ဘာတွေ ဖြစ်ကုန်တာလဲ ... ။
Vol. 14 Ch. 167
တိမ်ပင်လယ်စံအိမ်- ကြာကန်။ နေဝင်ရီတရောအချိန် ကောင်းကင်ကြီးသည် စိမ်းမြသော ကြာကန်ရေပြင်၌ ရောင်ပြန် ဟပ်နေ၏။
“ သခင်လေး ငါဝိုင်ကောင်းကောင်း ဝယ်ထားတယ် ... မင်းစိတ်ညစ်နေရင် အမူး သောက်လို့ရပြီ။ ”
စုရီ ပြန်လာသည်ကိုမြင်ပြီး ချာကျင်မှ ချက်ချင်း ထရပ်လေသည်။ စုရီက နှာခေါင်းကို ပွတ်သပ်ကာ၊
“ ငါ့ကို ကြည့်ရတာ စိတ်မချမ်းသာတဲ့ ပုံပေါက်နေလား။ ”
“ ဟုတ်တယ် ... သခင်လေး၊ မင်း ဝင်လင်ရွယ်အတွက် စိုးရိမ်နေတာ မဟုတ်လား။ ”
ထူးထူးခြားခြား ချာကျင်မှ စုရီကို ဝေဖန်လိုက်၏။ စုရီက ပြန်မပြောဘဲ ရပ်ကြည့် နေသည်။
“ မင်းလိမ်လို့မရဘူး သခင်လေး ... မင်းစိတ်မပျော်တဲ့အခါ မင်းမျက်လုံးတွေမှာ ဥပေက္ခာတရားနဲ့ အထီးကျန်မှုတွေ ထင်ဟပ် နေတယ် ... ဒါက အရမ်းကြီး ထင်သာမြင်သာ မရှိပေမယ့် မြင်သာပါတယ် ...
... မင်းက ညဘက်မှာ တရားထိုင်ပြီး နေ့လည်နေ့ခင်းမှာ အိပ်ရတာကို နှစ်သက်တယ် လျှောက်သွားရတာကို မကြိုက်ဘူး ...ဒါပေမယ့် ဒီနေ့မင်း နှစ်နာရီကြာအောင် အပြင်ကို လျှောက်သွားနေတယ် ...
... ဒါဆို မင်းစိတ်မညစ်လို့ ဘယ်သူ ညစ်ရမှာလဲ ဝမ်လင်ကျောက်နဲ့ လမ်းခွဲလိုက်တာ ဝမ်လင်ရွယ်အတွက် မကျေမနပ်ဖြစ်မှာကို မင်း ကြောက်နေတာ မဟုတ်လား။ ”
“ သွားသောက်ရအောင်။ ”
စုရီက ပြန်မဖြေဘဲ လှည့်ထွက်သွား၏။ အမျိုးသမီးများ၏ ခေါင်းထဲတွင် အရာများစွာကို ထည့်ထားနိုင်ပုံရသည်။
အမှန်အတိုင်း ဝန်ခံရပါမူ ဤလောက၌ သူဂရုအစိုက်ဆုံးလူသည် ဝမ်လင်ရွယ်ဖြစ်၏။ မှတ်ဉာဏ်များ မနိုးထခင် အမှောင်ရက်များ၌ သူမသည်သာ သူ့အပေါ် ကြင်နာသည်။
နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ ပြီးနောက် လောကီအပေါ် ပယ်ဖျက်နိုင်နေပြီဟု ထင်ခဲ့သော်ငြားလည်း အချို့သောအရာများကို မဖြတ်တောက်နိုင်သေးချေ။
ညစာသည် အလွန်အရသာရှိပြီး ဟင်းများအားလုံးသည် စုရီ စိတ်ကြိုက် ဖြစ်၏။
“ သခင်လေး ... သောက်ပါ။ ”
ချာကျင်မှ ဝိုင်ငှဲ့ပေးသည်။
“ ဝိုင်ကောင်းတယ် ... ။ ”
“ ဒါဆို စိတ်ကြိုက်သောက် သခင်လေး။ ”
ချာကျင်မှ ပြုံးပြီး ထပ်ငှဲ့၏။ ထို့နောက် သူမသည်လည်း ငှဲ့သောက်သည်။ ချာကျင်သည် နက်ပြာရောင် ကိုယ်ကြပ်၀တ်စုံနှင့် ဆံပင်များကို မြင့်မြင့် ချည်နှောင်ထားသည်။
