တာအိုကြယ်ချီ ... ။
Vol. 14 Ch. 164
ညအမှောင်အောက်တွင် စုရီနှင့် အဖွဲ့သားများသည် ရေပြင်ပေါ် တစ်ယောက်ပြီး တစ်ယောက် ပြန်၍ ထွက်ပေါ်လာ၏။
“ မင်းတို့ ပြန်နှင့် ... ငါနဲ့ လင်ရွယ် အတူလိုက်လာခဲ့မယ်။ ”
စုရီက နင်စစ်ဟွာကို ပြောကြားလိုက်သည်။
“ ဘာလို့အတူ မပြန်ရတာလဲ။ ”
“ ဟမ့် ... မင်းသားရဲက နှစ်ယောက်ပဲ နိုင်တာမဟုတ်လား။ ”
“ ဘယ်သူပြောလဲ ... အဲဒီကောင်မလေး နှစ်ယောက်ကို အတူ မခေါ်လို့ပဲ ... ချင်အာက ဆယ်ယောက်အထိ သယ်နိုင်တယ်။ ”
ထိုစကားကြောင့် စုရီခမျာ မျက်ခုံးပင့် လိုက်မိသည်။ မိန်မများသည် မိန်းမများသာ ဖြစ်၏။ မည်သည့်အခါမျှ ၎င်းတို့နှလုံးသားကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။
“ ကောင်းပြီ ... သွားရအောင်။ ”
စုရီက တွေးတောရန် ပျင်းရိလာပြီး ထောင်ချင်းရှန်ထံ လက်လှမ်းလိုက်လေသည်။ ထောင်ချင်းရှန်မှ၊
“ တာအိုသခင် ငါလိုက်ပို့ပေးရမလား။”
-ဟု ပြုံးလျက် မေးမြန်း၏။
“ မလိုဘူး ... နောင်မှာ ဒီလိုညစ်ညမ်းတဲ့ အရာတွေနဲ့ ပတ်သက်မှု နည်းပါးအောင်နေပြီး တာအိုအပေါ်ပဲ အာရုံစိုက်ပါ။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”
ထို့နောက်တွင် စုရီက လက်ဆောင်အိတ်ကြီးကို ကျောက်စိမ်းဆွဲသီး အတွင်း သိမ်းဆည်းလျက် လင်းယုန်စိမ်းပေါ် ခုန်တက်လိုက်တော့၏။
“ ကျီး ... ။ ”
လင်းယုန်စိမ်းမှ ကောင်းကင်ပေါ် ပျံတက်နေစဉ် ကောင်းကင်လမ်းညွှန်ဓားဖြင့် စုရီက မြစ်ပြင်ပေါ် ခုတ်ချပစ်လိုက်၏။
“ ဝုန်း ... ။ ”
ရေမျက်နှာပြင် ထက်ခြမ်းကွဲသွားပြီး ကိုးမြို့ရိုးပေါ်လာလေသည်။ ဓားမီးတောက်က ယဇ်ပလ္လင်ကို တိုက်ရိုက်ထိမှန်သွား၏။
ကြေးတံခါးကြီးကိုးချပ်သည် ထိုဓားအလင်းကြောင့် အသက်ဝင်လာပြီး လေ၊ မိုးကြိုး၊ မြေမီး၊ နေ၊ လနှင့် ကြယ်များ၏ အရောင်များပေါင်းစုံလျက် လှိုင်းတစ်ခု ထုတ်လွှတ်ပေး၏။
“ ဘောင်း ... ။ ”
ပထမဆုံး သက်ရောက်မှုသည် အနက်ရောင်ယဇ်ပလ္လင်ထံ ဖြစ်ပြီး အမှုန့်အဖြစ် ပြောင်းလဲပေါက်ကွဲသွားစေသည်။
ထို့နောက် ပြင်းထန်သော အဖျက်စွမ်းအင်လှိုင်းသည် ပလ္လင်ကို ဗဟိုပြု၍ နေရာအနှံ့ ပျံ့နှံ့သွား၏။
