← Chapters

ရိုးသားသူ

Vol. 1 Ch. 3

ရိုးသားသူ

Vol. 1 Ch. 3

“အရပ်သုံးနာမည်က ကျမ်းစာနာမည်ထက်တောင် ပိုပြီးကျမ်းစာဆန်နေသလိုပဲ”

နောက်ဘက်တွင်ရှိနေသည့် လုယန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သို့သော် သူ့စကားသံကို စွမ်းအားအဆင့်မြင့်သည့် ယွမ်ကျိက ကြားသည်။

“ပထမဆုံး သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင် ကျင့်ကြံသူက သူ့ဝိညာဉ်မြစ်ကို “တစ်ကိုယ်တော်ဝိညာဉ်မြစ်”လို့ ခေါ်ခဲ့လို့ပါ။ ကျင့်ကြံသူလောကမှာ တစ်ကိုယ်တော် ဘိုးဘေးစီနီယာတွေးကို လေးစားကြရတာ ထုံးစံပါပဲ”

ထို့သို့ဖြင့် မုန်ကျင်းကျိုး ပထမစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်။ သူ့နောက်တွင် လုယန်အလှည့်ဖြစ်သည်။

“ဟာ...နောက်ထပ် တစ်ကိုယ်တော်ဝိညာဉ်မြစ်လား”

တိုင်ပုဖန် မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ တစ်နေကုန် တစ်ကိုယ်တော်ဝိညာဉ်မြစ်မတွေ့ဟု သူညည်းညူနေခဲ့သည်။ တွေ့မယ့်တွေ့တော့ နှစ်ယောက်ဆက်တိုက်တွေ့သည်။

“ကျုပ်က...တစ်ကိုယ်တော်ဝိညာဉ်မြစ်ပေါ့”

လုယန် သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြန်မေးသည်။ သူ့နှလုံးခုန်သံ တဒိန်းဒိန်းမြန်နေသည်။ ရှေ့ဆက်ပြောလာမည့် စကားသံကို ကြားနေရသယောင်ရှိသည်။ နှုတ်ခမ်းများ အလိုလိုတွန့်သွားသည်။

“ဟုတ်တယ်။ မင်းက သန္ဓေပြောင်းဝိညာဉ်မြစ်ဖြစ်တဲ့ ဓားဝိညာဉ်မြစ်ပဲ”

တိုင်ပုဖန် ခေါင်းငြိမ့်အတည်ပြုသည်။ ဝိညာဉ်မြစ် အကဲဖြတ်ရာ သူလုံးဝမမှားဖူး။

ဓားဝိညာဉ်မြစ်သည် ဓားပါရမီအမွေကို ပိုင်ဆိုင်ထားသည်။ ထက်မြက်မှုတွင် ပြိုင်ဘက်ကင်းသည်။ တိုက်ခိုက်ရာတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။

စီနီယာယွမ်ကျိက နည်းနည်းအံ့ဩသွားဟန်ဖြင့် လုယန်ကို လှမ်းကြည့်သည်။ စိတ်ပြေလက်ပျောက် မြင်းရထားစီးဖို့ သူသဘောတူခဲ့သည်။ အတူစီးခဲ့သူနှစ်ယောက်က ထိပ်တန်းပါရမီရှင်များဖြစ်နေမည်ဟု ထင်မထား။

လူအုပ်ကြီး၏မျက်လုံးများ ပို၍အရောင်လက်လာသည်။ လုယန်နှင့် သင့်တော်မည့် မိန်းကလေးများကို စဉ်းစားနေသည်။ သူတို့၏ နောက်ခံမိသားစုများသို့ သွတ်သွင်းရန် လုယန်ကို ခိုးယူသွားချင်စိတ်ပင် ပေါ်လာကြသည်။

မုန်ကျင်းကျိုးနှင့်မတူ။ မုန်ကျင်းကျိုးက မုန်မိသားစုနောက်ခံရှိသည်။ လုယန်သည် သေမျိုးမိသားစုမှ ဆင်းသက်လာကြောင်း ထင်ရှားသည်။ သူ့နောက်တွင် အထောက်အပံ့မရှိ။

