အလယ်ပိုင်းတိုက်နယ်
Vol. 1 Ch. 9
“ကျုပ်လျော်ကြေးပေးရမှာလား”
လုယန် စိုရိမ်တကြီးမေးလိုက်သည်။ လက်ရှိသူပိုင်သမျှ တန်ဖိုးကြီးဆုံးအရာမှာ သူ့ဦးနှောက်သာဖြစ်လိမ့်မည်။
“လျော်ကြေး”
စီနီယာအကိုက လက်ထဲမှစာအုပ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် လုယန်ကိုကြည့်သည်။ မျက်ခုံးတစ်ချက် တွန့်သွားသည်။
ပုံမှန်ဆိုလျှင် ဝိညာဉ်ကျော်တုံးများဖြင့် လျောက်ကြေးပေးရမည်။ သို့သော် ဤစာအုပ်ရှိနေကြောင်း သတင်းပြန့်သွားလျှင် သားရဲနယ်မြေမှ နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်တို့၏ ဒေါသကို သွားဆွရာရောက်မည်။ အလယ်ပိုင်းတိုက်နယ်နှင့် တာအိုလမ်းစဉ်ဂိုဏ်းအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်။
ထိုမျိုးနွယ်နှစ်ခုကို သူတို့ကြောက်၍မဟုတ်။ နဂါးအသည်းနှင့် ဖီးနစ်ခြင်ဆီသည် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်မှန်းလည်းသိသည်။ သို့သော် ထိုစာအုပ်မျိုးထိန်းသိမ်းထားကြောင်း သတင်းပြန့်သွားလျှင် တော်ဝင်ဂိုဏ်းတစ်ခု၏ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်သည်။
ထိုသို့တွေးမိသဖြင့် စီနီယာအကို စာအုပ်ကိုအင်္ကျီလက်တွင်းသို့ မသိမသာဝှက်၍ ခပ်တည်တည်ပြန်မေးသည်။
“ဘာကိုလျော်ကြေးလဲ။ ဘာစာအုပ်ကို ဖျက်ဆီးမိလို့လဲ။ ငါဘာမှမမြင်လိုက်ပါဘူး”
ထိုစာအုပ်ကို ကျမ်းစာဆောင်အပြင်ဘက်တွင် စွန့်ပစ်ခြင်းက ပိုကောင်းမည်ဟု သူဆုံးဖြတ်လိုက်သည်။ ကျမ်းစာဆောင်အတွင်း ဖျက်ဆီးလျှင် အကာအကွယ်မှော်စက်ဝန်းများ အသက်ဝင်လာနိုင်သည်။
လုယန် ချက်ချင်းသဘောပေါက်သည်။ ထိုစီနီယာသည် ထိုစာအုပ်ကို သူ့ဘာသာသိမ်းထားလို၍ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခြင်းဖြစ်မည်။
သဘောတူညီမှုယူသကဲ့သို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တားမြစ်စာအုပ်သည် ဖြစ်စဉ်ဇာတ်လမ်းတစ်ခုသာဖြစ်သည်။ ကျမ်းစာဆောင်သို့လာရသည့် မူလရည်ရွယ်ချက်ကို လုယန်မမေ့ပါ။
နောက်ဆုံးတွင် သူရှာနေသည့်စာအုပ်မျိုးကို တွေ့သွားသည်။
“အလယ်ပိုင်းတိုက်နယ်၏ နယ်မြေအလင်းပြကျမ်း”
