← Chapters

တစ္ဆေဒိုမိန်း ... ။

Vol. 14 Ch. 159

တစ္ဆေဒိုမိန်း ... ။

Vol. 14 Ch. 159

သို့သော် ကျန်းမိန်ဟော်မှ နင်စစ်ဟွာကို မြင်ချိန်၌ ထိတ်လန့်လာပြီး၊

“ တပည့် ကျန်းမူယောင်က ... နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်။ ”

-ဟု ချက်ချင်း ဦးညွှတ်လိုက်တော့၏။

“ သတင်း အရင်ပြောပါ။ ”

စုရီမှ စိတ်မရှည်တော့ချေ။

“ ငါဖယ်ပေးရမလား။ ”

နင်စစ်ဟွာက စုရီကို မေးသည်။

“ မလိုဘူး ... တကယ်ဆို မင်းရဲ့ အကယ်ဒမီနဲ့လည်း သက်ဆိုင်ပါတယ်။ ”

“ အိုး ... ဟုတ်လား။ ”

နင်စစ်ဟွာတစ်ယောက် မျက်ခုံးပင့်လိုက်၏။

“ ဦးလေးစု၊ မင်းပြောတဲ့ အကြီးအကဲ ကျူးကုချင်းလိုက်လာတဲ့ ခရီးသည်တင်သင်္ဘော ‌ရေဝဲတစ်ထောင်ချောက်ကမ်းပါးမှာ မိုးသက် မုန်တိုင်းနဲ့ကြုံပြီး မှောက်သွားပါတယ် ...

... သင်္ဘောပိုင်ရှင်ပြောတာတော့ အပျက်အစီးတွေနဲ့ သာမန်လူအလောင်း (၁၀) လောင်းပဲ ပြန်ရပြီး ... ကျန်တဲ့ လူတွေ ပျောက်နေတာ ယနေ့အထိပါပဲ။ ”

“ မဟာသခင်တစ်ပါးက ရေကို ထိန်းချုပ်နိုင်ပြီး အသက်ရှင်လျက် ထွက်ခွာဖို့ မခက်ခဲပါဘူး ... ။ ”

ကျန်းမူယောင် သတင်းကြောင့် စုရီတစ်ယောက် မျက်ခုံးပင့်ကာ မှတ်ချက်ပေး လိုက်မိသည်။

“ အဲဒီနေ့ ... မိုးသက်မုန်တိုင်းက ‌ရေဝဲတစ်ထောင်ချောက်ကမ်းပါး အထက်မှာ ရုတ်တရက်ကြီး ပေါ်လာတာလို့ အဝေးက လှမ်းမြင်တဲ့မုဆိုးတွေက ပြောပါတယ်။ ”

“ ငါတို့ အဲဒီကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ။ ”

“ မြင်းကို ဒုန်းစိုင်းနှင်မယ်ဆိုရင် မနက်ဖြန်မိုးမလင်းခင် ရောက်နိုင်ပါတယ်။ ”

“ သွားရအောင် ... ။ ”

စုရီက ထရပ်သည်။

“ သခင်လေး ငါလည်း လိုက်ချင်တယ်။ ”

ချာကျင်မှ ဝင်ပြော၏။ စုရီက တုန့်ပြန်ခြင်းမပြုဘဲ နင်စစ်ဟွာဘက် လှည့်ကြည့်ကာ၊

“ မင်းလိုက်မလား ... ။ ”

-ဟုမေးမြန်းလိုက်သည်။

“ အဆင်ပြေတယ် ဒါပေမယ့် ငါတို့ နှစ်ယောက်ပဲ သွားနိုင်မယ်။ ”

“ ဘာကို ပြောချင်တာလဲ။ ”

နင်စစ်ဟွာက စုရီမေးခွန်းကို ပြန်မဖြေတော့ဘဲ ကောင်းကင်ပေါ် လက်ပြ လိုက်၏။

“ ကျီး ... ။ ”

