သတင်းရပြီ။
Vol. 14 Ch. 158
“ ဟား ဟား ဟား ... ကောင်းပြီ အခုချိန်ကစပြီး တစ်ယောက်ကို တစ်ယောက် လိပ်ကောင်လို့ ခေါ်ပြီး မရယ်ရအောင်၊ ...
... မင်းကိုယ်မင်း ပြန်ကြည့်စမ်း ... ငါ့ထက်ပိုပြီး သူရဲဘောကြောင်တဲ့ အဖိုးကြီးပဲ မဟုတ်ရင် ... ဘာလို့ မင်းငါ့စိတ်ဝိညာဉ်ထဲမှာ ပုန်းနေရမှာလဲ။ ”
( ငါ့ရဲ့ မြင့်မြတ်တဲ့ ပုံရိပ်ကို လူတွေ မြင်လို့မရဘူး။ )
“ ဟမ့် တောင်ကြီးတစ်လုံးထက် ပိုကြီးတဲ့ ဒီလိုခန္ဓာကိုယ်ကြီးက မြင့်မြတ်တဲ့ ပုံရိပ်တဲ့လား လိပ်အိုကြီး ... မင်းက ဟာသပဲ။ ”
( ဟမ့် ... ။ )
“ ဟား ဟား ဟား ... ကောင်းပြီ ... ကောင်းပြီ ငါမင်းကို မရယ်တော့ဘူး ... ဒါနဲ့ မင်း အခုနက ဘာကိုမြင်ပြီး ကြောက်သွားတာလဲ။ ”
ကူချင်းမေးခွန်းကြောင့် အဖိုးအိုခမျာ ပို၍ဒေါသထွက်လာပြီး သတ်ဖြတ်ချင်စိတ်များ ပြသလာတော့၏။
ဤလူငယ်သည် စီနီယာများကို မည်သို့ လေးစားရမည်မှန်း မသိချေ။ သူရဲဘောကြောင် သကဲ့သို့ ပါးစပ်လည်း စည်းကမ်းမဲ့ချေ၏။
( မင်းက ငရဲကို ဘာထင်နေလဲ၊ ဘယ်သူက ကြောက်နေလို့လဲ ... ထူးဆန်းတဲ့ မြင်ကွင်းမိုလို့ ငါအံသြနေတာ ... ဟမ့်။)
“ စိတ်မပူပါနဲ့၊ မင်းထက်ငါက ပိုသတိကြီးပါတယ် ... ငါတို့ဘယ်သူ့ကိုမှ မနှောင့်ယှက်ပါဘူး။ ”
( အဲဒီထဲမှာ ... စုရီရောပါလား။ )
“ အမှန်ပဲ ... ငါတို့ သူနဲ့ရန်သူ ဖြစ်လို့မရဘူး။ ”
( ဖြစ်ခဲ့ရင်ရော ... ။ )
ကူချင်းက နှင်းမှုန်နှင့်လေပြင်းကြောင့် ထုံကျင်နေခဲ့သော သူ့မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်ကာ သက်ပြင်းချလိုက်၏။
“ ဒါဆို ... ဘယ်သူက အသက်ရှင် ကျန်ရစ်ခဲ့မလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ”
အဖိုးကြီးခမျာ တိတ်ဆိတ်သွား၏။ ဤဖြစ်စဉ်ကို မဟာကျိုး ကျင့်ကြံသူများအနက် မည်သူမျှ သတိမထားမိချေ။
ကူချင်း စိတ်ဝိညာဉ်အတွင်းရှိ ရွှမ်ဝူသားရဲ၊ နင်စစ်ဟွာ စသည့် ထူးဆန်းသော ကျွမ်းကျင်သူ အချို့သာလျှင် သတိထားမိခဲ့၏။
ချွင်းချက်အနေဖြင့် ချာကျင်သည်လည်း ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းယမ်းလိုက် လေသည်။
“ ကြည့်ရတာ ငါတကယ် အိပ်ရေးပျက်ပြီး ပင်ပန်းနေတာနေမယ်။ ”
ကောင်းကင်၌ လွင့်မျောနေသော အလင်းတန်းကို သူမ ယောင်ဝါးဝါး မြင်မိ၏။ သို့သော် ၎င်းဖြစ်စဉ်အကြောင်းအရင်းအပေါ် နားမလည်နိုင်သဖြင့် ထင်မှတ်မှားမိသည် ဟုသာ ယူဆလိုက်သည်။
