ခေါင်းကိုးလုံး လင်းတ ... ။
Vol. 14 Ch. 163
“ ရွှီ ... ။ ”
ကြေးတံခါးကိုးချပ်ထံမှ လာသော အဖျက်စွမ်းအင်အားလုံး လေထဲ၌ ရပ်တန့် ပျောက်ကွယ်ကုန်တော့၏။
“ ဘာဖြစ်တာလဲ ... ။ ”
ရေဘုရင်တစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး အလံငယ်ကို ထပ်မံဝှေ့ရမ်း ကြည့်ပြန်သည်။
သို့သော် ဝင်္ကပါမှ တုန့်ပြန်မှုပြန်မရဘဲ မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွပုံစံနှင့် ရယ်စရာကောင်းနေခဲ့၏။
“ ဒါက ဘယ်လို လုပ်လိုက်တာလဲ။ ”
ရေဘုရင်ခမျာ ဤအရာကို လက်မခံနိုင်သေးဘဲ ထိတ်လန့်စွာ အကြိမ်ကြိမ် ဝှေ့ယမ်းနေဆဲဖြစ်သည်။
“ ဒီဝင်္ကပါက အကြမ်းထည် သက်သက်ပဲ မင်းရဲ့နတ်ဘုရားက ... တကယ့်အစွမ်းထက်တဲ့ ဝင်္ကပါမျိုး မပေးခဲ့တာ ထင်ရှားပါတယ်။ ”
စုရီက သက်ပြင်းချကာ ပြောကြားလိုက်သည်။
“ မင်း ... ။ ”
ရေဘုရင်တစ်ယောက် ရုက်တရက် အကြံရသွားပြီး ကျူးကုချင်းထံ လှမ်းဆွဲသည်။ သို့သော် ဓားရောင်ဝါတစ်ချက် လက်သွားကာ သူ့လက် ပြတ်ကျသွား၏။
“ ရွှပ် ... ။ ”
“ အား ... ။ ”
“ မင်း ... ဘယ်သူလဲ ... နတ်ဘုရားက မင်းကိုအပြစ်ပေးမှာ မကြောက်ဘူးလား။
ရေဘုရင်ခမျာ ပြတ်သွားသော လက်ကောက်ဝတ်ကို ဖမ်းဆုပ်လျက် စုရီထံ ခြိမ်းခြောက်လိုက်လေသည်။
“ အား ... ။ ”
စုရီက ပြန်မဖြေချေ။ လက်ထဲရှိ ဓားဖြင့် ခုတ်ချပစ်လိုက်လေသည်။ တတိယ မဟာသခင် ဖြစ်သည့် ရေဘုရင်တစ်ယောက် အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွား၏။ ပြတ်ရှရာကြီးမှ အခိုးအငွေ့များ ထွက်လာကာ ရေဘုရင် ပျောက်ကွယ်သွားတော့သည်။
“ လင်ရွယ် ဘယ်မှာလဲ ... ။ ”
စုရီက သရဲတစ္ဆေများကို ဝေ့ကြည့်ကာ မေးမြန်းလိုက်တော့သည်။
“ ငါသိတယ် ... တာအိုသခင် ငါသိတယ် ... မြေအောက်ခန်းထဲမှာ ယဇ်ပူဇော်ဖို့ ... အပျိုစင် မိန်းကလေးတစ်ယောက်ရှိတယ်။
များမကြာခင် နွားတစ္ဆေအိုကြီး၏ လမ်းပြမှုဖြင့် မြေအောက်ခန်းမှ ဝမ်လင်ရွယ်ကို တွဲလျက် စုရီပြန်ထွက်လာသည်။
ထိုအချိန်တွင် ကျူးကုချင်းကို နင်စစ်ဟွာသည်လည်း ကယ်တင်ပြီး ဖြစ်၏။ လေးယောက်သား အနက်ရောင် ယဇ်ပလ္လင် ရှေ့တွင်ရပ်ကာ စိုက်ကြည့်မိ၏။
ရေဘုရင် အပါအဝင် တစ္ဆေနှင့် သဘာဝ ဝိညာဉ်အားလုံး မြေပြင်တွင် ဒူးထောက်လျက် တိတ်ဆိတ်နေကြ၏။
