← Chapters

ယဇ်ပလ္လင် ... ။

Vol. 14 Ch. 161

ယဇ်ပလ္လင် ... ။

Vol. 14 Ch. 161

ဤသည်မှာ နီမြန်းနေသော အသားအရည်နှင့် ထိပ်ပြောင်နေသော သဘာဝ ဝိညာဉ်တစ်ကောင် ဖြစ်သည်။ သူ့ပါးစပ်တွင် သွေးများ စီးကျနေသည့် အသားစများ ကိုက်ဝါးနေ၏။

ထောင်ချင်းရှန်က ထိုဝိညာဉ်ကိုမြင်ချိန်၌၊

“ ပင်လယ်ဘုရင်ရဲ့ အထောက်အပံ့ မပါရင်တောင် မင်းကို ငါ သတ်နိုင်သေးတယ် ဆိုရင် ယုံလား။ ”

လောရှည်က စုရီအနား တိုးကပ်လာကာ၊

“ တာအိုသခင် ... ဒီကောင်က အဆိပ် သဲတောင်ကုန်းဘုရင် ဟူရှစ်စံပါ .. ယိုဖြစ်လာတဲ့ မျက်လုံးစိမ်းပုရွက်ဆိတ်ပဲ ... သူ့ကိုယ်သူ …

… မီးအဆိပ် ယိုဘုရင်လို့ ခေါ်တယ် တစ်ချိန်က မဟာသခင်တစ်ပါးကို အဆိပ်နဲ့ သတ်ခဲ့ဖူးတယ်။ ”

“ ဟမ့် ... ပုရွက်ဆိတ်တစ်ကောင်လား။ ”

နင်စစ်ဟွာ ရယ်ချင်သွားသည်။

“ ဟီးဟီး ... ။ ”

ဟူရှစ်စံက တစ်ပေခန့်ရှည်သော လျှာနီကြီးကို ဆန့်ထုတ်ကာ မျက်နှာပြင်ပေါ်ရှိ သွေးနှင့်အသားအကြွင်းအကျန်များကို သပ်ယူပစ်လိုက်၏။

“ ကောင်းပြီ ... ငါတို့ အခမ်းအနား ပြီးသွားတဲ့အခါ မင်းနဲ့တိုက်မယ် မင်းရှုံးရင် ငါ့ကို မီးမက်မွန်သီးပေးရမယ် ... ငါရှုံးရင် မင်းကို အဘိုးလို့ခေါ်မယ် ဘယ်လိုလဲ။ ”

“ ဟမ့် ... ဘာလို့ မင်းအဘိုး ဖြစ်ရမှာလဲ၊ ရွံ့စရာကောင်းလိုက်တာ ... မင်းလိုမြေးမျိုး ငါမှာ မရှိဘူး။ ”

“ ဟမ့် ... ။ ”

နှစ်ယောက်သား စကားများ နေစဉ် မလှမ်းမကမ်းရှိ သွေးစွန်းနေသော အသားမျိုးစုံ ရောင်းချနေသည့် ဆိုင်တစ်ဆိုင်မှ အဘိုးအိုက လှမ်းထွက်လာပြီး၊

“ ထောင်ချင်းရှန် ငါ့ကို လမ်းပြပေးပါ။ ”

-ဟု တောင်းဆိုလာ၏။

“ ထွက်သွားစမ်း ... ။ ”

ထောင်ချင်းရှန်မှ မောင်းထုတ်လေသည်။ သို့သော်အဘိုးအိုက အပြုံးမပျက်ဘဲ လှည့်ထွက် သွားတော့၏။

“ ငါစောင့်နေမယ်။ ”

“ သူက ဘယ်သူလဲ။ ”

နင်စီဟွာက စိတ်ဝင်စားသွားသည်။ အဘိုးအိုအသွင်သည် အရပ်ရှည်ရှည် ကိုင်းကိုင်း နှင့် နှုတ်ခမ်းတလှုပ်လှုပ် ဖြစ်၏။

“ သင်္ချိုင်းက ပိုးဟပ်တစ်ကောက်ပဲ ... တစ်နှစ်ပတ်လုံး သင်္ချိုင်းကနေ လူသေအသားကို ခိုးယူရောင်းချနေတဲ့ ရွံစရာကောင် ... ကံကောင်းပြီး ကြေးဆီမီးခွက်ထဲက ...