မိုးကုပ်စက်ဝိုင်းထံမှ အစိမ်းရောင် လင်းယုန်ငှက်တစ်ကောင်က အတောင်ပံများ ဖြန့်ကာ ပျံသန်းလာတော့သည်။

***

လင်းယုန်စိမ်း၏ အဟုန်ကြောင့် များမကြာခင် မိုးပြာမြစ်ကြောင်း၏ အကွေ့ အကောက်များကို မြင်လာရသည်။ မြစ်‌ရေသည် အစီးမြန်ကာ သန္တာကျောက်တန်းများစွာက အနည်းငယ် ထွက်ပေါ်နေ၏။

“ ငါတို့ရောက်ပြီ ... ။ ”

နင်စီဟွာသတိပေးမှုကြောင့် စုရီက မတ်တပ်ထရပ်ပြီး သူ့လက်ကို နောက်ပို့ကာ ငုံ့ကြည့်သည်။ မြင်ကွင်းတစ်ခုလုံး မည်းမှောင် မှုန်ဝါးနေ၏။

နတ်အာရုံမရှိဘဲ မျက်လုံးကို အားကိုးပြီး သန္တာကျောက်တန်းနှင့် မြစ်ကြောင်းဦးတည်ရာ အပေါ်သာ ပုံဖော်နိုင်သည်။

“ ဒီသားရဲကို နိမ့်နိမ့် ပျံဝဲခိုင်းပါ။ ”

“ ကျီး ... ။ ”

သားရဲဟူသော နာမ်စားကြောင့် လင်းယုန်စိမ်းက မကျေနပ်ဖြင့် အော်ဟစ်လျက် စုရီထံစောင်းငဲ့ကြည့်၏။

နင်စစ်ဟွာက ခေါင်းကို ညင်သာစွာ ပွတ်သပ်လျက် ရယ်မောတော့သည်။

“ ချင်အာ၊ ရိုင်းစိုင်းမနေပါနဲ့ ... မင်းသာ ဒီမိတ်ဆွေလေးကို ဒေါသထွက်အောင်လုပ်ရင် ငါလည်းကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”

သို့မှသာ လင်းယုန်စိမ်းက နာခံမှုရှိစွာ လှည့်ပတ်ပျံဝဲပြ၏။ မြစ်ပြင်သည် မြေပိုးကောင် ကဲ့သို့ ကွေ့ကောက်နေသည်။

“ ဝုန်း ... ။ ”

ရေစီးကြောင်းသည် တဟုန်ထိုး မြည်ဟည်းမြန်ဆန်နေပြီး လှိုင်းပုတ်သံများကို အဝေးမှ ကြားနိုင်၏။

ခဏအကြာတွင် စုရီက သူ့အကြည့်ကို ပြန်ရုတ်လျက် ‘ဒီနေရာက တစ်ခုခုမှားနေပြီ’-ဟု မှတ်ချက်ပေးလိုက်သည်။

“ အောက်ကို ဆင်းရအောင်။ ”

ထို့နောက် နှစ်ယောက်သား လင်းယုန်စိမ်းပေါ်မှ ခုန်ချကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့၏။

“ တစ်စုံတစ်ယောက်က တောင်နဲ့ရေရဲ့ စွမ်းအားကို အသုံးပြုပြီး တားမြစ်နယ်မြေတစ်ခု ဖန်တီးထားတယ် ...

