တိုက်ပွဲ ... ။
Vol. 14 Ch. 162
“ ရေသရဲကောင် ... ငါမင်းကို အခွင့်အရေးပေးမယ် ... သူ့ကို လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေပါ။ ”
ရုတ်တရက် နင်စစ်ဟွာက ဒေါသကို မထိန်းနိုင်တော့ဘဲ ခြိမ်းခြောက် ပြောကြား လိုက်သည်။
စကားသံသည် လူတိုင်းနားထဲတွင် ကြည်နူးဖွယ်ကောင်းနေသော်လည်း တစ္ဆေနှင့် သဘာဝဝိညာဉ်တိုင်းအတွက် တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်ခြင်း ဆန္ဒများပါရှိနေ၏။
တစ်ချိန်တည်းမှာပင် ကွင်းပြင်ရှိ မျက်လုံးများစွာ၌ အံ့သြမှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်လာခဲ့သည်။
“ သူက ဘယ်သူလဲ ... ။ ”
ရေဘုရင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်သော အကြည့်ဖြင့် မေးမြန်းလိုက်သည်။
မူလက သစ်သားရုပ်တုကဲ့သို့ အမူအရာရှိသော ကျူးကုချင်းတစ်ယောက် ချက်ချင်း သတိဝင်လာတော့၏။
“ ငါသိတယ် ... သူက ထောင်ချင်းရှန်နဲ့ အတူလာတာ ... သူ့ဘေးက လူက ဒီနေရာကို ဖျက်ဆီးပစ်မယ် ပြောဖူးတယ်။ ”
ပုရွက်ဆိတ်ဘုရင်မှ ဝင်ရောက် အော်ဟစ်လာလေသည်။ ထောင်ချင်းရှန်ခမျာ မတ်တတ်ထရပ်လိုက်ရပြီး၊
“ ရေဘုရင် ... မင်းကိုငါ သတိမပေးဘူး မပြောနဲ့ ... အဲဒီအမျိုးသမီးကို လွှတ်လိုက်တာ မင်းအတွက် ကောင်းလိမ့်မယ် ... မဟုတ်ရင် ကိုးမြို့ရိုးဟာ ဒီနေ့ လုံးဝပျောက်ကွယ် သွားလိမ့်မယ်။ ”
“ ဝူး ဟား ဟား ဟား ... ။ ”
ထောင်ချင်းရှန် စကားကြောင့် မူလ တိတ်ဆိတ်နေသော သရဲတစ္ဆေများနှင့် သဘာဝ ဝိညာဉ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာတော့၏။
“ ထောင်ချင်းရှန် ... ပွဲတက်ဖို့ မင်းကို ငါဖိတ်ခဲ့တယ် ဒါပေမယ့် မင်းက ငါ့ကိုးမြို့ရိုးကို ဖျက်ဆီးဖို့ ကြွေးကြော်နေတယ် ... ကောင်းပြီ လူတိုင်းရဲ့ မျက်လုံးတွေကို ဖွင့်ဖို့ မင်းဘာလို့ အခု မဖျက်ဆီးရတာလဲ။ ”
“ ဟား ဟား ဟား ထောင်ချင်းရှန် ... ငါတို့မျက်စိပွင့်အောင် ဖျက်ဆီးပြပါ။ ”
“ ထောင်ချင်းရှန် ... လေကြီးတဲ့ လူပုလေး။ ”
ရင်ပြင်အနှံ့ လှောင်ရယ်သံများ ထွက်ပေါ်လာပြီး အချို့သော သရဲတစ္ဆေများမှ မျက်လုံးများ ပြုတ်ကျကုန်တော့၏။
ထောင်ချင်းရှန်မှ မျက်မှောင်ကြုတ် လိုက်သည်။ စုရီက ခေါင်းခါပြီး၊
