← Chapters

ဒီကိုယူခဲ့ပါ

Vol. 1 Ch. 4

ဒီကိုယူခဲ့ပါ

Vol. 1 Ch. 4

“ဟာ..ငါ့ပုဆိန်”

ပုံရိပ်ယောင်နယ်မြေတွင် မုန်ကျင်းကျိုး အော်ဟစ်လိုက်သည်။ ဒိုက်ဗင်ပစ်ထိုး၍ ပုဆိန်ကို ပြန်ဆယ်ရန်ပြင်သည်။

မြစ်ဝညာဉ် ပုဆိန်သုံးလက်ကိုင်၍ ပေါ်လာသည်။

“ကောင်လေး၊ ငါ...”

“ဝုန်း”

မြစ်ဝိညာဉ်စကားမဆုံးမီ မုန်ကျင်းကျိုး မြစ်ထဲသို့ ဒိုက်ဗင်ထိုးချသွားသည်။ သူ့ခန္ဓာကိုယ်ထက်ကြီးသည့် ရေပွားများ မြင့်တက်လာသည်။

ဘာတွေဖြစ်ကုန်သည်မသိ။ ထိုအဖြစ်မျိုး ပထမဆုံး ကြုံဖူးခြင်းဖြစ်၍ မြစ်ဝိညာဉ် တွေးရခက်သွားသည်။

ရေပွားများ တဖြေးဖြေး ပြန်လည်နိမ့်ဆင်းသွားပြီး မြစ်ရေပြင်တစ်ခုလုံး ခြောက်ခြားစရာကောင်းလောက်အောင် တည်ငြိမ်လာသည်။ မြစ်ဝိညာဉ်၏စွမ်းအင်ရောင်ကြောင့် လှိုင်းဂယက်နည်းနည်းထနေသည်သာရှိသည်။

“လှုပ်မလာတော့ပါလား။ ရေနစ်တာတော့ မဟုတ်လောက်ပါဘူး”

မြစ်ဝိညာဉ် သူ့ဘာသာ ရေရွတ်နေသည်။ မုန်ကျင်းကျိုး တကယ်ရေနစ်မည်ကို သိပ်မစိုးရိမ်။ ဤရေပြင်က ပုံရိပ်ယောင်သာဖြစ်သည်။ ရေနစ်စရာအကြောင်းမရှိ။

သူတွေးနေစဉ် နောက်ထပ်အပြောင်းအလဲတစ်ခု ထပ်ပေါ်လာသည်။

မြစ်ပြင်ပေါ်မှ လှိုင်းဂယက်များ ပို၍လှုပ်ရှားလာသည်။ မြစ်ဝိညာဉ် နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ သူ့စွမ်းအားဖြင့် ကောင်းစွာထိန်းချုပ်ထားသည်။ ယခုလိုဖြစ်စရာအကြောင်းမရှိ။

“ဒါ မြစ်ထဲကိုဆင်းသွားတဲ့ ဟိုကောင်လေးပဲဖြစ်မယ်”

ရွှေရောင်စွမ်းအင်များ မြစ်ထဲတွင် ရောထွေးယှက်လိမ်လာသည်။ ရေမျက်နှာပြင်ပေါ်တွင် မြူငွေ့များထလာသည်။ ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခု ရေ‌အောက်တွင် အသက်ဝင်လာသည့်သဘောဖြစ်သည်။

ဘာမှန်းမသိသည့် ထိုစွမ်းအားကြောင့် မြစ်ဝိညာဉ်ရင်ထိတ်လာသည်။ မြစ်ပြင်ပေါ်တွင် ရေပန်းသုံးခုပေါ်လာပြီး တစ်ဖြေးဖြေးမြင့်တက်သွားသည်။ ရွှေရောင်မြူငွေ့များက ရေပန်းသုံးခုလုံးကို ဖုံးလွှမ်းနေသည်။ အခြေအနေကို မြစ်ဝိညာဉ် သေချာမမြင်ရ။

