← Chapters

ဧကဝိညာဉ်မြစ်

Vol. 1 Ch. 2

ဧကဝိညာဉ်မြစ်

Vol. 1 Ch. 2

လုယန်နှင့် မုန်ကျင်းကျိုးတို့စိတ်ထဲတွင်း အတွေးတစ်မျိုးတည်းသာရှိသည်။

သူတို့နှစ်ယောက်လုံး ဇာတ်သိမ်းပြီ။

အကဲဖြတ်သူရှေ့တွင် မသမာသည့်နည်းလမ်းများဖြင့် ဖြတ်ကျော်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယွမ်ကျိက သူတို့လုပ်ခဲ့သည့်ကိစ္စကို မသိကျိုးကျွံပြုထားသည်။ တစ်ချက်သာလှမ်းကြည့်ပြီး စမ်းသပ်ပွဲကို ဆက်လုပ်သည်။ ဂိုဏ်းတပည့်စစ်များအပေါ် သူ့လွှမ်းမိုးနိုင်စွမ်းက ထင်ရှားသည်။ အားလုံး သူ့အမိန့်ကို လေးစားရသည်။

အပြင်လောကတွင် ထိုတပည့်များသည် စံပြအဖြစ် အများလေးစားရသည့် ကောင်းကင်သားတော်များဖြစ်သည်။ သို့သော် သူတို့အားလုံး ယွမ်ကျိ၏အမိန့်ကို အလေးထားရသည်။ စီနီယာယွမ်ကျိ၏အဆင့်အတန်း မည်မျှမြင့်မားကြောင်း ထိုအချက်က သက်သေခံနေသည်။

“မင်းတို့ဝိညာဉ်မြစ်ဟာ မသေမျိုးလမ်းမှာကြုံရမယ့် ပထမဆုံး အခက်အခဲပဲ။ သင့်တော်တဲ့ဝိညာဉ်မြစ်မရှိရင် ဘယ်လောက်အထောက်အပံ့ပေးပေး ကျင့်ကြံတဲ့အခါ ကူညီနိုင်မှာမဟုတ်ဘူး။ ပထမစမ်းသပ်ချက်က မင်းတို့ဝိညာဉ်မြစ်ကို အကဲဖြတ်ပေးလိမ့်မယ်။ ကိုယ့်ဝိညာဉ်မြစ်ကိုယ် ယုံကြည်မှုနည်းရင် အခုကတည်းက ထွက်သွားပါ”

ဘယ်သူမှ ထွက်မသွားကြ။

ဤစမ်းသပ်ပွဲသို့ ရောက်လာသူသူများအားလုံး ကိုယ့်ဝိညာဉ်မြစ်ကိုယ် ကောင်းကောင်းသိကြသည်။ လုယန်လို နေရာနီး၍ လာရောက်ကံစမ်းသူမျိုး မရှိ။

ဝိညာဉ်မြစ်ညံ့သူများ ဟန်ဆောင်လှည့်ဖျား၍ ဂိုဏ်းထဲဝင်မလာနိုင်အောင် ဤစမ်းသပ်ချက်ဖြင့် တားဆီးထားခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် အလွန်ကြီးမားသည့် ဝိညာဉ်မြစ်ကျောက်တုံးမျိုးကို အသုံးပြု၍ စစ်ဆေးလေ့ရှိသည်။ သို့သော် တာအိုဂိုဏ်းရှေ့မှောက်တွင် ဖုံးကွယ်နိုင်သည့်အရာဟူ၍ မရှိသဖြင့် ထိုကျောက်တုံးမျိုးကို မသုံး။