“ မိုက်မဲနေတဲ့ တိရိစ္ဆာန်တွေနဲ့ အချိန်ဖြုန်းတာကိုရပ်လိုက် စလိုက်ကြရအောင် ရေဘုရင်ကို မင်းတာဝန်ယူထားလိုက်။ ”
-ဟု နင်စစ်ဟွာကို လှည့်ကာ ပြောကြားလိုက်သည်။
နင်စစ်ဟွာ၏ အေးစက်သော အကြည့်ကို လက်ခံရှိသောအခါ၌ ရေဘုရင်၏နှလုံးသားထဲ နားမလည်နိုင်သော ခံစားချက်များ ဝင်ရောက်လာသည်။
“ မင်း ... မိန်းမယုတ်၊ ငါတို့ရဲ့ ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမှန်းတောင် မသိဘူးလား ပြန်သွားစမ်း။ ”
ရုတ်တရက် တစ္ဆေအမျိုးသမီးတစ်ဦးက နင်စစ်ဟွာ၏ နုပျိုလှပသော အသွင်အပြင်ကို မနာလိုစိတ်နှင့် ဝင်ရောက် ဟန့်တား လာလေသည်။
သူမလက်များကို နင်စစ်ဟွာ မျက်နှာထံ ဦးတည်ကုပ်ဆွဲလိုက်၏။ သို့သော် လက်ဖဝါးက လိုရာသို့ မရောက်ဘဲ လက်ကောက်ဝတ်ကို ဖမ်းချုပ်ခံလိုက်ရကာ၊
“ သေချင်နေတာပဲ။ ”
-ဟု ရေရွတ်သံကြားလိုက်ရ၏။
အမျိုးသမီးတစ္ဆေခမျာ အနက်ရောင် မြင်ကွင်းများသာ ခံစားလိုက်ရပြီး ရုတ်တရက် တွန့်လိမ်လျက် ခန္ဓာကိုယ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
တစ္ဆေများစွာ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် အမှုန်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားချေပြီ။
ဤအမျိုးသမီးကို ရှန့်နန်ဟုခေါ်၏။ သူမအသွင်သဏ္ဍာန် အစစ်အမှန်မှာ သက်တမ်း တစ်ရာ ဒေါသတစ္ဆေ ဖြစ်သည်။
မဟာသခင်တစ်ပါးကဲ့သို့ ခွန်အားမျိုး မရှိသော်လည်း နှောင်းပိုင် ချီသန့်စင်ခြင်း အဆင့်မှ လူအများကို သတ်နိုင်လောက်အောင် အစွမ်းထက်သည်။
“ တစ္ဆေတွေ ဘယ်မှာလဲ၊ ဒီမိန်းမကို သတ်ပါ။ ”
ရေဘုရင်ထံမှ အမိန့်ပေးပြီးနောက် လမ်းကြောင်းအရပ်ရပ်မှ တစ္ဆေများအားလုံး ပြေးဝင်လာတော့သည်။
၎င်းတို့၏ တိုက်ခိုက်မှု နည်းလမ်းများမှာ အလွန်ထူးဆန်း၏။ အချို့သည် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများကို ထိန်းချုပ်ကြပြီး အချို့သည် အဆိပ်ရှိသော အခိုးအငွေ့များနှင့် မီးတောက်များကို အသုံးပြုသည်။
စိတ်ပျက် ရွံရှာဖွယ် မြင်ကွင်းမျိုး ပေပင်။ နင်စစ်ဟွာ၏ ရောင်ဝါသည် ပို၍ တောက်ပပြီး အနားရောက်လာသည့် တစ္ဆေများကို လောင်မြိုက်ပစ်၏။