လရောင်အောက်၌ သူမ၏ ဖြူစင်သော လည်တိုင်မှာ သွယ်လျကျော့ရှင်းနေ၏။
“ မဟာကျိုးမှာ မင်းဘယ်လောက်ကြာပြီလဲ။ ”
စုရီက ဝိုင်ခွက်ကို ကောက်ယူပြီး အကုန်သောက်ချလိုက်သည်။
“ တစ်နှစ်၊ သုံးလ၊ ဆယ့်ကိုးရက် ... ။ ”
ချာကျင်က လွမ်းဆွတ်နေသော မျက်ဝန်းများဖြင့် ချက်ချင်း ပြန်ဖြေ၏။
“ ငါအရမ်းအထီးကျန်ခဲ့တဲ့ နေ့တွေကို တစ်ရက်မှ မမေ့နိုင်ဘူး ငါ့မိသားစုနဲ့ သူငယ်ချင်း တွေကို အရမ်းသတိရတယ်။ ”
“ ဒါသဘာဝပါပဲ ... ။ ”
စုရီမှ ခေါင်းညိတ်၏။
“ သခင်လေး ... နင်ရော ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို လွမ်းဖူးသလား။ ”
ချာကျင်က ဝိုင်ထပ်ငှဲ့ပေးသည်။
“ မလွမ်းဘူး ... ။ ”
စုရီက အရက်မူးနေသော ချာကျင်ကို တစ်ချက်ပြန်ကြည့်ကာ၊
“ မင်းဒီလမ်းကို ... ခြေချလိုက်တဲ့အခါ အမြဲတမ်း မင်းနဲ့အတူရှိနေမဲ့ ... အရာက နှစ်ခုပဲ ရှိတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘာတွေလဲ ... ။ ”
“ အထီးကျန်မှုနဲ့ ဇွဲလုံးလ ... ။ ”
စုရွှမ်ကြွယ်ဘဝ၏ နှစ်ပေါင်း (၁၈၀၀၀၀)ကာလ၌ ကွဲကွာခြင်း၊ သေဆုံးခြင်း၊ မွေးဖွားခြင်း အစသည့် အရာများစွာကို ကြုံတွေ့ခဲ့ရ၏။
သတိရချိန်၌ ဘေးသို့ ပြန်လှည့်ကြည့်လိုက်မိသောအခါ အနားတွင် မည်သူမျှ မရှိတော့ချေ။ ချာကျင်က ထိုစကားကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်လာပြီး၊
“ ဒီလိုဆိုရင် ... ငါတို့ ဘာလို့တာအိုကို ရှာနေရတာလဲ။ ”
-ဟု မေးမြန်းလာ၏။
“ ငါတို့ရှေ့မှာ တောင်တစ်လုံးရှိတယ် တစ်ယောက်ယောက် တောင်ထိပ်ကို ရောက်ဖို့ သူစောင့်နေတယ် ... မင်း နားမလည်ပါဘူး။ ”
“ ဒါဆို အနာဂါတ်မှာ နားလည်အောင် ကြိုးစားပါ့မယ်။ ”
ညသည် နက်သထက် နက်လာပြီး ပိုးမွှားများပင် အိပ်စက်ကုန်၏။ နှစ်ယောက်သား စကားစမြည်ပြောလျက် ဝိုင်တစ်ပုလင်း ကုန်သွားလေသည်။
အမြဲတမ်း ပျင်းရိနေသူမှ စကားများ ပြောသောအခါတွင် ထူးခြားသည့် အဓိပ္ပါယ်များ ပါရှိနေသဖြင့် ချာကျင်မှ ပို၍ရဲရင့်လာ၏။
“ တကယ်တော့ ... ငါက မဟာဝေရဲ့ တော်ဝင်မိသားစုကနေ ... ဆင်းသက်လာတဲ့ မင်းသမီးတစ်ပါးပါ အရည်အချင်းက ထူးချွန်တဲ့ မျိုးဆက်ထဲ ပါရှိတယ် ...
