ကြယ်ရောင်စုံ နဂါးငွေ့တန်း ... ။
Vol. 14 Ch. 157
တိမ်ပင်လယ်စံအိမ်တွင် ရထားလုံး ဆိုက်ရောက်လာပြီး စုရီ ဆင်းသက်လာခဲ့သည်။ ကျန်းမူယောင်မှ လိုက်ပါ ဆင်းသက်ရန် ပြင်နေသဖြင့်၊
“ မင်းအိမ်ပြန်သင့်ပြီ ... ကျူးကုချင်း သတင်းကို စုံစမ်းပြီး ငါ့ကို ပြန်လာပြောပါ။ ”
-ဟု ခိုင်းစေလိုက်သည်။
လမ်းတစ်လျှောက် ကျူးကုချင်းနှင့် ဝမ်လင်ရွယ် ထွက်ပေါ်မလာသည့် ကိစ္စကို သံသယဝင်နေမိသည်။
၎င်းတို့သည် ခရီးသည်တင်င်္ဘောဖြင့် လိုက်ပါကြလေရာ သုံးရက်အတွင်း ရောက်သင့် ချေပြီ။
“ ကျူးကုချင်း ... ဦးလေးစုက ချစ်စရာကောင်းပြီး ရင့်ကျက်တည်ငြိမ်လွန်းတဲ့ ရေခဲအလှတရားကို မင်း စိတ်ကူးယဉ် နေတာလား။ ”
“ ဟမ့် ... ။ ”
စုရီက ကျန်းမူယောင်နဖူးကို လှမ်းထုပြီး၊
“ နေ့တိုင်း မင်းဘယ်လိုတွေ တွေးတောရှင်သန်နေတာလဲ ... ဒီညသတင်း သွားစုံစမ်းပြီး ပြန်လာခဲ့။ ”
-ဟု ဆိုကာ ခြံထဲလှည့်ဝင်လာခဲ့၏။
ပန်းဥယျာဉ်တစ်နေရာတွင် ရှည်လျားသော အနက်ရောင် ဆံပင်များကို သစ်သားဆံညှပ်ဖြင့် ချည်နှောင်လျက် ချာကျင်တစ်ယောက် ပန်းပင်များကို ညှပ်ပေးနေ၏။
“ စားစရာ ရှိသေးလား။ ”
ရုတ်တရက် သူမနောက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် တုန်ယင်သွားကာ ပြန်၍ လှည့်ကြည့်လာ၏။
“ သခင်လေး ... မင်းပြန်လာပြီ။ ”
စုရီက ခေါင်းညိတ်ပြီး မဏ္ဍပ်ထဲသို့ တည့်တည့် လျှောက်လှမ်းသွားသည်။ ချာကျင်မှ သူ့နောက်ကို အမြန် လိုက်ပါလာပြီး၊
“ သခင်လေး၊ ဟင်းပွဲတွေနဲ့ ဝိုင်ကို ငါပြင်ပေးထားပြီးပါပြီ ... မင်းအတွက် ပြန်ပြီး အပူပေးချင်လို့လား။ ”
“ မလိုဘူး ... ယူလာခဲ့ ။ ”
“ ကောင်းပြီ ... ။ ”
ညစာစားပြီးနောက် စုရီတစ်ယောက် အခန်းအတွင်းပြန်ဝင်ကာ တင်ပျဉ်ခွေထိုင်လျက် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူနေမိ၏။
ယနေ့ရန်ပွဲသည် ပြဿနာတစ်ခုကို ရုတ်တရက် သတိထားမိလာစေ၏။ မဟာကျိုး၌ သေမျိုးကမ္ဘာဖြစ်သော်လည်း နတ်ဆိုးအချို့ ပုန်းအောင်းနေနိုင်မည်။
နင်စစ်ဟွာသည် ဥပမာဖြစ်သည်။ မြေကြီးအဆင့် ကျွမ်းကျင်သူများပင် သူမကဲ့သို့ ပြန်လည်နုပျိုစေမည့် စွမ်းအားကို နားမလည် ကြချေ။