ဤမျှမြင်ရသည်ပင် စုရီနှင့် အနီးဆုံး နန်းတော်ဒုတိယထပ် လသာဆောင်အတွင်း ထိုင်နေသောကြောင့်ဖြစ်ချေ၏။
***
စုရီသည် ရှည်လျားသော ထွက်သက်ကို မှုတ်ထုတ်လိုက်ပြီး တရားထိုင်ရာမှ နိုးလာ၏။ အဆုံးတွင် ငရဲဘုံကိုးပါးဓားထံမှ တံဆိပ်ကို အသုံးပြုပြီး (၁၃)ခုမြောက် သွေးပြန်ကြောကို ဖွဲ့စည်းနိုင်ခဲ့သည်။
သို့သော် လုပ်ငန်းစဉ်သည် အလွန် အန္တရာယ်များပြီး အသက်နှင့် သေခြင်းကြား၌ လွင့်မျောသွား၏။
ဝိညာဉ်ကို ကြေကွဲလုမတတ် အဆုံးမဲ့ကြောက်မက်ဖွယ် စွမ်းအားများအတွင်း နစ်မြုပ်သွားခြင်းဖြစ်သည်။
ထိုအချိန်တွင် စိတ်ဝိညာဉ်အတွင်းမှ ဓားရောင်ခြည်တစ်စင်းက ကောင်းကင်ပေါ် ထိုးတက်လာပြီး နဂါးငွေ့တန်းကို ဖြတ်တောက် လိုက်သည်။
အကျိုးဆက်အနေဖြင့် နဂါးငွေ့တန်း တုန်ခါသွားကာ စုပ်ဝဲကြီးပျောက်ကွယ်လျက် သူ့ဝိညာဉ် လွတ်မြောက်သွားသည်။
အဆုံးတွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ဆက်သွယ်ပေးသည့် လျှို့ဝှက် သွေးပြန်ကြော ဖန်တီးလိုက်နိုင်၏။ ၎င်းကို အသက်သွင်းပါက ခွန်အားကို အနည်းဆုံး 40% တိုးစေမည်။
စုရွှမ်ကြွယ်ဘဝတွင် စွမ်အင်လမ်းကြောင်း (၇၂)ခုကိုသာ ဖွင့်လှစ်နိုင်သဖြင့် ထိုအဆင့်ထိ မရောက်ခဲ့ချေ။
တစ်ဖက်တွင် (၁၃)ခုမြောက် သွေးလွှတ်ကြော ဖန်တီးခြင်းဖြင့် ကျင့်ကြံမှု သည်လည်း ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်ကို ဖြတ်ကျော်သွားသည်။
အချိန်အတော်ကြာပြီးနောက် စုရီမှ မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်ခွာလာ ခဲ့တော့သည်။
အပြင်၌ မှောင်နေချေပြီ။ ချာဂျင်က ညစာစားရန်ပြင်ဆင်ပြီး ဝိုင်ငှဲ့ပေးနေ၏။ စုရီက ညစာစားသုံးလျက်မှ ခြံတံခါးထံ လှမ်းကြည့်လိုက်သည်။
“ ဦးလေးစု ငါရောက်လာပြီ။ ”
“ အဲဒီ မြေခွေးမလေးလား။ ”
ကျန်းမူယောင်အသံကြောင့် ချာကျင်တစ်ယောက် မျက်မှောင်ကြုတ်မိ၏။ စုရီမှ ခေါင်းညိတ်ပြီး၊
“ တံခါးဖွင့်ပေးလိုက် ... ငါသူ့ကို စုံစမ်းခိုင်းထားတာ တစ်ခု ရှိတယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
ချာကျင်က တံခါးဖွင့်ရန် ထရပ်လိုက်စဉ် လသာဆောင်ပေါ် တက်လာသော မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသဖြင့် အံ့သြသွား၏။
