လေးတာကိုပေါ့သလို ပေါ့တာကို လေးသလို
Vol. 1 Ch. 12
“ဒီရေစည်က အနည်းဆုံး ပေါင်းနှစ်ရာတော့ရှိမယ်”
လုဘန်တွေးနေသည်။ တောင်တန်းပေါ်တွင် သစ်ပင်တက်ရင်း၊ မြစ်ရေကူးရင်း ငှက်ဖမ်းငါးဖမ်းရင်း ကြီးပြင်းလာသောလည်း ထိုမျှလေးသည့်ရေစည်ကို မနိုင်။
ယွမ်ကျိက ရေစည်ပေါ်တွင် သင်္ကေတတစ်ခုရေးဆွဲ၍ လုယန်လက်တစ်ဘက်နှင့် မ,နိုင်လောက်သည့် အတိုင်းအတာထိ အလေးချိန်ကို လျှော့ပေးသည်။ ထို့နောက် လုယန်ကို ကြီးကြပ်ရန် ရုပ်သေးတစ်ခု ထုတ်ယူလာသည်။
“တစ်နေ့လောက်လေ့ကျင့်ရင် ဘယ်လိုဖြစ်မလဲ အရင်ကြည့်ကြတာပေါ့”
ယွမ်ကျိ ပုံမှန်လေသံဖြင့်ပြောပြီး တိမ်ကြားထဲသို့ ပျောက်ကွယ်သွားသည်။ ရုပ်သေးနှင့်သာ ထားခဲ့သည်။ လုယန် သက်ပြင်းချသည်။ ရှပ်အင်္ကျီကို လက်ကောက်ဝတ်တွင် ချည်သည်။ ရေစည်မသည့်လေ့ကျင့်ခန်း စတင်သည်။
ရုပ်သေးက လေ့ကျင့်မှုကို တင်းကြပ်စွာစောင့်ကြည့်နေသည်။ အနားယူမည်ကြံတိုင်း လုယန်ကို ဆက်လေ့ကျင့်ခိုင်းသည်။ စွမ်းအင်အားလုံး အကုန်ညှစ်ထုတ်ခိုင်းသည်။ သူ့လက်မောင်းများ အားနည်းသွားချိန်တွင် ရုပ်သေးကသူ့ကို အားဖြည့်ဆေးကျွေးသည်။ လက်များနာလွန်း၍ ဆက်မလှုပ်ရှားနိုင်လျှင် ဆေးထပ်ကျွေးသည်။ သတိလစ်မတတ် မောပန်းနေလျှင် ဆေးထပ်ကျွေးသည်။
တစ်နေကုန်လေ့ကျင့်ပြီးနောက်တွင် ခြေထောက်များ တုန်ရင်နေသည်။ လက်နှစ်ဘက် တွဲလွဲကျနေသည်။ ဘာမှမခံစားရတော့။ ဘယ်ညာသို့ သူလွှဲယမ်းကြည့်သည်။ သူ့လက်နှစ်ဘက်က နာရီချိန်သည်းများလို လှုပ်ရမ်းနေသည်။ ထို့နောက် မြေပေါ်သို့ သူလဲကျသွားသည်။
ရုပ်သေးက ထုံးစံအတိုင်း သူ့ကို ဆေးနှစ်လုံးထပ်ကျွေးသည်။ သို့သော် ဘာတုံ့ပြန်မှုမှ မရှိတော့သည်ကိုကြည့်၍ တစ်နေ့တာလေ့ကျင့်မှု ရပ်နားလိုက်သည်။ တွန်းလှည်းတစ်စီးသွားယူသည်။ လုယန်ကို လှည်းပေါ်တင်၍ မြက်ဖြာဖြင့်ဖုံးပြီး ပြန်တွန်းယူသွားသည်။
အစားအသောက်နံ့ကြောင့် လုယန်ခန္ဓာကိုယ် အလိုလိုတုံ့ပြန်လာသည်။ တဖြေးဖြေးသတိပြန်လည်လာသည်။
စားသောက်ခွင့်ရသဖြင့် သူစိတ်သက်သာရာရသွားသည်။ အစားအသောက်သာမရှိလျှင် မသေမျိုးဂိုဏ်းတွင် လေ့ကျင့်ရသည်နှင့် မတူဘဲ အလွန်ကြီးလေးသည့် ပြစ်မှုအတွက် အကျဉ်းခန်းတွင် နှိပ်စက်ခံနေရသည်နှင့်သာ တူတော့မည်။
