ကြေးဒင်္ဂါး ... ။
Vol. 14 Ch. 166
“ ဟူရန်ဟိုင် ... အခု ဘယ်မှာလဲ။ ”
စုရီမေးခွန်းကြောင့် လူလတ်ပိုင်းအရွယ်အမျိုးသားက တုန်လှုပ်သော လေသံဖြင့်၊
“ ဌာနခွဲ ခေါင်းဆောင်က ... ပင်မဂိုဏ်းကို သွားပါတယ် ပြည်နယ်ခြောက်ခုလုံးက ဌာနခွဲ ခေါင်းဆောင်တွေ အကုန်လုံး ဆင့်ခေါ် ခံရတာပါ။ ”
“ ဟမ့် ... မရဏတံခါးဂိုဏ်းက ပျက်စီးလုနီးပါး ဖြစ်နေပြီမဟုတ်လား နှစ်ပေါင်း ဘယ်လောက် ကြာသွားပြီလဲ ... အခုမှ ဘာများ လုပ်ဖို့ စီစဉ်နေတာလဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းပြီး၊
“ ဒီလို လျှို့ဝှက်ကိစ္စမျိုးက ငါတို့လို လူတွေအတွက် လက်လှမ်းမမီပါဘူး။ ”
-ဟု ပြန်ဖြေသည်။
“ မရဏတံခါးဂိုဏ်းရဲ့ ဌာနချုပ်က ဘယ်မှာလဲ။ ”
“ အဖြူရောင် ပြည်နယ်မှာ ရှိပါတယ် နေရာအတိအကျတော့ ဌာနခွဲခေါင်းဆောင်ပဲ သိပါလိမ့်မယ်။ ”
အဖြူရောင် ပြည်နယ်တွင် လန်လင်ရှောင်မိသားစု နေထိုင်ကြောင်း စုရီမှ သတိရလာ၏။ ထိုပြည်နယ်သည် ကျောက်စိမ်း မြို့တော်နှင့် ထိစပ်နေသော ပြည်နယ် တစ်ခုလည်း ဖြစ်သည်။
မရဏတံခါးဂိုဏ်း၏ ဌာနချုပ်ကို ဤကဲ့သို့သောအရပ်တွင် အခိုင်အမာ တည်ထား လိမ့်မည်ဟု မည်သူမျှ ထင်လိမ့်မည် မဟုတ်ချေ။
ခဏအကြာတွင် စုရီက ခေါင်းယမ်းလိုက်သည်။ သူနှင့်မဆိုင်သော အရာများကို တွေးရန် ပျင်းရိလာ၏။
ယခုစုံစမ်းရခြင်းသည်လည်း ချင်းဝမ်၏ မူလနှင့်ပတ်သက်သော သဲလွန်စများ ရှာဖွေရန် ဖြစ်သည်။
“ ဒီနေ့ ဘာဖြစ်ခဲ့လဲ ဆိုတာ ... ။ ”
စုရီမှ စကားပြောရန် ပြင်လိုက်စဉ် လူလတ်ပိုင်းအရွယ် အမျိုးသားက အသက် ပြင်းပြင်းရှူလိုက်ပြီး
“ သခင်လေး၊ ငါလုချွမ် ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ထုတ်ဖော်မပြောဘူးလို့ ကောင်းကင်ကို ကျိန်ဆိုပါတယ်၊ ပြောခဲ့ရင် ကောင်းကင်က အပြစ်ပေးပါစေ။ ”
-ဟု ချက်ချင်း ကတိပေးလိုက်သည်။
သို့သော် စုရီမှ ခေါင်းယမ်းလိုက်၏။
“ မင်း ... အရမ်းတွေးနေပြီ ... ဟူရန်ဟိုင်ပြန်လာတဲ့အခါ ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြလို့ရပါတယ် လက်စားချေချင်တယ် ဆိုရင် ... တိမ်ပင်လယ်စံအိမ်ကို လမ်းညွှန်ပေးလိုက်။ ”
ထိုစကားကြောင့် လုချွမ်တစ်ယောက် မှင်သပ်သွားတော့၏။ သူ့နှလုံးသားတစ်ခုလုံး ကွဲကြေလုနီးပါးပေပင်။