“ နင်က ဘယ်သူလဲ။ ”
“ ချာကျင် မင်းနဲ့ မဆိုင်ဘူး ... ငါခိုင်းတာ သွားလုပ် ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
စုရီစကားကြောင့် ချာကျင်တစ်ယောက် ခေါင်းညိတ်ကာ လှေကားမှ ဆင်းသွားတော့၏။ ထိုမိန်းကလေးသည် ငယ်ရွယ်လွန်းသော်လည်း အနားမှ အဖြတ်တွင် သူမဝိညာဉ်ပင် တုန်ယင်လာသည်။
ထို့ကြောင့် စပ်စုချင်စိတ်ကို ထိန်းလိုက်ကာ ခြံတံခါးဖွင့်ရန် ထွက်ခွာလာမိ၏။ မိန်းကလေးမှ စုရီအနား လျှောက်လှမ်းလာပြီး ခုံတစ်လုံးတွင် ဝင်ထိုင်သည်။
“ တာအိုမိတ်ဆွေ ဒီည ဖြစ်ပျက်ခဲ့တဲ့ ဆန်းကြယ်တဲ့ဖြစ်စဉ်ကို မင်းလည်း သတိထား မိသင့်တယ် မဟုတ်လား။ ”
၎င်းမှ ရောက်သည်နှင့် မေးခွန်းနှင့် စကားစလာသည်။ စုရီက ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ကာ၊
“ ဒီဖြစ်စဉ်က ငါ့ကြောင့်လို့ မင်းသံသယ ရှိနေတာလား။ ”
-ဟု တည်ငြိမ်စွာ ပြန်မေးလိုက်၏။
“ ဘယ်ဟုတ်မလဲ ... ဒီလိုဖြစ်စဉ်မျိုး အနှစ်တစ်ထောင်မှာ တစ်ကြိမ်တွေ့ဖို့တောင် မလွယ်ပါဘူး ... မင်းလို ချီသန့်စင်ခြင်းမပြောနဲ့ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတောင် ဒါကို အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆို ... ဘာအတွက်လာတာလဲ။ ”
“ မင်းတစ်ခုခု မြင်လား တာအိုမိတ်ဆွေ။”
နင်စစ်ဟွာသည် ကောင်းကင်မူလ အကယ်ဒမီ၏ နန်းတော်သခင်တစ်ပါးဖြစ်သည်။ သို့သော် စုရီနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းကို မေ့ထားကာ မိတ်ဆွေအဖြစ် ဆက်ဆံ၏။
“ ဒီထူးဆန်းတဲ့ ဖြစ်စဉ်အတွက် ... ငါ စိတ်ရှုပ်နေလို့လာခဲ့တာ မင်းငါ့ကို အကြံဉာဏ် ပေးနိုင်ရင် ငါဂရုတစိုက် နားထောင်မယ်။ ”
“ ဘာလို့ မင်းကို အကြံပေးရမှာလဲ။ ”
စုရီက မေးခွန်းထုတ်လိုက်၏။ နင်စစ်ဟွာတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး၊
“ ဘာလို့လဲ ... ငါမင်းကို ကျေးဇူးဆပ်မှာပါ။ ”
-ဟု ကမ်းလှမ်းလိုက်၏။
“ ဒီနေ့ အကယ်ဒမီက မထွက်ခင် ငါပြောခဲ့တာကို မင်းမှတ်မိလား။ ”
စုရီမှ မေးသည်။
“ တာအိုမိတ်ဆွေ မင်းငါ့ကို စိတ်ဆိုးနေတာလား။ ”
“ ဒါက ဖလှယ်မှု တစ်ခုပဲ ... ဒါပေမယ့် မင်းရဲ့ခွန်အားတွေ အကုန်သုံးခဲ့ရင်တောင် ငါ့ကို မင်းမတားနိုင်ဘူးဆိုတာ သိခဲ့တယ် မဟုတ်လား ဒါဆို ငါကမင်းကို မေ့လိုက်ရမှာလား။ ”