တစ္ဆေများခမျာ မနားမရောက်မီ တုန်လှုပ်ချောက်ချားသည့် အော်သံများပြုလျက် အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
သို့သော် ကြောက်ရမှန်း မသိချေ။ လူသတ်ချင်စိတ်အပြည့်နှင့် တစ်ကောင်ပြီး တစ်ကောင် ဝင်လာကြပြန်သည်။
စုရီက မတ်တတ်ထရပ်ပြီး မဝေးလှသော ကြေးတိုင်ကြီး ကိုးတိုင်ထံလျှောက်လှမ်းသွား၏။ အရပ်ရပ်မှ အပြေးအလွှား လာနေသည့် တစ္ဆေများက သူ့ထံ အာရုံမရှိကြချေ။
ထောင်ချင်းရှန်နှင့် စပျစ်နွယ်ပင်က ချက်ချင်းလိုက်ပါလာသည်။ တိုက်ပွဲသည် ဤသို့ ရုတ်တရက်ကြီး ဖြစ်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားချေ။
“ ထောင်ချင်းရှန် ... သစ္စာဖောက်ကို သတ်။ ”
ထို့နောက်တွင် သရဲတစ္ဆေအချို့မှ သတိထားမိလာပြီး သူတို့ထံ ပြေးဝင်လာကြ၏။ သို့သော် ဓားရောင်ဝါ တစ်စင်းသည် တစ္ဆေ အမြောက်အမြားကို အငွေ့အဖြစ် ပျောက်ကွယ်စေခဲ့သည်။
မူလက ပြေးဝင်လာသော ဟူရှစ်စံသည် ဤမြင်ကွင်းကြောင့် ကြောက်လန့်သွားခဲ့ကာ ချက်ချင်းရပ်လိုက်သည်။
စုရီမှ ကြေးဝါတိုင်အနားရောက်သည်နှင့် တိမ်တိုက်ပုံစံ တားမြစ်အမိန့်စာတစ်ခု ရေးထိုး လိုက်တော့၏။
ဧရာမကြေးဝါတိုင်ပေါ်တွင် ဝိုးတဝါးနှင့် လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ထွက်ပေါ် လာခဲ့သည်။
ထိုနောက် ဒုတိယကြေးဝါတိုင်ကို ဆက်လက်ရေးထိုး၏။ ဤနည်းဖြင့် ကြေးတိုင် ကိုးတိုင်လုံးကို ရေးထိုးရန်ကြိုးစား နေခဲ့သည်။
“ ဝုန်း .... ။ ”
တစ်ဖက်တွင် ကြေးတံခါးကြီး ကိုးချပ်မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာ ခဲ့သည်။
တံခါးတစ်ပေါက်စီတွင် လေ၊ မိုးကြိုး၊ မြေကြီး၊ မီး၊ နေ၊ လ၊ ကြယ်စသည့် ပုံစံအမျိုးမျိုး ရေးထိုးထားသည်။
ကြေးတံခါးကိုးပေါက် ပေါ်လာသောအခါ ရင်ပြင်တစ်ခုလုံး ဆုတ်ခွာရာ လမ်းကြောင်းကို ပိတ်ဆို့ခံလိုက်ရ၏။
ရေဘုရင်က သွေးစွန်းနေသည့် အလံငယ်တစ်လက်ကိုင်စွဲလျက် နင်စစ်ဟွာကို တိုက်ခိုက်ရန်ပြင်နေသည်။
“ သေလိုက်တော့ ... ။ ”
အလံငယ်ကို ဝှေ့ယမ်းလိုက်ချိန်၌ အနောက်တောင်ဘက် ကြေးဝါတံခါးကြီးမှ လျှပ်စီးများ ထွက်ပေါ်လာပြီး နင်စစ်ဟွာထံ ပြေးဝင်လာလေသည်။
လျှပ်စီးကြောင်းသည် စူးရှလွန်းပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအား ပါရှိချေ၏။