( သခင်လေး ... ငါသစ္စာပြုပြီးပြီလေ မင်းဘာလို့ပြောခိုင်းနေရတာလဲ ကောင်းကင်က အပြစ်ပေးပြီး ငါ့ကို သေစေချင်နေတာလား။ )
သို့သော် သူ သတိပြန်ဝင်လာချိန်၌ စုရီတစ်ယောက် ထွက်သွားပြီဖြစ်သည်။ စုရီက တစ်ဖက်လူ ပြောသမျှ လုံးဝမယုံချေ။ စိစစ်ရန် စီစဉ်ထား၏။
နာရီဝက်အကြာတွင် အိမ်အိုကြီး တစ်လုံးရှေ့၌ မျက်မှောက်ကြုတ်ကာ ရပ်လိုက် လေသည်။
ခြံဝင်းကို ဖုံးအုပ်ထားသော ဝင်္ကပါ အစီရင်သည် အသက်ဝင်နေပြီ ဖြစ်၏။ တံခါးဖွင့် လိုက်သည်နှင့် အသတ်ခံရနိုင်မည်။ တစ်စုံ တစ်ယောက်ကို စောင့်နေပုံပေပင်။
“ ဒီကောင် တစ်ယောက်ယောက်ကို စောင့်နေတာလား။ ”
စုရီ၏ ကြည်လင်သော မျက်လုံးများ၌ ရွှေရောင် အလင်းများ ထွက်ပေါ်လာသည်။ ရွှေမီးတောက်မျက်လုံးများ ဖြစ်၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့နှံ့နေသော ဝိညာဉ်စွမ်းအင်၊ ယင်စွမ်းအင်၊ နတ်ဆိုးစသည့် မမြင်နိုင်သော အရာများစွာကို ပိုင်ခြား မြင်နိုင်စေသည့် နတ်မျက်လုံးပညာရပ် တစ်မျိုးဖြစ်သည်။
ဝိညာဉ်စွမ်းအားကို ထူးခြားစွာ အသုံးပြုခြင်းမည်၏။ ခဏအကြာတွင် ခြံဝင်း အနောက်ဘက်သို့ လျှောက်သွားကာ နံရံပေါ်ရှိ အနည်းငယ် ပြူထွက်နေသော အပြာရောင် အုတ်ခဲကို လက်ညှိုးဖြင့် တွန်းလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ ငြိမ်သက်သွားပြီး ခြံဝင်းအတွင်းမှ စကားစမြည် ပြောဆိုနေသံကိုပင် ကြားလာရ၏။
“ အဖိုးကြီးဝမ်၊ ငါဒီမနက် အစောကြီး စစ်ဆေးကြည့်သေးတယ် တည်းခိုခန်းမှာ ဘာမှ မထူးခြားပါဘူး။ ”
အဝါရောင်ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက ကျောက်စားပွဲတွင် ထိုင်ကာ အရက်သောက်လျက်၊
“ မင်းမှာ တစ်ခုခုမှားနေသလား။ ”
- ဟု မေးမြန်းတော့သည်။
“ မမှားပါဘူး ... ။ ”
သူ့ရှေ့ရှိ ဝမ်ယွင်ချွယ်မှ ခေါင်းခါပြီး၊
“ ဒီကောင်လေး မနေ့က ဒီမြို့ကို ရောက်နေပြီဆိုတာ ... သေချာပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
အဝါရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက၊
“ သူ တည်းခိုခန်းကို သွားဖို့ ... ရည်ရွယ်ချက် မရှိဘူး ထင်တယ်။ ”
-ဟု မှတ်ချက်ပေး၏။