လေပြေတစ်ချက် တိုက်ခတ်လာပြီး ရွှေရောင်မြူငွေ့များ လွင့်ပါးပျောက်ကွယ်သွားသည်။

လူသုံးယောက်ပေါ်လာသည်။ သုံးယောက်လုံး မုန်ကျင်းကျိုးနှင့် ချွတ်စွပ်တူနေသည်။ သို့သော် စွမ်းအင်ရောင်များက လုံးဝကွဲပြာနေသည်။

မြစ်ဝိညာဉ် သိစိတ်၏အနက်ရှိုင်းဆုံးနေရာအထိ တုန်လှုပ်သွားသည်။

လူသာမန် မုန်ကျင်းကျိုး၊ စွမ်းအားမြင့်ကျင့်ကြံသူ မုန်ကျင်းကျိုး ၊ မသေမျိုး မုန်ကျင်းကျိုး။

ထိုအချက်သည် ဤပုံရိပ်ယောင်နယ်မြေ၏ အခြေခံစွမ်းအင်နိယာမစည်းမျဉ်းဖြစ်သည်။ မြစ်ထဲသို့ကျသည့်အရာမှန်သမျှ သာမန်အခြေအနေ၊ ဝိညာဉ်စွမ်းအားအခြေအနေ၊ မသေမျိုးစွမ်းအားအခြေအနေ အသွင်သုံးမျိုးပြောင်းလဲသည်။

“ဒီကိုယူခဲ့ပါ”

မုန်ကျင်းကျိုးသုံးယောက်လုံး ပြိုင်တူလှမ်းပြောသည်။ ပုဆိန်တစ်ခုစီ တောင်းသည်။

မသေမျိုးမုန်ကျင်းကျိုးရှိနေသဖြင့် မြစ်ဝိညာဉ် ခုခံနိုင်သည့်စွမ်းအားမရှိ။ ထိန်းချုပ်ခွင့်လွှဲပေးလိုက်ရသည်။

မသေမျိုးမုန်ကျင်းကျိုးက ကောင်းကင်ဖွင့်ပုဆိန်ကို တောင်းသည်။ စွမ်းအားမြင့်ကျင့်ကြံသူ မုန်ကျင်းကျိုးက တောင်ခွဲပုဆိန်ကိုယူသည်။ သာမန်လူမုန်ကျင်းကျိုးက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပုဆိန်ဟောင်းကို ယူလိုက်သည်။

ပုဆိန်သုံးခုလုံး လက်ထဲရောင်သည်နှင့် ပုံရိပ်ယောင်များ ပျောက်ကွယ်၍ မုန်ကျင်းကျိုး စမ်းသပ်မှု အောင်မြင်သွားသည်။

ဒုတိယစမ်းသပ်မှု အောင်မြင်သူများသည် ခဏသတိမေ့သွားလေ့ရှိသည်။ ခန္ဓာကိုယ်အတွက် သဘာဝအကာအကွယ်စနစ်တစ်မျိုးဖြစ်သည်။

.................

တာအိုလမ်းစဉ်ဂိုဏ်းဝင်များ စမ်းသပ်မှုအောင်မြင်သွားသည့် လုယန်နှင့်မုန်ကျင်းကျိုးကိုကြည့်၍ အသံတိတ်နေကြသည်။

ရိုးသားပုံရသည့် ထိုနှစ်ယောက် ဘယ်လိုဖြစ်သွားသည်မသိ။

ယွမ်ကျိ အသံတိတ်နေသည်။ ထိုနှစ်ယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ဝင်ခွင့်ပေးလိုက်လျှင် ဂိုဏ်းအတွက် အဆုံးအစမဲ့ဒုက္ခများကို လက်ယပ်ခေါ်သလိုဖြစ်လာမည်ဟူသည့် ကြိုတင်နိမိတ်ကို သူခံစားနေရသည်။

ထိုခံစားချက် မှားပါစေဟု သူမျှော်လင့်သည်။

..........