... ငါ့အနားမှာ အမြဲတမ်း ဝန်းရံသူတွေ အထင်ကြီးသူတွေရှိတယ် ဒါပေမယ့် ... နင်စုရီ နင်ငါ့ကို အိမ်ဖော်လို ဆက်ဆံခဲ့တယ် ... ဟမ့် ငါကျေနပ်မယ်များထင်နေလား ... ။ ”
ရုတ်တရက် ဖြစ်သဖြင့် စုရီတစ်ယောက် အနည်းငယ် မှင်တက်သွားခဲ့၏။ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည့်အလား ချာကျင်အသွင်မှာ နာကျင်နေသည်။
ဤသည်မှာ ကောင်းကင်ကို အံတုပြီး သူမကံကြမ္မာကို ပြောင်းလဲနေခြင်းဖြစ်ကြောင်း နားလည်ပုံမရချေ။
သို့သော် ထိုအတွေးကိုသာ ချာကျင် ကြားသွားပါက သူ့ကို ထပြီး သတ်နိုင်ပေမည်။ အိမ်ဖော်တစ်ယောက်သည် မည်သည့်နေရာ၌ ကောင်းကင်ကို အန်တုနေမည်နည်း။
အဆုံးတွင် စုရီမှ ပြုံးရယ်လျက် လွန်ခဲ့သောရက်အနည်းငယ်မှ ရေးသားခဲ့သည့် စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ကမ်းပေး လိုက်သည်။
“ ဒါ ... ဘာလဲ ... ။ ”
ချာကျင်က စာရွက်ကိုယူကာ မျက်လုံးများ မှေးစင်းလျက် စားပွဲပေါ် မှောက်ကျသွားသည်။ သူမ အလွန်မူးနေချေပြီ။
စုရီသည်လည်း မျက်ခုံးကိုပွတ်လျက် မသောက်နိုင်တော့မှန်း နားလည်လိုက်သည်။ ထို့ကြောင့် ထထွက်လာစဉ် ချာကျင်မှ စာရွက်ကိုလွှတ်ကာ လှမ်းဆွဲ၏။
“ ဒီည ... ငါနဲ့အတူ မူးအောင်သောက်မယ် ... နင်စုရီ မသွားရဘူး။ ”
“ ဟမ့် ... ။ ”
စုရီမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်၍မတ်မတ်ထထိုင်ကာ ဒုတိယ ဝိုင်ပုလင်းကို ကောက်ယူလျက်၊
“ လာစမ်း ... လဲကျတဲ့အထိ သောက်မယ်။ ”
-ဟု စိန်ခေါ်လိုက်တော့၏။
ချာကျင်တစ်ယောက် လက်နှစ်ဖက်သာ စားပွဲခုံပေါ် မြှောက်တက်လာပြီး ဖန်ခွက်ကို လှမ်းကိုင်လေသည်။
“ စုရီ ... နင်ငါ့ကို လျှော့မတွက်နဲ့ ... ဒီညနင့်မှောက်အောင် သောက်ကြမယ်ဆိုရင် သောက်မယ်ပဲ။ ”
အလွန်လှပပြီး ချစ်စရာကောင်းသော ဤအမျိုးသမီးတစ်ယောက်သည် အရက်မူးချိန်၌ ပုံမှန်မဟုတ်သော မောက်မာမှုကို ပြသနေခဲ့ချေပြီ။
ထိုညက စုရီ တကယ်မူးသွားပြီး ရှည်လျားလှသော နွေဦးအိပ်မက်အတွင်း၌ နစ်မျော သွားခဲ့သည်။
အိပ်မက်ထဲတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်လောင်လျက် ပူပြင်းလှသောမီးလျှံများ လောင်ကျွမ်းနေ၏။
နှုတ်ခမ်းနှစ်လွှာသည် နာကျင်အေးစက် လာပြီးနောက် အသက်ရှူရ ခက်ခဲသွားသဖြင့် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ရသည်။
ထူးထူးဆန်းဆန်း အော်ဟစ် ညည်းညူသံများပင် ယောင်ဝါးဝါး ကြားနေရ၏။ ထို့နောက် နူးညံ့သော တိမ်ပင်လယ်အတွင်း သိမ့်ခနဲ ပြုတ်ကျသွားလေသည်။
အသိစိတ်များ မှုန်ဝါးလာကာ အချိန်အနည်းငယ်ကြာပြီးနောက် အာခေါင်များ ခြောက်ကပ်သွား၏။ ခေါင်းကိုက်လာသဖြင့် မျက်လုံးများ ပြန်ဖွင့်လိုက်လေသည်။
ချက်ချင်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်၏။ ဤသည်မှာ သူ့အိပ်ခန်း မဟုတ်ချေ။ အခန်းအတွင်း မွှေးရနံ့များ ရစ်သိုင်းနေ၏။
ဘေးတွင် စောင်ပုံအတွင်း ဖြူဖွေးသော ပခုံးသားတစ်ခြမ်းပေါ်နေသည့် ဆံပင်ရှည်များ ပုံကျနေခဲ့သော ချာကျင်၏ မျက်နှာတစ်ခြမ်းကို မြင်လိုက်ရသည်။
ကျန်တစ်ဝက်သည် ခေါင်းအုံးအတွင်း နစ်ဝင်နေ၏။ ယမန်နေ့ညက တစ်ခုခု ဖြစ်သွား ခဲ့ပုံရသည်။ မှတ်ဉာဏ်များ ပြန်လည်ခေါ်ယူ လိုက်သော်လည်း မအောင်မြင်ချေ။
အရက်သောက် ပြိုင်ပွဲတစ်ခု ပြုလုပ်နေသည်ကိုသာ ယောင်ဝါးဝါး မှတ်မိ နေခဲ့၏။ အဆုံးတွင် ချာကျင်သည် အမူးလွန်ပြီး ပြိုကျသွားသဖြင့် သူမကို အိပ်ယာထဲ ပို့ပေးသည်ကိုသာ ပြန်သတိရသည်။
ထို့နောက် မမှတ်မိတော့ချေ။ ချာကျင်မှ သူနှင့် အိပ်ခဲ့သည်လော။ သို့မဟုတ် သူသည် ချာကျင်နှင့် အိပ်ခဲ့သည်လော။
ခဏအကြာတွင် ကုတင်ပေါ်မှ ထထိုင်လိုက်ကာ ကြမ်းပြင်၌ ပြန့်ကျဲနေသော အဝတ်အစားများအတွင်း သူ့အင်္ကျီကို ကောက်ယူလိုက်သည်။
အဝတ်အစား ပြန်ဝတ်ပြီး စားပွဲဆီသို့ လျှောက်သွားကာ လက်ဖက်ရည် တစ်ခွက်ကို ငှဲ့သောက်လျက် ချာကျင်ထံ ပြန်ကြည့်မိ၏။
ညက မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့ သနည်း။ အဆုံးတွင် ခေါင်းရမ်းလျက် ထထွက် လာခဲ့သည်။
“ ကျွီ ... ။ ”
တံခါးပိတ်သွားသည်နှင့် မူလက ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ခဲ့သော ချာကျင်မှ မျက်လုံးပွင့်လာ၏။
“ ငါဘယ်တော့မှ ... သူနဲ့ မသောက်တော့ဘူး၊ ဒါက ကျားပါးစပ်ထဲကို ရောက်သွားတဲ့ သိုးလိုပဲ ဘယ်လိုတောင် ဆာလောင်နေလိုက်လဲ ... ။ ”
ထို့နောက်ထရပ်ကာ အဝတ်အစားများ ဝတ်ဆင်လျက် ရှုပ်ပွနေသော ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်လိုက်၏။
တစ်ဆက်တည်းမှာပင် အကြည့်သည် စားပွဲပေါ်ရှိ စာရွက်တစ်ရွက်ထံ ကျရောက်သွား လေသည်။