“ သဲလွန်စ တွေ့လား ... ။ ”
စုရီကမေးသည်။
“ ဒီယဇ်ပလ္လင်ဟာ အာကာသ ဆုံမှတ်တစ်ခုပဲ ဒါပေမယ့် ဘယ်နေရာကို ချိတ်ဆက်ထားတယ် ဆိုတာတော့ ငါလည်း မသိရသေးဘူး။ ”
နင်စစ်ဟွာမှ ပြန်ဖြေ၏။ အနက်ရောင် ယဇ်ပလ္လင်ထိပ်တွင် ဦးခေါင်းကိုးလုံးပါရှိသော ငှက်တစ်ကောင်ပုံ ရေးဆွဲထားသည်။
“ ဒါက ခေါင်းကိုးလုံးလင်းတ ဖြစ်မယ်ထင်တယ် ဒဏ္ဍာရီထဲက ငှက်ဆိုး ... ဝိညာဉ်စား နတ်ဆိုးတစ်ကောင်ပဲ။ ”
စုရီမှတ်ချက်ကြောင့် နင်စစ်ဟွာမှ တုန်လှုပ်သွားပြီး၊
“ ငရဲကမ္ဘာ မိစ္ဆာတောင်တန်းက ဒဏ္ဍာရီလာငှက်ဆိုးလား ... ဒါဆိုယဇ်ပလ္လင်က ငရဲကမ္ဘာနဲ့ ချိတ်ဆက်ပေးထားတာပေါ့။ ”
“ မင်း ... ငရဲကမ္ဘာအကြောင်း အများကြီးသိတယ်။ ”
“ အဟွတ် ... အဟွတ် ... ။ ”
စုရီက ပြန်လှည့်ကြည့်ကာ မှတ်ချက်ပေးလာသဖြင့် နင်စစ်ဟွာခမျာ ချောင်းဟန့်လိုက်ရ၏။
“ စာအုပ်တွေထဲမှာ ဖတ်ဖူးတာပါ ... ။ ”
စုရီမှ သူမ ဖြေရှင်းချက်ကို စိတ်မဝင်စားတော့ဘဲ၊
“ ဒီပလ္လင်ရဲ့ စွမ်းအားက အလွန် အားနည်းတယ် ... ဒီလောကနေ ငရဲကမ္ဘာကို ချိတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တစ်ဖက်က ခေါင်းကိုးလုံးလင်းတ ဆိုရင်တောင်မှ အရည်အချင်း မရှိသေးဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘာလို့ ဒီပလ္လင်ကို ဖွင့်မကြည့်ရတာလဲ။ ”
နင်စစ်ဟွာက အကြံပြုသည်။ စုရီမှ ခေါင်းညိတ်ပြီး နီးစပ်ရာ တစ္ဆေနှစ်ကောင်ထံ လက်ပြလိုက်၏။
“ မင်းတို့ နှစ်ကောင်လာဦး ... ။ ”
“ တာအိုသခင် ငါတို့ကို ချမ်းသာပေးပါ။ ”
တစ္ဆေနှစ်ကောင်မှ အကြောက်အကန် ငြင်းဆန်လေသည်။
“ ပါးစပ်ပိတ်ထား တာအိုသခင်အတွက် ပေးဆပ်ရတာ မင်းတို့အတွက် ကောင်းချီးပဲ မြန်မြန်သွားလိုက်။ ”
ရုတ်တရုတ် နွားဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော နွားတစ္ဆေကြီးက ထိုတစ္ဆေနှစ်ကောင်ကို ပါးရိုက်ကာ တွန်းထုတ်ပေးလေသည်။
“ တာအိုသခင် ငါ ... ငါတို့ ... ။ ”
“ ရွှပ် ... ။ ”
“ ဒုန်း ဂလုန်း ... လုန်း ... လုန်း ... ။ ”
စုရီက လျစ်လျူရှုလျက် ခေါင်းဖြတ်ချ ပစ်လိုက်သည်။ ယဇ်ပလ္လင်ကို သွေးစွန်းလာကာ ဦးခေါင်းနှစ်လုံး လှိမ့်ဆင်းသွား၏။
