နဂါးဖီးနစ်အသွင်ပြောင်းကျမ်း
Vol. 1 Ch. 8
ယွမ်ကျိထွက်သွားပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ တစ်ခြားတပည့်များကဲ့သို့ သူတို့နေရမည့်ဂူများကို သွားကြည့်ကြသည်။ ထိုထက်အရင် မုန်ကျင်းကျိုး သူ့မြင်းအိုကြီးအား တာအိုလမ်းစဉ်ဂိုဏ်းထဲသို့ သွားခေါ်သည်။ လုယန်အတူလိုက်သွားသည်။
ဂိုဏ်းအပြင်ဘက်တွင် တပည့်သစ်များက သူတို့မိသားစုဝင်များကို ဂိုဏ်းဝင်ခွင့်ရပြီဖြစ်ကြောင်း ဝမ်းသာအားရပြောပြနေကြသည်။ မိသားစုငယ်များဖြစ်စေ ကျင့်ကြံသူမျိုးနွယ်ကြီးများဖြစ်စေ တာအိုလမ်းစဉ်ဂိုဏ်းဝင်တစ်ယောက် ရှိနေခြင်းသည် အလွန်ဂုဏ်ယူစရာကောင်းသည့်ကိစ္စဖြစ်သည်။ မိသားစုသမိုင်းတွင် မှတ်တမ်းဝင်သွားလေ့ရှိသည်။
“မင်းမိသားစုက ဘယ်သူမှမလာဘူးလား”
လုယန် မုန်ကျင်းကျိုးကိုမေးသည်။ မုန်မိသားစုသည် သက်တမ်းရင့်ကျင့်ကြံသူမိသားစုဖြစ်ကြောင်း မုန်ကျင်းကျိုးက အကျဉ်းပြောပြထားသည်။
“ငါအိမ်ကနေ ထွက်ပြေးလာတာလေ”
မုန်ကျင်းကျိုး ဝင့်ကြွားသည့်လေသံဖြင့် ပြန်ဖြေသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုလူ ဘာကိုဝင့်ကြွားနေသည်မသိ။
မြင်းအိုကို ပြန်ယူသွားပြီးနောက် လုယန်လည်း သူ့ဂူသို့ ပြန်သည်။ မရင်းနှီးသည့် စီနီယာအကိုတစ်ယော် ပေးသွားသည့် ကျောက်စိမ်းတံဆိပ်ကို ထုတ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်အဖြစ် အသိအမှတ်ပြုတံဆိပ်ဖြစ်သည်။ အပြင်လောကတွင် သူတို့နောက်ခံကို သက်သေပြနိုင်သည်။ သူတို့နေထိုင်သည့်ဂူများကို ဖွင့်နိုင်သည်။
ဝိညာဉ်ကျောက်သန္ဓေမှ ပြုလုပ်ထားသည့် ထိုတံဆိပ်ပေါ်တွင် “လုယန်”ဟူသည့်စာလုံးကို ရေးထွင်းထားသည်။ သူတရားဝင်ကျင့်ကြံသူဖြစ်လာသည်နှင့် ထိုတံဆိပ်ကို နေရာအတော်များများ အသုံးပြုနိုင်သည်။
တံဆိပ်ကို လှိုဏ်ဂူဝင်ပေါက် ကျောက်တံခါးပေါ် တင်လိုက်သည်။ တံဆိပ်မှ အပြာရောင်အလင်းတစ်ခု ထွက်လာသည်။ နံရံထဲမှ အံဝှက်တစ်ခုနှင့် အလင်းထိုးကျသွားပြီး အလင်းရောင်နှစ်ကြိမ် လှုပ်ခတ်သွားသည်။ ကျောက်တံခါး ဘေးသို့လျှောပွင့်သွားသည်။ ခမ်းနားသည့် လှိုဏ်ဂူတစ်ခု ပေါ်လာသည်။
အထဲရောက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အားပြည့်၍ ပူနွေးလာသည်ကို ခံစားရသည်။