ထို့ပြင် တာအိုမိတ်ဆွေဟု ခေါ်ဆိုခြင်းဖြင့် သူမသည် ရိုးရှင်းသူ မဟုတ်ကြောင်း သက်သေ ပြနေသည်။
မိုးပြာတိုက်ကြီးတွင် အင်ပါယာပေါင်း ရာနှင့်ချီရှိပြီး မဟာကျိုးသည် ဝေးလံခေါင်သီ လှသော အစွန်အဖျားအင်ပါယာတစ်ခုမျှသာ ဖြစ်သည်။
ထို့ကြောင့် နေရာအနှံ့တွင် နင်စစ်ဟွာ ကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် လူများ ရှိနေမည်မှာ သေချာ၏။
“ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ် ... မဟုတ်ရင် ဒီလောကကြီးမှာ နည်းနည်းတော့ ငြီးငွေ့စရာ ကောင်းလိမ့်မယ် ... ။ ”
စုရီက ညည်းညူလျက် တိတ်ဆိတ်သွားသည်။ တစ်နာရီအကြာတွင် အက်ကွဲသံနှင့်အတူ လက်ဖဝါးမှ အမှုန်များ ကြွေကျလာသည်။
တတိယအဆင့် ဝိညာဉ်ကျောက်တုံး အမှုန့်ဖြစ်သွားခြင်းမည်၏။ နောက်တစ်လုံးကို ထုတ်ယူကာ ဆက်လက် သန့်စင်နေမိသည်။
ဝမ်လင်ကျောက်ကို ဖြေရှင်းပြီးဖြစ်ရာ ကျင့်ကြံမှုအပေါ် အထူးအာရုံစိုက်ရန် လိုချေပြီ။ အပ်စိုက်မှတ်များ ဖွင့်ထားသော်လည်း လျှို့ဝှက် သွေးပြန်ကြော ဖန်တီးရန် လိုနေသေး၏။
အပ်စိုက်မှတ် (၁၂)ခုသည် သွေးပြန်ကြော (၁၂)ခုဖွဲ့စည်းပြီး (၁၃)ခုမြောက်သွေးကြောမှာ လျှို့ဝှက်သွေးပြန်ကြောဖြစ်သည်။
၎င်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ချိတ်ဆက်ပေးသော စိတ်ဝိညာဉ်သွေးပြန်ကြော ပေပင်။ ဝိညာဉ်ကို အာဟာရ ဖြည့်ပေး၏။
“ ငါ အခွင့်အရေးတစ်ခု လိုနေပုံပဲ။ ”
စုရီက တွေးတောလိုက်သည်။ အခွင့်အလမ်းများ အများဆုံး ပေါ်ထွက်နိုင်သည့် နေရာသည် အသက်နှင့် သေဆုံးခြင်းကြား တိုက်ပွဲတွင်ဖြစ်သည်။
သို့သော် အနှစ် (၁၈၀၀၀၀)ကြာ နေထိုင်ဖူးသူ တစ်ဦးအနေဖြင့် တိုက်ပွဲများအပြင် အခြားသော နည်းလမ်းပေါင်း တစ်ထောင်ရှိ၏။
“ ငရဲဘုံကိုးပါးဓား။ ”
ရုတ်တရက် ဆန်းပြားသော ဓားကို သတိရသွားသည်။ ထိုဓားသည် သူ့စိတ်ဝိညာဉ် အတွင်း၌ တည်၏။
လျှို့ဝှက် သွေးပြန်ကြောသည်သာ ဖန်တီးနိုင်သော် ထိုဓားကို ဆင့်ခေါ်နိုင်တော့မည် ဖြစ်ချေပြီ။
အချိန်များတရွေ့ရွေ့ကုန်လွန်လာပြီး ပြတင်းပေါက် အပြင်ဘက် ကောင်းကင်တွင် အလင်းများ တဖြည်းဖြည်း ပါးလျလာ၏။
