← Chapters

ဉာဏ်ပညာဟုထင်သည်

Vol. 1 Ch. 5

ဉာဏ်ပညာဟုထင်သည်

Vol. 1 Ch. 5

အားလုံး တာအိုနှလုံးတောင်ကုန်းသို့ ချဉ်းကပ်လာသည်။ တစ်ခြားလူများ ဘာမှမထူးခြား။ အရိုးရိုင်းတစ်ယောက်သာ ရုပ်ဗီဇစွမ်းအားများ လျော့ကျသွားသည်။ တစ်ခြားလူများနှင့် တန်းတူဖြစ်သွားသည်။

ဆူပွက်နေသည့် အရိုင်းမျိုးနွယ်သွေးစွမ်းအင်များ ငြိမ်သက်သွားသည်။ သူ့ကို အဆုံးမဲ့စွမ်းအားများ ထောက်ပံ့မပေးတော့။

အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ ထို့နောက် သူတို့ထဲတွင် အားအကောင်းဆုံးဖြစ်သည့် အရိုးရိုင်းကိုကြည့်ကြသည်။

“ကျုပ်အရင်သွားမယ်”

အားလုံးစိုက်ကြည့်နေကြသဖြင့် အရိုးရိုင်းကပြောသည်။ တောင်ကုန်းတက်ရန် ရှေ့သို့အရင်ဆုံးထွက်သွားသည်။

လှေခါး တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်...ဆယ်ထစ်။

ပထမဆယ်ထစ်က လွယ်ကူသည်။ သို့သော် ဆယ်တစ်ထစ်မှစ၍ ဖိအားသက်ရောက်လာသည်။ ကျောက်ပြားတစ်ခု ကျောကုန်းထက်တွင် သယ်ထားရသလို လေးလံလာသည်။

သူတင်းခံနိုင်ပါသေးသည်။

ဆက်တက်သည်။

လှေခါးထစ်နှစ်ဆယ်သို့ ရောက်ပြီးနောက် သူ့ခြေလှမ်းများ ပိုခက်ခဲလာသည်။ ပိုနှေးလာသည်။

နှစ်ဆယ့်ကိုးလှမ်းရောက်ချိန်တွင် သူ့ဝတ်ရုံ ချွေးများစိုရွှဲသွားသည်။ ခဏရပ်၍ နားလိုက်ရသည်။ အသက်ကို ပင်ပင်ပန်းပန်းရှူရှိုက်နေသည်။

“ထိုင်တာတောင် လေးနေသလိုပဲ”

အရိုင်းရိူး သူ့ဘာသာရေရွတ်လိုက်သည်။ ပင်ပန်းလွန်းသဖြင့် စကားဆက်မပြောနိုင်တော့။ အလေးအပင်ထမ်းထားသည့် အနေအထားဖြင့် ထိုင်နေရသဖြင့် အားလည်း တော်တော်နှင့်ပြန်မပြည့်။

သူ့အဖြစ်ကိုကြည့်၍ ကျန်နေသည့်လူများအားလုံး တောင်ကုန်းစွမ်းအားကို သဘောပေါက်သွားကြသည်။ စိုးရိမ်လာကြသည်။

တစ်ယောက်က အလေးအနက်လေသံဖြင့်

“ဒီလိုနေရာမျိုးတွေအကြောင်း အကြီးအကဲတစ်ယောက်ဆီက ငါကြားဖူးတယ်။ တာအိုနှလုံးတောင်ကုန်းဟာ တာအိုလမ်းအတွက် စိတ်ဓာတ်ပြင်းပြမှုကို စစ်ဆေးတာတဲ့။ စိတ်နှလုံးသန့်စင်လေ စိတ်ဓာတ်ခိုင်မာလေပဲ။ အရိုင်းမျိုးနွယ်တွေက ပွင့်လင်းရိုးရှင်းတဲ့ စိတ်ဓာတ်ကြောင့် နာမည်ကျော်ကြတယ်။ သူတောင် ဒီလောက်ပင်ပန်းနေရင် ငါတို့ဆို ပိုဆိုးလိမ့်မယ်”

“စိတ်ငြိမ်မန္တာန်နဲ့ဆို စိတ်တည်ငြိမ်အောင် ထိန်းနိုင်လောက်သလား”