နင်စစ်ဟွာတစ်ယောက် အန္တရာယ်ကို သတိပြုမိလိုက်ပြီး တိမ်ကြေးမှုံ မှန်တစ်ချပ်ဖြင့် ချက်ချင်းကာလိုက်ရသည်။
“ ဘန်း ... ။ ”
“ ချွင် ... ။ ”
ရလာဒ်အနေဖြင့် ကြေးမှုံပေါက်ကွဲပြီး နေရာအနှံ့ အပျက်အစီးများ လွင့်ပျံသွားခဲ့၏။ နင်စစ်ဟွာတစ်ယောက် လေးနက်မှု လာသည်။
ကြေးမှုံသည် ဝိညာဉ်လက်နက်ဖြစ်၏။ ၎င်းကို ချက်ချင်းပျက်စီးစေသော စွမ်းအားသည် အနိမ့်ဆုံး မူလတာအိုနယ်ပယ်၌ ရှိချေမည်။
“ တကယ်ပဲ ပိတ်ဆို့ထားတာလား … ။ ”
တစ်ဖက်တွင် ရေဘုရင်သည်လည်း ထိတ်လန့်သွားပြီး သတိကြီးစွာဖြင့် ကြေးတံခါး များအားလုံးကို အသက်သွင်းလိုက်ရသည်။
“ ရွှီး ... ရွှီး ... ။ ”
များမကြာခင် ကြေးတံခါးကိုးပေါက်မှ စွမ်းအင်မျိုးစုံပါရှိသော အလင်းတန်းများဖြင့် ပစ်ခတ်လာ၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ... ။ ”
တစ္ဆေတိုင်း ဝင်္ကပါ၏ တန်ခိုးကို ပထမဆုံးအကြိမ် မြင်ခွင့်ရလာခြင်း ဖြစ်သဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင် နင်စစ်ဟွာတစ်ယောက် မျက်နှာပျက်ယွင်းသွားသည်။ ကြေးတံခါးများမှာ အရပ်မျက်နှာ ကိုးပါတွင် နေရာယူထားသဖြင့် ရှောင်တိမ်းရန် လမ်းမရှိတော့ချေ။
“ ဟိတ် ... ။ ”
“ ထန် ... ထန် ... ထန် ... ။ ”
ထို့ကြောင့် သက်ပြင်းချလျက် အစိမ်းရောင်တောက်ပနေသော လှံတိုလေး တစ်စင်းကို ထုတ်ယူပြီး ပြန်လည် ခုခံလိုက် ရလေသည်။
၎င်းသည် သုံးပေရှည်လျားပြီး ကလေးလက်မောင်းလုံးနီးပါး ထူထဲနေကာ မီးလျှံများ တောက်လောင်နေ၏။
မီးစိမ်းလခြမ်းလှံငယ် ဖြစ်သည်။ လှံတိုထွက်ပေါ်လာသည်နှင့် အစိမ်းရောင် အကာအကွယ်အလွှာ ဖြစ်ပေါ်လာကာ တံခါးကိုးပေါက်မှ ပစ်ခတ်မှုများကို ဟန့်တားပေးတော့၏။
“ ဂျိန်း ... ။ ”
အဆုံးတွင် ရေဘုရင်က ဝင်္ကပါကို အပြည့်အဝ အသက်သွင်းလျက် လျှပ်စီးနှင့် မိုးသက်လေပြင်းများ ဆင့်ခေါ်၏။
၎င်းစွမ်းအားသည် မဟာသခင်တိုင်းကို အလွယ်တကူ သတ်ရန် လုံလောက်လေသည်။ ရှန်ရှင်းကျွမ်းကျင်သူပင် သတိထားရ၏။
“ ဝှစ် ... ။ ”
နင်စစ်ဟွာပုံရိပ်သည် တဖျပ်ဖျပ် ခတ်သွားကာ ထင်ယောင်ထင်မှား ဖြစ်စေသော အလင်းတန်းတစ်ခုကဲ့သို့ ရွေ့လျားနေပြီး ဝင်္ကပါကို ခုခံလေသည်။