တာအိုလမ်းစဉ်ဂိုဏ်းတပည့် တိုင်ပုဖန်ဆိုသူက ရှေ့တွင်ထိုင်နေသည်။ သူ့ကျင့်စဉ်စွမ်းရည်က ထူးခြားသည်။ ဝိညာဉ်စွမ်းအင်တစ်ချို့ လူတစ်ယောက်ခန္ဓာကိုယ်ထဲသို့ လည်ပတ်လိုက်ရုံဖြင့် ထိုလူ၏ ဝိညာဉ်မြစ်၊ ကျင့်စဉ်စွမ်းအားအဆင့်နှင့် အသက်ဂိတ်တို့ ရှင်းလင်းစွာ ဖော်ထုတ်နိုင်သည်။

ကျွမ်းကျင်သည့်သမားတော်ကဲ့သို့ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လိုက်ရုံဖြင့် တိုင်ပုဖန် ခွဲခြားနိုင်သည်။

“သတ္တု၊ ရေ၊ မီး တြိဝိညာဉ်မြစ်။ မင်းအောင်တယ်။ ဆက်သွားပါ”

“ရေ မီး ဒွိဝိညာဉ်မြစ်။ မဆိုးဘူး”

“ရေ သစ်သား ဒွိဝိညာဉ်မြစ်။ အရင်က မင်းဝိညာဉ်မြစ် ပျက်စီးဖူးတယ်။ ဆယ့်နှစ်နှစ်အရွယ်က ပြင်းထန်တဲ့ဒဏ်ရာတစ်ခု ရခဲ့တာဖြစ်မယ်။ ပုံမှန်ဆိုရင် အဲဒီ့ဒဏ်ရာကြောင့် ဒုက္ခရောက်ခဲ့မှာ။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာပေးတယ်။ ဆေးပညာကျွမ်းကျင်တဲ သဘောကောင်းတဲ့ဆရာတစ်ယောက်နဲ့ မင်းတွေ့တယ်။ သူ့ကမင်းကို ဆေးကုပြီး ဝိညာဉ်မြစ်ကိုပြန်ပြင်ပေးခဲ့တာ”

အစမ်းသပ်ခံလူငယ် နည်းနည်းအံ့အားသင့်သွားသည်။ တိုင်ပုဖန် ထိုမျှတိတိကျကျသိနိုင်မည်ဟု ထင်မထား။

“ကျုပ်ဆယ့်နှစ်နှစ်သားတုန်းက အမေကွယ်လွန်သွားသည်။ ကျုပ်မိထွေးက ကျုပ်ရှိနေရင် သူ့သားရဲ့ရာထူးအတွက် ထိခိုက်မှာစိုးရိမ်ပြီး ကျုပ်ကို လုပ်ကြံခဲ့တယ်။ သတိမေ့နေရာကနေ အကောင်းပကတိ ကျုပ်ပြန်နိုးလာတယ်။ စိတ်ထားကောင်းတဲ့ ခရီးသွားလူစိမ်းတစ်ယောက် ကျုပ်ကို ကယ်တင်ခဲ့တာတဲ့။ ဒါပေမယ့် အဲဒီ့ဆရာက နာမည်မပြောဘဲ ထွက်သွားတယ်”

ထိုလူငယ် ထွက်သွားပြီးနောက် ဂိုဏ်းတပည့်စစ်များ တိုင်ပုဖန်၏ မြင့်မာ့သည့်စွမ်းရည်ကို ချီးကျူးကြသည်။

“သွေးကြောစမ်းကြည့်ရုံနဲ့ အဖြစ်အပျက်တစ်ခုလုံးကို ကိုယ်တိုင်မြင်ခဲ့ရသလိုမျိုး သုံးသပ်နိုင်တယ်ပေါ့။ အကိုတိုင်ရဲ့စွမ်းရည်က တကယ်တိုးတက်လာတာပဲ”

တိုင်ပုဖန်က အတက်အကျမရှိသည့်လေသံဖြင့်

“ဪ...ဒါက ဘာမှမဟုတ်ပါဘူး။ အဲဒီ့ သဘောကောင်းတဲ့လူစိမ်းဆိုတာ ကျုပ်ပါပဲ။ ခရီးသွားရင်းအလျင်လိုနေလို့ သူတို့ကို နာမည်ပြောဖို့ မေ့ခဲ့တာပါ”

“....”