ဝမ်ယွင်ချွယ်မှ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ အဆုံးတွင် သက်ပြင်းချလျက်
“ ဖြစ်နိုင်ပါတယ် ... ။ ”
-ဟု ထောက်ခံသည်။
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက၊
“ ဒီလိုလူငယ်လေးတစ်ယောက်ဟာ ဟူရန်ဟိုင်ကို ယှဉ်နိုင်မယ်လို့ မင်းတကယ် ထင်နေတာလား။ ”
“ ဒီလူငယ်ကို မင်းမျက်စိနဲ့ မြင်ရရင် သူ့ရဲ့အစွမ်းက ဘယ်လောက်ထိ ကြောက်စရာ ကောင်းတယ်ဆိုတာ မင်းနားလည်လာလိမ့်မယ် ဟူရန်ဟိုင်ရဲ့ ဒုတိယအဆင့် မဟာသခင် ခွန်အားက သူ့ရှေ့မှာ အလုပ်မဖြစ်နိုင်ဘူး။ ”
အဝါရောင် ၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် လေသံကိုလျှော့ချပြီး၊
“ ဒါပေမယ့် ... အဲဒီကောင်လေးက မင်းရဲ့ ရည်ရွယ်ချက်ကို သိပြီး ... လက်စားချေလာမှာ မစိုးရိမ်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဘာကို စိုးရိမ်ရမှာလဲ ... သူက ဝိညာဉ်ကျောက်စိမ်းရဲ့ လျှို့ဝှက်ချက်ကို သိချင်ရင် ဟူရန်ဟိုင်နဲ့ မလွှဲမသေ ဆက်ဆံရလိမ့်မယ်။ ”
“ ဒါပေမယ့် သူရောက်နေတာကို မင်းသိနေတာပဲ တည်းခိုခန်းကို မရဏတံခါးက သိမ်းပိုက်ထားတာ သတိပေးသင့်တယ်။ ”
“ ဟား ဟား ဟား ... မင်း နားမလည်ဘူး၊ ဝိညာဉ်ကျောက်စိမ်းရဖို့ ငါဂိုဏ်းကို သစ္စာဖေါက် ခဲ့ရတယ် ... ဒါဆို ငါသူ့ကို ဘယ်လိုများ ...
... စေသနာ ရှိရမှာလဲ ... ဒီလို ကောင်လေးမျိုးကို ဖြုတ်ချဖို့ အခွင့်အရေးရရင် ငါယူရလိမ့်မယ်။ ”
“ မင်းဆန္ဒ မပြည့်တာ ... စိတ်မကောင်းစရာပါပဲ။ ”
ဝမ်ယွင်ချွယ်တစ်ယောက် အပြုံးများ ချက်ချင်းအေးခဲသွားပြီး မတ်တပ်ထရပ်ကာ အနက်ရောင် ဝင်္ကပါပြားကို ထုတ်ယူ ဖိချေပစ်လိုက်သည်။
“ ပြေး ... ။ ”
သို့သော် ဝင်္ကပါမှ တုံ့ပြန်မှု မပြချေ။ တုန့်ဆိုင်းမနေဝံ့တော့ဘဲ ထပြေးတော့သည်။ သို့သော် လူငယ်တစ်ယောက်က သူ့လမ်း၌ ပိတ်ကာရပ်နေခဲ့၏။
ဝမ်ယွင်ချွယ်တစ်ယောက် မျက်နှာပြောင်းသွားပြီး ကြောင်တစ်ကောင်ကို မြင်သော ကြွက်တစ်ကောင်ကဲ့သို့ ချွေးသီးများ စီးကျလာတော့သည်။
“ သခင်လေး ... မင်းဘယ်ကနေ ဝင်လာတာလဲ။ ”
“ တကယ့်မေးခွန်းက ငါမင်းကို ဘယ်လို ရှာတွေ့ခဲ့တာလဲဆိုတဲ့ မေးခွန်းဖြစ်သင့်တယ် မဟုတ်လား။ ”