“ ဝူး ... ။ ”
ကြေးတံခါးကိုးပေါက်ထံမှ ဟောက်သံ ဝိုးတဝါးထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် ရုတ်တရက် နိုးထလာချေပြီ။
ထို့နောက် အနက်ရောင်ယဇ်ပလ္လင်သည် အလင်းတန်းများ ဖြာထွက်ကာ ထိုတစ္ဆေကောင် အလောင်းကို ချက်ချင်း ဝါးမျိုနေခဲ့၏။
ဤမြင်ကွင်းက သရဲတစ္ဆေများနှင့် သဘာဝဝိညာဉ်များကို အေးခဲသွားစေသည်။ အသံမထွက်ဝံ့ဘဲ ထိတ်လန့် ခြောက်ခြား သွားစေ၏။
များမကြာခင် ခေါင်းကိုးလုံးပါသော လင်းတရုပ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ရောင်ဝါများ ဖြာထွက်လာသည်။
“ ဝှီး ... ။ ”
ထိုအချိန်တွင် ဝေးကွာလွန်းသော အမည်မသိဒေသတစ်ခုမှ သွေးအလင်းများ အာကာပြင်ကို ဖြတ်ကာ ပလ္လင်ပေါ် ကျဆင်းလာ၏။
သဏ္ဍာန်မဲ့ ဖိအားတစ်ခု သရဲတစ္ဆေနှင့် သဘာဝဝိညာဉ်များအပေါ် ချက်ချင်း ပျံ့နှံ့လာ တော့သည်။
မြင့်မြတ်ပြီး ခမ်းနားသော ရောင်ဝါပေပင်။ အာကာသနှင့် အချိန်ကိုဖြတ်၍ တစ်စုံတစ်ဦးမှ စိုက်ကြည့်နေသကဲ့သို့ ခံစားရ၏။
“ ဒါ ... ။ ”
ထောင်ချင်းရှန်နှင့် စပျစ်နွယ်ပင်က ဒူးထောက်လုနီးပါး ထိတ်လန့်လာချေပြီ။ ကြည့်နေဆဲမှာပင် ယဇ်ပလ္လင်အထက်၌ သွေးရေဝဲဖြစ်ပေါ်လာ၏။
နှစ်များတစ်လျှောက် ရေဘုရင်သည် ဤသွေးရေဝဲဖြင့် ဆက်သွယ်ကာ သူ့အင်အားကို တည်ဆောက်ထားပုံပေပင်။
“ ဝူဟွမ်၊ မင်းအဆင်သင့်ဖြစ်ပြီလား။ ”
ရုတ်တရက်ပင် သွေးရေဝဲမှ စူးရှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။ ရေဘုရင်က အသံမထွက်ရဲတော့ချေ။
“ ဝူဟွမ် သေပြီ ... အနာဂတ်မှာ ကိုးမြို့ရိုးမြို့ဟာ ... လုံးဝပျက်စီးသွားလိမ့်မယ် မင်းထွက်လာဝံ့ရင် မင်းပါသေရမယ်။ ”
စုရီက တည်ငြိမ်စွာ တုန့်ပြန်သည်။ ဤအခိုက်တွင် သွေးရေဝဲမှ တိတ်ဆိတ်သွား၏။ သဘာဝဝိညာဉ်နှင့် သရဲတစ္ဆေများအားလုံး ဦးရေပြားများ ထုံကျင်သွားကုန်သည်။
ရေဘုရင်စကားအရ ဤသွေးရေဝဲသည် နတ်ဘုရားဖြစ်သည်။ အကန့်အသတ် မရှိသော တန်ခိုးရှင်တစ်ဦးဖြစ်၏။
“ ဒါပေမယ့် ... မင်းလို ယုတ်ညံ့တဲ့ သားရဲတစ်ကောင်ဟာ အချိန်နဲ့ အာကာသကို ဖြတ်ပြီး ဆင်းလာဝံ့မယ် မထင်ပါဘူး။ ”
စုရီမှ စိတ်ပျက်လက်ပျက် ညည်းတွားကာ ခေါင်းယမ်းလိုက်သည်။ တစ်ဖက်မှ သွေးရေဝဲက ဒေါသထွက်လာပြီး၊