... ဆီတွေကို သောက်မိတဲ့အတွက် အသိဉာဏ်ကို နိုးကြားလာခဲ့တာ ငါ့ဆီကနေ တာအိုလမ်းညွှန်ချက် တွေ့တိုင်းတောင်းတယ်။ ”

ထောင်ချင်းရှန်စကားကြောင့် နင်စီဟွာတစ်ယောက် ရယ်ချင်စိတ်ဖြစ်လာ၏။

“ စိတ်မပူနဲ့ မိန်းကလေး ... ဒီမှာ ငါက ပင်လယ်ဘုရင်ရဲ့ မီးမက်မွန်ပင်ကို စောင့်ကြပ် ပေးနေတာ အားလုံးသိတယ် ... ရန်မပြုရဲကြဘူး ပြီးတော့ တာအိုသခင်လည်း အနားမှာ ရှိတယ် ဘာကြောက်စရာမှ မရှိဘူး။ ”

စကားတပြောပြောနှင့် ဆက်လျှောက် လာကြစဉ် ရင်ပြင်ကြီးတစ်ခု၌ ကိုးပေမြင့်သော အနက်ရောင် ယဇ်ပလ္လင်တစ်လုံးကို မြင်လိုက်ရသည်။

ရင်ပြင်အနှံ့ စားပွဲများနှင့် ထိုင်ခုံများ ထူထပ်စွာ ခင်းကျင်းထား၏။ သူတို့ အဖွဲ့ ရောက်ရှိသွားချိန်၌ ထိုင်ခုံနေရာလွတ် သိပ်မကျန်တော့ချေ။

သရဲတစ္ဆေများ၊ သဘာဝဝိညာဉ်များက အသွင်ပြောင်းနည်းကို ထုတ်ဖော်ရန် ပြင်းရိ နေကြသဖြင့် မူလပုံစံများအတိုင်း ထိုင်နေကြ၏။

“ တာအိုမိတ်ဆွေ အဲဒီအနက်ရောင် ယဇ်ပလ္လင်က နည်းနည်းတော့ ထူးဆန်းတယ် အမှောင်လက်နက် ဖြစ်ပုံပဲ။ ”

နင်စစ်ဟွာက ပလ္လင်ထံမှ အငွေ့အသက် အချို့ကို ခံစာမိပြီး မှတ်ချက်ပေး၏။ ယဇ်ပလ္လင် ပတ်လည်တွင် ကြေးဝါတိုင်ရှစ်လုံးရှိသည်။

၎င်းတို့သည် တံခါးရှစ်ပေါက်ဖြစ်ကာ တစ်စုံတစ်ဦးအတွက် ယဇ်ပူဇော်ပေးနေသော အခမ်းအနားနေရာ ဖြစ်ပေမည်။

“ ဒီရေဘုရင်က ... ဘယ်လိုနတ်ဆိုးကို ယဇ်ပူဇော်ပေးနေတာလဲဆိုတာ နည်းနည်း သိချင်လာပြီ။ ”

စုရီက တိုးတိုးလေးပြောသည်။

“ မင်းတစ်ခုခု မြင်လား တာအို မိတ်ဆွေ။ ”

“ အတိအကျ မဟုတ်ပေမယ့် နိမ့်ကျတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ဖို့ များတယ် မဟုတ်ရင် ဒီလိုသရဲတွေကို အသုံးချပြီး ယဇ်ပူဇော်ခိုင်းမှာ မဟုတ်ဘူး။ ”

ယဇ်ပူဇော်ခြင်းသည် တစ်စုံတစ်ဦးနှင့် စာချုပ်ချုပ်ခြင်းမည်၏။ ၎င်းလိုအပ်သည်များ ဆောင်ရွက်ပေးရကာ အပြန်အလှန်အားဖြင့် လိုအပ်ပါက အကူအညီတောင်းခံနိုင်မည်။

“ တာအိုသခင် ... တာအိုသခင်ရဲ့ မိတ်ဆွေအကြောင်း ငါတို့ မေးကြည့်ကြမလား။ ”

ထောင်ချင်းရှန်မှ အမိန့်တောင်းခံ၏။ စုရီမှ ခေါင်းယမ်းပြကာ၊

“ ခဏလောက် စောင့်ကြည့်ရအောင်။ ”

ဟု ပြောကြားလိုက်သည်။

ယစ်ပလ္လင်ပေါ်တွင် အချိုရည်များ၊ သစ်သီးများနှင့် အခြားအရာသော ဆန်းပြား လွန်းသည့်အရာများ တည်ခင်းပေးထား၏။

များမကြာခင် ငွေရောင် စပါးအုံးမြွေအရေခွံကို ဝတ်ဆင်ထားသော ရေဘုရင်ပေါ်လာပြီး ဆူညံသံများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

“ ဒီနေ့ မင်းတို့ကို ... ငါ‌ရေဘုရင်က ဖိတ်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ် ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ...