ရုတ်တရက် ကောင်းကင်ပေါ်၌ လွင့်မျောနေသော အလင်းရောင်တန်းကြီး မှိန်ပျပျ ပေါ်လာသည်။ ဂရုတစိုက် ကြည့်ရှုခြင်း မပြုသော် မြင်နိုင်မည် မဟုတ်ချေ။
“ ဒါဘာလဲ ... ။ ”
ကောင်းကင်မူလအကယ်ဒမီ တောင်ထိပ်တစ်နေရာတွင် အသက် (၁၂)နှစ် အရွယ် ကောင်မလေးတစ်ယောက်က ထိုမြင်ကွင်းကို ရပ်ကြည့်နေသည်။
လေအဝှေ့တွင် အဝတ်အစားများ တဖျပ်ဖျပ်လွင့်မျောလျက် မျက်ဝန်းများထံမှ ရွှေရောင်အလင်းများ ဖြာထွက်နေ၏။
ကောင်းကင်ရှိ ဤအလင်းတန်းများသည် ကြယ်ပေါင်းများစွာပါဝင်သည့် နဂါးငွေ့တန်းကြီး ဖြစ်သည်။
ထို့နောက် နဂါးငွေတန်းသည် စက်ဝိုင်းအသွင် ချိတ်ဆက်လျက် ဖြည်းညှင်းစွာ လှည့်ပတ်လေသည်။
၎င်းလည်ပတ်သည်နှင့် နဂါးငွေ့တန်းထံမှ ကြယ်အလင်းများက လေဟာနယ်ကို ဖြတ်ကာ ဖြာဆင်းလာ၏။
အံ့ဖွယ် မြင်ကွင်းမျိုး ပေပင်။ ရပ်ကြည့် နေမိသည် နင်စီဟွာသည်ပင် သူ့ကိုယ်သူ အရေး မပါသလို ခံစားလိုက်ရသည်။
ယင်းသည် အသက်သုံးရှိုက်စာမျှသာ ကြာသည်။ မြူခိုးများက သူမမြင်ကွင်းအပေါ် ချက်ချင်းပိတ်သွားသည်။
သူမကဲ့သို့သော တစ်စုံတစ်ဦးသည်ပင် ကြယ်အလင်းနှင့် နဂါးငွေ့တန်းကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။
“ ဘယ်သူဖြစ်နိုင်မလဲ။ ”
နင်စစ်ဟွာက မျက်မှောင်ကြုတ်မိသည်။ နဂါးငွေ့တန်းသည် သာမန်လူများမှ ဖော်ဆောင် နိုင်သော ဖြစ်စဉ်မျိုးမဟုတ်ချေ။
“ ဒီကောင်လေးလား။ ”
သူမအတွေးက ကျောက်စိမ်းရောင် ၀တ်စုံဝတ်နှင့် လူငယ်လေးကို သတိရမိသည်။ သို့သော် ချက်ချင်း ခေါင်းယမ်းလိုက်၏။
ထိုလူငယ်တွင် လျှို့ဝှက်ချက်ကြီး ရှိနေသော်လည်း ဤသည်မှာ ချီသန့်စင်ခြင်းမှ တစ်စုံတစ်ယောက် ဖန်တီးနိုင်သော ဖြစ်စဉ်မျိုး မဟုတ်ချေ။
ဖြစ်စဉ်သည် ကောင်းကင်နှင့် လူသား အပြန်အလှန် ဆက်သွယ်ခြင်း ဖြစ်နေချေပြီ။
“ ဒီကမ္ဘာကြီးမှာ ... ငါထင်တာထက် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်။ ”
နင်စစ်ဟွာတစ်ယောက် ညည်းတွားလျက် အဝေးသို့ မျှော်ကြည့်လိုက်သည်။ ထိုအရပ်တွင် နဂါးငွေ့တန်းဖြစ်စဉ် ထွက်ပေါ်လာဖြစ်၏။
***
မဟာကျိုးအင်ပါယာ မြောက်ဘက်ပိုင်း နယ်နိမိတ်သည် အနက်ရောင်ပင်လယ်တစ်စင်း တည်ရှိသည်။
တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းကာ နေရောင်ခြည်ပင် မမြင်နိုင်သော အမှောင်ကျွန်း တစ်ကျွန်းပေါ်တွင် လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။
“ လူသေလို ငါ မနေနိုင်တော့ဘူး။ ”
အဆုံးတွင် အဝါရောင်ဝတ်လုံပေါ် ဖုံးလွှမ်းနေခဲ့သော ရေခဲလွှာများနှင့် နှင်းများကို လှုပ်ခါလျက် လူငယ်က မတ်တပ် ထရပ်လိုက်တော့သည်။
( ရွှမ်ဝူ စိတ်ဝိညာဉ် သုတ္တန်ကို ... မင်းလေ့ကျင့်ချင်ရင် ... လိပ်တစ်ကောင်လို အဖော်မဲ့မှုကို ခံနိုင်ရည်ရှိရမယ် ဒီနည်းစနစ်က ငါရွေးထားတာမဟုတ်ဘူး မင်းကိုယ်တိုင် ရွေးခဲ့တာ။ )
ကူချင်းမှ နှုတ်ဆိတ်နေ၏။ ဤသည်မှာ အဘိုးအိုပေးသော နည်းစနစ်များအနက် တစ်ခု ဖြစ်သည်။
၎င်းသုတ္တန်သည် အလွန်တရာ အံ့ဖွယ်ကောင်းပြီး လောက၌ အမြင့်ဆုံးသော ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင် မည်ဟု အဘိုးအိုမှ ကတိပြုခဲ့သည်။
“ တန်ခိုးရှင်လမ်းစဉ်တွေထဲမှာ မသေဘဲ အဆုံးထိ ရှင်သန်နိုင်စေမယ့် နည်းစနစ်ကောင်း ထပ်ရှိသေးလား။ ”
ကူချင်းမေးခွန်းကြောင့် အဘိုးကြီးက ဒေါသထွက်လာပြီး ဆဲဆိုကြိမ်းမောင်းချင်စိတ် အပေါ် ထိန်းထားလိုက်ရသည်။
( ရွှမ်ဝူ စိတ်ဝိညာဉ် သုတ္တန်က ... မင်းလိုလိပ်တစ်ကောင်ရဲ့ အကျင့်စရိုက်မျိုးရှိတဲ့ လူနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ... အံ့သြဖွယ် ကောင်းလောက်အောင် တိုးတက်မှု ရှိနေတာ မင်းမမြင်ဘူးလား။)
ဤသုတ္တန်ကို လေ့ကျင့်ရာတွင် တစ်ခုတည်းသော လိုအပ်ချက်မှာ ဝေဒနာကို သည်းခံခြင်း ဖြစ်သည်။
သာမန်ကျင့်ကြံသူများအပေါ် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားစေနိုင်သော ဤပင်လယ်နက်တွင် ကိုးရက်ကိုးညကြာ တရားထိုင်ရမည်ဖြစ်သည်။
ဆာလောင်မှုနှင့် အအေးဒဏ်ကို ခံစားစေခြင်းဖြစ်ကာ အဆုံးတွင် ရေခဲသဘာဝ နှလုံးသားကို ပိုင်ဆိုင်ပေမည်။
ဤနည်းဖြင့် မဟာသခင် ဖြစ်လာချိန်တွင် ရွှမ်ဝူစိတ်ဝိညာဉ်ကို တိုက်ပွဲ၌ ဆင့်ခေါ်နိုင်မည် ဖြစ်သည်။
“ ဟမ့် ... ဒါဘာလဲ။
ထိုစဉ် မည်းမှောင်နေသော ကောင်းကင်ကြီး၌ အလင်းမှုန်များ တရွေ့ရွေ့ တောက်ပလာသဖြင့် အဖိုးအိုခမျာ ချက်ချင်း ထိတ်လန့်သွားသည်။
“ ကြယ်မှုန်တွေ မိုးအဖြစ် ရွာချနေတာလား။ ”
