← Chapters

နှိမ်ချသည့် အကြီးအကဲ

Vol. 1 Ch. 7

နှိမ်ချသည့် အကြီးအကဲ

Vol. 1 Ch. 7

အားလုံးထွက်သွားပြီးနောက် မုန်ကျင်းကျိုးနှင့် လုယန်တို့ ခေါင်းငုံ့နေကြသည်။ စမ်းသပ်ပွဲတွင် မသမာနည်းသုံးရန် ရည်ရွယ်ခဲ့သည့်ကိစ္စကို ယွမ်ကျိထပ်ပြောမည်ကို ကြောက်နေသည်။ အတော်ကြာပြီးမှ ယွမ်ကျိစကားစပြောသည်။

“မင်းတို့နှစ်ယောက်လုံး စမ်းသပ်ပွဲအောင်မြင်ပြီး ဂိုဏ်းတပည့်ဖြစ်လာမယ်လို့ ငါထင်မထားဘူး။ မင်းတို့က စမ်းသပ်ပွဲသုံးခုလုံးမှာ အဆင့်မြင့်မြင့်အောင်ကြတယ်။ အထူးသဖြင့် တတိယစမ်းသပ်ပွဲပေါ့။ တစ်ယောက်က ပထမ၊ တစ်ယောက်က ဒုတိယရတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရုံနဲ့ မင်းတို့က ဒီအဖွဲ့မှာ အတော်ဆုံးတွေလို့ မဆိုလိုဘူး။ မင်းတို့နောက်မှာ အရိုင်းမျိုးနွယ်က အရိုးရိုင်းတို့၊ ငှက်မသေမျိုးခန္ဓာပိုင်ရှင် မက်မွန်ရွက်တို့၊ မီးဝိညာဉ်မြစ် လီဟော်ရန်တို့လည်း မင်းတို့ထက် ပါရမီမနိမ့်ဘူး”

မုန်ကျင်းကျိုးက ယုံကြည်ချက်အပြည့်ဖြင့် လုယန်ကို တံတောင့်တို့၍ တီးတိုးပြောသည်။

“ငှက်မသေမျိုးခန္ဓာကိုယ်က သန့်စင်ယန်ဝိညာဉ်မြစ်ထက် ပိုရှားပါးတယ်။ ဒါပေမယ့် စီနီယအမက “ငါတို့နောက်မှာ”လို့ ပြောတယ်ဆိုတော့ ငါတို့ကို ပိုအလေးထားတဲ့သဘောပဲ”

“ပထမစမ်းသပ်ပွဲ လူတန်းစီတဲ့နေရာမှာ သူတို့က ငါတို့ထက်နောက်မှာလို့ ပြောချင်တာဖြစ်မှာပါ”

လုယန်က စိတ်ပျက်လက်ပျက်လေသံဖြင့် ရှင်းပြသည်။

“မင်းတို့ ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့တယ်ဆိုပေမယ့် မမောက်မာနဲ့။ ကိုယ့်ကိုယ်ကို ကျေနပ်မနေနဲ့။ ကျင့်စဉ်လမ်းမှာ ဝီရိယစိုက်ထုတ်ပြီး နှိမ့်ချစိတ်အမြဲထားပါ”

ယွမ်ကျိလေသံက တဖြေးဖြေးလေးနက်လာသဖြင့် နှစ်ယောက်လုံး ချက်ချင်းကတိပေးလိုက်ကြသည်။

သူတို့နှစ်ယောက်၏ ရိုးသားသည့်ကတိစကားကြောင့် ယွမ်ကျိအမူအရာ အနည်းငယ်ပျော့သွားသည်။

“မင်းငါ့ကို မြင်းလှည်းစီးခွင့်ပေးခဲ့တဲ့အတွက် အခွင့်အရးတစ်ခုပေးမယ်။ မင်းက သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ဆိုင်ပြီး ချီနဲ့သွေးစွမ်းအင်ကြွယ်ဝတယ်။ သရဲတွေ ဝိညာဉ်တွေအတွက် သဘာဝကျိန်စာပဲ။ အကြီးအကဲရှစ်ယောက်ထဲမှာ တတိယအကြီးအကဲဟာ အဲဒီလမ်းစဉ်မှာ ကျွမ်းကျင်တယ်။ သူ့ကို မင်းဆရာအဖြစ် ရွေးချယ်နိုင်တယ်”