ဂိုဏ်းချုပ်၏တပည့်ဖြစ်၍ အစားအသောက်ကိစ္စ သူစိုးရိမ်စရာလို။ နေ့တိုင်း ဥပုသ်ဆေးများ စားစရာမလို။ ထူးခြားရှားပါးသည့် အစားအသောက်များ စားခွင့်ရသည်။ သူ့ရုပ်ခန္ဓာ တဖြေးဖြေး တိုးတက်လာသည်။
လက်မောင်းနှစ်ဘက် မမ,နိုင်သေးသဖြင့် ရုပ်သေးကသာ သူ့ကိုအစာကျွေးသည်။ အစာစားပြီးနောက် ယွမ်ကျိက ခန္ဓာကိုယ်လေ့ကျင့်သည့် ဆေးရေစည်တစ်ခု ပြင်ဆင်၍ လုယန်ကို ဝင်စိမ်ခိုင်းသည်။ လုယန် မေ့လဲမတတ်ဖြစ်သွားသည်။
“ဒါကိုယူထား”
ယွမ်ကျိ အခေါင်းပေါက်ကျူပိုက်တစ်ခု ပေးသည်။
“ဘာအတွက်လဲ”
“တစ်ကိုယ်လုံး ဆေးရေကန်ထဲ စိမ်ဖို့လိုတယ်။ ဦးခေါင်းရောပေါ့။ ခေါင်းမြုပ်နေတဲ့အချိန် ဒီကျူရိုးကို ပါးစပ်နဲ့ကိုက်ထားပြီး အသက်ရှူပါ”
နည်းလမ်းက နှိပ်စက်သည်နှင့်တူသော်လည်း ယန်ကျိက သူ့အတွက်တွေးပေးသဖြင့် ကျေးဇူးတင်မိသည်။ မည်သို့ဆိုစေ အားလုံးက သူ့ကောင်းကျိုးတွက် လုပ်ပေးခြင်းဖြစ်သည်။
ယွမ်ကျိထွက်သွားပြီးနောက် ကိုယ်ဗလာချွတ်၍ ကျူပိုက်ကိုကိုက်ပြီး သစ်သားရေစည်ထဲသို့ ခုန်ချလိုက်သည်။ မချိမဆန့် သံကုန်ခြစ်၍ သူအော်ဟစ်လိုက်ရသည်။
“စီနီယာ၊ ရေချိုးဖို့ကို ဘာလို့ရေနွေးပူတွေထည့်ထားတာလဲ”
ခြံထဲပြန်ရောက်နေသည့် ယွမ်ကျိက ကိုယ်ပေါ်မှ ဆေးနံ့များကို တိုက်ထုတ်သွားသည့် လေပြေလေညှင်းကို ခံစားနေသည်။ လုယန်ကို လေ့ကျင့်ပေးရာတွင် သူဘာသတိရှန်းသွားသည်ကို စဉ်းစားနေသည်။
သူသည် မသေမျိုးလောကတွင် ကြီးပြင်း၍ ကျင့်ကြံသူများနှင့်သာ အများဆုံးနေထိုင်ခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူ့ကျင့်ကြံမှုကို စိတ်နှစ်ထားခဲ့သည်။ သေမျိုးများနှင့် အဆက်အစပ် သိပ်မရှိ။ လုယန်ကို သင်ပေးရန် သေမျိုးဘဝအကြောင်းဖော်ပြသည့် စာအုပ်များကို ရှာဖတ်ခဲ့ရသည်။ ကျင့်စဉ်အကြောင်းလေ့လာရင်း သေမျိုးများအကြောင်းကိုပါ လေ့လာရသည်။
သို့သော် သေမျိုးတစ်ယောက်ချိုးမည့်ရေတွက် သင့်တင့်မျှတသည့် အပူချိန်ပမာဏကို ထိုစာအုပ်များထဲတွင် ဖော်ပြမထား။
လုယန်၏ အဆက်အပြတ်အော်ဟစ်သံကို ကြားနေရသဖြင့် သူခဏစဉ်းစားသည်။ ရေကိုအေးအောင်လုပ်ဖို့ နောက်ကျလွန်းသွားပြီမှန်း သူနားလည်သည်။ ထို့ကြောင့် အပူလောင်လိမ်းဆေးတစ်ခုထုတ်၍ တံခါးရှေ့တွင်ချပြီး တံခါးခေါက်လိုက်သည်။
“ဂျူနီယာ၊ မင်းအတွက်ငါ တံခါးဝမှာ အပူလောင်လိမ်းဆေးထားခဲ့တယ်။ သုံးဖြစ်အောင် သုံးလိုက်ပါ”
.........................