ပါရမီထူးပြီး နောက်ခံမရှိသူသည် လက်ထပ်ပေးရန် အသင့်တော်ဆုံး သတို့သားဖြစ်သည်။

ထို့အပြင် လုယန်က အိမ်ထောင်ပြုနိုင်သည်။ ကလေးယူနိုင်သည်။

လူအုပ်ကြီးထံမှ ထူးဆန်းသည့်အကြည့်များကြောင့် လုယန် ဒုတိယစမ်းသပ်ကွင်းဆီ အမြန်လျှောက်လာခဲ့သည်။

တိုင်ပုဖန်၏ စမ်းသပ်ချက် ဖြတ်ကျော်ပြီးနောက် ဒုတိယစမ်းသပ်မှုလုပ်မည့် ဝါးတောတစ်ခုဆီ ရောက်လာသည်။

“မင်းရောဘယ်လိုလဲ။ မင်းရဲ့ဝိညာဉ်မြစ်ကဘာလဲ”

သန့်စင်ယန်ဝိညာဉ်မြစ်အကြောင်း အတွေးနက်နေရာမှ မုန်ကျင်းကျိုး အသိပြန်ဝင်လာပြီးနောက် လုယန်ကို စိတ်ဝင်တစားလှည့်မေးသည်။

တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်သည် ပြိုင်ဘက်ကင်းပါရမီမျိုးရှိသည်။ မသေမျိုးလမ်းစဉ်သည် အရိုးခြောက်များဖြင့် ပြည့်နေသည်။ မိန်းမဆိုသည်က ပါးနီမိတ်ကပ်လိမ်းထားသည့် အရိုးစုများသာဖြစ်သည်။ သူ့ဘေးတွင် ဘယ်နတ်သမီးမှ ရှိနေစရာမလို။

ယခုထိ မုန်ကျင်းကျိုးက သူ့လိုတစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်မျိုး ဤလောကတွင်မရှိနိုင်ဟု ယုံကြည်နေဆဲဖြစ်သည်။ ပထမစမ်းသပ်ချက်ကို ကျော်ဖြတ်ခဲ့သော်လည်း လုယန်သည် အလွန်ဆုံး ဒွိဝိညာဉ်မြစ်လောက်သာ ဖြစ်လိမ့်မည်။

သူ့လိုတစ်ကိုယ်တော်သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင်အနေဖြင့် လုယန်လို သာမန်ပါရမီရှင်များကို စောင့်ရှောက်ပေးသင့်သည်ဟု ယူဆသည်။

“ဓားဝိညာဉ်မြစ်ပါ”

“မင်းဘွားအေ ဓားဝိညာဉ်မြစ်လား”

“ဟမ်”

လုယန် ကြောင်သွားသည်။

နေ့တစ်ပိုင်းကုန်ပြီးနောက် နောက်ဘက်တွင် တန်းစီရပ်နေခဲ့သူများ ဒုတိယစမ်းသပ်ကွင်းသို့ တဖြေးဖြေးဝင်လာကြသည်။ စံချိန်မမီသည့် ဝိညာဉ်မြစ်ပိုင်ရှင်များကို တိုင်ပုဖန်က ထုတ်ပယ်လိုက်သည်။

နောက်ဘက်မှလူအုပ်က နောက်ထပ် ထူးခြားသည့်ရုပ်ခန္ဓာဗီဇရှိသူတစ်ချို့အကြောင်း ဆွေးနွေးပြောဆိုနေကြသည်။ သို့သော် လုယန် မစပ်စုနိုင်မီ စီနီယာယွမ်ကျိက အားလုံးမျက်စိရှေ့တွင်ပေါ်လာသည်။

“အခု ဒုတိယစမ်းသပ်ချက်စတော့မယ်”