... ကြည့်ရတာမြစ်အောက်မှာ ရှိနေပုံပဲ ဒီနည်းလမ်းနဲ့ ဝင်္ကပါကို လည်ပတ်ဖို့ တောင်မြစ် စွမ်းအားကို အပြည့်အဝရယူထားတယ်။ ”

စုရီ သုံးသပ်ချက်ကြောင့် နင်စစ်ဟွာက မြစ်ပြင်ကို ဖြတ်ကြည့်ရန် ကြိုးစားလိုက်သည်။ သူမမျက်လုံးထဲ၌ ရေဝဲပေါင်းများစွာ ပွက်ပွက် ထနေသော ရေပြင်ကြီးသာ မြင်၏။

“ ရှန်ရှင်းအဆင့် ကျွမ့်ကျင်သူ တည်ဆောက်ထားတာလား ... ။ ”

“ ပြောရခက်တယ် ... မင်းသာ ဝင်္ကပါတည်ဆောက်ပုံ နည်းလမ်းအချို့ကို ကျွမ်းကျင်နေတယ်ဆိုရင် ချီသန့်စင်ခြင်း အဆင့်နဲ့ ဒါကိုပြီးမြောက်နိုင်ပါတယ်။ ”

စုရီမှ ရှင်းပြသည်။ နင်စစ်ဟွာက မျက်ခုံးပင့်၏။ ဆိုလိုသည်မှာ ဤစုရီသည်လည်း လက်ရှိ ဝင်္ကပါမျိုး တည်ဆောက်နိုင်မည်ဟု အဓိပ္ပါယ်ရလေသည်။

“ ဒီနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ မိုးကြိုးမုန်တိုင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရာတွေ အားလုံးဟာ ... ဒီဝင်္ကပါနဲ့ ဆက်စပ်နေတယ် မြစ်ကြောင်းထက်ကို သွားကြည့်ရအောင်။ ”

နာရီဝက်ခန့် မြစ်ကို ဆန်တက်ပြီးနောက် စုရီက ရုတ်တရက်ရပ်လိုက်ကာ မဝေးလှသော မြစ်ပြင်ဆီသို့ လှမ်းကြည့်လေသည်။

ပေပေါင်းများစွာ အရွယ်အစားရှိသော သန္တာကျောက်တန်းကြီးတစ်ခု၏ ထိပ်ဖျားကို မြင်လိုက်ရ၏။

“ တစ္ဆေ ဒိုမိန်း ... ။ ”

စုရီက စိတ်ဝင်စားသွား၏။ သန္တာကျောက်တန်းဟူသည် မြစ်ကြမ်းပြင်ရှိ အညစ်အကြေးများစုဝေးရာ အရပ် ဖြစ်သည်။ သရဲတစ္ဆေများအတွက် ခိုအောင်းရာ အရပ်ဖြစ်၏။

“ ဒါဆို ဝင်္ကပါကို အစွမ်းထက်တဲ့ တစ္ဆေကျင့်ကြံသူတစ်ယောက်က ခင်းထားတာ ဖြစ်နိုင်မလား။ ”

နင်စစ်ဟွာက အံ့သြစွာ မှတ်ချက် ပေးလိုက်သည်။ လမ်းတစ်လျှောက် သူမသည် အရာရာကို သတိထားခဲ့သော်လည်း မည်သည့် သဲလွန်စမှ မရခဲ့ချေ။ စုရီသည်သာ တပ်အပ်ပြောနိုင်၏။

“ ချင်းဝမ် ... ။ ”

စုရီက ခေါ်ထုတ်လိုက်သည်။ မီးခိုးငွေ့များသဖွယ် ဘူးသီးခြောက်အတွင်မှ အနီရောင်အလင်းတန်း ထွက်လာ၏။

“ တာအိုသခင်ကို နှုတ်ဆက်ပါတယ်။ ”

“ ငါ့ကို ယင်စွမ်းအင် အများဆုံးနေရာ ရှာပေးပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းဝမ်က မျက်လုံးများမှိတ်လျက် လေထဲလွင့်မျောသွားပြီးနောက် များမကြာခင်၊

“ ဟိုးမှာ ... ။ ”

-ဟု လက်ညိုးထိုးပြလိုက်၏။

“ မင်းလမ်းကို ဦးဆောင်ပါ ... ။ ”