နင်စစ်ဟွာက အသက်ပြင်းပြင်းရှူကာ အနည်းငယ် ဦးညွှတ်လျက်၊
“ ဒီနေ့ ... မင်းကိုငါ စော်ကားမိခဲ့တာ အမှန်ပါပဲ ... မင်းငါ့ကို ခွင့်လွှတ်ပြီး လမ်းပြပေး မယ်လို့လည်း ... မျှော်လင့်မိပါတယ် တာအိုမိတ်ဆွေ။ ”
“ ဟား ဟား ဟား ...မင်းက ကောင်းကင်မူလအကယ်ဒမီရဲ့သခင်ပဲ ဘာလို့ ဒီလိုလုပ်ရတာလဲ ... အခွင့်အလမ်းတစ်ခု ရှာတွေ့ရင် မင်းလည်း နားလည်မှာပါ။ ”
နင်စစ်ဟွာက ငိုချင်စိတ်ပေါက်သွား၏။ စုရီကဲ့သို့သော တစ်စုံတစ်ယောက်သည် ဤမျှ သဘောထား သေးသိမ်နေလိမ့်မည်ဟု မထင်ထားချေမိ။
“ ဒါဆို ဒီလိုလုပ်ရအောင် ... နောင်မှာ မင်းငါ့ကို အမြှောက်စာအဖြစ် သုံးချင်တိုင်း ငါ ကျေကျေနပ်နပ်ကူညီမယ် မကျေနပ်သေးရင် မင်းငါ့တင်ပါးကို ရိုက်လို့ရတယ်။ ”
“ ဟမ့် ... ဘာကိစ္စ မင်းတင်ပါးကို ရိုက်ရမှာလဲ။ ”
စုရီက မျက်ခုံးပင့်လိုက်၏။ နင်စစ်ဟွာမှ သနားစဖွယ် ပြုံးပြလေသည်။
“ ကောင်းပြီ ... ဒီဖြစ်စဉ်အကြောင်း ငါသိတယ် ... ဒါပေမယ့် မင်းကို မပြောပြနိုင်ဘူး လျှို့ဝှက်ချက်ပဲ ... အရာရာတိုင်းမှာ အကြောင်းပြချက်ရှိတယ် ...
... ငါသိချင်တာက ... မင်းအသက် ဘယ်နှစ်နှစ်ရှိပြီလဲ ... မင်းက မျိုးဆက်သွေး ကောင်းမွန်တဲ့ နတ်ဆိုးတစ်ကောင်လား။ ”
“ အဟား တာအိုမိတ်ဆွေ မင်းကရော တခြားလူရဲ့ ခန္ဓာကိုယ်ကို ... သိမ်းပိုက်ထားတဲ့ အဘိုးကြီးလား ... ဒါမှမဟုတ် ကောင်းကင်က ပြုတ်ကျလာတဲ့ တန်ခိုးရှင်လား ငါလည်းသိချင်တယ်။ ”
“ မှန်တယ် လျှို့ဝှက်ချက်ဆိုတာ လျှို့ဝှက်ထားတိုင်မှ လျှို့ဝှက်ချက်မည်တယ် မင်းလည်း ငါ့ကို ပြောမှာ မဟုတ်သလို ငါလည်းမပြောနိုင်ဘူး။ ”
စုရီမှ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“ ဒီလောကထဲမှာ ... မင်းနဲ့ငါ့လို လူမျိုးတွေအရမ်းနည်းပါတယ် လွန်ခဲ့တဲ့အနှစ် သုံးဆယ်လုံးလုံး မဟာကျိုးအနှံ့ကို ငါ ခရီးထွက် ခဲ့ဖူးတယ် ... မင်းနဲ့တူတဲ့လူတစ်ယောက်မှ မတွေ့ဖူးဘူး။ ”
“ မင်းက ဘာလို့ ဒီလိုလုပ်နေရတာလဲ။ ”
စုရီက စိတ်ဝင်စားလာ၏။ နင်စစ်ဟွာမှ သက်ပြင်းချလျက်၊
“ အနာဂတ်အတွက် ပြင်ဆင်ထားဖို့ပါ ... ငါသိသလောက် ဒီမိုးပြာတိုက်ကြီးမှာ နိမ့်ပါးတဲ့ တာအိုတွေသာရှိပေမယ့် ... မြင်ရသလောက် မရိုးရှင်းပါဘူး ...
