အနံ့မွှေးသည့်လေထု
Vol. 1 Ch. 10
ကျိုးလုလုနှင့်ခွဲခွာပြီးနောက် ဆေးလုံးတောင်ထိပ်သို့ လုယန်ရောက်သွားသည်။ တောင်ခြေတွင် သင်းပျံ့သည့်ဆေးမြစ်နံ့များက ချက်ချင်းကြိုဆိုနှုတ်ဆက်သည်။
“ဆေးလုံးတောင်ထိပ်ဆိုတဲ့နာမည်နဲ့ တကယ်လိုက်ဖက်တာပဲ။ လေထုကတော့ ဆေးနံ့သင်းနေတယ်။ ဒဏ္ဍာရီထဲက တော်ဝင်မြေလို မသေမျိုးကျွန်းလိုပါပဲလား”
လုယန််စိတ်ထဲတွေး၍ အားရပါးရရှူရှိုက်သည်။ မသေမျိုးဘုံသို့ တက်ရတော့မယောင် ခံစားရသည်။
“ညီလေး၊ မရှူနဲ့”
အနီးမှ အော်သံတစ်ခု ကြားရသည်။ လုယန် လေကိုအဝရှူရိုက်နေသဖြင့် သူပို၍စိတ်ပူလာဟန်ရှိသည်။
“ညီလေး၊ လိပ်အသက်ရှူတဲ့နည်းလမ်းကိုသုံးပါ။ အဲ...နေဦး...မင်းက သေမျိုးပဲ။ အဲလိုဆို မင်းနှာခေါင်းကို အုပ်ထားလိုက်တော့။ ဒီအနံ့က ငါဆေးစပ်တာမအောင်မြင်လို့ ထွက်လာတဲ့ အဆိပ်ငွေ့တွေ့ပါ....”
ထိုစကားလုံးများ နောက်ဆုံးအဖြစ်ကြားလိုက်ရပြီး လုယန်သတိလစ်သွားသည်။
“ဒါဘယ်လိုနေရာမျိုးလဲ၊ လေကတောင် အဆိပ်သင့်တယ်ပေါ့....”
သူဗလုံးပထွေးရေရွတ်ရင်း ခြေလှမ်းများယိုင်လာသည်။လောကကြီးတစ်ခုလုံး ချာလပတ်ရမ်းသွားသလို ခံစားရသည်။ ထို့နောက် လဲကျသွားသည်။
အနံ့မွှေးတိုင်း အဆိပ်သင့်မသင့်နှင့် သက်ဆိုင်မှုမရှိကြောင်း သင်ခန်းစာတစ်ခုရသွားသည်။
သူနိုးလာချိန်တွင် ကြီးမားဝိုင်းစက်သည့်မျက်နှာတစ်ခု သူ့ကိုယ်ပေါ်ဝဲနေသဖြင့် သူလန့်သွားသည်။
“ညီလေးလု၊ မင်းနိုးလာပြီလား။ မနာတော့ဘူးမဟုတ်လား”
လုယန်၏ကျောက်စိမ်းတံဆိပ်ထဲတွင် ဝူမိန်ဟု ဖော်ပြထားသည့်လူက အားတုံ့အားနာဟန်ဖြင့် ပြုံးပြနေသည်။
လုယန် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ခန္ဓာကိုယ်ကို ဘောလုံးလိုလုံးပြီး ဒလိမ့်တုံးဖြင့် ပြားအောင်ပြန်ကြိတ်ခံထားရသလို ဖြစ်နေသည်။
ဆေးစပ်ခန်းတစ်ခုတွင် ရောက်နေမှန်း သိလိုက်သည်။ ပြင်းထန်သည့်ဆေးနံ့များ ပြည့်နေသည်။ အပြင်ဘက်ထက် ပိုနွေးသည်။ အခန်းက ဆေးမြစ်စင်များ ကြွေဖြူပုလင်းများ ရှုပ်ပွနေသည်။ အောင်မြင်စွာဖော်စပ်ပြီးသည့်ဆေးများ ထည့်ထားဟန်ရှိသည်။ ကြမ်းပြင်တွင် စမ်းသပ်ကြွက်များကို လှောင်အိမ်ဖြင့်ထည့်ထားသည်။