ထို့နောက် နေရာမှပျောက်သွားသည်။ အားလုံး မှင်သက်မိ၍ ကျန်ခဲ့သည်။

ထူထဲသည့်မြူငွေ့များ ထိုးထွက်လာပြီး ဝါးတောတစ်ခုလုံးကို ကြီးမားသည့်ပိုက်ကွန်တစ်ခုပမာ ဖုံးအုပ်သွားသည်။ လူအားလုံး ခုခံနိုင်ခြင်းမရှိဘဲ သိစိတ်အာရုံများ ထွေပြားလာသည်။

ဤနေရာသည် ဂိုဏ်းအကာအကွယ်မှော်စက်ဝန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပုံရိပ်ယောင်ဝါးတောဖြစ်သည်။ ထိုလူသစ်များ ခုခံနိုင်စရာ အကြောင်းမရှိ။

ယွမ်ကျိ စက်ဝိုင်းတစ်ခု အသာအယာဆွဲလိုက်သည်။ မြူငွေ့များရှင်းလင်း၍ ကြည်လင်သည့်မြင်ကွင်းတစ်ခု ပေါ်လာသည်။ ဂိုဏ်းတပည့်စစ်များ သူ့နောက်တွင် ရပ်နေကြသည်။

တိုင်ပုဖန်က ရယ်ကျဲကျဲဖြင့်

“ပုံရိပ်ယောင်ဝါးတောမှာ ပိတ်မိပြီဆိုတော့ လက်တွေ့ဘဝတွေ၊ စမ်းသပ်ချက်တွေ အားလုံးကို မေ့သွားလိမ့်မယ်။ သူတို့ရဲ့ အစစ်မှန်ဆုံးစိတ်ထားကို ပြလာမှာပဲ။ ဒုတိယစမ်းသပ်ချက်ကျော်နိုင်တဲ့လူ ဘယ်လောက်ရှိမလဲမသိဘူး”

“များများအောင်မြင်စေချင်တယ်။ ဒီအသုတ်ထဲမှာ မျိုးစေ့ကောင်းလေးတွေ အတော်ပါလာတယ်။ ဒုတိယစမ်းသပ်ချက်မှာ သူတို့ကျရှုံးသွားရင် နှမျောစရာပဲ”

မုန်ကျင်းကျိုးရထားသည့် စမ်းသပ်ပွဲမေးခွန်းများသည် ယခုနှစ်အတွက်မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မေးခွန်းများဖြစ်သောကြောင့် ယွမ်ကျိက သူတို့ကို စမ်းသပ်ပွဲမှ ကန်မထုတ်ခဲ့ခြင်းဖြစ်သည်။

“ဂျူနီယာတိုင်၊ ဘယ်သူတွေ ဒီစမ်းသပ်ချက်ကို အောင်မြင်မယ်ထင်လဲ”

“ဟိုရှေးဟောင်းအရိုင်းမျိုးနွယ်ပေါ့။ သူတို့မျိုးနွယ်ဟာ စိတ်ဓာတ်ရိုးရှင်းပွင့်လင်းတဲ့ စရိုက်သဘာဝရှိလို့ နာမည်ကျော်တယ်လေ။ တစ်ကိုယ်တော်ဝိညာဉ်မြစ်နဲ့ ဓားဝိညာဉ်မြစ်လည်း သိပ်မဆိုးလောက်ပါဘူး။ ကြည့်ရတာ ရိုးသားပုံရပါတယ်”

မြင်းရထားထဲတွင် မသမာနည်းလမ်းဖြင့် စမ်းသပ်မှုဖြတ်ရန် ဆွေးနွေးတိုင်ပင်ခဲ့သည့် လုယန်နှင့် မုန်ကျင်းကျိုးတို့ပုံစံကို ယွမ်ကျိ ပြန်မြင်ယောင်လာသည်။ ရိုးသားသည်ဟူသည့်စကားသည် ထိုနှစ်ယောက်နှင့် လုံးဝမအပ်စပ်။

...........................

