ခိုင်းမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အကြိမ် ၂၀၀ သာပြုလုပ်ခိုင်းသည်ဖြစ်၍ အရင်တစ်ခေါက်က ဆောင်ရွက်ခဲ့သည့် ပမာဏထက် နှစ်ဆသာ တိုးမြှင့်လုပ်ဆောင်ခိုင်းခြင်းဖြစ်သည်။ သို့သော် အကျိုးအကြောင်းကို ဆင်ခြင်လိုက်သည့်အခါ ကျန်းချန်ရွှမ်နားလည်သွားသည်။ ခန္ဓာကိုယ်မွမ်းမံခြင်းကျင့်စဉ်သည် အချိန်များစွာ ယူရသည့်အတွက် အကြိမ်တစ်ထောင်သာ ဆောင်ရွက်ခိုင်းပါက မစ်ရှင်ပြီးဆုံးချိန်တွင် ကျန်းချန်ရွှမ်လည်း အိုမင်းသေဆုံးနေပါလိမ့်မည်။ သို့နှင့် ကျန်းချန်ရွှမ်လည်း အချိန်မဖြုန်းတော့ဘဲ အကန့်အသတ်မဲ့ဘီးကို စတင်ကျင့် ကြံလိုက်တော့သည်။
နောက်ထပ်နှစ်နှစ်ကြာသွားသည်။ စနစ်၏ အခြေအနေပြ ဘားတန်းမှာ ယခုအခါ ၁၆ ရာခိုင်နှုန်းအထိ ရောက်ရှိသွားပါပြီ။ ထိုအခါ ကျန်းချန်ရွှမ်လည်း ဂူပိတ်ကျင့်ကြံမှုကို ရပ်တန့်ရန် မဖြစ်မနေ ဆုံးဖြတ်လိုက်ရတော့သည်။ ပြင်ပတွင် အရေးတကြီးကိစ္စ ပေါ်လာ၍တော့မဟုတ်ပါ။ ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်အတွက် လိုအပ်သည့် ကုန်ကြမ်းရင်းမြစ်များ ပြတ်လပ်သွား၍ဖြစ်သည်။ ထို့ ကြောင့် အကန့်အသတ်မဲ့ဘီးကို ဆက်လက်ကျင့်ကြံရန် နောက်ထပ် ကုန်ကြမ်းတစ်သုတ် သုံးစွဲရ ဦးမည်ဖြစ်သည်။ ကျန်းချန်ရွှမ်တစ်ယောက် ဂူပြင်ရောက်လာသောအခါ ရှန်းရူယန်တစ်ယောက် ဂူပိတ်ကျင့်ကြံမှုမပြီးဆုံးသေးသည်ကို တွေ့လိုက်ရသည်။ သည်အဖြစ်မျိုးများမှာ ရှားပါးလှ၍ ကျန်းချန်ရွှမ် မျက်မှောင်ကြုတ်မိသွားသည်။
ထို့နောက် ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးပြုပြီး ကျန်းရန်ယီကို အကျိုးအကြောင်း ပြောပြလိုက်ရာ ကျန်းရန်ယီလည်း သိုလှောင်အိတ်တစ်လုံးကို သယ်ဆောင်လျက် ရောက်ရှိလာတော့သည်။
“စီနီယာဦးလေးခင်ဗျား၊ ဒီအိတ်ထဲမှာ လိုအပ်တဲ့ ကုန်ကြမ်းရင်းမြစ်တွေ အကုန်ပါတယ်။ နောက်ထပ်လိုချင်တာရှိရင် အကြီးအကဲလျူကို ထပ်ဝယ်ခိုင်းလိုက်ပါ့မယ်”
ကျန်းချန်ရွှမ်သည် သိုလှောင်အိတ်အတွင်းမှ ပစ္စည်းများကို စစ်ဆေးလိုက်ရာ အများစုမှာ အသုံးမ ဝင်လှကြောင်း တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာ သူ့အတွက် အသုံးဝင်မည့် ရင်းမြစ်အ ချို့ကိုတော့ မြင်လိုက်သည်။ ထိုရင်းမြစ်များကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းရန်ယီအား သို လှောင်အိတ်ကို ပြန်ပေးလိုက်သည်။