စုရီက အမိန့်ပေးသည်။

“ တာအိုမိတ်ဆွေ ... ဒီမိန်းကလေးက တကယ့်ကို ထူးထူးခြားခြားပဲ ... သူ့ဝိညာဉ်က အရမ်း သန့်စင်နေတယ်။ ”

နင်စစ်ဟွာက စိတ်ဝင်စားသွားသည်။

“ မထူးခြားရင် ... ငါ့အနား ဘယ်လို လုပ်နေခွင့်ရမှာလဲ။ ”

“ ဒါတော့မှန်တယ် ... မင်းရဲ့အစွမ်းအစနဲ့ ဂရုစိုက်ပေးရင် အနာဂတ်မှာ သူ့အလားအလာ အကန့်အသတ်မရှိပဲ။ ”

“ သဘာဝပါပဲ။"

စုရီက ခေါင်းညိတ်ပြီး၊

“ နှစ်မွှာကျင့်ကြံဖို့ ... ငါရွေးထားတာ တစ်ချိန်မှာ ဧကရာဇ်နယ်ပယ်ကို သူ ရောက်ရ လိမ့်မယ်။ ”

-ဟု ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။

နင်စစ်ဟွာတစ်ယောက် ပြောစရာ စကားလုံးများ မဲ့သွားသည်။ သရဲမနှင့် နှစ်မွှာ ကျင့်ကြံမည်လော။ အရှက်မဲ့လွန်းချေပြီ။

သို့သော် ခေါင်းရမ်းလျက် အတွေးများ ပြန်ရုတ်လိုက်သည်။ ဤလူသည် ရမ္မက်ကြီးသူ ဖြစ်သော် ဝမ်​လင်ကျောက်ကို ကွာရှင်းမည် မဟုတ်ချေ။

ယင်းကြောင့် ထိုအချင်းအရာအစား ဧကရာဇ်နယ်ပယ်ဟူသော စကားလုံးအပေါ် စိတ်ဝင်စားသွားသည်။

အတွေးဖြင့် ‌ရှေ့မှ ဦးဆောင်နေသော ချင်းဝမ်ထံ လှမ်းကြည့်ပြီး၊

“ ဒီမိန်းကလေးက ဧကရာဇ်ဖြစ်ဖို့ အလားအလာရှိတယ်လို့ မင်းထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်မိ၏။

“ မင်းရော ဘယ်လိုထင်လဲ။ ”

စုရီက မေးခွန်းဖြင့် တုန့်ပြန်လေသည်။ နင်စစ်ဟွာတစ်ယောက် ခဏမျှ တွေးတောကာ သက်ပြင်းချလိုက်ပြီး၊

“ ဧကရာဇ်ဖြစ်ဖို့ ... ဇွဲလုံ့လအပြင် ကံကြမ္မာလည်းလိုတယ် ဒီလမ်းဟာ အမြင့်ဆုံး လမ်းဖြစ်ပြီး ခေတ်ကာလတစ်လျှောက်လုံး လူအနည်းငယ်သာ ခြေချနိုင်တယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ မင်းတော်တော်သိတယ်။ ”

စုရီက သူမထံ လှည့်ကြည့်သည်။

“ ငါကြားဖူးတာပါ ... ငါ့အတွက် အဲဒီနယ်ပယ်က အရမ်းဝေးသေးတယ် မင်းရော ဘယ်လိုမြင်လဲ။ ”

“ အဟက် ... ငါ့ကို စမ်းသပ်နေစရာ မလိုပါဘူး ... ငါက ချီသန့်စင်ခြင်း ဒုတိယ အဆင့် လူငယ်တစ်ယောက်ပါ။ ”

“ ငါတို့အချင်းချင်း ပိုရင်းနှီးလာရင် ... မင်းရဲ့လျှို့ဝှက်ချက်တချို့ကို မမြင်နိုင်ဘူးလို့ ငါမယုံဘူး။ ”

နင်စစ်ဟွာက နှုခေါင်းရှုံ့လျက် ကြုံးဝါးလိုက်သည်။ တစ်ဖက်လူသည် အရာ များစွာကို သိုဝှက်ထားချေပြီ။