ဆူညံသွားသည့် စကားသံများကြာတွင် တိုင်ပုဖန်က နောက်တစ်ယောက်ကို ရှေ့တိုးလာရန် လက်ယပ်ခေါ်သည်။

“အသက်ဆယ့်ရှစ်နှစ်။ အသက်ကြီးလွန်းတယ်။ မင်းသွားလို့ရပြီ”

ထို့နောက် ချစ်စရာကောင်းသည့် ဘုန်းကြီးငယ်လေးတစ်ယောက်က တိုင်ပုဖန်ဆီ ဘုန်းကြီးအိုတစ်ယောက်နှင့်အတူ လျှောက်လာပြီး ရိုရိုသေသေနှုတ်ဆက်သည်။

တိုင်ပုဖန် ထိုဘုန်းကြီးငယ်ကု တစ်ချက်သာကြည့်ပြီး ဘုန်းကြီးအိုထံ ပြန်လွှဲပေးလိုက်သည်။

“စွန်စီးဘုံကျောင်းက ကိုယ်တော်က ဒီမှာဘာလာလုပ်နေတာလဲ။ မင်းခန္ဓာကိုယ်မှာ စွန်စီးဘုံကျောင်းဂိုဏ်းချုပ်ရဲ့ မှော်အမှတ်အသားရှိတယ်။ သွားတော့။ မင်းတို့ဘုံကျောင်းကိုပဲ ပြန်သွားပါ”

“စွန်စီးဘုံကျောင်းက မသေမျိုး၍ဂိုဏ်းထဲမှာပါတယ်မဟုတ်လား”

လုယန် မုန်ကျင်းကျိုးကို တီးတိုးမေးသည်။

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ အလေးအနက်လေသံဖြင့်

“စွန်စီးဘုံကျောင်းက ဂိုဏ်းငါးဂိုဏ်းထဲမှာ တပည့်အရေအတွက် အနည်းဆုံးပဲ။ ကျောင်းထိုင်ဂိုဏ်းချုပ်နဲ့ တပည့်တစ်ယောက်ပဲရှိတဲ့ ကာလမျိုးတောင်ရှိခဲ့တယ်။ အများဆုံးဆိုတဲ့အချိန်မှာတောင် ဂိုဏ်းဝင်အရေအတွက် ဆယ်ယောက်မပြည့်ဘူး။ ဒီကိုယ်တော်လေးက ကျင့်ကြံသူမဟုတ်ဘဲနဲ့ စွန်စီးဘုံကျောင်းရဲ့ တပည့်ဖြစ်နေပြီ။ နက်နဲတဲ့ဗုဒ္ဓပါရမီမျိုး ပိုင်ဆိုင်ထားတာသေချာတယ်”

ဘုန်ကြီးအိုနောက်သို့ ပါသွားသည့် ကိုယ်တော်လေးကိုကြည့်၍ မုန်ကျင်းကျိုးစိတ်တွင် ပြိုင်ဘက်တစ်ယောက်လို ခံစားချက်မျိုးပေါ်လာသည်။

“နောင်တစ်ချိန် ကျင့်ကြံသူလောကမှာ ငါကပြိုင်ဘက်ကင်းဖြစ်မယ်လို့ ထင်ထားတာ။ အခု ကြည့်ရတာ ငါနဲ့တန်းတူအဆင့်ရှိတဲ့ တစ်ခြားပြိုင်ဘက်တွေ ရှိနေပုံပဲ”

ထိုယုံကြည်ချက်မျိုး သူဘယ်ကရလာသည်ကို လုယန် မစဉ်းစားတတ်အောင် ဖြစ်သွားသည်။

“စီနီယာယွမ်ကျိက ငါတို့ကို ထုတ်ပယ်လိုက်မှာ မစိုးရိမ်ဘူးလား”