“ငါက ဝူမိန်ပါ။ ဆောရီးပါ ညီလေး။ ဆေးဖော်ရင်း အတွေးလွန်သွားလို့ မထင်မှတ်ဘဲ ဆေးကနေ အဆိပ်ဖြစ်သွားတယ်။ ဒါပေမယ့် စိတ်မပူနဲ့။ ငါ့အဆိပ်မိလို့ သေတဲ့လူဆိုတာ မရှိသေးပါဘူး”
ဝူမိန် ထိုအချက်ကို အတော်ဂုဏ်ယူပုံရသည်။
လုယန် ပို၍စိုးရိမ်လာပြီး ထထိုင်ရန် ကြိုးစားသည်။ ဦးခေါင်းမှပတ်တီးများကို စမ်းမိသဖြင့် ထပ်မေးသည်။
“ကျုပ်က အဆိပ်ရှူမိတာလေ။ ဘာလို့ခေါင်းမှာ ပတ်တီးစည်းထားတာလဲ”
ဝူမိန်က ရှက်ပြုံးပြုံးသည်။
“ငါမင်းကိုသယ်လာရင်း စိတ်ကတစ်ခြားရောက်နေလို့ မတော်တဆ ပြုတ်ကျသွားတာလေ။ ဒါပေမယ့် စိတ်မပူပါနဲ့။ မင်းအသက်ရှင်နေသေးသ၍ ဒီဆေးအိုးတောင်ထိပ်က ကုသပေးနိုင်ပါတယ်။ ....ငါစပ်ထားတဲ့ဆေးတွေက ပြင်းလွန်းတယ်ကွ။ ဒါကြောင့် မင်းသတိမေ့နေတုန်းမှာ သေမျိုးတွေအတွက် သင့်တော်တဲ့ဆေးတွေ ငါသေချာဖော်စပ်ထားတယ်”
ဝူမင်က စက်ဝိုင်းပုံသုံးခုပါသည့် ရွှေရေရာင်ဆေးနှစ်လုံးကို လှမ်းပေးသည်။ ပြည့်စုံလုနီးပါး အရည်အသွေးရှိကြောင်း သိသာနေသည်။
လုယန် ဆေးသောက်ရမည်ကို မဝံ့မရဲဖြစ်နေသည်။ ဆေးလုံးတောင်ထိပ်သို့ ဥပုသ်ဆေးတစ်ချို့ တောင်းလို၍သာ လာခြင်းဖြစ်သည်။ ဘာမှမလုပ်ရသေး။ ယခု ပတ်တီးစည်း၍ ကုတင်ပေါ်လှဲနေရသည်။
သူမယုံမရဲဖြစ်နေသဖြင့် ဝူမိန်က စမ်းသပ်ကြွက်တစ်ကောင်ကို ကောက်ကိုင်၍ လက်တွေ့ပြသည်။
ကြွက်ကလည်း အဆုံးသတ်ကံကြမ္မာ ကြုံရမည်ကို ကြိုသိနေဟန်ဖြင့် အတင်းရုန်းသည်။ ဝူမင် ကြွက်ကို ဆေးလုံးကျွေးသည်။ ဆေးစားပြီးနောက် ကြွက်က ကြမ်းပြင်ပေါ် ချက်ချင်းလဲကျသွားသည်။ အသက်မရှုတော့။ ဘဝတူ မျိုးနွယ်များက သူ့အဖြစ်ကိုကြည့်၍ ထိတ်လန့်တကြား အော်မြည်နေကြသည်။
ဝူမိန် ခဏငြိမ်သွားသည်။
“ဒါ မတော်တဆဖြစ်တာပါ။ အားလုံးက မတော်တဆဖြစ်သွားတာတွေပါ။ ဒီကြွက်ကငယ်တော့ အဆိပ်နည်းနည်းကျွေးရုံနဲ့ သေသွားတာပေါ့။ လူတွေနဲ့မတူပါဘူး။ ဘယ်နားမှာသွားလဲဆိုတာ ငါသိပြီ။ ခဏစောင့် ငါမင်းအတွက် နောင်ထပ်ဆေးတစ်ဖုံဖော်ပေးမယ်”