မြစ်ဝိညာဉ်ပေါ်လာသည်။ ပုဆိန်နှစ်လက်ကိုင်၍ ‌လုယန်နှင့် မုန်ကျင်းကျိုးထံ ဒေါသတကြီး ပြေးဝင်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ အုပ်ထိန်းသူဝိညာဉ်တစ်ယောက်အနေဖြင့် ယခုလို တစ်ခါမှအရှက်မကွဲခဲ့ဖူး။

“ဘယ်သူမှမတားနဲ့။ ဒီနှစ်ကောင်ကို ဒီနေ့ငါ သင်ခန်းစာပေးမယ်။ သူတို့ခြေလက်တွေကို ခုတ်ဖြတ်ပစ်မယ်။ ပြီးမှ ပြန်ဆက်ပေးမယ်”

ဒါဆိုဂိုဏ်းတပည့်များ သူ့ကို အမြန်ဝိုင်းထိန်းကြရသည်။

“မလုပ်ပါနဲ့ မြစ်ဝိညာဉ်”

“ဒေါသကိုလျှော့ပါ မြစ်ဝိညာဉ်”

“အစမ်းသပ်ခံလူသစ်တွေ တစ်ခုခုဖြစ်ရင် ကျုပ်တို့ဂိုဏ်း နာမည်ပျက်လိမ့်မယ်”

နောက်ဆုံးတွင် တိုင်ပုဖန် ရှေ့ထွက်လာပြီး ထိန်းသည်။

“စိတ်ချပါ မြစ်ဝိညာဉ်၊ တတိယစမ်းသပ်ချက်က ကျုပ်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းပါ။ သူတို့ကို သေချာပေါက် မှတ်လောက်အောင် သင်ခန်းစာပေးနိုင်မှာပါ”

တိုင်ပုဖန်းက အလေးအနက် ကတိပေးနေသဖြင့် မြစ်ဝိညဉ် စိတ်လျှော့လိုက်သည်။

တတိယစမ်းသပ်ချက်သည် နောက်ဆုံးစိန်ခေါ်မှုဖြစ်၍ ရွေးစရာနှစ်ခုရှိသည်။ နူးညံ့သည့် ယွမ်ကျိ၏စမ်းသပ်နည်းရှိသည်။ ကြမ်းတမ်းသည့် တိုင်ပုဖန်၏စမ်းသပ်နည်းရှိသည်။ နှစ်ခုလုံးက တာအိုနှလုံးကို စမ်းသပ်ခြင်းဖြစ်သည်။ အချင်းချင်းမဲခွဲ၍ ဆုံးဖြတ်ကျသည်။

ယွမ်ကျိ၏စမ်းသပ်နည်းက ညင်သာလွန်းသည်။ ကျရှုံးလျှင်ပင် ပြစ်ဒဏ်မရှိ။ မြစ်သခင်ဒေါသကိုလည်း ငြိမ်းအေးစေရန်အတွင် တိုင်ပုဖန်၏စမ်းသပ်နည်းကိုသာ ရွေးချယ်ဖို့ရှိသည်။

ယွမ်ကျိကလည်း မငြင်းပါ။

ထိုလူငယ်နှစ်ယောက်ကို နည်းနည်းနှိပ်စက်ပေးမှ တရားမျှတမည်။

ဒုတိယစမ်းသပ်မှုတွင် အစမ်းသပ်ခံများစွာ အပယ်ခံရသည်။ ပုဆိန်သုံးလက်၏ ဆွဲဆောင်မှုကြောင့် လောဘကို မတွန်းလှန်နိုင်ဘဲ မြစ်ဝိညာဉ်ကို လိမ်ညာကြသည်။

ကျရှုံးသွားသူများက တာအိုလမ်းစဉ်ဂိုဏ်း၏ စမ်းသပ်မှုသည် ခက်ခဲလွန်းသည်ဟု ညည်းညူကြသည်။

အောင်မြင်သွားသူများက ဘာသံမှမထွက်။

.....................