အချိန်များ ဖြတ်ကျော်သွားသည်။ အဆတက်မပြတ်လေ့ကျင့်ခြင်း၊ ဝိညာဉ်သားရဲအသားများ၏ အဟာရရခြင်းနှင့် အထူးဆေးစိမ်ရည်များကြောင့် လုယန်လည်း မီးလောင်၍ အရေပြားများကွာကျနေသည့် သာမန်သေမျိုးဘဝမှ ထူးခြားခံ့ညားကျင့်ကြံသူအဖြစ် ပြောင်းလဲလာသည်။ လေးလံသည့် ရေစည်များကို ကျွမ်းကျင်စွာ မ,နိုင်လာသည်။ ပေါင်နှစ်ရာလေးသည့် ရေစည်သုံးခုကို လေထဲတွင် သက်တောင့်သက်သာ ပစ်မြှောက်ကစားနိုင်လာသည်။ ရေစည်အစွန်းများပေါ်တွင် ပါ့ကွာခြေသိုင်းကွက်ကို မြေပြင်မှာကဲ့သို့ နင်းလျှောက်နိုင်လာသည်။ လိမ့်နေသည့် ရေစည်ပေါ်တွင် မယိုင်မလဲရပ်၍ နောက်ထပ်ရေစည်သုံးခုကို သက်တောင့်သက်သာ မ,နိုင်လာသည်။ ထိုကျွမ်းကျင်မှုတစ်ခုတည်းဖြင့်ပင် လမ်းပေါ်တွင် လူအများ၏ အားပေးထောက်ခံမှုရနိုင်သည်။
“မဆိုးပါဘူး၊ မင်းခန္ဓာကိုယ်တိုးတက်နှုန်း ငါထင်တာထက်မြန်သားပဲ”
ယွမ်ကျိ အနည်းငယ်အားပေးချီးကျူးသည်။ လုယန်၏ယုံကြည်ချက်များ ချက်ချင်းမြင့်တက်လာသည်။
ယွမ်ကျိသည် ပေါ်လာခဲသော်လည်း လုယန်၏တိုးတက်မှုကို အမြဲတမ်းအနီးကပ် စောင့်ကြည့်ခဲ့သည်။
“ကျုပ်အခုစကျင့်ကြံလို့ရပြီလား”
လုယန် အားတက်သရောမေးသည်။ ရေစည်များကိုချ၍ အသက်ပင်မရှူဘဲ အဖြေကို စောင့်စားနေသည်။ သူ့ခန္ဓာကိုယ်လေ့ကျင့်နေစဉ်အတွင်း မုန်ကျင်းကျိုးနှင့် တစ်ခြားလူများက သူ့ဆီလာလည်ကြသည်။ သို့သော် ရုပ်သေးက သူတို့ကိုနှင့်ထုတ်သည်။
မုန်ကျင်းကျိုး၊ အရိုးရိုင်းနှင့် တစ်ခြားလူများ စတင်ကျင့်ကြံနေကြပြီဖြစ်သည်။ သူခန္ဓာကိုယ်ကျင့်ကြံနေစဉ်မှာပင် သူ့အဖော်များက သေမျိုးအဆင့်ထက် မြင့်သွားသည်။ ထို့ကြောင့် သူနည်းနည်းစိတ်ပူနေသည်။ နောက်ကျသလို ခံစားရသည်။
ယွမ်ကျိက ပြန်မဖြေဘဲ သူ့မှော်အိတ်ထဲမှ တို့ဟူးတစ်တုံး ထုတ်လိုက်သည်။ အတော်နူးညံ့ပျော့အိနေသည်။ သူ့လက်ထဲတွင် ရေဖြည့်ထားသည့်ပူဖောင်းတစ်ခုလို ဖြစ်နေသည်။
“လက်ဝါးကို မှော်လက်အနေအထားနဲ့ ကိုင်ပါ”
လွယ်ကူသည့်အလုပ်ဟု လုယန်ယူဆသည်။ ချက်ချင်းလှမ်းယူပြီး တို့ဟူးကိုဆုပ်လိုက်သည်။ သို့သော် သူ့လက်ချောင်းများ အနည်းငယ်လှုပ်သည်နှင့် ချက်ချင်းကြေမွပြီး မြေပေါ်ကျသွားသည်။
ယွမ်ကျိ နောက်ထပ်တို့ဟူးတစ်တုံး ထုတ်ပေးသည်။ ဆက်လုပ်ရန်အချက်ပြသည်။
မရမရှိနိုင်ဟုယုံကြည်ထားသဖြင့် လုယန်ယုံကြည်ထားသည်။ ပထမတစ်ကြိမ်က အမှတ်တမဲ့ ဖြစ်သွားခြင်းဖြစ်မည်။ ထပ်စမ်းကြည့်သည်။ သို့သော် တို့ဟူးက ကြွေမွသွားပြန်သည်။