လုယန် ဝူမိန်ကို ချက်ချင်းအာရုံပြောင်းလိုက်သည်။
“အကို၊ ခုနက အကိုအတွေးနက်နေတယ်တို့ စိတ်ကတစ်ခြားရောက်နေတယ်တို့ ပြောခဲ့တယ်။ အကိုက ဘာတွေများတွေးနေလို့လဲ”
ဝူမင်တကယ် အတွေးနက်သွားဟန်ဖြင့် တွေးတွေးဆဆပြောသည်။
“ဆေးတွေ...ဆေးတွေပါ။ “ဆေး”ဆိုတဲ့စကားလုံးပါ။ ဆေးတွေဟာ ပုံမှန်တော့ ရောဂါကုပြီး အသက်ကယ်ဖို့ပဲ။ ဒါပေမယ့် ဥပုသ်ဆေးတွေကျတော့ နာမကျန်းတဲ့လူတွေအတွက်မဟုတ်ပြန်ဘူး။ ဒါဆို သူတို့ကို ဘာလို့ “ဆေး”လို့ သတ်မှတ်ကြတာလဲ။ ဥပုသ်ဆေးတွေကို စားစရာလို့သတ်မှတ်ရင် ဆေးဆိုတာ ရောဂါကုဖို့ပဲမဟုတ်တော့ဘူး။ အစားအသောက်အဖြစ်လည်း သုံးတဲ့သဘောပေါ့။ ဥပုသ်ဆေးတွေကို ဆေးလို့မသတ်မှတ်ဘူးဆိုရင် သူတို့က ဘာတွေလဲ”
ထိုမေးခွန်းမျိုးစဉ်းစားမိရန် လူ့ဦးနှောက်ကို ဆေးမီးဖိုထဲတွင် သုံးရက်သုံးညလုံးလုံး မီးဖုတ်မှ ရနိုင်လိမ့်မည်ဟု လုယန်ထင်သည်။
“ဒီမှာသေမျိုးတွေအတွက် စိတ်ချရတာက ဥပုသ်ဆေးတွေပဲရှိတာ။ စတော်ဘယ်ရီနံ့၊ ပန်းသီးနံ့၊ ဖရဲသီးနံ့ ဆေးတွေရှိတယ်။ မင်းလိုချင်လား။ အဲဒါတွေက အဆိပ်မသင့်ပါဘူး”
ဝူမိန်က လက်တစ်ဆုပ်စာ ရောင်စုံဂျယ်လီတုံးများ ထုတ်ပေးသည်။
ယမမင်းက စိတ်အားထက်သန်စွာ စောင့်နေမည့်အဖြစ်ကို ဆွေးမိသဖြင့် လုယန် ငြင်းပယ်လိုက်သည်။ ဆေးလုံးတောင်ထိပ်တွင် ဥပုသ်ဆေးစမ်းသပ်လေ့ကျင့်နေသူ များစွာရှိပါလိမ့်မည်။ တစ်ခြားဘယ်သူမဆို ဝူမင်ဖော်သည့်ဆေးများထက် ပိုစိတ်ချရလောက်သည်။
“ညီလေး၊ ဆေးဖော်ဖို့ဆို ငါ့ဆီလာခဲ့ဖို့မမေ့နဲ့နော်။ မင်းအတွက် အလကားဖော်ပေးမှာပါ”
ဝူမိန်က စိတ်အားထက်သန်စွာပြောသည်။
လုယန် တုန်ရင်နေသည့်ခြေလှမ်းများကို အသော့နှင်၍ ထွက်ခဲ့သည်။
နောက်တစ်ရက်တွင် ဆေးလုံးတောင်ထိပ်မှ သတ္တမအကြီးအကဲက လုယန်၏အဖြစ်အပျက်ကို ကြားသိပြီးနောက် သင့်တင့်မျှတသည့် ကုသဆေးများနှင့် ဥပုသ်ဆေးတစ်ဖန်အိုး ပို့ပေးသဖြင့် အပြည့်အဝ ပြန်ကောင်းသွားသည်။
.........................