“ကျေးဇူးပါ၊ စီနီယာ”

မုန်ကျင်းကျိုး ဝမ်းသာသွားသည်။

“လုယန်၊ မင်းက ဓားဝိညာဉ်မြစ်ပိုင်ရှင်ပိုင်ရှင်ဆိုတော့ ဓားလမ်းစဉ်အတွက် အသင့်တော်ဆုံးပဲ။ ငါတို့ဂိုဏ်းမှာ ဓားလမ်းကြောင်းအကျွမ်းကျင်ဆုံးက ငါ့ဆရာဂိုဏ်းချုပ်ပဲ။ မင်းသူ့ကို ဆရာတင်သင့်တယ်”

“ဒါပေမယ့် ဂိုဏ်းချုပ်က တပည့်လက်ခံခဲတယ်လို့ အမပြောတယ်မဟုတ်လား”

လုယန် မဝံ့မရဲမေးသည်။ မုန်ကျင်းကျိုးကို “ဆရာရွေးချယ်နိုင်သည်” ဟုပြောပြီး သူ့ကို “ဆရာတင်သင့်သည်”ဟု ပြောသည့်စကားတွင် အဓိပ္ပါယ်ချင်းမတူကြောင်း သတိထားမိသည်။

“စိတ်မပူပါနဲ့၊ ငါ့ဆရာကိုယ်စား ငါဆုံးဖြတ်နိုင်ပါတယ်”

ယွမ်ကျိက ပုံမှန်လေသံဖြင့်ပြောသည်။ သူဆုံးဖြတ်သည့်အတိုင်း ဂိုဏ်းချုပ်က လေ့လာရမည့် သဘောဖြစ်သည်။

“ငါက အကြံပြုရုံပါ။ တစ်ခြားတပည့်တွေလို မင်းတို့လည်း လေ့လာခွင့်တစ်လရှိမယ်။ အဲဒါပြီးရင် ဘယ်သူ့ကိုဆရာတင်မလဲ ရွေးကြပေါ့”

ယွမ်ကျိက ဂိုဏ်းချုပ်နေထိုင်သည့် ကောင်းကင်ဂိတ်တောင်ထိပ်ဆီ ပျံသန်းသွားသည်။

..................................

ကောင်းကင်ဂိတ်တောင်ထိပ်။ စည်းဝေးခန်းမ

ကြည်လင်သည့် ရေကြေးမုံတစ်ခု လေထဲတွင် တွဲလွဲကျနေသည်။ စမ်းသပ်မှုမြင်ကွင်းသုံးခုကို နေရာစုံမှ မြင်နိုင်အောင် မှော်စွမ်းအားဖြင့် ပြသထားသည်။

အကြီးအကဲပုံရိပ်ရှစ်ခုက ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက် ချီးကျူးလိုက် မာန်မဲလိုက်ဖြင့် ပြိုင်ပွဲဝင်တပည့်များအပေါ် အမြင်အမျိုးမျိုး ရှိနေသည်။ တစ်ချို့ ငြင်းခုန်မှုများက ပြင်းထန်လွန်းသဖြင့် အချင်းချင်း ထသတ်မလို ဖြစ်ကြသည်။

ထိုအဖြစ်မျိုး အရင်က ကြုံဖူးသည်။ အရိပ်ရှစ်ခုထဲတွင် အတော်များများက စိတ်ဆတ်သည်။ စကားဖြင့်ပြောမရလျှင် လက်ဖြင့်ဖြေရှင်းချင်ကြသည်။ ထို့ကြောင့် ဂျူနီယာများကို အကဲဖြတ်၍ တပည့်ရွေးသည့်ဖြစ်စဉ်က ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်လာလေ့ရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး သဘောတကျ ကြည့်ရှုစရာပွဲမျိုး ဖြစ်လာသည်။

ထို့ကြောင့် တကယ့်တိုက်ပွဲများ မဖြစ်စေရန် အကြီးအကဲရှစ်ယောက်က ခန္ဓာကိုယ်အစစ်ဖြင့် ဤနေရာသို့ မလာကြ။

“အရိုးရိုင်းက တော်တယ်။ ရှေးခေတ်အရိုင်းမျိုးနွယ်ရဲ့ သန့်စင်တဲ့မျိုးဆက်ပဲ။ သူ့နဲ့အဆင့်တူချင်းမှာ ခန္ဓာကိုယ်စွမ်းအားနဲ့ စိတ်ဓာတ်ရိုးရှင်းမှုကို ဘယ်သူမှမယှဉ်နိုင်ဘူး။ ငါ့အမွေခံဖြစ်ဖို့ တကယ့်စံပြပဲ။ စိတ်ရိုးရှင်းလွန်းတာက ဆိုးတာပဲ။ အရိုးမျိုးနွယ်တွေ ဒါကြောင့်ပဲ ပျောက်ကွယ်သွားတာလေ။ သူသေချာအာရုံစိုက်ပြီး လေ့ကျင့်ဖို့လိုတယ်”

“မင်းအမွေခံဖြစ်ဖို့သင့်တယ်ဆိုတာ ဘာသဘောလဲ။ လက်နက်သွန်းတဲ့ ငါ့မျိုးဆက်တွေထဲမှာ သင့်တော်တဲ့ဆက်ခံသူမရှိတာ အတော်ကြာပြီ။ အရိုးရိုင်းက စိတ်နှစ်ကိုယ်နှစ်ရှိတယ်။ ငါသင်ပေးသင့်တဲ့ စံပြတပည့်မျိုးပဲ”

အကြီးအကဲနှစ်ယောက် စကားများရင်း ရန်သတ်လုနီးပါးဖြစ်လာသည်။ သို့သော် အင်္ကျီလက်များမလျက် အချင်းချင်း စိုက်ကြည့်ရုံသာ ကြည့်နေကြသည်။

တစ်ခြားအကြီးအကဲများက သူတို့နှစ်ယောက်ကို အရေးမစိုက်ဘဲ ဆက်ငြင်းကြသည်။

“ငှက်မသေမျိုးခန္ဓာဟာ စွမ်းအင်အားလုံးကို ခံနိုင်ရည်ရှိတယ်. သန့်စင်တယ်။ ပြိုင်ဘက်ကင်းတယ်။ တွေ့ရခဲတယ်။ ဒီလိုခန္ဓာပိုင်ရှင်မျိုး မတွေ့ရတာ အတော်ကြာပြီ။ ပထမဆုံး ဒီဂိုဏ်းထဲစဝင်တုန်းကပဲ တစ်ခါတွေ့ဖူးတယ်”

“အဲဒီ့လူကလည်း ကျင့်ကြံမှုမှာ စိတ်လောလွန်းတော့ အလယ်ပိုင်းတိုက်နယ်မှာ နာမည်မရခင် သေသွားတယ်လေ”

“ဆဋ္ဌမအကြီးအကဲ၊ မင်းက ဒီလိုရုပ်ခန္ဓာမျိုးနဲ့ အရင်းနှီးဆုံးပါ။ ဒီကောင်မလေးက မင်းတပည့်ဖြစ်ဖို့ ကံပါလာပုံပဲ”

“မီးဝိညာဉ်မြစ် လီဟော်ရန်က ဆေးပညာနဲ့ လက်နက်ပညာအတွက် အလားအလာရှိတဲ့လူပဲ။ ဒါပေမယ့် သူက ဆန္ဒစောလွန်းတယ်။ တတိယစမ်းသပ်ပွဲမှာ မန်ကုကို ကျော်နိုင်ဖို့ စိတ်အားထက်သန်လွန်းတယ်။ ဒါကြောင့် သူ့စွမ်းအင်တွေ မြန်မြန်ကုန်သွားတယ်။ တစ်ခြားလူတွေ သူ့ကိုကျော်သွားတယ်။ နောက်ဆုံးပိတ် ပန်းဝင်တဲ့လူ ဖြစ်သွားတယ်”

“မုန်မိသားစုဝင်နဲ့ ဓားဝိညာဉ်မြစ်ပိုင်ရှင်လုယန်တို့က ထူးခြားပါရမီရှင်တွေပဲ။ စမ်းသပ်ပွဲတွေဖြတ်ကျော်ပုံကလည်း သဘောကျစရာပဲ။ ဒီလိုပါရမီရှင်တွေကို....အကိုကြီးလက်အောက်မှာ ခေါ်ထားလိုက်ပါလား”

“ဟုတ်တယ်၊ အကိုကြီးမှာ တပည့်ဆိုလို့ တိုင်ပုဖန်ပဲရှိတယ်။ အခု သူကလည်း လွတ်လပ်တဲ့ တပည့်ဖြစ်နေပြီပဲ။ နောက်ထပ် ပါရမီရှင်နှစ်ယောက် ထပ်မွေးလိုက်ရင် အကို့အတွက် နောက်ထပ်မျိုးဆက်အမွေခံတွေ တိုးလာတာပေါ့”

“တော်စမ်းပါ။ မင်းတို့က တာဝန်မယူချင်လို့ လက်လွှဲနေကြတာ။ တပည့်အဖြစ်လက်ခံထားရင် သူတို့စရိုက်မျိုးနဲ့ဆို ငါ့တစ်သက်လုံး ငြိမ်းချမ်းမှာမဟုတ်ဘူး။ အကြီးအကဲတစ်ယောက်အနေနဲ့ အေး‌အေးဆေးဆေးပဲ အနားယူချင်တယ်။ ငါ့ဆီကို ပြဿနာတွေမပို့ပါနဲ့”

“အကိုနှစ် သူတို့ကို လက်ခံလိုက်ပါလား”

“အကိုသုံးပဲ ခေါ်လိုက်ပါ”

အကြီးအကဲရှစ်ယောက်လုံး စကားအလိမ္မာသုံး၍ ငြင်းနေကြသည်။ ဘယ်သူမှ တစ်ကိုယ်တော်ဝိညာဉ်မြစ်နှစ်ယောက်ကို လက်မခံချင်ကြ။

“လခွမ်းပဲ။ သူတို့ကိုတပည့်လက်ခံတဲ့လူကတော့ အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး”

“ကြည့်ပါ၊ ယွမ်ကျိက ဟိုတစ်ယောက်ကို ဂိုဏ်းချုပ်ရဲ့တပည့်လုပ်ဖို့ အကြံပြုနေတယ်။ နောက်တစ်ယောက်ကို အကြီးအကဲသုံးရဲ့တပည့် လုပ်ဖို့ပြောတယ်။ အကိုသုံး ဘယ်လိုသဘောရလဲ”

အားလုံး တတိယအကြီးအကဲဆီ အကြည့်ရောက်လာသည်။ တတိယအကြီးအကဲ လက်လျှော့လိုက်ဟန်ဖြင့် သက်ပြင်းချသည်။ ယွမ်ကျိအကြံပေးချက်ကလည်း သင့်တော်သည်။ သန့်စင်ယန်ဝိညာဉ်မြစ်များကို လေ့ကျင့်ပေးဖို့ သူသာအသင့်တော်ဆုံးဖြစ်သည်။

အကြီးအကဲရှစ်ယောက်၏အရိပ်များကြားတွင် တတိယအကြီးအကဲက အထူးခြားဆုံးဖြစ်သည်။ အရပ်မရှည်သော်လည်း ကြွက်သားများထွားကျိုင်း၍ တောင့်တင်းသန်မာသည်။ အသက်ဓာတ်က အမှောင်ထဲမှ မီးရှူးတိုင်တစ်ခုနှင့်တူသည်။ ရုပ်ခန္ဓာကျင့်ကြံသူဖြစ်မှန်း သိသာသည်။

သူငယ်စဉ်က အသက်ဓာတ်အားကောင်းလွန်းသဖြင့် မကြာခဏ ဝိညာဉ်နယ်မြေများသို့သွား၍ နွားနတ်ဆိုးများကိုတွန်းဖယ်ပြီး သူကိုယ်တိုင် မြေယာထွန်ယက်သည်ဟု ပြောကြသည်။

“ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံဖို့ဝင်သွားတာ ကိုးနှစ်ရှိပြီမဟုတ်လား”

“ဟုတ်တယ်”

အားလုံးက ဂိုဏ်းချုပ်ရှိသေးကြောင်း နားလည်ထားသည်။ သူတို့ရှေ့တွင်ရှိနေခြင်း ရှိမနေခြင်းက သိပ်မထူးခြား။

“ဒါဆို ဓားဝိညာဉ်မြစ်ပိုင်ရှင်က သူ့တပည့်ဘယ်လိုဖြစ်လာနိုင်မှာလဲ”

သူတို့ဆွေးနွေးနေစဉ် လှပသည့်ကိုယ်ဟန်တစ်ခု တိမ်တိုက်စီး၍ရောက်လာသည်။ တိမ်တိုက်များ လွင့်ပျယ်သွားသည်။ ယွမ်ကျိအသွင်ပေါ်လာသည်။

“အကြီးအကဲအားလုံးကို ယွမ်ကျိ ဂါရဝပြုပါတယ်”

အကြီးအကဲအားလုံး ချက်ချင်းထရပ်၍ သူ့ကိုပြန်နှုတ်ဆက်ကြသည်။ ယခု ဂိုဏ်းချုပ်တံခါးပိတ်ကျင့်နေသဖြင့် ယွမ်ကျိက ဂိုဏ်းတစ်ခုလုံးကို အုပ်ချုပ်စီမံနေသည်။ သူ့အဆင့်အတန်းက အကြီးအကဲရှစ်ယောက်ထက်မြင့်သည်။

“အကြီးအကဲတိုင်းမှာ သဘောကျတဲ့တပည့်ကိုယ်စီရှိတာ ယွမ်ကျိသိပါတယ်။ ဒါပေမယ့် ဆရာရွေးတာက အရေးကြီးတဲ့ကိစ္စပါ။ အတင်းလုပ်ယူလို့မရဘူး။ ဒါကြောင့် သူတို့ဆရာရွေးတဲ့ကိစ္စမှာ အလွန်အကျွံဝင်စွက်တာမျိုး မလုပ်ကြပါနဲ့”

အကြီးအကဲများအားလုံး ရယ်မော၍ သဘောတူကြသည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒါပေမယ့်လေ... ဓားဝိညာဉ်မြစ်ပိုင်ရှင် ဂိုဏ်းချုပ်တပည့်ဖြစ်မယ့်ကိစ္စက ဂိုဏ်းချုပ်ဆန္ဒလား မင်းဆန္ဒလား”

ယွမ်ကျိ မျက်မှောင်ကျုံ့သွားပြီး အေးစက်စက်လေသံဖြင့်

“အဲဒီ့နှစ်ခုကြားမှာ ကွဲပြားမှုရှိလို့လား”

အကြီးအကဲများ အသံတိတ်သွားသည်။ မှန်သည်။ ဘာမှ ကွဲပြားချက်မရှိ။

ယွမ်ကျိဆုံးဖြတ်ချက်ကို ဂိုဏ်းချုပ်က လွန်ဆန်ရဲမည်မထင်။

*************************************************

All Chapters