အနက်ရောင် ခေါင်းတလား ပုံသဏ္ဍာန်ရှိသော အိမ်များအားလုံး တခဏ အတွင်း အမှုန်အဖြစ် ပြောင်းသွားသည်။
လမ်းများပေါ်တွင် ပျံ့လွင့်နေသော သရဲတစ္ဆေများသည် ကြောက်လန့်တကြားနှင့် အော်ဟစ်လျက် ထိုလှိုင်းလုံးအတွင်း ပျောက်ကွယ်ကုန်၏။
အချိန်တိုတိုအတွင်း အရိုးပေသီး တွက်နေသော အဖိုးအို၊ အသားပုတ်ရောင်းသည့် ဆိုင်ရှင်၊ အင်္ဂါအစိတ်အပိုင်းများ ရောင်းနေသည် တစ္ဆေ စသည့် အရာအားလုံး တမဟုတ်ချင်း ပျောက်ကွယ်သွား၏။
သဘာဝ ကပ်ဘေးကြီး သင့်သကဲ့သို့ မီးတောက်များ၊ လျှပ်စီးများ၊ မိုးကြိုးမုန်တိုင်း စသည်တို့ ချက်ချင်း ကျရောက်လာသည်။
အဆုံးတွင် တစ္ဆေဒိုမိန်းကြီးမှာ သဘာဝမြစ်ကြမ်းပြင်အဖြစ် ပြောင်းလဲလာပြီး မြစ်ရေစီးကြောင်းများ တဝေါဝေါ ပြန်၍ စီးဆင်းလာတော့၏။
ရေဝဲတစ်ထောင်သည် ပြန့်ပြူးသော ရေပြင်ဖြစ်လာသည်။ ယနေ့မှစပြီး အချိန်အခါ မဟုတ် မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသည်တို့ ရှိတော့မည် မဟုတ်ချေ။
“ ဒီဓားက တောင်မြစ် စွမ်းအားကို ငှားယူထားတယ်။ ”
နင်စစ်ဟွာက တည်ငြိမ်ဟန်ယူကာ ခေါင်းညိတ်ပြသည်။ သူမသည် ဓားတန်ခိုးနှင့် ဆန်းကြယ်မှုကို မြင်နိုင်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။
လင်းယုန်စိမ်းအတွက်မူ ဆိုဖွယ် မရှိတော့ချေ။ တစ်ဖက်လူသည် သူ့ကိုသားရဲဟု ခေါ်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီချေ၏။
“ ဒါဟာ ပြင်ပခွန်အားကို ... ချေးငှားထားတာပါ ဂုဏ်ယူဖွယ် မရှိသေးပါဘူး။ ”
စုရီက ငြင်းဆန်သည်။ ဤမတိုင်မီ ကြေးဝါတိုင်များတွင် တားမြစ်အမိန့်များ သူ ရေးထွင်းကာ ကိုးနန်းတော် သွေးသန့်စင်ခြင်း ဝင်္ကပါကို ထိန်းချုပ်ခဲ့ခြင်းဖြစ်၏။
အများအမြင်၌ ဓားတစ်ချက်ဖြစ် သော်ငြားလည်း အမှန်တွင် ဝင်္ကပါစွမ်းအားကို အသက်သွင်းကာ မြို့ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ချေပြီ။
“ မြန်မြန် သွားကြရအောင် ... ငါတို့ မိုးမလင်းခင် ပြန်ရောက်နိုင်ရင် အကောင်းဆုံးပဲ။ ”