စိတ်ဝင်တစား သူစဖတ်သည်။
“လောကကြီးဟာ လူသားတွေ၊ မကောင်းဆိုးဝါးတွေ၊ သရဲဝိညာဉ်တွေအတွက် အိမ်ပဲ။ အလယ်ပိုင်းတိုက်နယ်ဟာ လူသားတွေရဲ့ ပင်မအချက်အချာဖြစ်တယ်။ မဟာရှားနိုင်ငံက လွှမ်းမိုးတယ်။ နိုင်ငံတစ်ခုတည်းရှိတယ်။ လူသားမျိုးဆက်ထုံးတမ်းစဉ်လာကို ကိုယ်စားပြုတယ်”
(“ဒါဆို ငါ့အိမ်က တာအိုလမ်းစဉ်ဂိုဏ်းနဲ့ နီးပေမယ့်။ ရှားနိုင်ငံရဲ့ အစိတ်အပိုင်းလို့ပဲ စဉ်းစားရမှာပေါ့”)
“တိုက်နယ်အရှေ့ဘက်မှာ ကျွန်းတွေနဲ့ပြန့်ကျဲနေတဲ့ ပင်လယ်ပြင်ရှိတယ်။ တစ်ခါတစ်ရံ ခွန်ပုန်လို ရှေးဟောင်းသားရဲမျိုးနွယ်တွေ လာလည်ကြတယ်”
“အနောက်ဘက်ဟာ ရွှေဗုဒ္ဓနိုင်ငံပဲ။ အနန္တသန့်စင်မှုနယ်မြေဖြစ်တယ်။ ဘုံကျောင်းတွေ အများကြီးရှိတယ်”
“တောင်ဘက်မှာ မကောင်းဆိုးဝါးနယ်မြေရှိတယ်။ နဂါးနဲ့ ဖီးနစ်မျိုးနွယ်တွေ အုပ်ချုပ်တယ်။ သွေးဆာတဲ့ မကောင်းဆိုးဝါးတွေက အမြဲလိုလို မဟာရှားနိုင်ငံနဲ့ တိုက်ခိုက်တယ်”
“မြောက်ဘက်မှာ အေးခဲနယ်မြေပဲ။ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ဘဝတွေရှင်သန်ကြတယ်။ အသန်မာဆုံးတွေသာ ရှင်သန်နိုင်ကြတယ်”
“အလယ်ပိုင်းနယ်မြေက လူသားနဲ့ကျင့်ကြံသူတွေရဲ့ နေရာပဲ။ ရှားနိုင်ငံနန်းတွင်းရုံးတော်မှာ အမှုထမ်းဖို့ ရွေးချယ်ကြသလို ဂိုဏ်းကျောင်းတွေ တည်ထောင်တဲ့သူတွေလည်း ရှိတယ်။ တာအိုလမ်းစဉ်ဂိုဏ်းအပါအဝင် တစ်ခြားမသေမျိုးဂိုဏ်းကြီးလေးဂိုဏ်းဟာ တော်ဝင်လမ်းရဲ့ဦးဆောင်သူတွေပဲ”
(“ဂိုဏ်းငါးဂိုဏ်းမှာ ကူးဖြတ်ခြင်းအဆင့် စွမ်းအားရှင် ဒါမှမဟုတ် အဲလိုစွမ်းအားနဲ့ အဆင့်တူရှိတဲ့လူတစ်ယောက်စီရှိတယ်လို့ ဖော်ပြထားတယ်။ ဂိုဏ်းချုပ်က အဲလိုစွမ်းအားရှင်မျိုးလား။ ဒါမှမဟုတ် တာအိုလမ်းစဉ်ဂိုဏ်းမှာ လျှို့ဝှက်အကြီးအကဲတစ်ယောက် ရှိသေးတာများလား”)
ထိုစွမ်းအားရှင်မျိုးထံ တပည့်ခံခွင့်ရနိုင်သဖြင့် လုယန်နည်းနည်းစိတ်လှုပ်ရှားလာသည်။ သူထရပ်၍ ရေတစ်ခွက်သွားသောက်သည်။ လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် ပြန်ထိုင်၍ စာဆက်ဖတ်သည်။