... အထူးသဖြင့် နတ်ဆိုးတောင် ရှစ်လုံးက လျှို့ဝှက်ဆန်းကြယ်တယ် ... လက်ရှိအချိန်အထိ တောင်သုံးလုံးပဲ ငါလေ့လာနိုင်သေးတယ်။ ”
ထို့နောက်တွင် နင်စစ်ဟွာက သူမ သိရှိထားသော ဆန်းပြားသည့် ဒေသသုံးခုကို ထုတ်ဖော်ပြောပြလာ၏။
မဟာကျိုးအင်ပါယာ အနောက်ဘက် နယ်စပ်တွင် ထူးခြားသော အဆိပ် နတ်ဆိုး တောင်တန်း တစ်ခုရှိသည်။
၎င်းတောင်တန်း မြေပြင်သည် သွေးရောင်လွှမ်းကာ အရိုးဖြူဖြူများ ပုံလျက် မြူများ ပိန်းပိတ်နေ၏။
အလယ်ဗဟိုတွင် လျှပ်စီးနှင့် မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ်နေပြီး ယဇ်ပလ္လင်တစ်လုံး ရှိသည်။
နင်စစ်ဟွာမှ အနီးကပ် စစ်ဆေးလိုသော်လည်း သဏ္ဍမဲ့ စွမ်းအားတစ်ခုမှ တားဆီးထားသည်။ ရှန်ရှင်းအဆင့်ပင် ချွင်းချက် မရှိချေ။
“ စိတ်ဝင်စားဖို့ကောင်းတယ်။ ”
“ မင်း စိတ်ဝင်စားရင် ငါတို့အတူတူ စူးစမ်းလေ့လာဖို့ ... အချိန်တစ်ခု ယူလို့ရတယ်။ ”
သို့သော် စုရီမှ ခေါင်းယမ်းပြီး၊
“ ငါ့ကျင့်ကြံမှုလမ်းမှာ ပိတ်ဆို့မှု ကြုံတဲ့အခါမှ နည်းနည်း စဉ်းစားမယ် ... ကျန်တဲ့ နတ်ဆိုးတောင်တန်းတွေမှာရော ဘာထူးဆန်းသေးလဲ။ ”
နင်စစ်ဟွာက ခေါင်းညိတ်ပြီး ဆက်၍ ဝေမျှလာသည်။ မဟာကျိုး မြောက်ပိုင်းတွင် အလွန်အေးသော ပင်လယ်နက် ရှိ၏။
၎င်းသည် တစ်နှစ်ပတ်လုံး ရေများခဲကာ နှင်းမုန်တိုင်းများ ဖြစ်ပေါ်နေသည်။ ထိုအရပ်၌ ငွေမီးတောက်နတ်ဆိုးတောင် ရှိ၏။
တောင်တန်သည် ကြီးကြီးမားမား မဟုတ်သော်လည်း မြေအောက်ထံသို့ ဦးတည် နေသည့် လှိုဏ်ဂူတစ်လုံး ရှိသည်။
နင်စစ်ဟွာမှ လှိုဏ်ဂူအတွင်းသို့ ပေသုံးထောင်ခန့် ဝင်ရောက်ပြီးနောက် ချပ်ဝတ် အလောင်းကောင်များကို မြင်ခဲ့ရသည်။
ချပ်ဝတ်အလောင်းကောင်တိုင်းသည် မှိုင်းညို့ပြီး ထူးဆန်းသောအသွင်အပြင်မျိုးရှိကာ မဟာသခင်တစ်ပါးကို အလွယ်တကူ သတ်ပစ်နိုင်၏။