“ ကောင်းပြီ ... ။ ”
နင်စစ်ဟွာက ခေါင်းညိတ်လိုက်ပြီး လင်းယုန်စိမ်း နားရွက်အနား တိုးကပ်သွားကာ တိုးတိုးလေး ပြောလိုက်တော့၏။
ထိုအချိန်တွင် မှောင်မိုက်ကာ အပျက်အစီးများနှင့် ပြည့်နှက်နေသောမြေပြင်၌ လူသေကောင်များ၊ သွေးများ၊ အရိုးများ ပျံ့ကျဲနေခဲ့သည်။
“ ပုရွက်ဆိတ် တစ်ကောင်က ... ငါ့ကျွန်ကိုသတ်ပြီး အကြံအစည်ကို ဖျက်ဆီးဖို့ သတ္တိရှိလား ... ငါလွတ်မြောက်တာနဲ့ မင်းကို အရင်သတ်မယ်။ ”
ခေါင်းကိုးလုံး လင်းတကြီးက အရိုးတောင်ပေါ်တပ်ရပ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
၎င်းအတောင်ပံများသည် ပုပ်ပွနေပြီး အပေါက်များနှင့် ပြည့်နေသော (၃)မီတာအရွယ် ရှိ၏။
ခေါင်းကိုးလုံးတွင် နှစ်လုံးတည်းသာ အကောင်းအတိုင်း ကျန်ရှိသည်။ သနားစရာ ပေပင်။
“ ဟမ့် ... ဒီအကျပ်အတည်းကနေ မလွတ်မြောက်နိုင်သေးပေမယ့် နောက်ထပ် ယုံကြည်သူတွေကို ရှာနိုင်ပါသေးတယ်။ ”
အချိန်အတော်ကြာ ပြီးနောက် ခေါင်းကိုးလုံးငှက်၏ ဒေါသမှာ တဖြည်းဖြည်း လျော့ပါးလာလေသည်။
နှစ်ဘီလီယံ ပေါင်းများစွာ ကြာလာ သည်နှင့်အမျှ ဤကမ္ဘာကြီးတွင် တစ်ဦးတည်း သက်ရှိအဖြစ် ကျန်ရှိခဲ့ချေပြီ။
***
ပြတင်းပေါက်မှ နံနက်ခင်း အလင်းရောင်များက ကြည်နူးဖွယ်ကောင်းသော ကမ္ဘာကို ခေါ်ဆောင်ပေးလာသည်။
ညက စုရီကို ပြန်ပို့ပြီး နင်စစ်ဟွာက အမျိုးသမီးနှစ်ယောက်ကို ကောင်ကင်မူလ အကယ်ဒမီသို့ ပြန်ခေါ်သွားလေသည်။
စုရီက ကျောက်စိမ်းဆွဲသီးမှ လက်ဆောင်ထုပ်ကို ထုတ်ယူကာ စစ်ဆေး လိုက်သည်။
အတွင်း၌ တတိယတန်း ဝိညာဉ်ရေး ပစ္စည်းများ၊ တတိယတန်း ဝိညာဉ်ရေးဆေးများ၊ တတိယတန်း ဝိညာဉ်လက်နက်၊ စိတ်ဝိညာဉ်ကို အာဟာရပေးနိုင်သော သတ္တုများနှင့် ဝိညာဉ်ကျောက်တုံးများ ပါရှိသည်။
၎င်းတို့အနက် ပယင်းရောင် ကျောက်တုံးတစ်တုံးကို စိတ်ဝင်တစား ကောက်ကိုင် ကြည့်လိုက်၏။
ဤကျောက်တုံးသည် ကလေး လက်သီးအရွယ်မျှသာရှိနေပြီး မှိန်ဖျော့ဖျော့ အလင်းကို ထုတ်ပေးသည်။
၎င်းကို တူးဖော် တွေ့ရှိခဲ့သည်မှာ ကြာမြင့်ပုံ မရသေးချေ။ ရွံ့များ ပေကျံနေခဲ့၏။ အနည်းဆုံး ပေါင်ရာဂဏန်းခန့် လေးသည်။