“ဒုတိယစမ်းသပ်ချက်က ရိုးရိုးလေးပါ။ အမှန်အတိုင်းပြောလိုက်ရုံပါပဲ”

အရိုးရိုင်းက မှတ်ချက်ပြုသည်။

တတိယစမ်းသပ်ချက်ကို စောင့်နေသူများ သူ့စကားကို ခေါင်းငြိမ့်ထောက်ခံကြသည်။

“ဘယ်လို၊ အဲဒါက မြစ်ထဲကို ခုန်ဆင်းပြီး မြစ်ဝိညာဉ်ဆီကပုဆိန်တွေကို ရအောင်ယူရတာ မဟုတ်ဘူးလား”

မုန်ကျင်းကျိုး တအံ့တဩရေရွတ်သည်။ ဘာကြောင့် သူ့နည်းလမ်းနှင့်ကွဲပြားနေသည်မသိတော့။

လုယန်က သူ့ကို အထင်သေးသည့်မျက်လုံးဖြင့် လှမ်းကြည့်သည်။

“မြစ်ဝိညာဉ်က ပုံရိပ်ယောင်မဟုတ်ဘဲ တကယ်အစစ်သာဆို(**) မင်းသူ့ကို အဲလိုမခန့်လေးစားလုပ်မှာ မဟုတ်ပါဘူး။ မင်းငါ့လို လုပ်ခဲ့သင့်တာ။ မြစ်ဝိညာဉ်ဆီက ပုဆိန်တွေကိုတောင်းပြီး မြစ်ထဲကိုပစ်ချလိုက်။ အဲလိုဆို အဲဒီ့ပုဆိန်သုံးလက်လုံး ငါတို့လက်ထဲက ကျသွားတဲ့သဘော ဖြစ်ပြီပေါ့”

(**မြစ်ဝိညာဉ်သည် အစစ်ဖြစ်ကြောင်း သူတို့မသိသေးခြင်းဖြစ်သည်။)

“မင်းကပိုဉာဏ်ကောင်းတယ်”

မုန်ကျင်းကျိုး သဘောပေါက်သွားသည်။

တစ်ခြားလူများက သူတို့ကို အသံတိတ်လှမ်းကြည့်နေကြပြီးနောက် ကိုယ့်အတွေ့အကြုံကိုယ် ပြန်သုံးသပ်ကြည့်သည်။ ကိုယ့်ခြေရှင်းခဲ့သည့်နည်းလမ်း မှားလေသလားဟု သံသယဝင်လာကြသည်။

အရိုးရိုင်း ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူတို့အရိုင်းမျိုးနွယ် ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်မှာ မောက်မာမှုနှင့် အကင်းမပါးမှုကြောင့်ဟု သူ့အဖေပြောခဲ့သည့်စကားကို ပြန်သတိရလာသည်။ အရိုင်းမျိုးဆက်တစ်ယောက်အနေဖြင့် ထိုချို့ယွင်းချက်ကို ‌ကျော်လွှားရမည်။ တခြားလူများထံမှ နှိမ့်ချသင်ယူရမည်။

ယခု သူ့စံပြနှစ်ယောက်ကို တွေ့ပြီဟု ခံစားရသည်။

တတိယအဆင့်ကိုဖြတ်ကျော်ရန် နည်းလမ်းဆွေးနွေးနေစဉ် ယွမ်ကျိနှင့် တိုင်ပုဖန်တို့ တစ်ခြားဂိုဏ်းတပည့်များနှင့်အတူ ပေါ်လာသည်။

တိုင်ပုဖန် မပွင့်တပွင့်ပြုံးလိုက်သည်။ လက်ဝါးကို ဖျတ်ခနဲဝှေ့ယမ်းလိုက်သည်။ တောင်ကုန်းငယ်တစ်ခု ပေါ်လာပြီး လေထဲတွင် ချက်ချင်းကြီးထွားလာသည်။ သိပ်မကြာမီ ပေတစ်ရာအခန့်ထိ မြင့်လာသည်။

