စိတ်ငြိမ်ငြိမ်ထားပါ
Vol. 1 Ch. 6
လုယန်နှင့် မုန်ကျင်းကျိုး မြေပေါ်တွင် ဒူးထောက်၍ ဓားမြှောင်ဖြင့် မြေတွင်းတူးသည်။ လှေခါးအခြေကို စိုက်သည်။ ထို့နောက် မြေကိုနင်း၍သိပ်သည်။
လုယန် လှေခါးကိုပိတ်ကန်၍ ခိုင်မခိုင် စစ်ဆေးသည်။ လှေခါးက ယိုင်နဲ့မသွား။ သူ့ညာခြေသာ ထုံကျင်သွားသည်။
“မဆိုးဘူး။ အတော်ခိုင်တယ်။ ငါအရင်စမ်းကြည့်မယ်။ အဆင်ပြေရင် နောက်ကလိုက်ခဲ့”
“ကောင်းပြီလေ”
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။
လုယန် လက်နှစ်ဘက်ပွတ်၍ လှေခါးပေါ်တွယ်တက်သည်။ လှေခါးထောင့်ချိုးပေါ်ရောက်သည်နှင့် တောင်တက်လှေခါးထစ်များနှင့် အပြိုင်ဖြစ်လာသည်။
ရှေ့တည့်တည့်ကိုသာကြည့်သည်။ အောက်ကိုမကြည့်။ ရှေ့သို့ ပက်ကျိတစ်ကောင်လို တစ်လက်မချင်းတိုးသွားသည်။
အောက်ဘက်လှေခါးထစ်ပေါ်မှလူများ သူ့ကိုမော့ကြည့်၍ မင်သက်မိနေသည်။
တကယ်အံ့ဩစရာကောင်းသည်။ လှေခါးကြီးတစ်ခု မြေတွင်စိုက်ထားသည်။ ကိုးဆယ်ဒီကရီ ထောင့်ချိုးအတိုင်း အထပ်ငါးဆယ်ဆီ ဦးတည်ထားသည်။
အစောပိုင်းက လုယန်နှင့်မုန်ကျင်းကျိုး လှေခါးဆောက်နေသည်ကို မြင်သော်လည်း သိပ်အာရုံမစိုက်ခဲ့ကြ။
သူတို့အားလုံး လှေခါးထစ်လေးဆယ်ထိ ကြိုးစားတက်နေကြချိန်ဖြစ်သည်။ အဓိပ္ပါယ်မရှိသည့် အရာများကို အရေးမစိုက်အား။
အရိုးရိုင်းက အမြန်ဆုံးဖြစ်သည်။ လေးဆယ့်ကိုးထစ်မြောက်သို့ ရောက်နေပြီးနောက် အထစ်ငါးဆယ်မြောက်ကို လုံးဝမတက်နိုင်အောင် ဖြစ်နေသည်။ တောင်တစ်ခုထမ်းထားရသလို လေးလံနေသည်။
ထို့နောက် သူတအံ့တဩကြည့်နေစဉ်မှာပင် လုယန်က လှေခါးအတိုင်းလျှောက်၍ အထစ်ငါးဆယ်သို့ရောက်သွားသည်။
လုယန် စမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်သွားသည်။ မုန်ကျင်းကျိုးက ဒုတိယလိုက်သည်။
....................
တာအိုနှလုံးတောင်ကုန်းအပြင်ဘက်တွင် တာအိုဂိုဏ်းတပည့်များ အလုပ်ရှုပ်နေကြသည်။
“ငါ့ကိုမတားနဲ့။ ဒီနှစ်ကောင်ကို ဒီနေ့မှတ်လောက်အောင်ဆုံးမမယ်။ သူတို့ကို မသတ်ဘူးလို့ ငါကတိပေးပါတယ်”
တိုင်ပုဖန် အကြီးအကျယ်ဒေါသထွက်နေသည်။ ပျားရည်အလုခံလိုက်ရသည့် ဝက်ဝံတစ်ကောင်လို ကြွက်သားများဖောင်းထနေသည်။
ဂျူနီယာညီအကို မောင်နှမများ သူ့ကိုအပြေးအလွှားထိန်းကြရသည်။
“စီနီယာအကိုတိုင်၊ အဲလိုလုပ်လို့မဖြစ်ဘူးလေ”
“စိတ်အေးအေးထားပါ အကိုတိုင်”
“ပြိုင်ပွဲဝင်တွေ တစ်ခုခုဖြစ်ရင် ကျုပ်တို့ဂိုဏ်း နာမည်ပျက်မှာပေါ့”
“အငယ်တွေအပေါ် အားသုံးပြီးအနိုင်ကျင့်တာ မကောင်းပါဘူး အကိုပိုင်”
“အကိုတိုင်၊ တတိယစမ်းသပ်ချက်ဟာ တာအိုစိတ်ဓာတ်ကို စမ်းသပ်တာပါ။ ဒေါသထွက်လို့ မဖြစ်ဘူးလေ”
နောက်ဆုံးမှတ်ချက်ကြောင့် တိုင်ပုဖန် တည်ငြိမ်သွားသည်။
မှန်သည် တတိယစမ်းသပ်ချက်သည် တာအိုရည်မှန်းချက်စိတ်ဓာတ်ဖြစ်သည်။ အလွယ်တကူ ဒေါသထွက်လျှင် အနာဂတ်ကျင့်ကြံမှုအတွက် အကျိုးဖြစ်ထွန်းမည်မဟုတ်။
“....နေပါဦး? မဟုတ်သေးဘူး။ ဒီစမ်းသပ်ပွဲက သူတို့အတွက်ပဲလေ ငါ့အတွက်မှမဟုတ်တာ”
တာအိုဂိုဏ်းတပည့်များ နောက်တစ်ကြိမ် အလုပ်ရှုပ်သွားကြပြန်သည်။
ထိုမြင်ကွင်းကိုကြည့်၍ မြစ်ဝိညာဉ် နည်းနည်းကျေနပ်သလို ခံစားရပြီး မြစ်ဆီသို့ပြန်ဆုတ်သွားသည်။ လုယန်တို့နှစ်ယောက်ကို ပြဿနာရှာဖို့မကြိုးစားတော့။
......................
လုယန်နှင့် မုန်ကျင်းကျိုးတို့ ပူးပေါင်းဆောင်ရွက်မှုကို အားကျသွား၍ထင်သည်။ တစ်ခြားလူများလည်း အချင်းချင်းအော်ဟစ်အားပေးကြပြီး နောက်ဆုံးတွင် လှေခါးထစ်ငါးဆယ်မြောက်သို့ တက်နိုင်ခဲ့ကြသည်။
အရိုးရိုင်းက အရင်ရောက်သည်။ သူ့နောက်မှ လုယန်မသိသည့်လူများ ပန်းဝင်ကြသည်။ သူတို့အားလုံး လုယန်ထက် နောက်ကျ၍ စမ်းသပ်ပွဲအောင်မြင်သူများဖြစ်သည်။ ထိုလူများ မည်သည့်ထူးခြားပါရမီမျိုးရှိမှန်း သူမသိ။ နောက်ဆုံးဖြတ်ကျော်သူတစ်ချို့ကိုသာ ဒွိဝိညာဉ်မြစ်ပိုင်ရှင်များမှန်းသိသည်။
ကျန်နေသည့် ပြိုင်ပွဲဝင်များ နောက်ထပ်ဆက်မတက်နိုင်တော့။ အောက်သို့ပြန်ဆင်း၍ လုယန်နှင့် မုန်ကျင်းကျိုးတို့ တည်ဆောက်ထားသည့် လှေခါးဖြင့် ပြန်တက်ရန် ကြိုးစားကြသည်။ သို့သော် ဆင်းရသည်ကပင် အတော်အားစိုက်ရသည်။ ခန္ဓာကိုယ်က အထက်မတက်နိုင် အောက်လည်းမဆင်းနိုင် ဖြစ်နေကြလေသည်။
“တတိယစမ်းသပ်ချက် ပြီးသွားပြီ။ တောင်ပေါ်မှ ကျန်နေသေးတဲ့လူတွေ အရည်အချင်းမပြည့်မီဘူး”
ယွမ်ကျိ လေသံတင်းတင်းဖြင့်ကြေညာပြီး တိုင်ပုဖန်ကို ထိုလူများအား တောင်အောက်သို့ပြန်ခေါ်ယန် ညွှန်ကြားသည်။
အားလုံးကို သာမန်လူဖြစ်အောင် စွမ်းဆောင်နိုင်သည့် တာအိုနှလုံးတောင်ကုန်း၏စွမ်းအားကို တိုင်ပုဖန်ပင် ဖယ်ရှား၍မရ။ ပြိုင်ပွဲဝင်များကို ပြန်ခေါ်ရန် တောင်ကုန်းပေါ်တက်သွားရသည်။ ခြေလှမ်းတိုင်း ဖိအားဒဏ်ကို ခံရသည်။
လုယန်ကို မကျေမနပ်စိုက် သူကြည့်သည်။ ထို့နောက် ဆက်တက်သွားသည်။
ပြိုင်ပွဲဝင်အားလုံးကြုံခဲ့ရသည့်အဖြစ်နှင့်ယှဉ်လျှင် တိုင်ပုဖန် တက်သွားပုံက သက်တောင့်သက်သာရှိလွန်းသည်။ လှေခါးထစ်ငါးဆယ်သို့ ဖြေးဖြေးသက်သာရောက်သွားသည်။ ကွာခြားချက်က ကြီးမားလှသည်။
“အဲလောက်တွေးဖို့မခက်ပါဘူး။ မင်းတို့က အသက်ဆယ့်လေးဆယ့်ငါးနှစ်ပဲရှိသေးတာ။ မိသားစု အထောက်အပံ့နဲ့ ကျင့်ကြံမှုလမ်းကို စောစောကြိုထိတွေ့ခဲ့ရင်တောင် အတွေ့အကြုံနုလွန်းသေးတယ်။ တာအို ဒါမှမဟုတ် မသေမျိုးအဖြစ်ရဲ့ အနှစ်သာရအစစ်ကို ဘယ်နားလည်နိုင်ဦးမှာလဲ။
ကျင့်ကြံတယ်ဆိုတာ စိတ်ကိုလည်း ကျင့်ကြံရတယ်။ ကျင့်ကြံမှုအတွေ့အကြုံ ရင့်ကျက်သွားရင် တာအိုနှလုံးတောင်ကုန်းကိုတက်ဖို့ မခက်တော့ပါဘူး”
ယွမ်ကျိက အားလုံးကို ရှင်းပြပြီးနောက် တစ်ဆက်တည်းကြေညာသည်။
“တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့်တွေ ဖြစ်လာကြတဲ့အတွက် ဂုဏ်ယူပါတယ်”
ယွမ်ကျိ လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့လက်ကောက်ဝတ်မှ ခေါင်းလောင်းများ အသံမြည်လာသည်။ နှင်းမြူများကိုဆင့်ခေါ်၍၍ တိမ်တိုက်အဖြစ်ပြောင်းလဲပြီး အားလုံးကို လေထဲသို့ခေါ်သွားသည်။
တဖြေးဖြေးသေးငယ်သွားသည့် မြေပြင်ကို တိမ်တိုက်အထက်မှကြည့်၍ လုယန် ထိတ်လန့်တုန်လှုပ်စွာ တံတွေးမျိုချနေသည်။
ကျင့်ကြံမှုလမ်းသည် တကယ်ရင်တုန်စရာကောင်းလှသည်။
ယွမ်ကျိက တိမ်တိုက်အထက်တွင်ရပ်လျက် အောက်ဘက်တွင်ကျန်ခဲ့သည့် ဂိုဏ်းတပည့်စစ်များကို လှမ်းပြောသည်။
“ဒီနေ့ အပင်ပန်းခံကြိုးစားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာအလုပ်ပြီးတာနဲ့ ကိုယ့်တာဝန်ကိုယ် ဆက်လုပ်နိုင်ပါပြီ”
“ဟုတ်ကဲ့”
ဂျူနီယာများ သံပြိုင်ပြန်ဖြေသည်။ ထို့နောက် လုယန်နှင့် မုန်ကျင်းကျိုးဆောက်လုပ်ထားသည့် လှေခါးကို ဖြုတ်၍သယ်သွားကြသည်။
တာအိုနှလုံးတောင်ကုန်းတွင် လှေခါးတစ်ခုရှိလျှင် ကြောင်တက်တက်ဖြစ်နေမည်။
တိမ်တိုက်ပေါ်တွင် လုယန် မျက်လုံးကိုမဖွင့်ရဲ။ အလွန်ကြည့်ကောင်းသည့် ရှုခင်းဖြစ်ကြောင်း တစ်ခြားလူများ စိတ်လှုပ်ရှားစွာ ပြောနေသံကို ကြားသည်။ စပ်စုလိုစိတ်ကို မထိန်းနိုင်တော့သဖြင့် မျက်လုံးဖွင့်ကြည့်သည်။ အံ့ဩစရာမြင်ကွင်းကို မြင်လိုက်ရသည်။