တတိယအကြိမ် ပြုတ်ကျပြီးနောက် ပြဿနာကို လုယန်နားလည်လာသည်။ သူ့အင်အားက များလွန်းနေသည်။ မထိန်းချုပ်နိုင်။ သူ့ဘေးမှ အရာအားလုံးက ကျင့်ကြံသူများအတွက် လုပ်ထားခြင်းဖြစ်သည်။ သာမန်ပစ္စည်းများ အိုးခွက်များ တူများကိုင်လျှင်ပင် သူအတော်သတိထားရမည်။
သူ့ခန္ဓာကိုယ်အင်အားက တိုးတက်မှုမြန်လွန်းသည်။ ခန္ဓာကိုယ်တိုးတက်မှုကို စိတ်ကအမီမလိုက်နိုင်။ သူ့လက်ချောင်းများ တစ်ခါတစ်လေ ထိန်းချုပ်မှုလွတ်သွားသည်။
အရည်နီးနီးပျော့ပျောင်းသည့် တို့ဟူးတစ်တုံးကိုကိုင်ဖို့ ထင်သလောက်မလွယ်။
ယွမ်ကျိက သူ့ကို တို့ဟူးမပေးတော့။ လက်ဝါးမှောက်လျက်အနေအထားဖြင့် တို့ဟူးတုံးကို ကိုင်ပြသည်။ ညင်သာစွာလှုပ်ပြသည်။ တို့ဟူးက ကြေမွမသွား။
ထို့နောက် ရုတ်တရက် တို့ဟူးကို လွှတ်ချလိုက်သည်။ ထို့နောက် အမြန်ပြန်ဖမ်းဆုပ်ပြသည်။
လုယန် အံ့အားသင့်သွားသည်။ ကျသွားသည့်တို့ဟူးတုံးကို မပျက်စီးအောင် ဘယ်လိုပြန်ဖမ်းနိုင်သည်မသိ။
ယွမ်ကျိလက်ထဲတွင် ပျော့ပျောင်းသည့်တို့ဟူးက သံတုံးတစ်ခုလို ဖြစ်နေသည်။
“လေးတာကိုပေါ့သလိုမတာကို မင်းကျွမ်းကျင်သွားပြီ။ ပေါ့တာကိုလေးသလိုမတာမျိုးတော့ မင်းမလုပ်နိုင်သေးဘူး”
လုယန် အသံတိတ်သွားသည်။ ခန္ဓာကိုယ်လေ့ကျင့်မှု မပြည့်စုံသေးကြောင်း နားလည်လာသည်။ ကျင့်ကြံမှုသည် အလျင်လို၍မရ။ မုန်ကျင်းကျိုးနှင့် တစ်ခြားလူများသည် ကျင့်ကြံမှုတိုက်ရိုက်စလုပ်နိုင်အောင် ငယ်ကတည်းက သူတို့မိသားစုများမှ လေ့ကျင့်ပေးထားသူများဖြစ်သည်။
သူတို့နှင့်အမီလိုက်ဖို့ မလွယ်။ သူက အကူအညီမပါဘဲ ကြီးပြင်းခဲ့ရသည်။ ယခု ယွမ်ကျိ၏ တိုက်ရိုက်လမ်းညွှန်သင်ပြမှုရနေသည်။ ကောင်းကင်ပစ္စည်းများ ရတနာများလည်း အထောက်အပံ့ရနေသည်။ သူ့တိုးတက်မှုက အံ့ဩစရာကောင်းနေပြီဖြစ်သည်။ မကျေနပ်နိုင်စရာ မကြောင်းမရှိ။
လုယန် ယွမ်ကျိစကားကို မှတ်သားထားသည်။ ကျင့်ကြံမှုသည် တစ်သက်တာခရီးစဉ်ဖြစ်သည်။ ယာယီကောင်းကျိုးဆိုးပြစ်များသည် အရေးမကြီး။ နောက်ဆုံးအထိ ဘယ်သူရပ်နိုင်မည်သာ အရေးကြီးသည်။
ပင့်သက်တစ်ချက်ရှိုက်၍ သူ့စိတ်ကိုပြင်လိုက်သည်။ သူ့ကျင့်စဉ်တိုးတက်မှုအပေါ် စိတ်အစွဲမထားတော့။
ထို့နောက် ယွမ်ကျိက ရုပ်သေးကို တို့ဟူးလှည်းတစ်စီးအပြည့်တွန်းခဲ့ရန် ညွှန်ကြားနေသည်ကို သူမြင်လိုက်ရသည်။
********************************************
အခန်း (၁၃) ခန္ဓာကိုယ်ထဲသို့ လေကိုဆွဲသွင်းခြင်း
စွမ်းအားလေ့ကျင့်သည်က ဝိညာဉ်သားရဲအသားများစား၍ ဆေးရည်စိမ်၍ ရုပ်ခန္ဓာစွမ်းအားကို လေ့ကျင့်နိုင်သည်။ သိုသော် ယခုထိန်းချုပ်မှုက သူ့ကိုယ်သူသာ အားကိုးရသည်။ အာရုံအပြည့်အဝစိုက်ဖို့လိုအပ်သည်။ သတိလွတ်သွား၍မရ။ “မှန်ကန်သည့်ခံစားချက်ကို ရှာဖွေရမည်၊ ခန္ဓာကိုယ်ဖြင့် ထိုစွမ်းအားကို ထိန်းချုပ်ရမည်။ စိတ်ကိုထိန်းချုပ်ရခြင်းမဟုတ်”ဟု စီနီယာယွမ်ကျိက ပြောသည်။