“ဒါက သူတို့ပြောတဲ့ ဝိညာဉ်စွမ်းအင်ဆိုတာလား”
သူ့တွေးကြည့်ရင်း အံ့ဩနေသည်။ သူ့လို သေမျိုးတစ်ယောက်ပင် ဤလှိုဏ်ဂူထဲမှ သိပ်သည်းသည့်ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သည်။
ဂူထဲတွင် စားပွဲတစ်လုံး၊ ကျင့်ကြံသည့်ကူရှင်တစ်ခု မြက်ဖျာတစ်ခုရှိသည်။ ကျယ်ပြန့်သည့်နေရာလွတ်ရှိသည်။ ကျင့်ကြံသူတပည့်များ ရိုးရိုးရှင်းရှင်း နေထိုင်ရမည်ဟု သတိပေးနေခြင်းလား၊ ကိုယ့်စိတ်ကြိုက် တန်ဆာဆင်နိုင်ရန် နေရာပေးထားခြင်းလားတော့မသိ။
စားပွဲပေါ်မှစာရွက်တွင် မျက်နှာပြင်နှစ်ဘက်လုံး ညွှန်ကြားချက်များရှိသည်။ ရှေ့မျက်နှာစာတွင် ကျင့်ကြံမှုနှင့်မရင်းနှီးသေးသည့် တပည့်များသည် ယန်ချွန်တောင်ထိပ် သို့မဟုတ် ကျမ်းစာဆောင်တွင် အခြေခံအသိများကို အရင်ဆုံးလေ့လာနိုင်သည်ဟု ဖော်ပြထားသည်။ စာရွက်နောက်ဘက်တွင် တာအိုလမ်းစဉ်ဂိုဏ်း၏ ရိုးရှင်းသည့်မြေပုံတစ်ခုပါသည်။ အဓိကတောင်ထိပ်များကိုပြထားသည်။ တစ်ခြားနေရာများကို နေရာလွတ်အတိုင်းထားသည်။ ဂိုဏ်းနယ်မြေသည် မိုင်တစ်သိန်းခန့်ကျယ်ပြန့်သည်။ လုယန်ထင်ထားသည်ထက် ပိုကျယ်သည်။
နောက်တစ်လအတွက် ဘာလုပ်ရမှန်း သေချာမသိသေးသည့် လုယန်အတွက် လမ်းကြောင်းတစ်ခု ရလာသည်။
တစ်နေ့တာအဖြစ်အပျက်များကြောင့် နွမ်းလျနေပြီဖြစ် အိပ်ရန်ဆုံးဖြတ်လိုက်သည်။ ဖြတ်သန်းခဲ့ရသည့် မိုးရေ၊ စမ်းသပ်မှုသုံးခု၊ ယွမ်ကျိနှင့် ဒုတိစီနီယာတိုင်ပုဖန်တို့ အာရုံစိုက်မှု။ နောက်ဆုံး တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်လာသည်။ ယနေ့ သူအတော် ခြေကုန်လက်ပမ်းကျနေသည်။
“တာအိုလမ်းစဉ်ဂိုဏ်းက ခေါင်းအုံးတောင်မပေးဘူးလား”
ခပ်တိုးတိုးရေရွတ်ရင်း သူချက်ချင်းအိပ်ပျော်သွားသည်။ အဆင်ပြေသည်မပြေသည်ကို သူအရေးမစိုက်တော့။
နောက်တစ်နေ့မနက် လုယန် စောစောနိုးလာသည်။ အလယ်ပိုင်းတိုက်နယ်အကြောင်း သိလိုသဖြင့် ကျမ်းစာတိုက်သို့သွားသည်။
“လူသစ်လား”
အဝင်တံခါးတွင် စီနီယာတစ်ယောက်က မေးသည်။
“ဟုတ်ပါတယ်”