“ဘာစိုးရိမ်စရာရှိလဲ။ မင်းဝတ္ထုတွေ မဖတ်ဖူးဘူးလား။ ဂိုဏ်းကြီးတွေက အမြဲတမ်း မျက်ကန်းလိုပဲလေ။ ပါရီရှိတဲ့လူငယ်တွေကို မဟုတ်မမှန်စွပ်စွဲပြီး နှင်ထုတ်ကြတဘ်။ လူငယ်တွေက ဒါကို မကျေမနပ်ဖြစ်၊ အသေအလဲကြိုးစား၊ ကံကောင်းတာတွေကြုံရပြီး ကောင်းကင်ကိုတက်တယ်။ ဂိုဏ်းကြီးတွေ မော့ကြည့်ရ...အဲ....ငုံ့ကြည့်ရတဲ့ဘဝမျိုး ရောက်လာတယ်လေ”

ခဏငြိမ်နေပြီးနောက် လုယန် သတိပေးသည်။

“ဒါပေမယ့် ယွမ်ကျိက ငါတို့ကို မဟုတ်မမှန်စွပ်စွဲစရာ မလိုဘူးလေ”

“ဟုတ်သားပဲ”

မုန်ကျင်းကျိုးလည်း ထိတ်လန့်လာသည်။

“မင်းရဲ့ အတွင်းစွမ်းအင်တွေ သူ့ဘာသာ အလိုလို အဆက်မပြတ်လည်ပတ်နေတယ်။ မင်းဝတ်စုံကလည်း ကျင့်ကြံသူမိသားစုဝင်မျိုးနဲ့ မတူဘူး။ ငယ်ငယ်တုန်းက မိုးပြာသစ်မသေမျိုးသစ်သီးကို စားခဲ့တာပဲဖြစ်မယ်။ မင်း ဆက်သွားလို့ရပြီ”

“စိတ်ဝင်စားစရာ ခန္ဓာကိုယ်ပဲ”

ကြေးဝါရောင်အသားအရေနဲ့ ဗလတောင်တောင့်လူတစ်ယောက်ကို စစ်ဆေးချိန်တွင် တိုင်ပုဖန်းမျက်လုံးများ အရောင်လက်လာသည်။

“ရှေးဟောင်းအရိုးမျိုးနွယ်သွေးဆက်။ ...ဒါမျိုး မမြင်ရတာတောင် အတော်ကြာပြီ”

ထိုလူသည် ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်မျိုးရှိသည်။ ပြောင်လက်နေသည့် ကတုံးဦးခေါင်းက နေရောင်ကြောင့် ပြောင်လက်နေသည်။ အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်အရွယ်ဟု ထင်ရသည်။ သို့သော် တိုင်ပုဖန်က သူ့အသက်ကို မေးခွန်းမထုတ်သဖြင့် ဆယ့်ခြောက်နှစ်မပြည့်သေး၍သာဖြစ်မည်။

ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားကောင်းသည်ဟုသာ ဆိုရမည်။

လူအုပ်ကြီး နည်းနည်းလှုပ်ရှားလာသည်။ ရှေးဟောင်းအရိုင်းမျိုးနွယ်သည် တောင်တန်းကိုပြောင်းပြန်လှန်၍ နေလကိုဝါးမျိုးနိုင်စွမ်းရှည်သည်ကို နာမည်ကျော်သည်။ အမြင့်ဆုံးအနေအထားထိ တိုးတက်ခဲ့ပြီးနောက် အချိန်မြစ်ကြောင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

အလယ်ပိုင်းတိုက်နယ်တွင် ရှေးဟောင်းအရိုင်းမျိုးဆက်ကို မတွေ့ရသည်မှာ နှစ်ပေါင်းမနည်းတော့။ ယခု အံ့ဩစရာကောင်းလောက်အောင်ပင် တာအိုလမ်းစဉ်ဂိုဏ်းတွင် ပေါ်လာသည်။