မည်သည့်ရည်ရွယ်ချက်မှမပါဘဲ တို့ဟူးကို ကိုင်ထားရုံသာဖြစ်သည်။ တစ်နေ့ကုန်သွားချိန်တွင် တစ်ကိုယ်လုံး တို့ဟူးနံထွက်သွားသည်။ အချိန်ကြာမြင့်စွာ အာရုံစိုက်၍ကြည့်ရလွန်းသဖြင့် မျက်လုံးများစွေခါနီးဖြစ်လာသည်။ အတွေ့အကြုံရှိသည့်ရုပ်သေးက သူ့ပါးကို သုံးလေးချက်ရိုက်လိုက်၍သာ တော်သေးသည်။ မျက်လုံးများ ပုံမှန်ပြန်ဖြစ်လာသည်။
ယခု စားပွဲအပြည့်ရှိသည့် တို့ဟူးဟင်းခွက်များ သူ့မျက်စိရှေ့တွင် ရှိနေသည်။ တို့ဟူးမွှေကြော်၊ တို့ဟူးအကျက်ကြော်၊ တို့ဟူးပေါင်း၊ တို့ဟူးပူတင်း၊ ပဲနို့်ပြုတ်တို့ဟူး။ ဟင်းအားလုံးက နေခင်းပိုင်း သူ့လေ့ကျင့်၍ ပျက်စီးသွားသည့် တို့ဟူးများဖြင့် လုပ်ထားခြင်းဖြစ်သည်။ တို့ဟူးပူတင်းနှင့် ပဲနို့များကို စေတနာထက်သန်သည့် ဈေးသည်များက ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိရသည်။
ဘိုးဘေးများကို သူကျေးဇူးတင်ပါသည်။ သူ့စွမ်းအားကို ကောင်းစွာမထိန်းချုပ်နိုင်သရွေ့ တို့ဟူးမှလွဲ၍ တစ်ခြားဟင်းစားရမည်မဟုတ်မှန်း သူသိနေသည်။ တို့ဟူးသည် သာမန်မဟုတ်။ ကျင့်ကြံသူ၏ ဓာတ်ငါးမျိုးမျှခြေကို ထိန်းနိုင်သည်။ ချီကို တိုးတက်စေသည်။ တိုက်ပွဲခုခံနိုင်စွမ်းကို တိုးစေသည်။ သို့သော် နေ့တိုင်းတို့ဟူးစားရသည့်အဖြစ်ကို ဘယ်သူမှသည်းခံနိုင်မည်မဟုတ်။
ရွေးချယ်စရာမရှိသဖြင့် လုယန် သူ့အစားအသောက်အပေါ် အာရုံစိုက်သည်။ နောက်တစ်နေ့ သူ့စွမ်းအားကို ဘယ်လိုပိုကောင်းအောင် ထိန်းချုပ်ရမည်ကို စဉ်းစားသည်။
..............................
လုယန် အိပ်ပျော်သွားသည်။ မျက်နှာပေါ်တွင် စူးရှသည့်အဖြူရောင်အလင်း ထိုးကျလာသည်။ မျက်လုံးကို တင်းတင်းမှိတ်ထားရသည်။ သူ့မျက်နှာရှုံ့မဲ့နေသည်။ အလင်းရောင်နှင့် တဖြေးဖြေးကျင့်သားရလာပြီးနောက် မျက်လုံးကို ကြိုးစား၍ ဖွင့်ကြည့်သည်။ ထူးဆန်းသည့်လေဟာနယ်တစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရသ်ည်။ ဘေးပတ်လည်တွင် မြူငွေ့များ ဝန်းရံနေသည်။ သူ့ဘေးပတ်လည်ကိုသာ မြင်နိုင်သည်။ အလင်းရောင်ဘယ်ကလာသည်ကို သူခန့်မှန်း၍မရ။
“ဘယ်ရောက်နေတာလဲ”
သူနည်းနည်းလန့်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူအိပ်နေခဲ့သည်။ ထူးဆန်းသည့် ဤနေရာသို့ သူ့ကိုဘယ်သူခေါ်လာသနည်း။ ကောင်းသည့်ရည်ရွယ်ချက်လား မကောင်းသည့်ရည်ရွယ်ချက်လား။
မြူကြားထဲမှ သက်တမ်းရင့်လူတစ်ယောက်၏ အောင်မြင်ခံ့ညားသည့် စကားသံ ထွက်လာသည်။