“ကျမ်းစာဆောင်ရဲ့ စည်းမျဉ်းတွေက ရိုးရှင်းတယ်။ ပထမတစ်ချက်၊ မင်းရဲ့လက်ရှိအနေအထားနဲ့ ပထမထပ်က စာအုပ်တွေပဲ ဖတ်ခွင့်ရှိမယ်။ ဒုတိယတစ်ချက် တစ်ခါငှားရင် တစ်အုပ်ပဲရမယ်။ တတိယတစ်ချက်က စာအုပ်တွေကို ဂရုစိုက်ပါ။ ပျက်စီးရင် မူရင်းဈေးအတိုင်း အလျော်ပေးရမယ်”
“နားလည်ပါပြီ”
လုယန် ခေါင်းငြိမ့်လိုက်သည်။ စီနီယာအကိုက သူ့ကိုဝင်ခွင့်ပေးလိုက်သည်။
ကျမ်းစာဆောင်တွင် စာဖတ်နေသည့် ဂိုဏ်းတပည့်များ ပြည့်နေသည်။ ပတ်ဝန်းကျင်ကို အရေးစိုက်ကြဟန်မရှိ။ ကျယ်ပြန့်သည့်ခန်းမက စာရွက်လှန်သံများပြည့်နေသည်။
စုစည်းထားသည့် စာအုပ်များစွာရှိသည်။ သာမန်အနုပညာရှင်များ၏ နေ့စဉ်ဘဝသည် ကျင့်ကြံသူတို့၏ လျှို့ဝှက်မှတ်တမ်းများ၊ ချီလေ့ကျင့်မှုနဲ့ အခြေတည်ဆောက်မှုနှင့်ပတ်သက်သည့် အမြင်မှတ်တမ်းများထိ ရှိသည်။
ဘာရွေးရမှန်းမသိသဖြင့် စင်၏ကြားတစ်နေရာတွင် ညှပ်ထားသည့် စာတစ်အုပ်ကို ကျပမ်းဆွဲထုတ်လိုက်သည်။ ဘယ်သူမှမထိခဲ့သည်မှာ အတော်ကြာခဲ့ပုံရသည်။ ဖုန်အတော်တက်နေသည်။
“ဘာစာအုပ်ပါလိမ့်”
ဖုန်များကိုသုတ်၍ စာအုပ်နာမည်ကိုဖတ်လိုက်သည်။
“နဂါးဖီးနစ်အသွင်ပြောင်းခြင်း”
“အတော်စိတ်ဝင်စားစရာကောင်းတဲ့နာမည်ပဲ”
သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ စာအုပ်နာမည်ကပင် အတော်အထင်ကြီးစရာဖြစ်နေသည်။ နဂါးနှင့်ဖီးနစ်များကို ဖျတ်ခနဲ မြင်လိုက်ရသလို ထင်မိသည်။
“ပုံရိပ်ယောင် ဆိုတာများလား”
ကံကောင်း၍တွေ့ရသည့်ကျင့်စဉ်ဟု ယူဆသဖြင့် ပထမစာမျက်နှာကို စိတ်အားထက်သန်စွာ လှန်ကြည့်လိုက်သည်။
အမှတ်မထင် သူလက်ချောင်းက စာမျက်နှာအစွန်းဖြင့် ခြစ်မိသွားသည်။ သွေးစက်များ စာအုပ်ပေါ်ကျသည်။
ရုတ်တရက် စာအုပ်မှ ရွှေရောင်အလင်းတစ်မျိုး ထွက်လာသည်။ အထဲမှ တစ်စုံတစ်ခု ဖောက်ထွက်လာတော့မည်ပုံစံဖြစ်သည်။
လုယန် ရင်တဒိန်းဒိန်းခုန်လာသည်။ ထင်မှတ်မထားသည့် အဖြစ်တစ်ခု ပေါ်လာသည်။ သူလုံးဝမထိန်းချုပ်နိုင်စွမ်းမရှိ။ ကောင်းချီးလား ကျိန်စာလား မကွဲပြား။
စွမ်းအားမြင့်သည့်အရာတစ်ခု သူ့ကိုစိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး မလှုပ်မရှားနိုင်သလို ဖြစ်နေသည်။ ထို့နောက် ထိုအရာရှိနေကြောင်း ပိုသိသာလာသည်။ တဖြေးဖြေး နီးကပ်လာသည်။ လုယန် စကားတစ်ခွန်းမှမထွက်နိုင်ဘဲ ချွေးပြန်လာသည်။
“မင်း...”