တိုင်ပုဖန်း သမ်းတစ်ချက်ဝေလိုက်သည်။ အရွေးခံလူငယ် တစ်ဝက်ခန့် စစ်ဆေးပြီးဖြစ်သည်။ တစ်ကိုယ်တော်(ဧက)ဝိညာဉ်မြစ် တစ်ယောက်မှမတွေ့။ တစ်ခြားဂိုဏ်းများက အားလုံးသိမ်းယူသွားသလားမသိ။

မုန်ကျင်းကျိုး ယုံကြည်ချက်အပြည့်ဖြင့် ရှေ့တိုးလာသည်။ တိုင်ပုဖန် သိပ်မျှော်လင့်မထား။ သို့သော် လက်နှစ်ချောင်းကို မုန်ကျင်းကျိုးလက်ကောက်ဝတ်ပေါ် တင်မိသည်နှင့် သူမျက်လုံးပြူးသွားပြီး ထခုန်သည်။

“တကယ် တစ်ကိုယ်တော်....”

တိုင်ပုဖန်စကားကြောင့် အောက်ဘက်မှ တစ်ကိုယ်တော်ဝိညာဉ်မြစ်ဟူသည့် တီးတိုးစကားသံများထွက်လာသည်။

တစ်ကိုယ်တော်ဝိညာဉ်မြစ်သည် ကျင့်စဉ်အဆင့် ချောမွေ့စွာဖြတ်သန်းနိုင်မည့် လက္ခဏာဖြစ်သည်။ မသေမျိုးလမ်းတွင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် ကံပါလာသည်။ ဘုရင့်ရုံးတော်တွင် အမှုထမ်းလျှင် ရာထူးကြီးကြီးရနိုင်သည်။ အရိုင်းနယ်တွင် ကိုယ်ပိုင်နယ်မြေတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုပင် တည်ထောင်နိုင်စွမ်းရှိသည်။

လူအားလုံး၏အကြည့်က မုန်ကျင်းကျိုးဆီ ရောက်လာသည်။ စိတ်အားထက်သန်သည့်အရိပ်များ ပြည့်နေသည် ထိုလူမျိုးနှင့် စောစောမိတ်ဖွဲ့ထားခြင်းသည် အရှုံးမရှိနိုင်။ အကျိုးအမြတ်သာ ရနိုင်သည်။

အကြီးအကဲများက ဂျူနီယာများကို ချက်ချင်းညွှန်ကြားကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ဝင်ခွင့်ရသည်နှင့် မုန်ကျင်းကျိုးနှင့် ရင်းနှီးအောင်ပေါင်းရန် မှာကြားသည်။

မုန်မိသားစု၊ တစ်ကိုယ်တော်ဝိညာဉ်မြစ်၊ တာအိုလမ်းစဉ်ဂိုဏ်းတပည့်။ ဤသုံးချက်သည် နောင်တစ်ချိန် ထွန်းတောက်လာမည့် လူတစ်ယောက်ကို ညွှန်ပြနေသည်။ သမိုင်းတွင်မည့် ကျင့်ကြံသူမျိုးဖြစ်သည်။

“တစ်ကိုယ်တော်ဝိညာဉ်မြစ်”

တိုင်ပုဖန် အပြည့်အဝ ကြေညာလိုက်သည်။ လူအုပ်ကြီး ငြိမ်ကျသွားသည်။

သို့သော် မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ဆိုသည်ကို သူနားမလည်။ နာမည်အရ တစ်သက်လုံး “တစ်ကိုယ်တည်း”နေရမည့်သဘောမျိုး ဖြစ်နေသည်။

“ကျုပ်အတွေ့အကြုံနည်းတယ်ဆိုပြီး ဒီလိုတော့ လာမလှည့်စားနဲ့”