စိတ်လှုပ်ရှားစွာဖြင့် ကူချင်း၏ စိတ်ဝိညာဉ်အတွင်းမှ လှမ်းထွက်လိုက်ကာ မော့ကြည့်လိုက်သည်။
“ ထူးဆန်းတယ် ... ဘယ်သူက ဆင့်ခေါ်လိုက်တာလဲ အနှစ်တစ်ထောင်မှာ တစ်ကြိမ် တွေ့ဖို့မဖြစ်နိုင်ဘူး ... ဒီကမ္ဘာကြီးကို ငါလျှော့တွက် နေခဲ့မိပုံရတယ် ... ဟမ့် ။ ”
ဤတစ်ကြိမ် အာမေဋိတ်သံသည် ကျယ်လောင်လွန်းသဖြင့် လေနှင့် နှင်းမှုန်များကို တုန်ခါသွားစေ၏။
တစ်ဖက်တွင် ကူချင်းက သူ့ရှေ့ရှိ ပုံရိပ်ကြီးကို မော့ကြည့်ကာ မင်သပ်နေခဲ့သည်။ ဤသည်မှာ သူ့စိတ်ဝိညာဉ်အတွင်းရှိ အဖိုးအို၏ ပုံသဏ္ဍာန်အစစ်အမှန်ပင်ဖြစ်ချေပြီ။
ကြီးမားလှသော လိပ်ခွံကြီးနှင့် လှံသွားကဲ့သို့သော မြွေအမြီး။ အတွေးများဖြင့် နစ်မြုပ်နေစဉ် ပုံရိပ်ကြီးမှာ ချက်ချင်း ဝေဝါး ပျောက်ကွယ်သွားတော့သည်။
( ကောင်လေး ... သတိထားပါ အလွန်ကြောက်စရာ ကောင်းပြီး ရက်စက်လှတဲ့ တန်ခိုးရှင်တစ်ပါး မဟာကျိုးကို ရောက်နေပြီ ...
... ဝိညာဉ်စွမ်းအင် အားနည်းလွန်းတဲ့ ဒီလိုကုန်းမြေကြီးမှာ ... ငါတစ်ယောက်တည်း မြင့်မြတ်တဲ့သတ္တဝါလို့ ထင်နေခဲ့မိတာ ... အရမ်း စိတ်ဝင်စားစရာပဲ ...
... ဘာပဲဖြစ်ဖြစ် ... ငါတို့ နိမ့်ကျတဲ့ အသွင်အပြင်ယူရမယ် တခြားသူတွေကို ... ငါ့ရဲ့ မြင့်မြတ်တဲ့ပုံစံ မြင်ခွင့်မပေးနိုင်ဘူး။ )
အဘိုးအိုစကားကြောင့် ကူချင်းမှ မျက်နှာ ရှုံ့မဲ့သွားကာ၊
“ အဘိုးကြီး၊ မင်းလည်း ... ရွှမ်ဝူစိတ်ဝိညာဉ်သုတ္တန်ကို ကျင့်ကြံခဲ့တာပဲ။ ”
-ဟု ပြောကြားလိုက်သည်။
သို့မှသာ အဘိုးအိုက သတိပြန်ဝင်လာပြီး ရုတ်တရက် အသံတိတ်သွား၏။ ခဏအကြာ၌၊
( ငါ့မှာ နောက်ထပ် သုတ္တန်တွေ ... အများကြီး လေ့ကျင့်ထားသေးတယ် မင်းလို ဒီတစ်ခုတည်း မဟုတ်ဘူး။ )
-ဟု ဝေ့လည်ကြောင်ပတ် ပြန်ဖြေသည်။
“ ဒါပေမယ့် ... အခု မင်းက တောင်ကြီးတစ်လုံးထက် ပိုကြီးတဲ့ လိပ်အိုကြီး ဖြစ်နေပြီ ... ဟမ့် ... ငါ့ကိုတော့ အရှက်မဲ့တဲ့ လိပ်တစ်ကောင်လို့ ခေါ်တယ် ...
... မင်းကမှ တကယ် အရှက်မဲ့တဲ့ ... နှစ်ပေါင်းထောင်ချီ ... သူရဲဘောကြောင်နေတဲ့ လိပ်အိုကြီးပဲ။ ”
( ပါးစပ်ပိတ်ထား ... ဒါကို သတိကြီးတာလို့ ခေါ်တယ်။)
အဘိုးအိုခမျာ ရှက်ရွံ့လာခဲ့ချေပြီ။
***