နောက်တစ်ယောက်က အကြံပြုသည်။

လှေခါးထစ်ငါးဆယ်ထိသာ တက်နိုင်ဖို့လိုသည်။ အလျင်စလိုတက်ဖို့မလို။ ပြိုင်ဆိုင်စရာမလို။

အားလုံး ခေါင်းငြိမ့်လက်ခံကြသည်။ ထိုစိတ်ကူးမဆိုးလှဟု ယူဆသည်။ သူတို့အကြီးအကဲများက ကျင့်စဉ်လမ်းနှင့် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ရန်အတွက် စိတ်ငြိမ်မန္တာန်များ သင်ထားသည်။

လုယန်က ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူဘာမန္တာန်မှမတတ်။

“မန္တာန်တစ်ခု ငါသင်ပေးရမလား”

မုန်ကျင်းကျိုး ကမ်းလှမ်းသည်။

လုယန် ခေါင်းခါသည်။

“အခုတော့ မလိုသေးပါဘူး။ တစ်ခြားနည်းလမ်းစဉ်းစားလိုက်မယ်”

မုန်ကျင်းကျိုး သူ့ဆုံးဖြတ်ချက်ကို အလေးထားသည်။ ဆက်မပြောတော့။

............................

မုန်ကျင်းကျိုး ကျင့်ကြံနေရာမှ နိုးထလာသည်။ သူ့စိတ်များ ထူးထူးခြားခြား တည်ငြိမ်နေသည်။

စိတ်ငြိမ်မန္တာန် အလုပ်ဖြစ်သည်။

သူကျင့်ကြံချိန်က တစ်ခြားလူများထက် ပိုကြာသည်။ ယခု နိုးလာချိန်တွင် တစ်ခြားလူများ လှေခါးထစ် နှစ်ဆယ်သုံးဆယ်ခန့် ‌ရောက်နေပြီး ချွေးများစိုရွှဲနေသည်။ ရှေ့သို့ ကြိုးစား၍ ဆက်တက်နေသည်။

မျက်နှာတွင် ချွေးသီးချွေးပေါက်များ ကျနေသည်။ ထိုချွေးများကိုသုတ်ဖို့ပင် အင်အားမရှိကြတော့။

တစ်ယောက်က တစ်ခြားလမ်းမှ ကြိုးစား၍တက်ကြည့်သည်။ လှေခါထစ်များတွင်သာ ဖိအားရှိသည်ဟု ယူဆသောကြောင့်ဖြစ်သည်။ သို့သော် မထူးခြားပါ။ ‌တောင်ကုန်းတစ်ခုလုံး ထိုနည်းလည်းကောင်းသာဖြစ်သည်။ အမြင့်သို့ရောက်လေ ဖိအားများလေဖြစ်သည်။

တစ်ချို့က မှော်ရတနာများ သုံးရန်ကြိုးစားသည်။ သို့သော် အာနိသင်မရှိ။ အသက်သွင်း၍မရ။

တိုင်ပုဖန်က မှော်ရတနာများ သူတို့စိတ်ကြိုက်သုံးခွင့်ပေးခဲ့သည်မှာ မဆန်းတော့။

နောက်ဆုံးပိတ်မှတက်လာသည့် လုယန်က အထူးဆန်းဆုံးဖြစ်သည်။

ခြေဗလာဖြင့် လှေခါးဆယ်ထစ်မြောက်တွင် ထိုင်နေသည်။ တစ်ခုခုကို တွေးတောကြံဆနေဟန်ရှိသည်။

“မင်းဘာလုပ်နေတာလဲ။ ကျန်တဲ့လူတွေအားလုံး တက်သွားကြပြီလေ”

မုန်ကျင်းကျိုး တအံ့တဩမေးလိုက်သည်။

လုယန်က ဖိနပ်တစ်ဘက်ကိုင်၍ အသံတိတ်နေသည်။

ထိုဖိနပ်ကို လှေခါးဆယ်တစ်ထစ်မြောက်သို့ ပစ်လိုက်သည်။

“အဲဒါကို ပြန်ကောက်ပြီး စမ်းကြည့်ပါ”

ဘာကြောင့်ထိုသို့ပြောမှန်း မသိသော်လည်း မုန်ကျင်းကျိုး လိုက်လုပ်ကြည့်သည်။ ထိုဖိနပ်က ပုံမှန်ထက် ပိုလေးနေသည်။ တစ်ခုခုက ဆွဲထားသလို ဖြစ်နေသည်။