ဓားထုတ်ကာ ကျောက်တုံးကို ခုတ်ချ လိုက်သည်။ မီးပွားများနှင့်အတူ တောက်ပသော အလင်းများ ထွက်လာ၏။ ငွေရောင်သံတုံး တစ်တုံး ဖြစ်ချေပြီ။
ခိုဥအရွယ်မျှသာ ဖြစ်သော်လည်း အလင်းရောင်သည် တောက်ပလွန်းသဖြင့် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ရသည်။
“ ဥက္ကာသံပဲ ... ။ ”
စုရီမှ ရွှင်မြူသွားသည်။ ဥက္ကာသံသည် ကောင်းကင်မှ လာသော ပဉ္စမတန်းဝိညာဉ် ပစ္စည်းဖြစ်၏။
ရှားပါးပြီး အသွင်အပြင်သည် ငွေရောင်တောက်ပကာ အလွန်သိပ်သည်းသော ကြယ်စွမ်းအင်များ ပါရှိလေသည်။
ဤသည်မှာ ဓားတစ်လက် သွန်းလုပ်ရန်အတွက် အကောင်းဆုံးသော ပါဝင် ပစ္စည်းဖြစ်၏။ ပမာဏ အနည်းငယ်မျှဖြင့် မယုံနိုင်ဖွယ် အရည်အသွေးမျိုး ရရှိနိုင်မည်။
လက်ရှိ ဥက္ကာသံအပိုင်းအစသည် ခိုဥအရွယ်အစားမျှသာ ဖြစ်သော်ငြားလည်း ကီလိုဂရမ်တစ်ရာ ရှိသည်။
သူ့ ကောင်းကင်လမ်းညွှန်ဓားတွင် စွမ်းအား(၄၀%)ခန့် အသုံးပြုပြီး ဖြစ်သဖြင့် နှောင်းပိုင်း ချီသန့်စင်ခြင်း စွမ်းအားကို အပြည့်အဝ မပြသနိုင်တော့ချေ။
ထို့ကြောင့် အချိန်ရပါက ဓားတစ်လက် သွန်းလုပ်ရန် စိတ်ကူးရလာခဲ့သည်။ ရုတ်တရက် ချာကျင် ရောက်ရှိလာပြီး၊
“ သခင်လေး ငါစဉ်းစားပြီးပါပြီ။ ”
-ဟု ရှက်ရွံ့စွာ ပြောကြားလာ၏။
“ ဘာစဉ်းစားပြီးတာလဲ ... ။ ”
စုရီတစ်ယောက် နားရှုပ်သွားသည်။
“ ငါ ... သခင်လေးရဲ့ အစေခံအဖြစ် နေပါ့မယ်။ ”
သို့မှသာ ချာကျင်ထံ ရွေးချယ်စရာ နှစ်ခုပေးထားခဲ့သည်ကို စုရီတစ်ယောက် ပြန်သတိရသွားလေသည်။
“ ပညာရှိတဲ့ ရွေးချယ်မှုပဲ ... ။ ”
ခေါင်းညိတ်လျက် ပစ္စည်းအချို့ ရောင်းရန်စေလွှတ် လိုက်သည်။ ထို့နောက် ပြတင်းပေါက်အနား စားပွဲခုံတွင် တိတ်ဆိတ်စွာ တစ်ယောက်တည်း ထိုင်နေမိ၏။
ခြံတံခါးဝမှ လှမ်းထွက်သွားသော ချာကျင်နောက်ကျောထံ ကြည့်ပြီး စာရွက်နှင့် ကလောင်တံကို ကောက်ယူလိုက်သည်။
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ‘ကြယ်ထင်ရှားခြင်း’ဟုခေါ်သည်။ ထိုအဆင့်၌ စစ်မှန်သော ကြယ်ချီကို လွှတ်ပေးနိုင်၏။