... ဒီလို ပွဲမျိုးကျင်းပဖို့ဆိုရင် ယဇ်ပလ္လင်က အပ်နှင်းထားတဲ့ တန်ခိုးမျိုးသာ မရှိခဲ့ရင် ငါဒီနေ့ လုပ်ဝံ့မှာ မဟုတ်ပါဘူး။ ”

ထို့နောက်ရေသခင် အမူအရာက လေးနက်လာပြီး အနက်ရောင်ယဇ်ပလ္လင်ထံသို့ လှည့်ကာဦးညွှတ်လိုက်သည်။

“ ဒီယဇ်ပလ္လင်က မယုံနိုင်စရာ နည်းလမ်းတွေ ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားကို ဆက်သွယ်နိုင်တဲ့ တံခါးတစ်ချပ်ပါ ... လက်ရှိ အချိန်ထိ ငါနားလည်ထားသမျှ တာအိုအားလုံး ဒီနတ်ဘုရားရဲ့ လက်ဆောင်တွေပါပဲ။ ”

ထိုစကားကြောင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ရေဘုရင်သည် ဤမျှကြီးစွာ တန်ဖိုးရှိသော လျှို့ဝှက်ချက်ကို အဘယ့်ကြောင့် ထုတ်ပြော နေရသနည်း။

“ ဒီနတ်ဘုရား အမည်က ... မဟာကရုဏာရှင်လို့ခေါ်တယ် ဆန်းကြယ်ပြီး မြင့်မြတ်တဲ့ကမ္ဘာမှာ နေထိုင်တယ် ...

... သူ့ရဲ့တန်ခိုးနဲ့ ဉာဏ်ပညာဟာ ဒဏ္ဍာရီထဲက နတ်ဘုရားတွေနဲ့ ... နှိုင်းယှဉ်လို့ ရတယ် ... ဒီနေ့ မဟာကရုဏာရှင်က တပည့် လက်ခံချင်နေတယ် ဒါကြောင့် မင်းတို့ကို ဖိတ်ကြားလိုက်ရတာပဲ။ ”

တစ္ဆေများနှင့် သဘာဝ ဝိညာဉ်များမှာ စိတ်လှုပ်ရှားကုန်ကြသည်။ နတ်ဘုရားတစ်ပါးမှ တပည့်ခေါ်ယူခြင်းဟူသည် မဟာအခွင့်အရေး ပေပင်။

“ လူတိုင်း သည်းခံပြီး ငါပြောတာကို နားထောင်ပေးပါ နတ်ဘုရားက စည်းမျဉ်းတစ်ခု ချမှတ်ထားတယ်။ ”

ရင်ပြင်ရှိ မငြိမ်မသက် ဖြစ်နေသော လေထုသည် တဖြည်းဖြည်း ပြန်၍ငြိမ်သက် သွားတော့၏။

အကြောင်းပြချက်မရှိဘဲ ကောင်းကင်မှ ပြုတ်ကျလာသော ရတနာဟူ၍ မရှိနိုင်ချေ။ သဘာဝအတိုင်း ရေဘုရင် စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူတို့ နားလည်လာကြ၏။

“ မင်းတို့ နတ်ဘုရားတပည့်ဖြစ်ချင်ရင် လုံးလုံးလျားလျား သစ္စာရှိရမယ် အရေးကြီးဆုံး အရာက သုံးလတစ်ကြိမ် ယဇ်ပူဇော်ခြင်းပဲ ...