“ငါဘယ်ကိုရောက်နေတာလဲ”

“အရိုးရိုင်း”ဟု ခေါ်သည့် အရိုင်းမျိုးနွယ်လူငယ် ဇဝေဇဝါမျက်နှာဖြင့် ဘေးပတ်လည်သို့ မျက်လုံးဝေ့ကြည့်နေသည်။ ဘာဖြစ်သွားသည်ကို သူပြန်စဉ်းစားမရ။

ပုဆန်းဟောင်းတစ်လက်ကို သူကိုင်ထားသည်။ နေရောင်အောက်တွင် တလက်လက်တောက်ပနေသည့် မြစ်တစ်စင်းဘေးတွင် သူရပ်နေသည်။

သူ့လက် ခါထွက်သွားသည်။ သူကိုင်ထားသည့်ပုဆိန် မြစ်ထဲသို့ ပြုတ်ကျသွားသည်။ ပြန်ဆယ်ယူရန် ဟန်ပြင်နေစဉ် မြစ်ရေပြင် ဆူပွက်လာသည်။ ကိုယ်ရောင်ကိုယ်ဝါတောက်ပသည့် သဏ္ဌာန်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ပုဆိန်သုံးခု ကိုင်ထားသည်။

“ကောင်လေး၊ ငါက မြစ်စောင့်ဝိညာဉ်ပါ။ ခုနက မင်းကျသွားတာ ဒီပုဆိန်ဟောင်းလား။ ဒီဝိညာဉ်လက်နက် တောင်ခွဲပုဆိန်လား၊ ဒီမသေမျိုးလက်နက် ကောင်းကင်ဖွင့်ပုဆိန်လား”

တောင်ခွဲပုဆိန်နှင့် ကောင်းကင်ဖွင့်ပုဆိန်တို့သည် အလယ်ပိုင်းတိုက်နယ်တွင် ကျော်ကြားသည်။ ပါရမီမရှိသည့် သေမျိုးတစ်ယောက်ပင် ‌အောင်မြင်မှုရနိုင်သည်ဟုဆိုသည်။

“ပုဆိန်ဟောင်းပါ”

အရိုးရိုင်း မတုံ့မဆိုင်း ပြန်ဖြေသည်။

မြစ်ဝိညာဉ် ပြုံးလိုက်သည်။

“တကယ်ရိုးသားတဲ့လူငယ်ပဲ။ ဒီပုဆိန်းသုံးခုလုံး အခု မင်းပိုင်သွားပါပြီ”

ဒုတိယစမ်းသပ်ချက်ကို အရိုးရိုင်း အောင်မြင်သွားသည်။

“တွေ့လား၊ ကျုပ်ပြောသားပဲ။ အရိုးရိုင်း ဖြတ်ကျော်နိုင်မှာပါလို့။ တစ်ကိုယ်တော်ဝိညာဉ်မြစ်နဲ့ ဓားဝိညာဉ်မြစ်တို့ ဘယ်လိုရွေးချယ်မလဲ စောင့်ကြည့်ရအောင်”

ဒုတိယစမ်းသပ်ချက်သည် ရိုးသားမှုကို စမ်းသပ်ခြင်းဖြစ်သည်။ ပုဆိန်သုံးခုလုံး လက်ခံရရှိလျှင် အောင်မြင်သည်သတ်မှတ်သည်။

မြစ်ဝိညာဉ်သည် ပုံရိပ်ယောင်မဟုတ်။ ဝါးတောကို ကွေ့ပတ်စီးဆင်းနေသည့် မြစ်ထဲမှ မွေးဖွားလာသည့် သဘာဝဝိညာဉ်ဖြစ်သည်။

ပုံစံအမျိုးမျိုးပြောင်းနိုင်သည်။ ပုံရိပ်ယောင်နယ်မြေသို့ဝင်၍ အားလုံး၏စိတ်ကို စမ်းသပ်သည်။

ရိုးသားသည့်လူများကို သူသဘောကျသည်။ ဒုတိယစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ သူ့မေးခွန်းကို ရိုးရိုးသားသားဖြေ၍ ပုဆိန်သုံးခုလုံး လက်ခံယူဖို့ဖြစ်သည်။

.......................