“ တာအိုသခင် ... ရှေ့မဝေးတော့တဲ့ နေရာမှာ ယင်စွမ်းအင် အသိပ်သည်းဆုံးပဲ။ ”

စုရီက မော့ကြည့်လိုက်ရာ မြစ်ပြင်တွင် လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ်နေခဲ့သည့် အရပ်ကို မြင်လိုက်ရသည်။ ထိုအရပ်တွင် မြူခိုးများ ရစ်သိုင်းနေ၏။

“ ရေ​အောက်​ တစ္ဆေကမ္ဘာရဲ့ ဝင်ပေါက်ဖြစ်မယ်။ ”

နင်စစ်ဟွာက စိတ်ဝင်စားလာသည်။

“ တစ်ယောက်ယောက် လာနေပြီ၊ အရင်ပုန်းရအောင်။ ”

စုရီက သတိပေးပြီး ‌သန္တာကျောက်တန်း တစ်နေရာ၌ ပုန်းအောင်းလိုက်၏။ ကမ်းခြေ၌ လူမဟုတ်သော် ပုံရိပ်အချို့ ပေါ်လာသည်။

မျက်လုံးစိမ်းစိမ်းနှင့် စိတ်ဝိညာဉ် လေးကောင်ဖြစ်၏။ လက်ထဲတွင် စက္ကူမီးပုံးများ ကိုင်ဆောင်လျက် ကုလထိုင်တစ်ခုကို ထမ်းထား လေသည်။

ကုလားထိုင်ပေါ်တွင် မျက်နှာစိမ်းစိမ်းနှင့် အစွယ်များဖြူဖွေးနေသော စိတ်ဝိညာဉ်ကောင် လိုက်ပါလာသည်။

အသွင်အပြင်အရ ဦးခေါင်းပြောင်ပြောင်၊ မျက်လုံးအပြာ၊ ဖောင်းကားသော ပါးပြင်ကြီးနှင့် လည်ပင်းတွင် အနက်ရောင် ဦးခေါင်းခွံများကို လွယ်ထား၏။

၎င်းအဖွဲ့ ချဉ်းကပ်လာသည်နှင့်အမျှ ယင်စွမ်းအင်များ ရုတ်ချည်း ထူထပ်လာကာ အရိုးခိုက်အောင် အေးခဲသွားချေပြီ။

ထို့နောက်တွင် ဝေါယျာဉ်သည် မြူခိုးအတွင်းဝင်ရောက်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

“ နားကျည်းနေတဲ့ ဝိညာဉ်တစ်ကောင်က မဟာသခင်အဆင့် တစ္ဆေကျင့်ကြံသူ ဖြစ်လာတာလား။ ”

နင်စစ်ဟွာမှ အံသြသွား၏။ ထိုစဉ် နောက်ထပ် ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာသဖြင့် ပါးစပ်ပိတ်လိုက်ရသည်။

ဤသည်မှာ အပြာရောင် မျက်ဝန်းနှင့် ပိန်ရှည်ရှည် အဘိုးအိုတစ်ဦး ဖြစ်၏။ ၎င်းက မြစ်ကမ်းတစ်လျှောက် လှည့်ပတ်ကြည့်ကာ မြူခိုးအတွင်းသို့ တည့်တည့် လျှောက်ဝင်သွားသည်။

“ ဒါ အပင်ကနေ ... မွေးဖွားလာတဲ့ စိတ်ဝိညာဉ်တစ်ကောင်ပဲ ... အသွင်အပြင်နဲ့ ရောင်ဝါအရ ... ကျင့်ကြံမှု လမ်းကြောင်းမှန် အပေါ် သူရောက်နေပြီ။ ”

နင်စစ်ဟွာက မှတ်ချက်ပေးသည်။ စုရီမှခေါင်းညိတ်လိုက်၏။ သဘာဝ ဝိညာဉ်များ အားလုံးကို ယိုဟုခေါ်သည်။