“ကောင်လေး၊ ဒါငါဖန်တီးထားတဲ့ ယာယီလေဟာနယ်ပဲ။ တစ်ခြားလူတွေ အာရုံမခံနိုင်ဘူး”
လုယန် တုန်လှုပ်သွားသည်။ သူနားမလည်သည့် ဖြစ်တည်မှုမျိုးဖြစ်သည်။ ထိုစွမ်းအားရှင် မကောင်းသည့်စိတ်မျိုး မရှိစေဖို့သာ ဆုတောင်းရတော့သည်။
“နှစ်သန်းချီကြာအောင် ငါလက်တွေ့မြင်ခဲ့တယ်။ လောကကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတွေ မရေမတွက်နိုင်အောင်ငါမြင်ခဲ့တယ်။ ဒါပေမယ့် အားလုံးက နောက်ဆုံးကျတော့ အချိန်တိုက်စားမှုအောက်မှာ အရှုံးပေးသွားကြရတာပဲ။ ကောင်းကင်ကိုဆန့််ကျင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲတွေဟာ နောက်ဆုံးမှာ သက်ပြင်းချသံအဖြစ်ကို လျော့ကျသွားတယ်
“သူတို့ဘယ်လိုပဲ ထူးချွန်ကြပါစေ ငါကတော့ လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်းနဲ့ ထာဝရရှိနေတာပဲ”
အလွန်တရာ သက်တမ်းရင့်ခဲ့သည့် လေသံမျိုးဖြစ်သည်။
လုယန်၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် စွမ်းအားရှင်ဖြစ်သည်။
“ဒီနေ့ စိတ်ကူးပေါက်ပြီး အာရုံခံကြည့်တော့ မင်းနဲ့ငါဟာ ရေစက်ပါနေတာ တွေ့တယ်။ ဒါကြောင့် မင်းဝိညာဉ်ကို ဒီယာယီအမွေခံလေဟာနယ်ထဲ ငါခေါ်လိုက်တာ။ ဒီလေဟာနယ်မှာ ချီသန့်စင်အဆင့်ကနေ ကူးဖြတ်ခြင်းအဆင့်ထိ လိုအပ်သမျှအားလုံးရှိတယ်။ ကျင့်စဉ်နည်းတွေ၊ ဆေးလုံးတွေ၊ လျှို့ဝှက်မှတ်တမ်းတွေ၊ ကျင့်စဉ်အတွေးအမြင်တွေပေါ့။ ကျင့်ကြံမှုတစ်ဆင့်ခြင်းစီမှာ ငါ့အမွေရဲ့ အစိတ်အပိုင်းတစ်ခုကို မင်းဖွင့်နိုင်မှာပါ”
တစ်ဘက်က ရင်းနှီးသည့်စကားသံကြောင့် လုယန်သက်ပြင်းချလိုက်သည်။
“ခင်ဗျားဘယ်သူလဲဆိုတာ သိပါရစေ စီနီယာ”
အားပါးတရရယ်မောသံ သုံးကြိမ်ပေါ်လာပြီး မြူကြားထဲမှ ထိုစီနီယာ ရှေ့တိုးလာသည်။
မျက်နှာက ကြည်လင်နူးညံ့သည်။ အသားအရေက နို့နှစ်ရောင်၊ ဦးခေါင်းက လေးထောင့်။ တို့ဟူးပုံလူသားတစ်ယောက်ဖြစ်သည်။
တို့ဟူးစီနီယာက ရှေ့သို့တိုးလာရင်း စကားထပ်ပြောသည်။
“ငါက တို့ဟူးမသေမျိုးပဲ။ ဒါဟာ ငါ့ဘဝရဲ့ ဉာဏ်ပညာပဲ။ တို့ဟူးများများစားလေ မင်းရဲ့ကျင့်စဉ်စွမ်းအားမြန်မြန်တက်လေ အခြေခံခိုင်မာလေ ဖြစ်လာမယ်။ အဆင့်တွေတက်မယ်။ လေးစားသူများလာမယ်။ တိုက်နယ်ရဲ့ ထိပ်ဆုံးလူဖြစ်လာဖို့လည်း အခက်အခဲမရှိဘူးကွ”
လုယန် ချွေးစေးများပြန်လာပြီး ရုတ်တရက် လန့်နိုးလာသည်။ ကုတင်ပေါ်ထထိုင်သည်။ မှောင်မည်းတိတ်ဆိတ်နေသည့် ဘေးပတ်လည်ကို လှည့်ကြည့်သည်။ ထို့နောက် စိတ်သက်သာရာရပြီး သက်ပြင်းချသည်။
“အိပ်မက်ဖြစ်နေလို့ တော်သေးတာပေါ့”
သူ့နောက်ကျောတွင် ကြောက်ချွေးပြန်၍ တုန်ရင်နေသည်။
.........