မုန်ကျင်းကျိုး သဘောပေါက်သွားဟန်ရှိသည်။ ဖိနပ်ကို ဆယ့်နှစ်ထစ်မြောက်သို့ ပစ်လိုက်သည်။ ဆယ့်တစ်ထစ်မြောက်ထက် ပိုလေးနေသည်။

“သဘောတရားတစ်ခု မင်းတွေးမိလား”

လုယန်မေးသည်။

မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။

“မြေပြင်ကိုမထိမချင်း အရာဝတ္ထုတွေအပေါ် ဆွဲအားမသက်ရောက်ဘူး။ မြေပြင်နဲ့ထိမှပဲ အလေးချိန်တိုးလာတာ”

“သိပ်မှန်တာပေါ့”

အတွေးတူညီသူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။

မုန်ကျင်းကျိုး သူ့အတွေးကို ချက်ချင်းနားလည်သွားသည်။

“လေခါးထစ်တွေက ဆင်ခြေလျှောအတိုင်း ရှိနေတယ်။ ဒီနားမှာ သစ်ပင်တွေလည်း အများကြီးရှိတယ်။ တံတောင်ဆစ်ကွေးထောင့်မှန်ပုံ (အယ်လ်ပုံ) လှေခါးတစ်ခု တည်ဆောက်လို့ရတယ်။ အစွန်းတစ်ဘက်ကို မြေကြီးထဲစိုက်ပြီး တစ်နောက်တစ်ဘက်ကို လှေခါးထစ်ငါးဆယ်ထိ လေထဲကနေ ဦးတည်ထားလို့ရတယ်”

“ဟုတ်တယ်၊ တတိယစမ်းသပ်ချက်က ငါတို့ဉာဏ်ပညာကို စစ်ဆေးတာ။ အဒါမှန်ကန်တဲ့အဖြေပဲ”

မုန်ကျင်းကျိုး လုယန်အစီအစဉ်ကို နားလည်ပြီးနောက် မေးခွန်းတစ်ခုထပ်မေးသည်။

“သစ်ပင်တွေကျ‌တော့ ဘယ်လိုဖြတ်ကြမလဲ”

လွှများ ပုဆိန်များ သူတို့ထံတွင်မရှိ။

“မင်းဆီမှာ အသွာားထက်တဲ့ မှော်ရတနာတစ်မျိုးမျိုးရှိလား”

လုယန် ဤပြဿနာကို ကြိုတွေးထားပြီးဖြစ်သည်။

တစ်ခြားလူများနှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ခဲ့သည်။ သို့သော် ဘယ်သူမှ သူ့စိတ်ကူးကို နားမလည်ကြ။

မုန်ကျင်းကျိုး ဓားမြှောင်တစ်ခုထုတ်သည်။

“ငါ့ကိုယ်ငါ ကာကွယ်ဖို့ ဒါကိုမျိုးနွယ်အကြီးအကဲတစ်ယောက်က လက်ဆောင်ပေးထားတာ။ အတွေးနဲ့ အသက်သွင်းလို့ရတယ်။ ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်လို မြန်မြန်ပျံသန်းနိုင်တယ်။ ဒီနေရာမှာတော့ ပျံလို့မရဘူးပေါ့”

“ကိစ္စမရှိဘူး၊ အသွားထက်ရင်ရပြီ”

မုန်မိသား၏ မှော်ရတနာပင် တာအိုနှလုံးတောင်တွင် အသက်သွင်းလို့မရ။ သို့သော် အနည်းဆုံး သာမန်ပုဆိန်များ လွှများထက်တော့ ပိုသာသည်။

သစ်ပင်ဖြတ်ဖို့ ကွက်တိပင်ဖြစ်သည်။

“လာကြည့်ပါ၊ မင်းစိတ်ငြိမ်အောင် ကျင့်ကြံနေတုန်း လှေခါးပုံကြမ်းကို ငါဆွဲထားပြီးပြီ”

လုယန် မုန်ကျင်းကျိုးကို နူးညံ့သည့်သဲမြေပြင်တစ်ခုဆီ ခေါ်သွားသည်။ တံတောင်ဆစ်ကွေးပုံ (သို့မဟုတ် အင်္ဂလိပ်ဂဏန်း 7 ဇောက်ထိုးပုံ)တစ်ခုကို ရေးဆွဲထားသည်။