၎င်းတို့တွင် ဉာဏ်ရည်ဉာဏ်သွေးများ နိုးကြားလာသော အပင်နှင့် တိရိစ္ဆာန်အားလုံး ပါဝင်၏။

သဘာဝအရ ဤယိုဝိညာဉ်များသည် ဝိညာဉ်သားရဲများနှင့် ကွဲပြားသည်။ ၎င်းတို့ကို ကောင်းကင်နှင့် မြေကြီးမှမွေးဖွားကာ သဘာဝက ဉာဏ်ရည်ပေး၏။

သို့သော် ယိုတစ်ကောင်သည် ကျင့်ကြံမှုလမ်းကို လျှောက်လှမ်းနိုင်သူ ဖြစ်ရန် ခက်ခဲသည်။ ထက်မြက်သော ဉာဏ်ရည်နှင့် ထူးခြားသော မျိုးဆက်သွေးများ လိုအပ်၏။

မက်မွန်ဥယျာဉ်၌ မြင်ခဲ့ရသော လူပုလေးသည် ဥပမာဖြစ်သည်။ ၎င်းသည် မီးမက်မွန်ပင်မှ မွေးဖွားလာသည့် ယိုတစ်ကောင်ပေပင်။

လူသားအသွင် သဏ္ဍာန်မျိုး ခံယူထားသော်လည်း ရုပ်ခန္ဓာကိုယ်မျိုး မရှိချေ။ ထို့ကြောင့် ၎င်းကို ယိုကျင့်ကြံသူအဖြစ် မယူဆနိုင်ခြင်းဖြစ်သည်။

“ စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီမှာ ... သရဲတစ္ဆေတွေသာမက သဘာဝဝိညာဉ်တွေပါ ရှိနေတယ် သူတို့ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။ ”

နင်စစ်ဟွာက စိတ်ဝင်စားသွား၏။ ကောင်းကင်နှင့်မြေကြီးကြား အရာခပ်သိမ်းတွင် ဆန့်ကျင်ဘက် တရားများသာ အတူယှဉ်တွဲ နေထိုင်နိုင်သည်။

ဤကမ္ဘာကြီး၌ သတ္တလောက ရှိသကဲ့သို့ အမှောင်လောကလည်း ရှိသည်။ သို့သော်၎င်းကို သာမန်လူများ မမြင်နိုင်ချေ။

“ သွားကြည့်တဲ့အခါ သိမှာပါ။ ”

စုရီက ထိုသို့ပြောပြီ ကမ်းစပ်ထံ ပြန်ကြည့်၏။ များမကြာခင် အသံအချို့နှင့်အတူ ပုံရိပ်နှစ်ရိပ် ထွက်ပေါ်လာပြန်သည်။

“ ရေဘုရင် ဒီတစ်ကြိမ်ကျင်းပတဲ့ စည်းဝေးပွဲမှာ သြဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ပါဝင်လာမယ်လို့ ပြောထားတယ် အဲဒါမှန်လား မမှန်ဘူးလား ကြည့်ရအောင်။ ”

“ ငါကတော့ အဲဒါထက် မင်းကို တန်ခိုးရှင်တစ်ပါးက လမ်းညွှန်ပေးခဲ့တာဆိုတဲ့ ကောလဟာလကို ပိုစိတ်ဝင်စားတယ် ဒါက တကယ်ပဲလား တောင်တန်းဘုရင်ထောင်။ ”

ဤသည်မှာ လူပုကလေးနှင့် လောရှည်ဖြစ်သည်။ ၎င်းတို့နှစ်ကောင်ကို မြင်ချိန်တွင် စုရီမှအံ့ဩသွားပြီး၊

“ တိုက်ဆိုင်လိုက်တာ ငါတို့အတွက် လမ်းပြမဲ့သူတွေ့ပြီ။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters