← Chapters

မလိမ်သင့်သည့်နေ့

Vol. 1 Ch. 1

မလိမ်သင့်သည့်နေ့

Vol. 1 Ch. 1

လပြက္ခဒိန် ဒုတိယလ ဒုတိယနေ့။

ခရီးသွားဖို့ သင့်တော်သည့်နေ့တစ်နေ့ဟု ပြောစမှတ်ရှိသည်။

မိုးက တဖျောက်ဖျောက် ကျဆင်းနေသည်။ မြေပြင်ပေါ်ကျတော့ မြေနံ့ရသည်။ ရေပြင်ပေါ်ကျတော့ ဂယက်ထသည်။ လူပေါ်ကျတော့ ကျိတ်ဆဲကြသည်။

“ဘယ်ကောင်ကများ ခရီးသွားသင့်တဲ့နေ့လို့ ပြောခဲ့ပါလိမ့်ကွာ။ အပြင်ရောက်တာနဲ့ မိုးကတန်းရွာတာပဲ”

လုယန် ညည်းလိုက်သည်။ မိုးကာဝတ်စုံ ယူမလာခဲ့မိသည်ကို နောင်တရနေသည်။

အိမ်မှ ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်၍ ခရီးသွားအတွေ့အကြုံမရှိသေး။ ရုတ်တရက်ရွာချသည့်မိုးကြောင့် တစ်ကိုယ်လုံး စိုရွှဲသွားသည်။ ဖိနပ်တွင် ရွှံ့ကပ်သည်။ ခြေလှမ်းလိုက်တိုင်း မြေပြင်က ဆွဲထားသလိုဖြစ်နေသည်။ ခြေထောက်ကို အတော်အားစိုက်၍ နှုတ်ရသည်။

ထိုစဉ် သူ့နောက်ဘက်မှလာနေသည့် မြင်းခွာသံများ ကြားရလိုက်ရသည်။

သူနောက်လှည့်ကြည့်သည်။ မြင်းအိုတစ်ကောင် ရထားလုံးတစ်ခုဆွဲ၍ လာနေသည်။ မြင်းထိန်းမပါ။ သွားရမည့်လမ်းကြောင်းကို ထိုမြင်းအို သိနေဟန်ရှိသည်။

“အတော်ထူးဆန်းတဲ့မြင်းပဲ”

လုယန် အံ့အားသင့်သွားသည်။ မြင်း၏နဖူးတွင် အကြေးခွံတစ်ချို့ရှိသည်။ မြွေအကြေးခွံနှင့်တူသည်။ ရှားပါးနတ်ဆိုးသားရဲတစ်မျိုးဖြစ်မည်။

ထိုမြင်းအို၏ တန်ဖိုးအစစ်ကို မသိသော်လည်း တန်ဖိုးကြီးကြောင်းတော့ သိသည်။

အနည်းဆုံးတော့ သူ့လိုလူ မဝယ်နိုင်သည့်သတ္တဝါမျိုးဖြစ်သည်။

“ဒီအကိုက မိုးရေထဲမှာ တကယ်ကိုဇိမ်ပြေနပြေ လျှောက်နေတာပဲ။ မြင်းရထားထဲ ဝင်ထိုင်ပါလား”

ရထားထဲမှ ဖော်ရွေသည့် ယောက်ျားတစ်ယောက်၏ ကြိုဆိုသံထွက်လာသည်။ လုယန် ခေါင်းငြိမ့်လိုက်သည်။ ရွှံထဲမှ ခြေထောက်ကို ဆွဲနှုတ်၍ အမြန်ဝင်သည်။

“အားနာလိုက်တာဗျာ။ ကျုပ်နာမည် လုယန်ပါ”

လုယန် သေချာဂရုစိုက်၍ ထိုင်သည်။ သူ့ကိုယ်ပေါ်မှ မိုးရေနှင့် ရွှံ့များကြောင့် မြင်းရထားညစ်ပေသွားမည်ကို သူစိုးရိမ်သည်။

“မုန်ကျင်းကျိုးပါ”

မြင်းရထားပိုင်ရှင် ပြန်မိတ်ဆက်သည်။ စကားသံက ကြည်လင်၍ ပေါ့ပါးသွက်လက်သည်။ ဘယ်သူနှင့်မဆို ရင်းရင်းနှီးနှီးပြောဆိုတတ်သည့်ပုံစံမျိုးဖြစ်သည်။

“အကိုလုလည်း တာအိုလမ်းစဉ်ဂိုဏ်းရဲ့ လူသစ်ရွေးပွဲဝင်ဖို့ လာတာလား”

“ကံစမ်းကြည့်ရုံပါပဲ”

မုန်ကျင်းကျိုး တဟားဟားရယ်နေသည်။

“ရိုးရိုးသားသားပြောလည်း ဘာပြဿနာရှိနိုင်မှာလဲ အကိုလုရယ်။ ကံစမ်းရုံလောက်နဲ့တော့ ဒီလိုမိုးရေထဲမှာ ဒုက္ခခံပြီး မသွားလောက်ပါဘူး”

လုယန် နည်းနည်းရှက်သွားသည်။

“တာအိုလမ်းစဉ်ဂိုဏ်းကို လူတိုင်းဝင်ချင်ကြတာပဲလေ”

အလယ်တိုက်နယ် မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် တာအိုလမ်းစဉ်ဂိုဏ်းသည် အလွန်တရာဩဇာကြီးသည်။ မရေမတွက်နိုင်သည့် ကျင့်ကြံသူစွမ်းအားရှင်များရှိသည်။ ယနေ့သည် ထိုဂိုဏ်း၏ တပည့်ရွေးပွဲနေ့ဖြစ်သည်။ လုယန်နှင့် မုန်ကျင်းကျိုးတို့လို ကံစမ်းကြမည့်လူ အများအပြားရှိသည်။

လုယန်သည် အလယ်ပိုင်းတိုက်နယ်သို့ ဝိညာဉ်ပြောင်းလာသူဖြစ်သည်။ သူ့မိဘများ စောစောစီးစီး သေဆုံးသွားသည်။ ချန်ခဲ့သည့် အမွေနည်းနည်းနှင့် အိမ်နီးချင်းများ၏အကူအညီဖြင့် သူရှင်သန်ခဲ့သည်။

ဆယ်စုနှစ်တစ်ခုကျော်နေထိုင်ခဲ့သည့် သူတို့မြို့လေးတွင် ပုံပြောဆရာတစ်ယောက်ထံမှ ကောင်းကင်တံခါးကို ဓားဖြင့်ခေါက်သည့် မသေမျိုးများအကြောင်း မိုင်ငါးရာအဝေးထိ ရေလွှမ်းပစ်နိုင်သည့် မြစ်နတ်ဆိုးများအကြောင်း ဓားပျံစီး၍ နတ်ဆိုးများကိုသုတ်သင်ပြီး မှန်ကန်သည့်လမ်းစဉ်ကိုကာကွယ်သည့် မသေမျိုးဂိုဏ်းတပည့်များအကြောင်း သူကြားခဲ့သည်။ လိမ်လည်လှည့်ဖျားတတ်သည့် အဝတ်အစားဖရိုဖရဲတာအိုရှင်တစ်ယောက် လူအများရှေ့တွင် အကျဉ်းထောင်ကိုဖောက်၍ လေထဲသို့ ပျံတက်သွားပြီး သူ့လိုပင် ပျံသန်းနိုင်သည့် အာဏာပိုင်များက ပြန်လည်ဖမ်းဆီးကြသည်ကို သူမြင်ခဲ့သည်။

ထိုအချိန်တွင် ဤလောကသည် သူနှင့်မရင်းနှီးသည့်လောက၊ သူမသိသည့် ခေတ်ကာလဖြစ်ကြောင်း နားလည်လာသည်။ ကြီးမားသည့်စွမ်းအားမျိုး ပိုင်ဆိုင်ကြသည့် ကျင့်ကြံသူတို့၏လောကဖြစ်သည်။

မသေမျိုးလမ်းစဉ်ကိုရှာဖို့၊ သက်ရှည်လမ်းစဉ်ကိုလေ့လာဖို့ သူဆုံးဖြတ်ခဲ့သည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် ပထမဆုံးရွေးချယ်မှုဖြစ်သည်။

ထိုသို့ရွေးချယ်သည်မှာလည်း သီးခြားအကြောင်းပြချက်မရှိ။ သူ့နေထိုင်သည့်အနီးအနားတွင် ထိုဂိုဏ်းတစ်ဂိုဏ်းသာရှိသောကြောင့်ဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းရှိနေသဖြင့် တစ်ခြားဂိုဏ်းများကလည်း ထိုနေရာတစ်ဝိုက်တွင် ဂိုဏ်းမတည်ထောင်ကြ။

စကားပြောဆိုကြရင်းမှ မုန်ကျင်းကျိုးသည် ကျင့်ကြံသူမိသားစုမှ လာသူဖြစ်ကြောင်း သူသိရသည်။ ကျင့်ကြံမှုအကြောင်း သူ့ထက်ပိုသိသည်။

“တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်နိုင်ဖို့ အသက်ဆယ့်ခြောက်နှစ်မကျော်တဲ့ သေမျိုးဖြစ်ရမယ်လို့ သတ်မှတ်ချက်ရှိတယ်။ ဒီဂိုဏ်းမှမဟုတ်ပါဘူး။ တစ်ခြားဂိုဏ်းအများစုလည်း ဒီလိုပဲ သတ်မှတ်ကြတာပါ။ ကျင့်စဉ်လမ်းဆိုတာ ရှည်လျားတယ်။ အတားအဆီးတွေ ပြည့်နေတယ်။

“ချီလေ့ကျင့်တဲ့အဆင့်၊ အခြေခံတည်ဆောက်တဲ့အဆင့်၊ ရွှေသန္ဓေအဆင့်၊ ဝိညာဉ်ပြောင်းလဲအဆင့်၊ အာကာသအဆင့်၊ ပေါင်းစည်းခြင်းအဆင့်၊ ကူးဖြတ်ခြင်းအဆင့်...အဆင့်တိုင်းက အရမ်းခက်ခဲတယ်။ တစ်ရာမှာတစ်ယောက်လောက်ပဲ အောင်မြင်နိုင်တယ်။

“ကျင့်စဉ်လမ်းအောင်မြင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ကံတို့၊ ဉာဏ်တို့၊ ဝိညာဉ်မြစ်တို့ အဲဒါမျိုးတွေပေါ့။ ဒါနဲ့ အကိုလုရဲ့ ဝိညာဉ်မြစ်က ဘာဝိညာဉ်မြစ်လဲ။ တာအိုလမ်းစဉ်ဂိုဏ်းက ဝိညာဉ်မြစ်အရည်အသွေးသတ်မှတ်ချက် သိပ်မမြင့်ပါဘူး။ အရမ်းညံ့လွန်းတဲ့ ဝိညာဉ်မြစ်ပိုင်ရှင်တွေကိုတော့ လက်မခံဘူးပေါ့”

လုယန် မျက်မှောင်ကျုံ့သွားသည်။ ပုံပြောဆရာထံမှသာ ဝိညာဉ်မြစ်အကြောင်း ကြားဖူးခြင်းဖြစ်သည်။ သူ့ဝိညာဉ်မြစ်သူ ဘာမှန်းမသိ။

“ကျုပ်မသိဘူး။ အကိုမုန်ကရော ဘယ်လိုဝိညာဉ်မြစ်လဲ”

မုန်ကျင်းကျိုးလည်း စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။

“ကျုပ်မိသားစုမှာ ဝိညာဉ်မြစ်စမ်းသပ်မှု လုပ်ခဲ့တယ်။ မျိုးနွယ်အကြီးအကဲတွေက စိတ်ပူကြတယ်ထင်တယ်။ စမ်းသပ်ချက်ရလာဒ်ကို ပြောမပြဘူး။ ကျုပ်ပါရမီက ထူးခြားတယ်ဆိုတာပဲ ပြောတယ်။ မသေမျိုးငါးဂိုဏ်းထဲက ဂိုဏ်းတစ်ခုခုကိုဝင်ဖို့ အခက်အခဲမရှိနိုင်ဘူးတဲ့။ နောက်ပိုင်းမှာ တစ်ခြားလူတွေမသိအောင် ကျုပ်မိဘတွေကို ကပ်ပြီးမေးကြည့်တယ်။ ကျုပ်မိဘတွေက အကြီးအကဲတွေထက်တောင် ပိုစိတ်ပူနေတဲ့ပုံပဲ။ သူတို့ကလည်း ကျုပ်ကို ပြောမပြဘူး”

“ဒါဆိုရင်တော့ အကို့ဝိညာဉ်မြစ်က ထူးခြားလွန်းလို့ မုန်မိသားစုအတွက် အန္တရာယ်ကျလာနိုင်လို့ပဲဖြစ်မယ်။ တာအိုလမ်းစဉ်ဂိုဏ်းလို နာမည်ကျော်ဂိုဏ်းကြီးတစ်ခုကပဲ အကို့ကို ကာကွယ်ပေးနိုင်မှာ”

လုယန် သုံးသပ်သည်။

“အကိုလုအတွေးက ကျုပ်နဲ့တစ်ထပ်တည်းပါပဲ”

မုန်ကျင်းကျိုး လုယန်ပုခုံးကို ပုတ်လိုက်သည်။ လုယန်ကို ကျင့်ကြံသူမျိုးဆက်သစ်မိတ်ဆွေရင်းတစ်ယောက်လို မြင်လာသည်။

အပြင်ဘက်မှ တဖြေးဖြေးကျယ်လောင်လာသည့် မိုးရွာသံကိုနားထောင်ရင်း မုန်ကျင်းကျိုး မြင်းရထားစီးခွင့်ပေးသည်မှာ ကံကောင်းသည်ဟု လုယန်တွေးမိသည်။

“ရပ်ဦး”

မုန်ကျင်းကျိုး ရုတ်တရက် အော်လိုက်သည်။ မြင်းအိုက ခြေသုံးလေးလှမ်းဆက်သွားပြီးနောက် အရှိန်လျှော့၍ ရပ်သွားသည်။

မြင်းရထားကိုယ်ထည်ကပင် ရတနာတစ်မျိုးဖြစ်သည်။ အပြင်ဘက်ကို မုန်ကျင်းကျိုး လှမ်းမြင်နိုင်သည်။ မိန်းကလေးတစ်ယောက် ခုနကလုယန်လိုပင် မိုးရေထဲလျှောက်နေသည်ကို သူမြင်သည်။

“ဒီကမိန်းကလေးလည်း တာအိုလမ်းစဉ်ဂိုဏ်းလူရွေးပွဲကို သွားနေတာထင်တယ်။ မိုးက အရမ်းသည်းနေတယ်။ မြင်းရထားပေါ် တက်ခဲ့ပါလား”

မုန်ကျင်းကျိုး ကမ်းလှမ်းချက်ကြောင့် မိန်းကလေး အံ့ဩသွားပုံရသည်။ သို့သော် နောက်ဆုံးတွင် သူလက်ခံလိုက်သည်။

ထိုမိန်းကလေး ရထားပေါ်ရောက်သည်နှင့် မုန်ကျင်းကျိုးနှင့်လုယန်တို့ မှင်သက်မိသွားကြသည်။

နေရာအတော်များများ ခရီးသွားဖူးသော်လည်း ထိုမျှလှပသည့် မိန်းကလေးမျိုး မုန်ကျင်းကျိုး မမြင်ဖူးခဲ့။ လုယန်က ထိုထက်ပိုဆိုးသည်။ သူမြင်ဖူးသမျှ အလှဆုံးမိန်းမသည် သူ့အိမ်ဘေးမှ တို့ဟူးရောင်းသည့် မုဆိုးမလေးသာဖြစ်သည်။

သို့သော် လုယန်သည် ယောက်ျားကောင်းတစ်ယောက်ဖြစ်၍ မရိုးမသားအတွေးမျိုး မတွေးဖူးပါ။

ယခုမိန်းကလေးသည် လှပသော်လည်း မာန်မဝင့်သည့် ကြာပန်းတစ်ပွင့်နှင့်တူသည်။ အဖြူရောင်ဝတ်စုံနှင့် ကြော့ရှင်းလှပနေသည်။ ကြည်လင်သည့်မျက်လုံး ဖြူဖွေးသည့်သွားများက ထူးကဲ့သည့်အလှကို ဖော်ဆောင်နေသည်။

ညာဘက်လက်ကောက်ဝတ်တွင် ရွှေခေါင်းလောင်းကြိုးကွင်းတစ်ခု ဝတ်ထားသည်။

“နှစ်ယောက်လုံးကို ယွမ်ကျိ ကျေးဇူးတင်ပါတယ်”

စကားသံက စမ်းရေစီးသံလို ကြည်လင်ချိုသာသည်။ ကြားရသူ၏စိတ်ကို အေးမြစေသည်။

ထူးဆန်းနေသည့်အချက်တစ်ချက်ကို လုယန်သတိထားမိသဖြင့် မုန်ကျင်းကျိုးကို တီးတိုးပြောလိုက်သည်။

“အကိုမုန်၊ သူကိုယ်မှာ ရေလည်းမစိုဘူးနော်။ နတ်ဆိုးများ ဖြစ်နေမလား”

ပုံပြင်များထဲတွင် နတ်ဆိုးများ မိန်းမလှအသွင်ပြောင်း၍ ငယ်ရွယ်နုပျိုသည့် သူတို့လိုယောက်ျားများကို ညှို့ယူဖမ်းစားကြသည်ဟု သူကြားဖူးသည်။

လုယန်က ရေနစ်သည့် ကြွက်စုတ်လို တစ်ကိုယ်လုံး ရွှဲရွှဲစို၍ ပင်ပန်းခဲ့သည်။ သို့သော် ယွမ်ကျိက လုံးဝမိုးရေမစို။ မိုးရေထဲ လုံးဝမလျှောက်ခဲ့သလိုပင် ဖြစ်သည်။

မုန်ကျင်းကျိုးက ထိုကိစ္စကို သိပ်မတွေး။

“သူ့မှာ မိုးရေမစိုအောင်ကာကွယ်တဲ့ ရတနာမျိုး ရှိလို့ဖြစ်မှာပါ။ ဒါမျိုးတွေက မိသားစုကြီးတွေမှာ ရှိတတ်ကြပါတယ်”

ယွမ်ကျိ မကောင်းဆိုးဝါး သို့မဟုတ် နတ်ဆိုးဖြစ်နေမည်ကို မုန်ကျင်းကျိုး မစိုးရိမ်ပါ။ ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်း၏ နယ်မြေဖြစ်သည်။ ဘယ်မကောင်းဆိုးဝါးမှ ပြဿနာရှာရဲမည်မဟုတ်။ ကိုယ့်သေတွင်း ကိုယ်တူးမည်မဟုတ်။

“မိန်းကလေးယွမ်ကျိက တာအိုလမ်းစဉ်ဂိုဏ်းလူရွေးပွဲကို လာတာလား”

“ဟုတ်ပါတယ်”

“တာအိုလမ်းစဉ်ဂိုဏ်းမှာ စမ်းသပ်စစ်ဆေးမယ့် အကြောင်းအရာတွေကို ကျုပ်ရထားတယ်။ ဂိုဏ်းအကြီးအကဲတစ်ယောက်ဆီက ငွေအများကြီးပေးပြီး စုံစမ်းထားတာပါ။ ပြောပြပေးရမလား”

မုန်ကျင်းကျိုး စေတနာရေစီးကမ်းပြိုနေသည့် လေသံဖြင့်ပြောသည်။

လုယန် မုန်ကျင်းကျိုးကို တအံ့တဩ လှည့်ကြည့်သည်။ ဘာကြောင့် အစောကတည်းက ထုတ်မပြောခဲ့သည်မသိ။

ယွမ်ကျိက လုယန်ထက်ပင် ပိုအံ့ဩနေဟန်ရှိသည်။

“ဒါက မသမာတဲ့နည်းလမ်းသုံးတာပဲလေ။ တာအိုလမ်းစဉ်ဂိုဏ်းကသိသွားရင် ဘယ်လိုလုပ်မလဲ”

မုန်ကျင်းကျိုးက လက်တစ်ဘက်ဝှေ့ယမ်းလျက် ယုံကြည်ချက်အပြည့်ဖြင့်ပြောပြန်သည်။

“ဒီမြင်းရထားဟာ ရတနာတစ်မျိုးပါ။ အဆင့်မြင့်ကျင့်ကြံသူတွေ တံခါးပိတ်ကျင့်နေတဲ့ မကောင်းဆိုးဝါးကြီးတွေတောင် ဒီရထားထဲကို နတ်အာရုံနဲ့ ထိုးဖောက်မကြည့်နိုင်ပါဘူး”

“သဘောပေါက်ပါပြီ။ စမ်းသပ်မယ့် အကြောင်းအရာတွေ ပြောပြပါဦး”

လုယန် အာရုံစိုက်၍ နားစွင့်နေသည်။

မုန်ကျင်းကျိုးက လည်ချောင်းတစ်ချက် ရှင်း၍

“တာအိုလမ်းစဉ်ဂိုဏ်းရဲ့ စမ်းသပ်မှုကို သုံးပိုင်းခွဲထားတယ်။ ပထမဆုံးစမ်းသပ်မှာက ဝိညာဉ်မြစ်အမျိုးအစားပဲ။ တကယ်တင်းကြပ်တဲ့ စမ်းသပ်မှုပါ။ လှည့်စားလို့မရဘူး ဖြတ်လမ်းနည်းမရှိဘူး။ ဒုတိယနဲ့ တတိယ စမ်းသပ်မှုတွေကိုပဲ ကြိုတင်ပြင်ဆင်လို့ရမယ်”

“ဒုတိယစမ်းသပ်ချက်က စိတ်ဓာတ်ပိုင်းပါ။ မြင်းရထားတစ်စီးက အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးမှာ လှဲနေတဲ့ လူငါးယောက်ကို တိုက်မိတော့မယ်။ တိုက်မိရင်လည်း သူတို့သေချာပေါက်သေမှာ။ ပြီးတော့ မလှမ်းမကမ်းမှာ လှဲနေတဲ့ နောက်ထပ်လူတစ်ယောက်လည်း ရှိနေတယ်။ ကျုပ်တို့က ဘေးကကြည့်နေတဲ့လူအနေနဲ့ ရထားလမ်းကြောင်းကို ထိန်းချုပ်နိုင်တယ်ဆိုရ၍် လူငါးယောက်ကို တိုက်မိအောင် ဒီအတိုင်းပစ်ထားမလား။ ဒါမှမဟုတ် တစ်ယောက်တည်းရှိတဲ့လူဆီ လမ်းကြောင်းပြောင်းပေးမလား”

“တစ်ယောက်တည်းရှိတဲ့လူဆီ လမ်းကြောင်းပြောင်းမှာပေါ့”

လုယန်က ချက်ချင်းပြန်ဖြေသည်။

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ထိုဒုတိယပိုင်း စမ်းသပ်မေးခွန်းရပြီးကတည်းက အဖြေကို သူစဉ်းစားမရသေး။ လုယန်က ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

လူငါးယောက်သေသည်ကို ထိုအတိုင်း ကြည့်နေခြင်းသည် မှားသည်ဟု မဆိုသာသော်လည်း စိတ်ထဲတွင် လိပ်ပြာလုံမည်မဟုတ်။

လမ်းကြောင်းပြောင်းလိုက်လျှင် တစ်ခြားလူကို တိုက်မိမည်။ ထိုလူကံဆိုး၍ သေရသည်ဟု ပြောနိုင်သော်လည်း ထိုလူသေသည့်ကိစ္စက ကိုယ့်ပယောဂမကင်းပြန်။

မုန်ကျင်းကျိုးက ထိုဒွိဟအခြေအနေကို ပြောသည်။ လုယန်က ထပ်ရှင်းပြသည်။

“အဲလောက် စဉ်းစားနေချိန်မရဘူးလေ။ အဖြေစဉ်းစားမိတဲ့အချိန်ဆိုရင် ဟိုလူငါးယောက်က ရထားတိုက်လို့ သေပြီးနေလောက်ပြီ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ စမ်းသပ်ချက်က လူငါးယောက်ကိုကယ်မလား တစ်ယောက်ကိုကယ်မလား ရွေးချယ်တာနဲ့မဆိုင်ဘူး။ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်သလားဆိုတာကိုပဲ ကြည့်တာ။

“ကျင့်ကြံသူတွေတိုက်ခိုက်တဲ့အခါ မျက်တောင်တစ်ခတ်စာ အချိန်တိုလေးဟာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်လို့ ပုံပြောဆရာက ပြောဖူးတယ်။ ဒီစမ်းသပ်ချက်က အဖြေရှာနိုင်မရှာနိုင် ကြည့်တာမဟုတ်ဘူး။ အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်သလားဆိုတာကို ကြည့်တာပါ။ အဲဒါ အရေးအကြီးဆုံးပဲ”

မုန်ကျင်းကျိုး နားလည်သွားသည်။

“တတိယတစ်ခုက ရိုးသားမှုကို စမ်းသပ်တာပါ။ တာအိုလမ်းစဉ်ဂိုဏ်းမှာ လိမ်နေတာဟုတ်မဟုတ်သိနိုင်တဲ့ မှန်တစ်ချပ်ရှိတယ်တဲ့။ လိမ်ပြောတာမိသွားရင် ချက်ချင်းထုတ်ပယ်ခံရမယ်”

လုယန် ခဏစဉ်းစားသည်။

“ဒီအပိုင်းက ရှင်းပါတယ်။ ကြိုသိမထားရင်တော့ လိမ်မိမှာပေါ့။ အခုကြိုသိရပြီဆိုတော့ အမှန်အတိုင်း ပြောရုံပါပဲ”

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင်တွေးသည်။

အတော်ကြာအောင် သူတို့နှစ်ယောက် ဆွေးနွေးကြသည်။ ရုတ်တရက် ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေများ တန်ပြန်စစ်ဆေးမှုများကို စဉ်းစားသည်။ နည်းမျိုးစုံ ဆွေးနွေးတိုင်ပင်ပြီးနောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို ခံစားကြရသည်။

ယွမ်ကျိက ပြုံးနေသည်။ သူတို့နှစ်ယောက်၏ အစီအစဉ်များ ကောင်းမွန်သည်ဟု ယူဆသောကြောင့် ဖြစ်မည်ထင်သည်။

“အခုလိုပြောပြတာ ကျေးဇူးတင်ပါတယ် လုသခင်လေး”

“...အဲ...မိုးက စဲသွားပြီလား”

မိုးရွာသံ ရပ်သွားကြောင်း လုယန် သတိထားမိသဖြင့် အပြင်ဘက်သို့ ခေါင်းပြူကြည့်လိုက်သည်။

သူတို့နောက်ဘက်တွင် ကျန်ခဲ့သည့်နေရာက မိုးသည်းနေဆဲဖြစ်သည်။ ယခု သူတို့ရောက်လာသည့်နေရာက နေသာနေသည်။ ပန်းရနံ့များ သင်းပျံ့နေသည်။ စွမ်းအားကြီးသည့် ဓားတစ်လက်ဖြင့် လောကကို နှစ်ပိုင်းခုတ်ဖြတ်ထားသည်နှင့်တူသည်။

မိုးပေါ်သို့ ထိုးထွက်နေသည့် တောင်တန်းကြီးဆီ ပြေးလွှားနေသည့် ရှားပါးသားရဲများကို မြင်နေရသည်။

ထိုတောင်တန်းကို ရွှေဝါရောင်နေအလင်းဖျော့ဖျော့ ဖုံးလွှမ်းထားသည်။ တောင်တန်းနောက်ဘက်မှ ခံ့ညားထည်ဝါးသည့် မှော်သင်္ကေတများ ထိုးထွက်နေပြီး ကောင်းကင်ကို ဖုံးအုပ်၍ မိုးစက်မကျအောင် ကာကွယ်ထားသည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်သည့် ဂိတ်တံခါးတောင်တန်းဖြစ်သည်။ ဘယ်အရာမှ စိမ့်မဝင်နိုင်အောင် စွမ်းအားမြင့်မှော်စက်ဝန်းကြီးတစ်ခုဖြင့် ကာကွယ်ထားသည်။

တာအိုလမ်းစဉ်ဂိုဏ်းကို လေးစားသည့်အနေဖြင့် စမ်းသပ်ပွဲဝင်မည့်လူငယ်များ သူတို့မိသားစုအကြီးအကဲများနှင့်အတူ တောင်ခြေတွင်ရပ်လျက် လူရွေးပွဲစမည့်အချိန်ကို စောင့်နေကြသည်။

မုန်ကျင်းကျိုး၏မြင်းအိုသည် ရှားပါးနတ်ဆိုးသားရဲဖြစ်ပါသည်။ သို့သော် တောင်ခြေတွင် အနားယူနေသည့် နတ်သားရဲများနှင့်တော့ ယှဉ်၍မရ။

“မုန်မိသားစုပိုင်နယ်မြေထက် အများကြီးပိုခမ်းနားတာပဲ”

မုန်ကျင်းကျိုး လက်နှစ်ဘက်ကိုပွတ်လျက် ဂဏာမငြိမ်ဖြစ်နေသည်။ စမ်းသပ်ချက်ဖြတ်ကျော်ပြီး တာအိုလမ်းစည်ဂိုဏ်းဝင်ဖြစ်ရမည့်ကိစ္စကိုတွေးရင်း သူပို၍စိတ်လှုပ်ရှားလာသည်။

လုယန်က ဘာမှမပြော။ သူ့နေအိမ်မှ ထိုတောင်တန်းကို လှမ်းမြင်နိုင်သည်။ သို့သော် အဝေးမှကြည့်ရသည်နှင့်တော့မတူ။ တောင်ခြေတွင် ရပ်ကြည့်မှ ထိုတောင်တန်းမည်မျှကြီးမားသည်ကို သေချာနားလည်လာသည်။

နည်းနည်းလည်း စိတ်ပူနေသည်။ ဒုတိယနှင့် တတိယစမ်းသပ်ချက်များအတွက် သူအဖြေစဉ်းစားထားသည်။ သို့သော် ပထမစမ်းသပ်ချက်အတွက် သူ့ဝိညာဉ်မြစ်အကြောင်းကို သူမသိသေး။ ထိုစမ်းသပ်ချက်ကိုပင် ကျော်ချင်မှကျော်နိုင်လိမ့်မည်။

ကျင့်ကြံသူအတော်များများ လေထဲတွင်ရပ်လျက် တောင်တန်းရှေ့တွင် စောင့်ကြပ်နေကြသည်။ သူတို့ကိုယ်မှ အားကောင်းသည့်စွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ ထိုလူများ စွမ်းအင်ရောင်အပြည့် ထုတ်လွှတ်လျှင် ယခုရောက်လာသူများ ခံနိုင်ရည်ရှိကြမည်မထင်။

ကျင့်ကြံသူများက စကားတစ်ခွန်းမှမပြောဘဲ အသံတိတ်နေသဖြင့် စိတ်ဖိအားတစ်မျိုး ခံစားနေကြရသည်။

မိသားစုအကြီးအကဲတစ်ယောက် လူငယ်တစ်ယောက်ကို မိတ်ဆက်ပေးနေသည်။

“သူတို့ ဝတ်စုံတွေကြည့်ရတာ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အတွင်းတပည့်တွေဖြစ်မယ်။ ဂိုဏ်းအကြီးအကဲတွေရဲ့ တိုက်ရိုက်တပည့်တွေပေါ့။ နောက်ဆိုရင် ဒီလူတွေက မင်းရဲ့ စီနီယာအကိုတွေ အမတွေ ဖြစ်လာလိမ့်မယ်။

“စိတ်မလှုပ်ရှားပါနဲ့။ သူတို့က မင်းကိုတမင်ဖိအားပေးနေတာမဟုတ်ဘူး။ စမ်းသပ်ပွဲဦးဆောင်ကျင်းပမယ့်လူကို စောင့်နေကြာတာဖြစ်မှာပါ။ အဲဒီ့လူရောက်လာရင် စမ်းသပ်ပွဲ စလိမ့်မယ်”

လုယန် ဘေးသို့လှည့်ကြည့်သည်။ ယွမ်ကျိအမူအရာကို သူမြင်ချင်သည်။ စိတ်လှုပ်ရှားနေမလား စိုးရိမ်ပူပန်နေမလား သိချင်သည်။

စိတ်အေးလက်အေးတော့ နေနိုင်မည်မထင်။

“မိန်းကလေးယွမ်ကျိ၊ မင်း...”

လုယန်စကားစလိုက်စဉ် ယွမ်ကျိက ရှေ့သို့ ပေါ့ပါးစွာ လှမ်းတက်သွားသည်။ သူခြေလှမ်းတိုင်းအောက်တွင် ကြာဖြူပန်းတစ်ပွင့်ပေါ်လာသည်။ နူးညံ့သည့်ခန္ဓာကိုယ်ကို ထိန်းပေးထားသည်။

လူအုပ်ကြီး အံ့အားသင့်သွားသည်။ မိသားစုအကြီးအကဲများ ကြောက်ချွေးပြန်လာပြီး မျိုးဆက်သစ်များကို တိတ်တိတ်နေရန် အမြန်အချက်ပြသည်။

ကြာပန်းဖြူများခင်းထားသည့် လမ်းကြောင်းက အားလုံး၏ဦးခေါင်းအထက်မှ လေထဲသို့ ဆန့်ထွက်နေသည်။ ယွမ်ကျိ တာအိုဂိုဏ်းတပည့်စစ်များအလယ်သို့ လျှောက်သွားသည်။ ဂိုဏ်းတပည့်များက သူ့ကို လေးလေးစားစား ဦးညွှတ်အရိုအသေပေးကြသည်။ ယွမ်ကျိက လက်တစ်ဘက်ကို ညင်သာစွာ မြှောက်လိုက်သည်။ ထို့နောက် လူအုပ်ဘက်ကို့ မျက်နှာလှည့်၍ ပြုံးပြသည်။

“အခုလို စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ စီနီယာအမပါ။ ဒီစမ်းသပ်ပွဲကို ဦးဆောင်မယ့်လူပါရှင်။...အခုချိန်ကစလို့ စမ်းသပ်ပွဲ စတင်ကြောင်း တရားဝင်ကြေညာပါတယ်”

ထိုသို့ပြောပြီး‌နောက် ယွမ်ကျိက မှင်သက်မိနေသည့် လုယန်နှင့် မုန်ကျင်းကျိုးဆီသို့ အပြုံးမဟုတ်သည့်အပြုံးမျိုးဖြင့် လှမ်းကြည့်သည်။

သူတကယ် တာအိုလမ်းစဉ်ဂိုဏ်း၏ လူရွေးပွဲသို့ လာခြင်းဖြစ်သည်။ သို့သော် စမ်းသပ်ပွဲဝင်မည့်လူအဖြစ် မဟုတ်။ အကဲဖြတ်သူအဖြစ်လာခြင်းဖြစ်သည်။

**************************************************

All Chapters