ခဏတိုင်ပင်ကြပြီးနောက် လုပ်ငန်းစသည်။

မုန်မိသားစုဓားမြှောင်က တကယ်ထက်သည်။ သစ်ပင်လုံးကြီးများကို စာရွက်ဖြတ်သလို ဖြတ်လှဲနိုင်သည်။ သစ်လုံးများကို သစ်သားပြာများဖြစ်လာအောင် ပြုပြင်သည်။

တာအိုနှစ်လုံးတောင်တွင် ပေါက်နေသည့် သစ်ပင်အားလုံးလည်း သာမန်သစ်ပင်များသာဖြစ်သည်။

သိပ်မကြာမီ ပြဿနာတစ်ခု မုန်ကျင်းကျိုးတွေးမိလာသည်။

“ဒီသစ်သားပြားနှစ်ခုကို ဘယ်လိုဆက်မလဲ။ သံချောင်းလည်းမရှိဘူး။ ရှိရင်တောင် ဒီလောက်ထူတဲ့ပျဉ်ပြားနှစ်ခုကို အတူငြိမ်အောင် ထိန်းနိုင်မှာမဟုတ်ဘူး”

“စရွေးစွပ်တယ်ဆိုတာ ကြားဖူးလား”

“မကြားဖူးဘူး”

လုယန် သစ်ပြင်းချ၍ ဓားကိုယူသည်။ ဆက်မည့်သစ်သားပိုင်းအစွန်းများကို စရွေးနှင့် စရွေးတံအဖြစ် ပုံဖော်သည်။ (**တစ်ဘက်သစ်သားထုတွင် အခေါင်း(စရွေး)ထွင်းသည်။ တစ်ဘက်သစ်သားစွန်းကို စရွေးခေါင်းထဲကွက်တိထည့်နိုင်သည့် စရွေးတံအဖြစ်ပြောင်းသည်။

“......ဒါမျိုးက သံမလိုဘဲ စရေးစွပ်တဲ့နည်းလို့ခေါ်တယ်”

မုန်ကျင်းကျိုး စိတ်ဝင်တစားနားထောင်နေသည်။ မုန်မိသားစုက ဝိညာဉ်စွမ်းအင်သုံး၍ အားလုံးကိုပုံသွန်းကြသည်။ ယခုလို သာမန်လူသုံးသည့် နည်းလမ်းများကို မသိ။

လှေခါးထက်တွင် ပြိုင်ပွဲဝင်များ ချွေးအလူးလူးဖြင့် လှေခါးထစ်ငါးဆယ်သို့ရောက်အောင် ကြိုးစားနေသည်။ ဖြစ်နိုင်လျှင် အရင်ဆုံးရောက်အောင်ကြိုးစား၍ တာအိုလမ်းစဉ်ဂိုဏ်းမှ အများအာရုံစိုက်ခံချင်သည်။ ကျင့်စဉ်နည်းလမ်းများ လိုချင်သည်။

ဘာကြောင့်အချိန်အကန့်အသတ်မထားမှန်း နားလည်လာကြသည်။ ကြာကြာနေလေ မလှုပ်ချင်မရှားချင်လောက်အောင် ပင်ပန်းလေဖြစ်သည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့လည်း ချွေးရွှဲ၍ မောဟိုက်နေသည်။ သုံးလေးကြိမ်ကြိုးစားပြီးနောက် လှေခါးတစ်ခု ဖြစ်လာသည်။

လှေခါးပုံစံက ထူးဆန်းသည်။ ထိပ်ပိုင်းတွင်ပါး၍ အောက်ခြေအကွေးပိုင်းတွင် ထူထဲသည်။

ဘေးပတ်လည်မြေပြင် ဝက်ရိုင်းများကိုက်ဖြတ်ထားသလို ပြောင်ရှင်းသွားသည်။ စိမ်းစိုသည့် တာအိုနှလုံးတောင်ကုန်းကို အလွန်ဂုဏ်ယူသည့် တိုင်ပုဖန်စကားကို ပြန်သတိရလာသည့် တာအိုဂိုဏ်းတပည့်စစ်များ မသိမသာ လှမ်းကြည့်လာကြသည်။

တိုင်ပုဖန်မျက်လုံးများ ဂဏာမငြိမ်တော့။ လက်သီးကို တင်းတင်းဆုတ်ထားသည်။

လုယန် တောင်ကုန်းတက်မည့်အစီအစဉ်က အသင့်ဖြစ်လာသည်။

***************************************************

All Chapters