“ကျန်တာတွေအကုန်ပြန်ယူသွားပါ။ ကျုပ်အတွက် အသုံးမဝင်ဘူး၊ ပြီးတော့ ကုန်ကြမ်းရင်းမြစ် ဝယ်တဲ့အခါ နတ်ဘုရားလေကျောက်စိမ်း၊ ကောင်းကင်ဘုံကိုးခုနေမီး၊ ခရမ်းရောင် ကြေးဝါရေခဲ သလင်းကျောက်တို့ကို အာရုံစိုက်ရှာဖွေပါ။ အဲဒီပစ္စည်းတွေမြင်ရင် ကျုပ်ကို ချက်ချင်း အကြောင်းကြားပါ”
ကျန်းရန်ယီက ရိုသေစွာ ဦးညွတ်လိုက်ပြီး
“နားလည်ပါပြီ စီနီယာဦးလေး”
“နောက်ပြီး ဒီနှစ်ပိုင်းအတွင်း မိသားစုအခြေအနေနဲ့ ပြင်ပက သတင်းထူးတွေကို ပြောပြပါ။ ထူး ထူးခြားခြား ဖြစ်သွားတာမျိုးရှိလား”
ထိုအခါ ကျန်းရန်ယီလည်း ကျန်းချန်ရွှမ် ဂူပိတ်ကျင့်ကြံစဉ်က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အား လုံးကို စီကာပတ်ကုံးတင်ပြလိုက်သည်။ ပထမဆုံးအနေနှင့် မိသားစုအခြေအနေဖြစ်သည်။ ကျန်း ချန်ရွှမ် စုဆောင်းရရှိခဲ့သည့် ကျင့်စဉ်နည်းနာများနှင့် ရင်းမြစ်များ ကျေးဇူးကြောင့် ချီသန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံသူအရေအတွက်မှာ တစ်ဟုန်ထိုးတိုးတက်လာသလို အခြေခံတည်ဆောက် ခြင်းအဆင့် ကျင့်ကြံသူသည်လည်း ၁၁ ဦးအထိ ရှိလာခဲ့သည်။ မကြာခင်အတောအတွင်းသည့် ထက်ပိုမိုတိုးတက်လာနိုင်ချေလည်း ရှိပါသေးသည်။ ထို့နောက် ကျန်းမိသားစု၏ စီးပွားရေးလုပ်ငန်းများအကြောင်းကို အစီရင်ခံသည်။ ဈေးအများအပြားတွင် ဖြန့်ကြက်ထားသည့် ကျန်းမိသားစုပိုင် အရောင်းဆိုင်များနှင့် လုပ်ငန်းများသည် ကောင်းစွာအလုပ်ဖြစ်လျက်ရှိသည်ဟု ကျန်းရန်ယီ က ကျေနပ်အားရစွာ ပြောပြသည်။
ထို့နောက် ကျန်းရန်ယီက ပြင်ပလောကတွင် ကြားသိခဲ့သည့် သတင်းထူးအချို့ကိုလည်း ပြောပြ သည်။ ပထမဦးဆုံးသတင်းမှာ မူလက ကျီဖုအဆင့် မိသားစုတစ်ခုသာဖြစ်သည့် ပန်မသေမျိုးမျိုး နွယ်စုနှင့် စပ်လျဉ်းသည့်သတင်းဖြစ်သည်။ အဆိုပါမိသားစု၏ အဓိပတိအကြီးအကဲဖြစ်သူ ပန်ပိုင်ယန်တစ်ယောက် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်သတင်းပင်ဖြစ်သည်။ ပန်ပိုင်လုံသည် လွန်ခဲ့သည့်နှစ်များစွာက ကျင့်ကြံမှုအဆင့်တိုးတက်ရန် နည်းလမ်းကို ရှာဖွေရန်ဟုဆိုကာ လျန်နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ မကြာသေးမီအချိန်ကမှ လျန်နိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ရွှေအမြုတေအဆင့်ကို ရောက်ရှိနေပြီးဖြစ်သည်ကို တွေ့လိုက်ရတော့သည်။ ကျန်းရန်ယီသည် ထိုသတင်းကို မနာလိုအားကျသံနှင့် ပြောပြနေခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်သည် သူ့ခံစားချက်ကို ကောင်းစွာနားလည်ပါသည်။