စုရီမှ တုန့်ပြန်လိုက်၏။ ဝမ်ယွင်ချွယ်ခမျာ တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားကာ ကူကယ်ရာမဲ့သွားသည်။ သူတို့ စကားဝိုင်းကို တစ်ဖက်လူမှ ကြားခဲ့ပြီးဖြစ်ပုံရ၏။
“ ဒီကိစ္စမှာ ငါမှားတာ ငါသိပါတယ် ဒါပေမယ့် သခင်လေး ... မင်း ဟူရန်ဟိုင်ကို ရှာချင်ရင် ... ငါ့ကို ... ။ ”
“ ရွှပ် ... ။ ”
စုရီမှ သူ့ စကားဆုံးအောင် နားမထောင် တော့ချေ။ ဝမ်ယွင်ချွယ်ခေါင်းကို လက်ဝါးဖြင့် သပ်ယူလိုက်သည်။ မျက်လုံးပြူးနေသော ဦးခေါင်းကြီး ပါလာ၏။
“ မင်းမေးခွန်းကို ဖြေရရင် ငါအခုပဲ တည်းခိုခန်းက ပြန်လာတာ ... မင်းကိုငါ မလိုအပ်တော့ပါဘူး။ ”
ထို့နောက် စုရီက သက်ပြင်းချလိုက်ကာ၊
“ ဟုတ်တယ် ... ၊ ဒီနေ့ ငါဘာလို့များ ဒီလောက်တောင် စကားတွေ ပြောနေရတာလဲ။ ”
-ဟု ညည်းတွားလျက် အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထံ လှမ်းကြည့် လိုက်လေသည်။
အဝါရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ ထိတ်လန့် တုန်ယင်လာခဲ့ပြီး၊
“ သခင် ... သခင်လေးစု၊ ဒီကိစ္စက ငါနဲ့ မဆိုင်ပါဘူး ငါမင်းရဲ့ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူး။ ”
-ဟု ချက်ချင်းတောင်းပန်လိုက်လေသည်။
“ ငါမြို့ကို ရောက်နေတာ သူဘယ်လိုသိလဲ။ ”
“ အဲဒါက ကြေးနီဒင်္ဂါးပြားကြောင့်ပါ မင်းမြို့ကိုရောက်ပြီး တစ်နာရီလောက်မှာ သူ မွေးမြူထားတဲ့ သရဲတစ္ဆေတွေက ရှာတွေ့သွားခဲ့တာပါ။ ”
စုရီက လက်ဖဝါးကို ဖြန့်လိုက်ရာ ကြေးပြားတစ်ပြား ထွက်ပေါ်လာလေသည်။ ထို့နောက် သဘောပေါက်သွားပြီး၊
“ ငါ သတိမထားမိလိုက်ဘူး ... ဒီကြေးနီဒင်္ဂါးပြားကို သွန်းလုပ်ရာမှာသုံးတဲ့ ပစ္စည်းမှာ တစ်ခုခု လွဲနေတယ်လို့တော့ ထင်လိုက်မိသား။ ”
-ဟု မှတ်ချက် ပေးလိုက်၏။
စကားဆုံးသည်နှင့် ကြေးပြားကို စားပွဲပေါ်တင်လိုက်ကာ လှည့်ထွက်သွား တော့၏။
အချိန်အတော်ကြာပြီးနောက် အဝါရောင်၀တ် လူလတ်ပိုင်းအရွယ် အမျိုးသား ခမျာ သက်ပြင်းချကာ ညာဘက်ကောက်ဝတ် အတွင်း ဝှက်ထားသောဓားကို ထုတ်ယူလျက်၊
“ ကံကောင်းတယ် ... ကံကောင်းတယ် ငါတစ်ခုခု မလုပ်မိတာ ... မဟုတ်ရင် ငါလည်း ဒီအဖိုးကြီးဝမ်လို အသတ်ခံရနိုင်တယ်။ ”
-ဟု ညည်းတွားလိုက်လေသည်။
***