ဤသည်မှာ မနေ့ညက သူတို့နှစ်ယောက်အတူ သောက်နေစဉ် စုရီမှ ပေးခဲ့သော လျှို့ဝှက်နည်းစနစ်ပေပင်။
စာရွက်ကို ကောက်ယူ ဖတ်ကြည့်ရာ အဖိုးတန်ပြီး အံ့သြဖွယ် ကောင်းလှကြောင်း နားလည်လိုက်၏။ လဂိုဏ်း၏ အမွေများထက် သာလွန်ပေသည်။
သို့သော် ဤလျှို့ဝှက်နည်းစနစ်ကို ခန္ဓာကိုယ်နှင့် လဲလှယ်ခြင်းအဖြစ်တွေးမိချိန်၌ သိပ်အဆင်မပြေ ဖြစ်သွား၏။
နံနက်ခင်း အလင်းရောင်အောက်တွင် စုရီတစ်ယောက် ကြာပန်းများကို ငေးကြည့်ကာ ကုလားထိုင်ပေါ်တွင် လှဲနေခဲ့သည်။
စိတ်အေးလက်အေးနှင့် ဖော်မပြနိုင်လောက်အောင် သက်တောင့် သက်သာ ဖြစ်နေ၏။
တစ်ခုတည်းသော နောင်တသည် မနေ့ည၌အမူးလွန်နေသဖြင့် မည်သည့်အရာ ကိုမျှ မမှတ်မိတော့ခြင်း ဖြစ်ချေပြီ။
***
ထိုမနက်တွင် ယွီမိသားစု စံအိမ်တော်၌ ပြည်နယ်သခင် ရှန့်တျန်ချွယ်နှင့် ယွီပိုင်တျန်တို့ တွေ့ဆုံကြသည်။
“ အစ်ကိုယွီ ... ဆဋ္ဌမမင်းသားနဲ့ မင်းအဆင်မပြေခဲ့ဘူး မဟုတ်လား။ ”
ပိုင်တျန်ချွယ်မှ ပြုံးပြီး၊
“ ဒါကို ... မင်းမြင်ချင်နေတာ မဟုတ်လား အစ်ကိုရှန့် ... ။ ”
-ဟု တုန့်ပြန်လိုက်၏။
“ ဟား ဟား ဟား ... ။ ”
ရှန့်တျန်းချွယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ၊
“ အစ်ကိုယွီ၊ မင်း ဒုတိယမင်းသားရဲ့ အဖွဲ့ထဲဝင်ဖို့ ဆန္ဒရှိလား။ ”
-ဟု မေးမြန်လေသည်။
ယွီပိုင်တျန်မှ ရေနွေးကြမ်းခွက်ကို ငှဲ့သောက်လိုက်ပြီး သက်ပြင်းချလျက်၊
“ အမှန်အတိုင်း ပြောရရင် ... ငါစုရီကို ဘယ်လို သင်ခန်းစာပေးရမလဲ စဉ်းစားနေတာ လောလောဆယ်တော့ တခြားအရာတွေကို စဉ်းစားဖို့ အချိန်မရှိသေးပါဘူး။ ”
“ ဆဋ္ဌမမင်းသားက သူ့ခွေးလေးကို ဖယ်ရှားဖို့ ငြင်းဆိုခဲ့ပေမယ့် ... ငါရှန့်တျန်ချွယ် ငြင်းမှာ မဟုတ်ပါဘူး။ ”
ထိုစကားကြောင့် ယွီပိုင်တျန်မှ ခဏမျှ စဉ်းစားလိုက်ပြီး၊
“ အစ်ကိုရှန့် ... အဲဒီကောင်လေးက ငယ်ပေမယ့် မင်းထင်သလောက် မရိုးရှင်းဘူး ... ငါ့အမြင်အရတော့ ဒီကိစ္စမှာ ... မင်း ဝင်မပါတာ အကောင်းဆုံးပါပဲ။ ”
-ဟု သတိပေး၏။
ရှန့်တျန်ချွယ်မှ မျက်ခုံးပင့် လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ရေနွေးကြမ်းငှဲ့ကာ၊
“ အစ်ကိုယွီ ... မင်းငါ့ကို စိုးရိမ်နေစရာ မလိုပါဘူး ငါ့ကတိကို ငါမဖျက်ဘူး ... ပြီးတော့ စုရီဆိုတာ ဆယ်ကျော်သက်လေး တစ်ယောက်ပါ ...
... ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ငါတို့လို အဖိုးကြီးတွေကို ရင်ဆိုင်ဖို့ နည်းလမ်း မရှိနိုင်ပါဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ အစ်ကိုရှန့် ... ငါမင်းကို အထင် သေးနေတာမဟုတ်ဘူး ... ဒီကောင်လေးက သာမန်လူငယ်တွေထက် အများကြီး သန်မာပါတယ်။ ”
ထို့နောက် အကြီးအကဲဝမ်ကို စုရီတစ်ယောက် သတ်ပစ်ခဲ့သည့် ဇာတ်လမ်း အကြောင်း ယွီပိုင်တျန်းမှ ပြန်ပြောပြလိုက်၏။
အဆုံးတွင် ရှန့်တျန်းချွယ်တစ်ယောက် တိတ်ဆိတ်သွားသည်။ အကြီးအကဲဝမ်ဟူသည် ယွီပိုင်တျန်း၏ ညာလက်ရုံး ဖြစ်၏။ သို့သော် လှောင်ပြောင်လိုသော အသွင်ဖြင့်၊
“ အစ်ကိုယွီ မင်းဘာလို့ စောစောက မပြောတာလဲ ... အခုတော့ ငါနောင်တရဖို့ နောက်ကျသွားပြီ။ ”
“ ဟား ဟား ဟား ... အစ်ကိုရှန့်၊ မင်းက နောင်တရမဲ့လူ မဟုတ်ဘူးဆိုတာ ငါသိပါတယ် မင်းသာ ဒီကောင်လေးကို ဖယ်ရှားပေးမယ်လို့ ကတိပေးရင် ရေနွေးကြမ်းသောက်ပွဲကို ငါလာပါ့မယ်။ ”
“ ကောင်းပြီ ... သူ သန်မာနေရင် မင်းအတွက် ငါ့လက်တစ်ဖက် ငှားပေးနိုင်တယ် အစ်ကိုယွီ၊ အင်ပါယာမြို့တော်ကြီးမှာ ငါတို့ မဖြေရှင်းနိုင်တဲ့ အရာတွေ ရှိတယ်လို့ ငါမယုံဘူး။ ”
“ ဒါဆို ရေနွေးကြမ်း သောက်ပွဲမှာ ငါတို့တွေ့မယ်။ ”
လက်ရှိတွင် ထိပ်တန်းမိသားစု ငါးစုအနက် ကျောက်မိသားစု၊ ပိုင်မိသားစု၊ ပြည်နယ်သခင် ရှန့်နှင့် ယခုသူသည် ဒုတိယမင်းသားထံ၌ ပူးပေါင်းလိုက်ပြီ ဖြစ်သည်။
ကျန်းမိသားစုနှင့် ရွယ်မိသားစုသည်သာ ဆဋ္ဌမမင်းသားထံ၌ ကျန်ရစ်ခဲ့ချေပြီ။ အနီရောင် သံချပ်ကာတပ်ရင်းမှ သူရဲကောင်း ရှန့်ကျိစုန်မှာ အမြဲတမ်း ကြားနေဖြစ်၏။
ထို့ကြောင့် ဤဆဋ္ဌမမင်းသားသည် စုရီကိုဝှက်ဖဲအဖြစ် ယူလိုသော် စိတ်ဝင်စား စရာ ကောင်းလာတော့မည်မှာ အမှန်ပေပင်။
အတွေးများစွာဖြင့် နှုတ်ဆက် ထွက်ခွာသွားသော ရှန့်တျန်းချွယ်ထံ မော့ကြည့် လိုက်မိသည်။
ဤလူသည် ဆဋ္ဌမမင်းသားထက် ပို၍ ကြောက်စရာကောင်း၏။ ၎င်းတွင် မည်သို့သော ဝှက်ဖဲများ ရှိနေမည်ကို တွက်ဆလိုက်မိသည်။
“ မေ့လိုက်ပါ ... ရေနွေးကြမ်း သောက်ပွဲပြီးရင် အားလုံး ရှင်းသွားပါလိမ့်မယ်။ ”
ထို့နောက် ခေါင်းယမ်းကာ အတွေးများကို ရှင်းထုတ် ပစ်လိုက်တော့သည်။ တစ်ခါတစ်ရံ၌ အတွေးများခြင်းဖြင့် ခရီးမတွင်ချေ။
***