“ဟ...ပုဆိန်က ဘာလို့မြစ်ထဲကို ကျသွားတာလဲ”

လုယန် အံ့အားသင့်နေသည်။ မမြင်ရသည့် အင်အားတစ်ခုက သူ့လက်ထဲမှပုဆိန်ကို ဆွဲချသွားသလို ခံစားရသည်။

မြစ်ဝိညာဉ် နောက်တစ်ကြိမ်ပေါ်လာပြီး လုယန်ကု မေးသည်။

“‌ကောင်လေး၊ ငါက မြစ်စောင့်ဝိညာဉ်ပါ။ ခုနက မင်းကျသွားတာ ဒီပုဆိန်ဟောင်းလား။ ဒီဝိညာဉ်လက်နက် တောင်ခွဲပုဆိန်လား၊ ဒီမသေမျိုးလက်နက် ကောင်းကင်ဖွင့်ပုဆိန်လား”

လုယန် ဆောင့်ကြောင့်ထိုင်၍ ပုဆိန်သုံးခုကို သေချာစစ်ဆေးကြည်သည့်။ ထို့နောက် မြစ်စောင့်ဝိညာဉ်ကို ငတုံးငအတစ်ယောက်ကိုကြည့်သည့်မျက်လုံးမျိုးဖြင့် မော့ကြည့်သည်။ သူ့မျက်လုံးတွင် ကရုဏာသက်သည့်အရိပ်မျိုး ပေါ်နေသည်။

“ဒီသုံးခုထဲက နှစ်ခုက ခင်ဗျားဟာလား။ ဘယ်ပုဆိန်တွေက ခင်ဗျားဟာမှန်း မသိဘူးပေါ့။ ဒါကြောင့် ခင်ဗျားကျုပ်ကို မေးတာလား”

မြစ်ဝိညာဉ်မျက်နှာမှအပြုံးရိပ် နည်းနည်းတွန့်သွားသည်။ ဘာပြန်ပြောရမှန်းမသိ။ သို့သော် လုယန်စကားလမ်းကြောင်းအတိုင်း ပြန်ဖြေသည်။

“ငါ့ပုဆိန်နှစ်ခုက ဘယ်ဟာတွေမှန်း ငါတကယ်မသိပါဘူး”

လုယန်က သင်္ကာမကင်းဟန်ဖြင့် စိုက်ကြည့်၍ ထပ်မေးသည်။

“ဒီထဲကတစ်ခုကို ကျုပ်ရွေးလိုက်တဲ့အချိန်ကျမှ ခင်ဗျားပုဆိန်နှစ်ခုကို ဘယ်ဟာတွေဆိုတာ ရုတ်တရက် ပြန်မှတ်မိလာတာမျိုးဖြစ်နိုင်လား”

“လုံးဝမဖြစ်နိုင်ပါဘူး”

မြစ်ဝိညာဉ် အလေးအနက်ပြောသည်။

“ဒါဆို ပုဆိန်သုံးလက်လုံးကို ကျုပ်ကြည့်ပါရစေ”

မြစ်ဝိညာဉ် ပုဆိန်သုံးလက်ကို လုယန်ဆီ လှမ်းပေးသည်။

လုယန်က ပုဆိန်းအားလုံး ချက်ချင်း မြစ်ထဲသို့ ပြန်ပစ်ချလိုက်သည်။

“ခုနက ခင်ဗျားမေးတဲ့မေးခွန်းကို ထပ်မေးပါဦး”

မြစ်ဝိညာဉ် ပြန်မေးသည်။

“ခုနက မင်းကျသွားတာ ဒီပုဆိန်ဟောင်းလား။ ဒီဝိညာဉ်လက်နက် တောင်ခွဲပုဆိန်လား၊ ဒီမသေမျိုးလက်နက် ကောင်းကင်ဖွင့်ပုဆိန်လား”

လုယန်မျက်နှာ ပြုံးရွှင်လာသည်။

“အားလုံး ကျုပ်ပြုတ်ကျသွားတဲ့ပုဆိန်တွေပါ”

“....”

မြစ်ဝိညာဉ် အံကိုတင်းတင်းကြိတ်လိုက်သည်။

“တကယ်ရိုးသားတဲ့လူငယ်ပဲ။ ပုဆိန်သုံးလက်လုံး မင်းပိုင်ပါပြီ”

****************************************************

All Chapters