ယွမ်ကျိ မျက်လုံးပွင့်လာသည်။ လက်ချောင်းထိပ်မှ လုယန်အခန်းထဲသို့ ပို့လွှတ်ထားသည့် အပြာရောင်အလင်းတန်းကို ပြန်ရုတ်သိမ်းသည်။
“ဒါက သူ့ကိုပိုပြီး ဝီရိယစိုက်လာအေင် လှုံ့ဆော်ပေးနိုင်လောက်ပါတယ်”
သူ့ဘာသာ ခပ်တိုးတိုးရေရွတ်သည်။
သင့်တင့်မျှတသည့်ဖိအားသည် တွန်းအားတစ်ခုဖြစ်စေပြီး လူများကို ပိုကြိုးစားချင်စိတ် ပေါက်လာစေသည်ဟု သူ့ဆရာသင်ဖူးသည်။
သူကိုယ်တိုင်လည်း ထိုနိယာမ၏ သက်သေဖြစ်သည်။ ထို့ကြောင့် လုယန်ကို အိပ်မက်မှော်စွမ်းအင်တစ်ခုသုံး၍ ဖိအားပေးလိုက်ခြင်းဖြစ်သည်။
“အဋ္ဌမအကြီးအကဲပေးတဲ့ စာသားတွေက နည်းနည်းတော့ ရှက်စရာကောင်းတယ်။ ဒီစကားမျိုးကို သူဘယ်လိုများ ပုံမှန်လေသံနဲ့ ပြောနိုင်တာလဲ”
အကြံတောင်းရာတွင်လည်း သူကျွမ်းကျင်သည်။ အိပ်မက်ထဲမှ အရာအားလုံး အဆင့်အားလုံး စာသားအားလုံးကို အဋ္ဌမအကြီးအကဲက စီစဉ်ခဲ့ခြင်းဖြစ်သည်။ အကျိုးသက်ရောက်မှုကိုလည်း အာမခံထားသည်။
....................
အချိန်တစ်ချို့ ဖြတ်ကျော်သွားသည်။ လုယန် တို့ဟူးအား မြှောက်၍ သက်တောင့်သက်သာ ပြန်ဖမ်းပြီး တည်ငြိမ်အောင် ကိုင်ထားသည်ကို ယွမ်ကျိမြင်နေရသည်။ ရုပ်သေးနှင့်ပင် အပြန်အလှန် တို့ဟူးပစ်ဖမ်းတမ်း ကစားနေသေးသည်။
ပျော့အိသည့်တို့ဟူးကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ အလွယ်တကူ ထိန်းချုပ်နိုင်သည်။
“ပေါ့တာကိုလေးသလိုမြှောက်မတဲ့လေ့ကျင့်ခန်း မင်းအောင်မြင်သွားပြီ။ ဒီအဆင့် ပြည့်စုံသွားပြီ”
လုယန် ပြုံးလိုက်သည်။ လေ့ကျင့်စကနှင့်မတူတော့။ တို့ဟူးနှင့် အဆက်မပြတ်လေ့ကျင့်ရင်း လှုပ်ရှားနေသည့် သူ့စိတ်နှလုံးလည်း တဖြေးဖြေးတည်ငြိမ်လာသည်။
မန္တာန်မသုံး ကျင့်စဉ်စွမ်းအားမသုံးဘဲ စိတ်တည်ငြိမ်အောင် ထိန်းနိုင်လာသည်။
“နောက်ထပ် ဘာဆက်လုပ်ရမှာလဲ”
သူ့အဖော်များနှင့် တန်းတူလိုက်ဖို့ သူမကြိုးစားတော့။ သူ့စီနီယာအမကို ယုံကြည်ထားလိုက်သည်။
ပြုံးခဲလှသည့်ယွမ်ကျိ ပြုံးလာသည်။
“မင်းရဲချီသန့်စင်ခြင်းအဆင့်ကို ခိုင်မာအောင်လုပ်ရမယ်”
လုယန် အံ့ဩသွားသည်။ သူ့ကိုယ်သူ လက်ညှိုးထိုးလျက်
“ချီသန့်စင်ခြင်းအဆင့်...ကျွန်တော်လား...”