“နတ်ဆိုးကျင့်ကြံသူများ အသက်များကိုစတေး၍ စွမ်းအားတိုးအောင်လုပ်ကြသည်။ မကောင်းဆိုးဝါးများထက်ပင် အန္တရာယ်ပိုများသည်။ သူတို့သည် အမှောင်ထောင့်စွန်းများတွင် ပုန်းခိုနေသည်။ ရှားနိုင်ငံနှင့်မသေမျိုးဂိုဏ်းငါးဂိုဏ်းတို့ ပူးပေါင်းဖိနှိပ်မှုကြောင့် ထွက်မလာရဲကြ”
နတ်ဆိုးကျင့်ကြံသူများအကြောင်းမှလွဲ၍ နတ်ဆိုးအစစ်များအကြောင်း သိပ်ဖော်ပြမထား။ လူသားမျိုးနွယ်၏ အရိပ်များထဲမျှ မွေးဖွားလာသည့် ရက်စက်သည့်ဖြစ်တည်မှုများဖြစ်ပြီး ဝေးဝေးရှောင်ကြရန်သာ အကြံပြုထားသည်။
“သာမန်လူသားတို့က ရွှေ၊ ငွေနှင့် ကြေးကို ငွေကြေးအဖြစ်သုံးတယ်။ ကျင့်ကြံသူတွေက ထိပ်တန်း၊ အလတ်တန်း၊ အခြေခံ ဝိညာဉ်ကျောက်တွေကို သုံးတယ်။
ထို့နောက် ကျင့်ကြံမှုလောက သာမန်အသိဗဟုသုတများကို ဖတ်ရှုသည်။ ကျင့်စဉ်အဆင့်သတ်မှတ်ချက်များ၊ မှော်စွမ်းပညာများ၊ မှော်သားရဲမျိုးစိတ်များ၊ ကျင့်စဉ်နည်းလမ်းအဆင့်များ၊ အလယ်ပိုင်းတိုက်နယ်၏ သမိုင်းကြောင်းများ။
လက်ဖက်ရည်အိမ်တော်များ၏ ပုံပြောဆရာများထံမှ ရခဲသည့် သူ့အသိပညာသည် ကျင့်ကြံမှုလောကတွင် ရှင်သန်ဖို့ မလုံလောက်ပေ။
စာထဲတွင် ဈာန်ဝင်သွားသဖြင့် ညနေပိုင်း ဗိုက်ဆာလာချိန်ကျမှ တစ်နေကုန် ဘာမှမစားရသေးကြောင်း နားလည်လာသည်။
ကျမ်းစာဆောင်တံခါးတွင် စီနီယာအမတစ်ယောက်က မနက်ပိုင်းက စီနီယာအကိုနေရာတွင် အစားထိုးစောင့်နေသည်ကို မြင်ရသည်။
“စီနီယာအမ၊ တစ်ခုလောက်မေးချင်လို့ပါ။ ကျနော်က လူသစ်ဆိုတော့ ဂိုဏ်းနယ်မြေနဲ့ မရင်းနှီးသေးဘူး။ ဒီမှာ အစားအသောက် ရနိုင်တဲ့နေရာရှိလား”
လုယန်ချဉ်းကပ်လာသည်နှင့် စီနီယာအမ လန့်သွားသည်။ ရှက်ရွံ့နေသဖြင့် မျက်လုံးချင်းဆုံမကြည့်ဘဲ ခပ်တိုးတိုးပြန်ပြောသည်။
“လူသစ်လား။ ညစာခန်းမတော့ရှိတယ် ဒါပေမယ့် အဲဒီကိုသွားစားဖို့တော့ စီနီယာတစ်ယောက်အနေနဲ့ အကြံမပြုချင်ဘူး”
“ဘာလို့လဲ၊ တစ်ခုခုပြဿနာရှိလို့လား”
“အဲဒါက ပဥ္စမအကြီးအကဲလက်အောက်က သန့်စင်ခြင်းတစ်ရာတောင်ထိပ်မှာ ရှိတာပါ”
လုယန် အံ့အားသင့်သွားသည်။ ထိုနေရာနာမည်သည် အစားအသောက်ချက်ပြုတ်သည့်နေရာမျိုးနှင့်မတူ။
“သန့်စင်ခြင်းတစ်ရာတောင်ကုန်းက ဘာလဲဗျ”