... ယဇ်ပူဇော်ခြင်းနဲ့ နတ်ဘုရားကို စိတ်ကျေနပ်မှု ပေးနိုင်လေလေ မင်းတို့ပြန်ရမဲ့ လက်ဆောင်က တန်ဖိုးရှိလေလေပဲ။ ”

ရေဘုရင်မှ ရှင်းပြလိုက်သည်။ တစ္ဆေတစ်ကောင်က၊

“ ရေဘုရင် နတ်ဘုရားကို ဘယ်လို ယဇ်ပူဇော်ရမလဲ ... ဘာတွေလိုအပ်လဲလို့ ငါတို့ မေးလို့ရမလား။ ”

-ဟု မေးမြန်းလိုက်၏။

ရေဘုရင်မှပြုံးသည်။

“ ဒီ​လောကရဲ့ ဘယ်လို ဝိညာဉ်မျိုးမဆို ယဇ်ပူဇော်ဖို့ အသုံးချနိုင်ပါတယ် ... သန်မာလေ နတ်ဘုရားက ပိုကြိုက်လေပဲ။ ”

စုရီက ရယ်ချင်လာသည်။ နတ်ဘုရား တစ်ပါးသည် ဤလောကရှိ ဝိညာဉ်များအပေါ် နှစ်သက်သည်လော။

ဤအချက်တစ်ချက်တည်းကို အခြေခံ၍ ထိုမဟာကရုဏာရှင် မြင့်မြတ်သော နတ်ဘုရား ဟူသည် ယုတ်ညံ့သော နတ်ဆိုးမျှသာ ဖြစ်ကြောင်း ပြောနိုင်၏။

တစ္ဆေတိုင်း၊ သဘာဝ ဝိညာဉ်တိုင်း တိတ်ဆိတ်ကုန်၏။ ထိုမြင်ကွင်းကို စောင့်ကြည့် နေသော ရေဘုရင်မှ၊

“ မင်းတို့အားလုံး မရှင်းသေးရင် ငါအခုယဇ်ပူဇော်တာကို ကြည့်သွားနိုင်တယ် ဘယ်လိုလဲ ... ။ ”

“ ရေဘုရင် ငါတို့ ကြည့်ချင်တယ်။ ”

“ ရေဘုရင် လက်တွေ့ပြပါ။ ”

သူ့စကားဆုံးသည်နှင့် ဆူဆူညံညံ အော်သံများ တစ်ယောက်ပြီး တစ်ယောက် တုန့်ပြန်လာ၏။

“ ကောင်းပြီ ... ငါမင်းတို့အပေါ် အတင်းအကြပ် မလုပ်ပါဘူး ဒီနေ့ ငါယဇ်ပူဇော် ပြမယ် ကြည့်ပြီးရင် ဆုံးဖြတ်ပါ။ ”

ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ ယူလာခဲ့ ... ။ ”

- ဟုအော်ဟစ်လိုက်၏။ တစ္ဆေတစ်စုက ဒယ်အိုးကြီးတစ်လုံးကို ထမ်းကာ အနက်ရောင် ယဇ်ပလ္လင်ဆီသို့ သယ်‌ဆောင်လာကြသည်။

ထို့နောက် အတွင်းရှိ သွေးများကို ယဇ်ပလ္လင်ပေါ်သို့ သွန်းလောင်းလိုက်၏။ ကိုးပေ မြင့်သော ယဇ်ပလ္လင်သည် သွေးများကို လောဘတကြီး စုပ်ယူတော့သည်။

“ ဒါက ကလေးငယ်ပေါင်း တစ်ရာရဲ့ လတ်ဆတ်တဲ့ သွေးတွေပဲ သန့်ရှင်းပြီး ချိုမြိန်တဲ့ အရသာရှိတယ်။ ”

တစ္ဆေများနှင့် သဘာဝဝိညာဉ်များက ၎င်းကိုသောက်သုံးချင်စိတ်ဖြင့် နှုတ်ခမ်းများ သပ်လိုက်လေသည်။

ဤမြင်ကွင်းက တည်ငြိမ်သော နင်စစ်ဟွာမျက်ဝန်းများကိုပင် အေးစက်သည့် အငွေ့အသက်များ ပေါ်လာစေသည်။

ကြီးမားသော သွေးအိုးကြီး ဖျန်းပြီးချိန်၌ ကိုးပေမြင့်သော အနက်ရောင် ယဇ်ပလ္လင်သည် ကြောက်မက်ဖွယ် အနီရောင် အလင်းတန်း တစ်ခုကို ပြသလာ၏။

“ ယဇ်ကောင်အတွက် ပြင်ဆင်ပါ။ ”

ရေဘုရင်မှ အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်၌ သံကြိုးကြီးများဖြင့် ချည်နှောင် ထားသည့် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာ၏။

ရှည်လျားသော နှင်းဖြူဆံပင်များနှင့် တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေသည့် ကျူးကုချင်း ဖြစ်ချေပြီ။

ရုတ်တရက် အလွန်ကြောက်စရာ ကောင်းလှပြီး အေးစက်နေသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

***

All Chapters