မုန်ကျင်းကျိုး နဖူးသွေးကြောများ ထောင်းထလာပြီး စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။ ဝုန်းခနဲ အသံထွက်လာသည်။

“ဂျူနီယာတိုင်၊ တစ်ခြားလူတွေကို ဟာသမလုပ်ပါနဲ့”

ကြည်လင်သည့် စကားသံတစ်ခု ထွက်လာသည်။ မြူငွေ့ကြားမှ ယွမ်ကျိပေါ်လာပြီး တိုင်ပုဖန်ကို စိုက်ကြည့်သည်။ တိုင်ပုဖန် ချက်ချင်းနောက်ဆုတ်သွားသည်။

မုန်ကျင်းကျိုးလည်း နည်းနည်းစိတ်ငြိမ်သွားသည်။ တိုင်ပုဖန်က သူ့ကိုစနောက်နေခြင်းဖြစ်မည်။

သို့သော် ယွမ်ကျိက သူ့ကို လှည့်ပြောသည်။

“ဒါပေမယ့် ဂျူနီယာတိုင်က မင်းကိုလှည့်စားနေတာမဟုတ်ပါဘူး။ မင်းမှာ တစ်ကိုယ်တော်ဝိညာဉ်မြစ် တကယ်ရှိတာပါ။ အဲဒါက ကျမ်းစာထဲက နာမည်ပေါ့။ ဒါပေမယ့် ကျင့်ကြံသူလောကမှာ အများသိကြတဲ့အခေါ်က “သန့်စင်ယန်ဝိညာဉ်မြစ်”တဲ့”

မုန်ကျင်းကျိုး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့ဝိညာဉ်မြစ်အကြောင်း သူ့မိဘများ မျိုးနွယ်အကြီးအကဲများက ဘာကြောင့် ပြောမပြခဲ့သည်ကို နားလည်လာသည်။

“မသေမျိုးငါးဂိုဏ်းမှာ အဖြေသိရပါလိမ့်မယ်” ဆိုသည့်စကားသာ ကြားခဲ့ရသည်။ သူတို့အားလုံး ပြောပြရန် အားနာလွန်းသောကြောင့်ဖြစ်သည်။

သူ့ဝိညာဉ်မြစ်ကို စမ်းသပ်ကြည့်ပြီးနောက် သူ့မိဘများက ညီလေး သို့မဟုတ် ညီမလေးတစ်ယောက် လိုချင်သလားဟု မေးခဲ့သည်မှာ မထူးဆန်းတော့။

သန္ဓေပြောင်းတစ်ကိုယ်တော်ဝိညာဉ်မြစ်။ သို့မဟုတ် သန့်စင်ယန်ဝိညာဉ်မြစ်။ ဓာတ်ဖိုသဘာဝနှင့် ခိုင်မာမှု၏ စံပြ။ သရဲဝိညာဉ်များ နတ်ဆိုးများအတွက် အဆိပ်ကျိန်စာ။

သန့်စင်ယန်ဓာတ်ကို ထိန်းသိမ်းထားလျှင် ကျင့်ကြံမှုစွမ်းအား တစ်ဟုန်ထိုး ခုန်တက်မည်။ သန့်စင်ယန်ဓာတ်ကို ဖျက်ဆီးလျှင် ကျင့်ကြံမှုစွမ်းအား အဆုံးသတ်မည်။

(**သန့်စင်ယန်သည် လူပျိုဘဝကို ရည်ညွှန်းသည်။ ဤဝတ္ထုသွားအရပြောရလျှင် မုန်ကျင်းကျိုး လူပျိုရည်ပျက်၍မရ။ အိမ်ထောင်ပြု ကလေးယူ၍မရ။ ထို့ကြောင့် သူ့မိဘများက ညီလေး၊ညီမလေး လိုချင်သလားဟု မေးခဲ့ခြင်းဖြစ်သည်။)

*************************************************************

All Chapters