“ ဟား ဟား ဟား ... ဒီမိန်းမ သွေးက ချိုမယ်ထင်တယ်။ ”
“ သူ ဒုက္ခရောက်နေပြီ ဟားဟား ဟား။ ”
“ ယဇ်ပူဇော်ခြင်း မပြုမီ ... ငါသူ့အသားကို နည်းနည်းလောက် ဖဲ့စားချင်တယ်။ ”
သို့တိုင် သူမ ပိတ်မိနေသည်ကို မည်သူမဆိုမြင်၏။ ထိုကြောင့် သရဲတစ္ဆေများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
မရယ်နိုင်သည်မှာ ရေဘုရင်ဖြစ်သည်။ မျက်နှာရှုံ့တွ စိတ်ရှုပ်ထွေးနေ၏။ ဤဝင်္ကပါကို ကိုးနန်းတော် သွေးသန့်စင်ခြင်းဟု ခေါ်သည်။
မိုးပြာမြစ်နှင့် ရေဝဲတစ်ထောင် ချောက်ကမ်းပါးတို့ကို ချိတ်ဆက်ကာ စွမ်းအား ပေးထား၏။ မြေကြီးအဆင့် ကျွမ်းကျင်သူများ အပေါ်ပင် အလွယ်တကူ သတ်နိုင်မည်။
နှစ်တစ်ရာတိုင် ဤဝင်္ကပါဖြင့် ရန်သူများစွာကို သတ်ပစ်နိုင်ခဲ့သည်။ မည်သည့် ခြိမ်းခြောက်မှုမျိုးမျှ မကြုံခဲ့ချေ။
“ ဘာပဲဖြစ်ဖြစ် မင်းသေရမယ်။ ”
လေ၊ မိုးကြိုး၊ မြေကြီး၊ မီး၊ နေ၊ လ၊ ကြယ်တို့၏ စွမ်းအားများက ဆည်ကိုဖြတ်၍ ပြိုဆင်းလာသော ရေတံခွန်အလား နင်စစ်ဟွာထံ ဖုံးလွှမ်းသွားသည်။
“ မကောင်းတော့ဘူး ... ။ ”
ဤတစ်ကြိမ်၌ နင်စစ်ဟွာတစ်ယောက် မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ရှောင်တိမ်းရန် မဖြစ်နိုင်တော့မှန်း နားလည်လိုက်သည်။
တစ်ချိန်က မည်မျှပင် သန်မာစေကာမူ ယခုအချိန်၌ သူမသည် စတုတ္ထမဟာသခင်သာ ဖြစ်သည်။ ဝှက်ဖဲများ မသုံးသော် ယနေ့ အသတ်ခံရတော့ပေမည်။
တစ်ဖက်တွင် ဤမျှ စက်ဆုပ်ဖွယ် ရေသရဲ တစ်ကောင်အတွက် ဝှက်ဖဲ ထုတ်သုံးရသည်မှာ ရှက်စရာပေပင်။
“ ဝှစ် ... ။ ”
အတွေးတစ်ချက်ဖြင့် လက်ဖဝါး၌ သေးငယ်သော အနီရောင် ငါးကြင်းပုံသဏ္ဍာန် ဓားတစ်လက် ပေါ်လာသည်။
ကိုယ်ထည်၌ ‘ငါးကြင်းနီ’-ဟူသော အမည်ကို ရေးထွင်းထား၏။
“ ဒီဓားက ရတနာပဲ ... ဒါပေမယ့် ဒီလိုရေသရဲ တစ်ကောင်အတွက် သုံးရတာ နှမျောစရာ ကောင်းပါတယ်။ ”
ရုတ်တရက် စုရီတစ်ယောက် နင်စစ်ဟွာ အနားရောက်လာပြီး မှတ်ချက်ပေးလိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ လေထဲ ဆုပ်ချေပစ်လိုက်၏။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ရင်ပြင်တစ်ခုလုံး ဖုံးလွှမ်းနေသော သဏ္ဍန်မဲ့စွမ်းအားခမျာ စက္ကူဖြူတစ်ရွက်ကဲ့သို့ အပိုင်းပိုင်း ပေါက်ကွဲသွားတော့၏။
***