“ပဥ္စမအကြီးအကဲက လက်နက်သွန်းပညာမှာ အထူးကျွမ်းကျင်တယ်။ သန့်စင်ခြင်းတစ်ရာတောင်ထိပ်ကလည်း အဲဒီအတွက်ပါပဲ။ ညစာခန်းထဲက စားဖိုမှုတွေဟာ ထိပ်တန်းလက်နက်ပညာရှင်တွေပါ။ သူတို့ရဲ့ မုန့်တွေဟာ တောင်တွေကို ဖြိုဖျက်နိုင်တယ်။ ဆန်စေ့တွေကို လျှို့ဝှက်လက်နက်လုပ်နိုင်တယ်။ ဂျုံ့မုန့်ချောင်းတွေဟာ သံမဏိကိုတောင် ချိုးဖျက်နိုင်တယ်”
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“...စာဖိုမှူးတွေလည်း လက်နက်သွန်းတဲ့လူတွေလား”
“အင်း...သေချာစဉ်းစားကြည့်ပါ၊ အလုပ်နှစ်ခုလုံးက အပူချိန်ကို အတိအကျထိန်းချုပ်ရတာလေ။ ဒီနှစ်ခုက မင်းထင်ထားတာထက် ပိုပြီးဆက်စပ်မှုရှိပါတယ်”
စီနီယာအမက ရှင်းပြသည်။
လုယန်ခေါင်းငြိမ့်သည်။
“ဟုတ်ပါတယ်။ ကျုပ်ထင်ထားတာထက် ပိုနီးစပ်တယ်”
လုယန်၏ ရိုးရှင်းသည့် အဝတ်အစားကို သတိထားမိသဖြင့် စီနီယာအမ ခဏတုံ့ဆိုင်းနေပြီးနောက် ထပ်ပြောသည်။
“ပြီးတော့ ညစာခန်းမမှာ သွားစားချင်ရင် ဝိညာဉ်ကျောက်တုံးတွေလိုတယ်။ မင်းမှာ သိပ်များများရှိမယ်မထင်ဘူး”
လုယန်အဝတ်အစားများက ကျင့်ကြံသူမိသားစုဝင်များလို ပိုးသားဖြင့်လုပ်ထားခြင်းမဟုတ်။ ခပ်နွမ်းနွမ်း ဝါချည်ဝတ်စုံက သူ့နောက်ခံကို ညွှန်ပြနေသည်။
လုယန် ရှက်ရှက်နှင့် ပြုံးပြလိုက်ရသည်။
“စိတ်မကောင်းမဖြစ်ပါနဲ့။ သေမျိုးမိသားစုကလာတဲ့ ဂိုဏ်းတပည့်တွေ အများကြီးရှိပါတယ်”
စီနီယာအမက နှစ်သိမ့်သည်။
“နောက်ထပ် စားသောက်နိုင်တဲ့နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ဆေးအိုးတောင်ကို သွားလည်ရင် စွန့်ပစ်ဥပုသ်ဆေးတွေ တောင်းလို့ရတယ်။ ဆေးအိုးတောင်က ဆေးပညာမှာ အဆင့်အတန်းမြင့်တယ်။ စွန့်ပစ်ထားတဲ့ဆေးတွေဆိုပေမယ့် အရည်အသွေးမနိမ့်ဘူး။ စိတ်ချလက်ချစားလို့ရတယ်။ ...ဒါပေမယ့် သတ္တမအကြီးအကဲနားရောက်ရင် အကိုနာမည်မဲ့၊ အကိုဝမ်တာ့၊ အမချင်ကုန်ဂျူနီယာလုန်ယန်တို့ကိုတော့ သတိထားပါ”
လုယန် နားမလည်သော်လည်း ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျုပ်နာမည် လုယန်ပါ။ ကျေးဇူးတင်ပါတယ် အမ။ အမနာမည်သိပါရစေ”
“ကျိုးလုလုပါ”
******************************************************