ဤနည်းဖြင့်ရေကို ထိန်းချုပ်ပြီး အဝေးမှရန်သူများအပေါ် သတ်နိုင်ပေမည်။ ထို့ကြောင့် မဟာခင်တစ်ပါး၏ ခွန်အားသည် ကြယ်ချီအရည်အသွေးနှင့် ဆက်စပ်၏။
အရိုင်းမြေကိုးပါးတွင် ကြယ်ချီအရည်အသွေးကို အဆင့်သုံးဆင့် ခွဲခြားထားလေသည်။
( ကြယ်ချီ = ကြယ်စွမ်းအင်။)
ကြယ်စွမ်းအင်များကို ပထမအဆင့် မြေကြီးကြယ်ချီ၊ ဒုတိယအဆင့် ကောင်းကင် ကြယ်ချီနှင့် တတိယအဆင့် ဝိညာဉ်ကြယ်ချီ ဟူ၍ ခွဲခြားထားသည်။
မြေကြီးကြယ်ချီသည် ကျင့်ကြံသူတိုင်း ပိုင်ဆိုင်၏။ ကောင်းကင်ကြယ်ချီ အတွက်မူ အထက်တန်းစားများ၌သာ မြင်နိုင်မည်။
နောက်ဆုံး ဝိညာဉ်ကြယ်ချီသည် ထိပ်တန်းရှေးဟောင်းတာအိုဂိုဏ်းများ၏ အမာခံ တပည့်များတွင်သာ ရှိ၏။
ယင်းသည် အုတ်မြစ်၊ စွမ်းရည်တို့နှင့် မသက်ဆိုင်လှချေ။ ထိပ်တန်း လမ်းညွှန်သူနှင့် စွမ်းအင်ကျင့်ကြံမှုနည်းစနစ် လိုအပ်ချေပြီ။
မြေကြီး၊ ကောင်းကင်နှင့် ဝိညာဉ်တို့ အထက်တွင် တာအိုကြယ်ချီရှိသည်။ ၎င်းသည် မဟာသခင်အဆင့်၏ လျှို့ဝှက်ချက် ဖြစ်၏။ ကျင့်ကြံသူတိုင်း မသိကြချေ။
တာအိုကြယ်ချီ ရရှိရန် ချီသန့်စင်ခြင်းအဆင့်၌ စွမ်းအင်လမ်းကြောင်း (၁၀၈)ခုကို ဖွင့်လှစ်ပြီး (၁၃)ခုမြောက် လျှို့ဝှက် သွေးပြန်ကြော ပိုင်ဆိုင်ထားရပေမည်။
အရိုင်းမြေကိုးပါး၌ပင် ထိုအရာကို လူအနည်းငယ်မျှသာ အောင်မြင်ပြီး ၎င်းတို့မှာ ခေတ်အဆက်ဆက် တောက်ပသည့် ဒဏ္ဍာရီမျိုး ချန်ထားနိုင်ခဲ့ကြသည်။
ထို့ကြောင့် လက်ရှိ စုရီဘဝတွင် တာအိုကြယ်ချီ ရယူရန် စိတ်ပိုင်းဖြတ်ထား ခဲ့သည်။
တာအိုကြယ်ချီသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ ဓားကဲ့သို့ထက်ရှ၏။ အနည်းငယ် မျှသာ လက်ရှိအချိန်၌ သန့်စင်နိုင်သော်လည်း တိုးတက်မှုအဖြစ် မှတ်ယူနိုင်သည်။
“ ဒီနှုန်းနဲ့ဆိုရင် ... ငါ့ရဲ့ချီအားလုံးကို တာအိုကြယ်ချီဖြစ်အောင် သန့်စင်ဖို့ အချိန်ယူ ရလိမ့်မယ်။ ”
ကိုယ်ရည်ကိုယ်သွေးကို သုံးသပ်ပြီးနောက် အချိန်အတော်ကြာ ငြိမ်သက်နေကာ အခန်းထဲမှ ထထွက်လာခဲ့သည်။ ချာကျင် ပြန်ရောက်နေပြီး စားစရာများ ပြင်ဆင်နေပြီ ဖြစ်၏။
“ သခင်လေး ဒီနေ့ ဝိုင်ကောင်းကောင်း ပါတယ်။ ”
***