“ဟုတ်ကဲ့”
နောက်ဆုံးတွင် ထိုအရာ စကားပြောလာသည်။
လုယန် အားတင်း၍ ပြန်ဖြေသည်။
“မင်းကြောင့် စာအုပ်ညစ်ပတ်သွားပြီ”
လုယန် လှည့်ကြည့်သည်။ ဝင်ပေါက်တွင် တွေ့ခဲ့သည့် စီနီယာအကိုဖြစ်သည်။
စာအုပ်ပေါ်မှသွေးများကို မြင်သဖြင့် အတော်မကျေမနပ်ဖြစ်နေဟန်ရှိသည်။ ခုနကပင် စာအုပ်မပျက်စီးစေဖို့ လုယန်ကို သူသတိပေးခဲ့သည်။ ယခု စာအုပ်ပေါ်တွင် သွေးစွန်းနေသည်။ စာအုပ်တစ်အုပ် ညစ်ပတ်သွားသည်နှင့် ကျမ်းစာဆောင်မှော်စက်ဝန်းက အစောင့်များကို ချက်ချင်းလှမ်းသတိပေးသည်။
“ဒါဘာစာအုပ်လဲ။ ငါတစ်ခါမှမမြင်ဖူးပါဘူး”
စီနီယာအကို စိတ်ဝင်စားလာပြီး စာအုပ်ကိုလှမ်းယူ၍ စာမျက်နှာများကို လှန်ကြည့်သည်။ ထို့နောက် မျက်နှာအကြီးအကျယ်ပျက်စွားသည်။
“ဒါ...ဒါ တားမြစ်ထားတဲ့ ဒဏ္ဍာရီစာအုပ်ပဲ”
လုယန်ရင်ထဲ တုန်လှုပ်သွားသည်။ လျှို့ဝှက်ချက်များပါသည့် ရှေးဟောင်းတားမြစ်ကျမ်းတစ်ခုကို သွားကိုင်မိသည်ဟု ထင်လိုက်သည်။
“အကို၊ ဒီစာအုပ်က ဘာပြဿနာမျိုးရှိလို့လဲ”
လုယန် စိတ်ဝင်တစားမေးသည်။
စီနီယာက ခဏတုံ့ဆိုင်းနေပြီးနောက် ရှင်းပြသည်။
“ဒီစာအုပ်က နဂါးနဲ့ဖီးနစ် မိတ်လိုက်ပုံကို အသေးစိတ်ဖော်ပြထားတာ။ နဂါးမျိုးနွယ်ကရော ဖီးနစ်မျိုးနွယ်ကပါ ဝေဖန်ပြစ်တင်ကြလို့ တားမြစ်ကျမ်းအဖြစ် သတ်မှတ်လိုက်တာပါ။ ထုတ်ထားတဲ့ စာအုပ်တွေအားလုံး ဖျက်ဆီးပြီးပြီ ထင်ထားတာ။ ဒီမှာ တစ်ခုကျန်နေခဲ့တဲ့ပုံပဲ”
တစ်နည်းပြောရလျှင် ဤစာအုပ်သည် လိင်မှုကျမ်းတစ်ကျမ်းဖြစ်သည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နဂါးနှင့်ဖီးနစ်တို့ ဂုဏ်သရေက ကြီးမြတ်လွန်းသည်။ ကျမ်းစာဆောင်စည်းမျဉ်းကို သူရုတ်တရက် ပြန်သတိရလာသည်။ စာအုပ်ညစ်ပတ်သွားလျှင် လျော်ကြေးပေးရမည်။
****************************************************