လေးဘက်လေးတန် မတ်စောက်၍ တိမ်ထဲသို့ ထိုးဖောက်နေသည့် ခမ်းနားသည့်တောင်တစ်လုံးကို တောင်ထိပ်များ ဝန်းရံထားသည်။ ဝန်းရံနေသည့်တောင်ထိပ် ရှစ်ခုရှိသည်။ တစ်ခြားတောင်တန်းလွှာများက ထိုတောင်တန်းကိုးခုကို ထပ်မံဝိုင်းရံထားသည်။
တောင်တန်းလွှာများက ဖူးပွင့်နေသည့် ကြာပန်းတစ်ပွင့်သဏ္ဌာန်ရှိသည်။ ကြည့်ရသည်မှာ မျက်စိပသာဒရှိသည်။
တောင်ထိပ်ကိုးခုတွင် နှင်းမြူများရစ်ဆိုင်းနေသဖြင့် အမြင်ပိုထူးကဲနေသလိုရှိသည်။
“တာအိုလမ်းစဉ်ဂိုဏ်းရဲ့ အဓိကတောင်ထိပ် ကိုးခုရှိတယ်။ အလယ်မှာရှိနေတဲ့ ကောင်းကင်ဂိတ်တောင်ထိပ်မှာ ငါတို့ဂိုဏ်းချုပ်နေတယ်။ တစ်ခြားတောင်ထိပ်ရှစ်ခုမှာ ကိုယ်ပိုင်ထူးခြားစွမ်းရည်တွေပိုင်ဆိုင်တဲ့ အကြီးအကဲရှစ်ယောက်နေတယ်။ တောင်ထိပ်တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေက မတူဘူး။
ဒီတောင်ထိပ်ကိုးခုကလွဲရင် တစ်ခြားတောင်တန်းတွေက ဂိုဏ်းစမ်းသပ်ပွဲတွေ၊ အကြီးအကဲတောင်တန်းတွေရဲ့ နေရာခွဲတွေ၊ တပည့်တွေအတွက် ကျင့်ကြံတဲ့မြေနေရာတွေ၊ ကျင့်စဉ်စွမ်းအားမလုံလောက်ရင် သေနိုင်တဲ့နေရာမျိုးတွေပေါ့။ ဒါတွေကို စကားလုံးနည်းနည်းရှင်းပြရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ဘာသာ တဖြေးဖြေးစူးစမ်းကြပါ။
ကျင့်ကြံမှုဟာ ကံကိုအလေးထားတယ်။ ဂိုဏ်းနယ်မြေထဲမှာ မင်းတို့ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ တောင်ထိပ်တွေ၊ ကျမ်းစာတိုက်တွေကို သွားလည်လို့ရတယ်။ နောက်လအတွက် စီနီယာအကိုတွေ အကြီးအကဲတွေဆီက လမ်းညွှန်ချက်ယူလို့ရတယ်။
တစ်လပြည့်ပြီးရင် အကြီးအကဲတစ်ယောက်ကို ဆရာအဖြစ်ရွေးရတယ်။ အကြီးအကဲက မင်းကိုလက်ခံရင်ပေါ့လေ”
ယွမ်ကျိ ရှင်းပြနေသည်။
အရိုးရိုင်းက ချက်ချင်းပြန်မေးသည်။
“အကြီးအကဲတွေကိုပဲ ရွေးချယ်လို့ရတာလား။ ဂိုဏ်းချုပ်ကိုရော ရွေးချယ်လို့မရဘူးလား”
“ရပါတယ်၊ ဒါပေမယ့် ဂိုဏ်းချုပ်က တပည့်လက်ခံခဲတယ်။ အခွင့်အရေးနည်းတယ်”
ယွမ်ကျိထိုသို့ပြောသော်လည်း အတော်များများက ဂိုဏ်းချုပ်ထံ တပည့်ခံချင်ကြသည်။
အလယ်တိုက်နယ် မသေမျိုးဂိုဏ်းငါးဂိုဏ်းတွင်ပါဝင်သည့် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ အဆင့်အတန်းနှင့်စွမ်းအားက မေးခွန်းထုတ်စရာမရှိ။ ကျင့်ကြံသူလောကတွင် ယှဉ်နိုင်သူရှားသည်။ ထိုလူမျိုး၏ တပည့်ဖြစ်လာလျှင် အကျိုးကျေးဇူးများစွာ ရမည်သာဖြစ်သည်။
“အခု မင်းတို့နေရမယ့် ဂူတွေဆီကို ပို့ပေးမယ်။..လုယန်နဲ့ မုန်ကျင်းကျိုး။ မင်းတို့နေခဲ့ကြဦး”
**************************************************