ရှေးအတိတ်က ကျန်းမိသားစုသည်လည်း ရွှေအမြုတေအဆင့် မိသားစုကြီးတစ်ခုအဖြစ် လက်မထောင်နိုင်ခဲ့သည်မဟုတ်ပါလား။ နောင်မျိုးဆက်များ၏ ညံ့ဖျင်းမှုကြောင့်သာ လက်ရှိအခြေအနေ ကို ယုတ်လျော့သွားခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးသာ အချိန်မီ မကယ်တင်နိုင်ခဲ့လျှင် ကျန်းမိသားစုမှာ မျိုးသုဉ်းတော့မည့် အခြေအနေထိ ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ကျန်းရန်ယီက အခြားသတင်းများကို တင်ပြပါသေးသည်။ မိသားစုအချင်းချင်း ထိမ်းမြားလက်ထပ်သည့်သတင်း၊ မိသားစုများမှ ဘိုးဘေးတချို့ သက်တမ်းကုန်ဆုံးကြွေလွင့်သည့်သတင်း စသဖြင့် အထူးအထွေ အရေးမကြီးလှသည့် သတင်းများဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ် အဓိကသိလိုသည်မှာ မီးလျှံ ဂိုဏ်း၏ လှုပ်ရှားမှုသတင်းဖြစ်သည်။ ကျန်းရန်ယီအဆိုအရ လတ်တလောကာလတွင် မီးလျှံဂိုဏ်း သည် တစ်စုံတစ်ရာ လှုပ်ရှားမှုမရှိ၊ ငြိမ်ချက်သားကောင်းနေသည်ဟုဆိုသည်။ ထို့ပြင် မုရုံဖေးလုံ နှင့် အခြားသော ကျီဖုကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးလိုက်ရသော်လည်း အခြားသော ပြိုင်ဘက်ဂိုဏ်းများသည် မီးလျှံဂိုဏ်းကို တစ်စုံတစ်ရာ ထိပါးခြင်းမရှိသေးသည်ကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပြန်သည်။ မုရုံဖေးလုံတို့သေဆုံးသည့်သတင်းကို လျန်နိုင်ငံကျင့်ကြံခြင်းလောက က သိရှိခြင်း မရှိသေးသည့်အတိုင်းပင်ဖြစ်သည်။
ထို့ပြင် မုရုံဖေးလုံ၏ လက်ရင်းတပည့်တစ်ဦးသည် ကောင်းကင်ယွဲ့ဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့် လက်ထပ်ထားကြောင်း သတင်းကိုလည်း ကျန်းရန်ယီက ပြောပြသည်။ ထိုအခါ ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ရာကို နားလည်သွားမိသည်။ ကောင်းကင်ယွဲ့ ဂိုဏ်းနှင့် မီးလျှံဂိုဏ်းတို့အကြားတွင် ပတ်သက်ဆက်နွှယ်မှုမျိုး ရှိနေမည်ဟု သူမထင်ထားခဲ့ပါ။ သို့သော် လတ်တလောတွင် ထိုအရေးအတွက် စိုးရိမ်ပူပန်ခြင်းတော့မရှိပါ။
ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့၏ လက်ရှိအနေအထားအရ သာမန်ကျီဖု နောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် မှုရန်မလိုဘဲ ရွှေအမြုတေ ပမာဏအဆင့် သို့မဟုတ် အစစ်အမှန်အဆင့် ကျင့်ကြံသူများ ပါဝင်ပတ် သက်လာမှသာ စိုးရိမ်စရာဖြစ်လာဖွယ်ရှိသည်ဟု ကျန်းချန်ရွှမ် သုံးသပ်မိသည်။ လတ်တလောတွင် မီးလျှံဂိုဏ်း၏ အနေအထားအရ အဆိုပါ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အကူအညီတောင်းနိုင်စွမ်းမရှိသေးပေ။
တစ်ဖန် ကျန်းချန်ရွှမ်တို့တွင်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများ နောက်ခံရှိထားပြီး အဝေး တွင်ရှိနေသည့် ကျန်းပိုင်လုံနှင့် ဟွမ်ဝမ်ယုတို့အပြင် လက်ရှိလျန်နိုင်ငံတွင်ပင် ကုယွဲ့ဖန်းနှင့် ဆက် ဆံရေးတစ်ခု တည်ဆောက်ထားနိုင်သည့်အတွက် အထွေအထူး စိုးရိမ်စရာမလိုဟု သူမြင်မိသည်။ နောက်ဆုံး ရွေးချယ်စရာမရှိလျှင်တောင် ကုယွဲ့ဖန်းချီးမြှင့်ထားသည့် ဓားအာရုံကျောက်စိမ်းပြား ကို အသုံးချနိုင်ဦးမည်ဖြစ်သည်။ ထိုအချိန်မှာပင် ရှန်းရူယန် တစ်ကိုယ်တည်း ကျင့်ကြံနေသည့် လှိုဏ်ဂူအတွင်းမှ အလွန်အားကောင်းသည့် အော်ရာတစ်ခုပြိုဆင်းလာသည်ကို နှစ်ဦးလုံးခံစားမိ လိုက်ကြသည်။ တစ်ချိန်တည်းတွင် လှိုဏ်ဂူ၏ အထက်ကောင်းကင်တွင် ဝိညာဉ်ချီများ အဆမတန် စုဝေးသိပ်သည်းလာပြီး ကတော့ပုံဝဲကြီးအဖြစ် အဆက်မပြတ်လည်ပတ်လျက်ရှိသည်။ ထို မြင်ကွင်းကြောင့် ကျန်းချန်ရွှမ် အထူးပင် အံ့အားသင့်မိသလို ကျန်းရန်ယီကလည်း စိတ်လှုပ်ရှားစွာ အမောတကော မေးမြန်းလိုက်ပြန်သည်။
“စီနီယာအဒေါ် နောက်တစ်ဆင့်တက်နိုင်တော့မှာလား”
ကျန်းချန်ရွှမ်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ကျုပ်အထင်မမှားရင် ခင်ဗျားတို့ရဲ့ စီနီယာအဒေါ် လာမဲ့ရက်အနည်းငယ်အတွင်း ကျီဖုနယ်ပယ် ဆဌမအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”
ထိုအခါ ကျန်းရန်ယီမှာ ဖုံးဖိမရလောက်အောင် ဝမ်းမြောက်သွားတော့သည်။ ထိုစဉ် ဝိညာဉ်ချီ ဝဲကတော့ကြီးသည် ကြီးသထက်ကြီးလာပြန်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ဝဲကတော့ကြီးသည် တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားသည်။ ထို့နောက် လှိုဏ်ဂူအတွင်းမှ ခပ်သဲ့သဲ့အသံ တစ်ခုကြားလိုက်ရပြီး မကြာမီ ခရမ်းရောင်ဝတ်စုံ ဆင်မြန်းထားသည့် ရှန်းရူယန်သည် ကျန်းချန် ရွှမ်နှင့် ကျန်းရန်ယီတို့၏ ရှေ့မှောက်တွင် ရုတ်တရက်ပေါ်လာသည်။
***