ထို့ကြောင့် ချက်ချင်း ပြန်လည် ဆုတ်ခွာလိုက်ကာ ၎င်းအရပ်ကို မြေအောက် သင်္ချိုင်းဟု အမည်ပေးလိုက်သည်။
နောက်ဆုံးတောင်တန်းကြီးသည် ရတနာကျောင်းတိုက်နတ်ဆိုးတောင် ဖြစ်၏။ ဤတောင်သည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည်။
တောင်တန်း၏ အနက်ရှိုင်းဆုံးအရပ်တွင် စွန့်ပစ်ထားသော ဗုဒ္ဓဘာသာ ကျောင်းတိုက် နယ်ပယ်တစ်ခုရှိ၏။
ညမိုးချုပ်သည့်အချိန်တိုင်း ၎င်းနယ်မြေမှ ရာနှင့်ချီသော ကြာနက်များက ကောင်းကင်ပေါ် လွင့်ဝဲလာပေလိမ့်မည်။
နင်စစ်ဟွာ စကားဆုံးသည်နှင့် စုရီမှ စိတ်ပျက်သွားတော့၏။ အရိုင်းမြေ ကိုးပါးတွင် ဤသို့သော အရပ်ဒေသများကို ထူးဆန်း သည်ဟု မဆိုနိုင်ချေ။
“ ငါတို့ အနာဂတ်အကြောင်း နောက်မှပြောရအောင်။ ”
စုရီမှ စိတ်ဝင်စားမှု ပြန်လည် ပျောက်ဆုံးသွားသဖြင့် နင်စစ်ဟွာတစ်ယောက် သက်ပြင်းချလိုက်သည်။
“ ငါမင်းကို ပြောချင်တာတစ်ခု ရှိတယ် ဝမ်လင်ကျောက်ကို ... ငါ့အနား ခေါ်ထားပြီး လမ်းပြပေးနေတယ်။ ”
“ သူက ငါနဲ့ ဘာမှမဆိုင်တော့ဘူး ... မင်းဘာလို့ ဒီအကြောင်းပြောနေတာလဲ။ ”
“ ဒီကလေးမလေးက ထက်မြက်တယ် ဂရုတစိုက်သင်ပေးရင် ဝေးဝေး ပျံနိုင်လိမ့်မယ် ထင်တယ်။ ”
သူမစကားကို စုရီမှ ခေါင်းရမ်းသည်။
“ ဟမ့် ... အနာဂတ်မှာ ငါ့ထက် သာလွန်နိုင်မလားဆိုတာ ... မင်းစမ်းကြည့်ချင် နေတာလား။ ”
နင်စစ်ဟွာတစ်ယောက် ပြုံးလျက်၊
“ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး စိတ်ဝင်စားစရာလို့ တာအိုမိတ်ဆွေ မထင်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။ စုရီက ပြန်မဖြေတော့ချေ။
ထိုစဉ် ကျန်းမူယောင်က စိုးရိမ်သောအသွင်ဖြင့် အပြေးလှမ်းတက်လာပြီး၊
“ ဦးလေးစု ငါသတင်းရပြီ။ ”
-ဟု အော်ဟစ်လာတော့သည်။
***