နောက်ပိုင်းရက်များတွင် ကျမ်းစာဆောင်၊ ယန်ချွန်တော်ထိပ်နှင့် သူ့လှိုဏ်ဂူကြား ကူးချည်သန်းချည်သွားလာရင်း လုယန် အလုပ်များခဲ့သည်။ တစ်ခါမှမကြုံဖူးသည့် ကျင့်ကြံမှုအသိပညာများကို စိတ်အားထက်သန်စွာ လေ့လာသည်။ ကန္တရခရီးသွားတစ်ယောက် စမ်းချောင်းတစ်ခုတွေ့သကဲ့သို့ လောဘတကြီးသောက်ယူစုပ်မျိုသည်။
တစ်လပြည့်ပြီးနောက် လူအားလုံး သူတို့မျှော်လင့်ထားသလို အကြီးအကဲအသီးသီးလက်အောက်မှ တပည့်များဖြစ်လာသည်။ မုန်ကျင်းကျိုးက တတိယအကြီးအကဲ၏တပည့် ဖြစ်လာသည်။ အရိုးရိုင်းက စတုတ္ထအကြီးအကဲ၏တပည့် ဖြစ်လာသည်။ မီးဝိညာဉ်မြစ်လီဟော်ရန်က ပဥ္စမအကြီးအကဲ၏တပည့်၊ ငှက်မသေမျိုးခန္ဓာမက်မွန်ရွက် ဆဋ္ဌမအကြီးအကဲ၏တပည့် ဖြစ်လာသည်။
လုယန် နားမလည်အောင်ဖြစ်ရသည်။ အရိုးရိုင်းသည့် မုန်ကျင်းကျိုးနှင့်အတူ နာမည်ကျော် ရုပ်ခန္ဓာကျင့်ကြံသူ တတိယအကြီးအကဲ၏ တပည့်ဖြစ်လာမည်ဟု ထင်ခဲ့သည်။ အရိုးရိုင်း၏ အရိုင်းမျိုးနွယ် ရှေးဟောင်းသွေးဆက်အရလည်း တတိယအကြီးအကဲ သင်ပေးသည်သာ အသင့်တော်ဆုံးဖြစ်သည်။
စတုတ္ထအကြီးအကဲက ကွန်ဖြူးရှပ်ကျင့်ကြံသူဖြစ်သည်။ ရုပ်ခန္ဓာစွမ်းအားထက် နက်နဲသည့်စာပေအသိပညာကြောင့် ကျော်ကြားသည်။ ဘာကြောင့် အရိုးရိုင်းက သူ့ကိုဆရာတင်ခဲ့သည်မသိ။
ပဥ္စမအကြီးအကဲက လက်နက်သွန်းရာတွင် ကျွမ်းကျင်သည်။ မီးဝိညာဉ်မြစ်လီဟော်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။
ဆဋ္ဌမအကြီးအကဲကို လုယန်တစ်ခါမှမတွေ့ဖူး။ မက်မွန်ရွက်လို ရုပ်ခန္ဓာမျိုးပိုင်ဆိုင်သည့် ရင်သပ်ရှုမောဖွယ်အလှပိုင်ရှင်ဟု သတင်းကြားသည်။
သို့သော် အထူးခြားဆုံးက အရိုးရိုင်း၏ ရွေးချယ်မှုမဟုတ်။
လုယန်၏ကိစ္စဖြစ်သည်။
လျှို့ဝှက်ဆန်းကျယ်သည့် တာအိုလမ်းစဉ်ဂိုဏ်းချုပ်၏ တပည့်ဖြစ်လာသည်။
ဂိုဏ်းချုပ်သည် နှစ်တစ်ရာကျော်ကာလအတွင်း တပည့်လက်မခံဘဲ အပူအပင်ကင်းကင်းသာနေခဲ့ဟု ကောလဟာလကြားဖူးသည်။ ထို့ကြောင့် ဂိုဏ်းတပည့်များ ထင်မြင်ချက်အမျိုးမျိုး ထွက်လာသည်။ တံခါးပိတ်ကျင့်နေရင်းမှ ဂိုဏ်းချုပ်က လုယန်ကိုဘာကြောင့် တပည့်လက်ခံခဲ့သည်ကို တွေးတာလာကြသည်။
တစ်ခြားတပည့်များ၏ အားကျသည့်အကြည့်ကြားမှာပင် စီနီယာယွမ်ကျိက လုယန်ကို ဂိုဏ်းချုပ်နေထိုင်သည့် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ခေါ်သွားသည်။
****************************************************