“ ဟမ့် ... ပုရွက်ဆိတ်လေး၊ မင်းငါ့ကို စိန်ခေါ်ရဲလား ... သေချင်နေလား ဒူးထောက်ပြီး မြန်မြန် တောင်းပန်ပါ။ ”
ဤတစ်ကြိမ်၌ ၎င်းအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ ကြေးဝါတံခါး များကို တုန်ဟည်းသွားစေ၏။
“ မင်းထွက်လာပြီး ငါနဲ့ စကားပြောပါ။ ”
စုရီက ဂရုမစိုက်ဘဲ ခေါ်ထုတ်လိုက်သည်။ သွေးရေဝဲမှ တုန်ခါလာပြီး၊
“ ကောင်းပြီ ... ငါမင်းကို သတိရနေမှာပါ တစ်နေ့ မင်းခေါင်းကိုဖြတ်ပြီး အပြစ်ပေးပြမယ် ဟမ့် ... ။ ”
-ဟု ပြောကြားလျက် ပေါက်ကွဲ ပျောက်ကွယ်သွားကာ အနက်ရောင်ပလ္လင် အသက်မဲ့သွား၏။
“ စိတ်ပျက်စရာပဲ ဒေါသတကြီးနဲ့ ခုန်ထွက်လာမယ် ထင်နေတာ ... ။ ”
စုရီက စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်လာခဲ့သည်။ ထိုအချိန်၌ နွားဦးခေါင်း တစ္ဆေက တုန်တုန်ယင်ယင် လှမ်းတက်လာပြီး၊
“ တာအိုသခင် ... ငါတို့အရင်က မျက်စိကန်းခဲ့ပါတယ် ဒီရတနာတွေကို ယူပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ”
-ဟု တောင်းပန်တော့သည်။
မလှမ်းမကမ်းတွင် မြေပြင်ပေါ်၌ ဒူးထောက်နေသော သရဲတစ္ဆေနှင့် သဘာဝ ဝိညာဉ်များ အားလုံးသည်လည်း၊
“ တာအိုသခင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ”
-ဟု တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
စုရီက ထောင်ချင်းရှန်ထံ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ နွားတစ္ဆေအိုကြီး ... မင်းအချိန်မီ အမြင်မှန်ရလောက်အောင် ဉာဏ်ကောင်းတယ် အနာဂတ်မှာ ပိုသတိထားပါ။ ”
ထောင်ချင်းရှန်က ဟန်ပါပါ ခြိမ်းခြောက်လျက် လက်ဆောင်ပစ္စည်းအိတ်ကို ထမ်းကာ စုရီနောက် လိုက်ပါလာခဲ့သည်။
နွားတစ္ဆေက လျင်မြန်စွာ ပြုံးပြပြီး ခေါင်းညိတ်တော့၏။ စုရီတို့ ပျောက်ကွယ်သွား ချိန်၌ ချက်ချင်းထရပ်ကာ၊
“ မြန်မြန်ထွက်ကြ ... တာအိုသခင်က ကိုးမြို့ရိုးကို ဖျက်ဆီးမယ် ပြောထားတာ မကြားကြဘူးလား၊ မြန်မြန် ... ။ ”
“ ဟမ့် ... ငါမေ့သွားတယ် ပြေးပြေး ... ။ ”
ဧည့်ခံပွဲသို့ တက်ရောက်လာသော သရဲတစ္ဆေများအားလုံး တရုန်းရုန်း ဖြစ်ကုန်၏။ ထို့နောက်တွင် တစ်ကောင်ပြီး တစ်ကောင် ရေပေါ် ပြေးတက်လာကြတော့သည်။
***