ကျင့်ကြံသူတို့ကြားမှ မြင်ရခဲသည့်မြင်ကွင်းကိုကြည့်၍ လူအုပ်ကြီး မှင်သက်မိသွားသည်။

သစ်ပင်များစိမ်းစိုနေသည့် တောင်ကုန်းက တကယ့်အစစ်နှင့် ခွဲမရ။ ရှည်လျားသည့်လှေခါးထစ်များက တောင်ထိပ်ဆီ ဦးတည်နေသည်။

“ဒါက တာအိုနှလုံးတောင်ကုန်းပဲ။ ငါတောင်းဆိုလို့ အကြီးအကဲတစ်ယောက် ဖန်တီးပေးခဲ့တဲ့ မှော်ပစ္စည်းတစ်ခုပေါ့။ ဒီတောင်ကုန်းပေါ်မှာ သေမျိုးနဲ့မသေမျိုးတွေဟာ တန်းတူပဲ။ မင်းတို့အလုပ်က ဒီတောင်ပေါ်ကို တက်ရုံပါ။ မြင့်မြင့်တက်နိုင်လေ မင်းရဲ့စိတ်ဓာတ် ဘယ်လောက်ခိုင်မာတယ်ဆိုတာ အဖြေပေါ်လေပဲ။ လှေခါးထစ်ငါးဆယ်အထိတက်ပါ”

“ဒါဆို အရိုးရိုင်းကို ဦးစားပေးသလို ဖြစ်မသွားဘူးလား”

တစ်ယောက်က မေးခွန်းထုတ်သည်။

ဆယ့်ငါးနှစ်အရွယ်မှာပင် အရိုးရိုင်းက သက်နှစ်ဆယ့်ငါးအရွယ် ခန္ဓာကိုယ်မျိုးရှိသည်။ တစ်ခြားလူများထက် အရပ်ပိုမြင့်သည်။ တောင်တက်သည့်အလုပ်က သူ့အတွက် တစ်ခြားလူများထက် ပိုလွယ်မည်မှာ သေချာသည်။

တိုင်ပုဖန် ပြုံးလိုက်သည်။

“အဲဒါအတွက်တော့ စိတ်မပူပါနဲ့။ တာအိုနှလုံး‌တောင်ကုန်းဟာ အားလုံးရဲ့ရုပ်ခန္ဓာစွမ်းရည်ကို တန်းတူညှိထားမှာပါ။ သေမျိုးဖြစ်ဖြစ် ကျင့်ကြံသူဖြစ်ဖြစ် ဒီနေရာမှာ အားလုံးသာမန်လူပဲဖြစ်လာမှာ”

“အချိန်ကန့်သတ်ချက်ရှိလား”

နောက်တစ်ယောက်က မေးခွန်းထုတ်သည်။

“မရှိဘူး”

အစမ်းသပ်ခံများ ဝမ်းသာသွားသည်။ အချိန်အကန့်အသတ်မရှိလျှင် အထပ်ထပ်ကြိုးစားခွင့်ရှိသည့်သဘောဖြစ်သည်။ ထိုစမ်းသပ်မှုကို မဖြတ်ကျော်နိုင်စရာမရှိ။ ထုံးတမ်းစဉ်လာအရသာ လုပ်ရခြင်းဖြစ်လိမ့်မည်။

“မှော်ရတနာတွေသုံးလို့ရလား”

သူတို့နောက်ခံ မိသားစုများမှ ဝိညာဉ်စွမ်းအင်သုံးစရာမလိုသည့် ထူးခြားရတနာများရှိသည်။ အားကိုးရသည့် ရတနာများဖြစ်သည်။

တိုင်ပုဖန်က မခိုးမခန့် သွားဖြဲပြုံးလိုက်သည်။

“ရတယ်”

မှော်ရတနာများ အလုပ်ဖြစ်မည်ဆိုလျှင် သုံးခွင့်ပေးပါသည်။

******************************************************

All Chapters