ဘယ်အချိန် ချီသန့်စင်ခြင်းရောက်ခဲ့သည် သူမသိတော့။ ကျမ်းစာများထဲတွင် ခန္ဓာကိုယ်ထဲသို့ လေရှူသွင်းခြင်းသည် စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှု၊ နည်းလမ်းမျှဝေမှု၊ ပဥ္စမအာရုံကိုပိတ်ထို့နှင့် သွေးကြောများလည်ပတ်မှုများ လိုအပ်သည်။
ပါရမီနည်းသူများက ဆေးလုံးများ၏အကူအညီလိုအပ်သည်။
ထိုအရာများ သူတစ်ခါမှ မကြုံဖူး။ ယွမ်ကျိကလည်း မသင်ဖူး။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် ချီသန့်စင်ခြင်းအဆင့်သို့ဝင်ရန် ဆေးလုံးများမလိုအပ်။ အားလုံးက ထူးခြားပါရမီရှင်များဖြစ်သည်။ ဆေးလုံးအကူလိုလျှင် ဂိုဏ်းမှထွက်သွားရနိုင်သည်။
ဆေးလုံးမလိုဟု ယုံကြည်သော်လည်း ချီသန့်စင်အဆင့်သို့ ဘယ်လိုရောက်သွားသည်ကို သူမသိခဲ့။
“ပြီးခဲ့သည့် သုံးရက်ကပါ”
ယွမ်ကျိ အရိပ်အမြွက်ပြောပြလိုက်သည်။
လုယန် ထိုနေ့မနက်ကအကြောင်း ရုတ်တရက် သတိရလာသည်။ သူစောစောနိုးသည်။ မျက်လုံးမှိတ်၍ အရုဏ်ချိန်အလင်းဆီ မျက်နှာမူပြီး တို့ဟူးကို ဘယ်လိုဖမ်းဆုပ်ရမည်ကို သူစဉ်းစားနေခဲ့သည်။ အတွေးနက်လာသဖြင့် ပတ်ဝန်းကျင်ကို တဖြေးဖြေးမေ့သွားသည်။ သူ့စိတ်က မိုးမြေကြားတွင် လှည့်ပတ်လှုပ်ရှားနေသည့် ချီစွမ်းအင်တစ်ခုလို ဖြစ်လာသည်။ ထို့နောက် သူ့သိစိတ်အာရုံ ပြန်ကျလာသည်။ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။ သူ့ဗိုက်ထဲတွင် ပူနွေးသည့်လေလှိုင်းတစ်ခု စီးဆင်းနေသည်ကို သူခံစားမိသည်။
ထို့နေ့သည် တို့ဟူးကို ပထမဆုံး အောင်မြင်စွာ ဖမ်းဆုပ်နိုင်သည့်နေ့လည်းဖြစ်သည်။ သူလေ့ကျင့်ချိန်တွင် ယွမ်ကျိက သူ့အနားတွင်မရှိ။ တစ်နေရာရာမှ စောင့်ကြည့်နေခြင်းဖြစ်မည်။
“ဒါဆို အဲဒီ့တုန်းကခံစားချက်က ချီရှူသွင်းတဲ့သဘောတရားပေါ့”
လုယန် သူ့ဘာသာရေရွတ်၍ အတွေ့အကြုံပေါ် အာရုံစိုက်နေသည်။
ခံစားချက် တကယ်ကောင်းသည်။ နွေးထွေးသည့်တိမ်တိုက်ပေါ်ရောက်နေသလို ခံစားရသည်။ သက်တောင့်သက်သာဖြစ်လွန်းသဖြင့် မျက်လုံးဖွင့်ကြည့်ချင်စိတ်ပင် ပေါ်လာသည်။
သူမသိလိုက်ဘဲ စိတ်ထဲကဆုတောင်းလေးပြည့်ခဲ့သည်။ ကိုယ်ထဲသို့ ချီကိုရှူသွင်းနိုင်ခဲ့သည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာသည်။
*********************************************
အခန်း (၁၄) စီနီယာ မှန်သည်
ကျင့်ကြံသူလောကတွင် ကျင့်ကြံသူ ကိုးဆယ့်ကိုးရာနှုန်းသည် ချီသန့်စင်ခြင်းအဆင့်ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်ကို အပိုင်းငယ်ကိုးခုခွဲလေ့ရှိသည်။ နောက်ပိုင်းအဆင့်များလို အခြေခံ၊ အလတ်တန်း၊ နောက်ဆုံးအဆင့် ဟု မခွဲ။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ချီသန့်စင်ခြင်းအဆင့်သည် အခြေခံအဆင့်လမ်းစသာဖြစ်သည်။ နောက်ထပ်အဆင့်ထပ်ခွဲစရာမလို။ ချီသန့်စင်အဆင့်ဟုသာသတ်မှတ်သည်။ နောက်ထပ်အပိုင်းများ ခွဲမထား။
“တစ်ခြားလူတွေလည်း ချီသန့်စင်တဲ့အဆင့်ကို ဒီလိုပဲရောက်သွားကြတာလား”
လုယန် မေးလိုက်သည်။ သူ့တိုးတက်မှု အနှေးဆုံးဖြစ်နေသည်ဟု ယူဆသောကြောင့်ဖြစ်သည်။
ယွမ်ကျိ ခေါင်းခါသည်။
“မင်းနည်းလမ်းက ရှေးခေတ်က ကျင့်ကြံကြတဲ့ မူလနည်းလမ်းပါ။ ရှေးခေတ်ကလူတွေဟာ သဘာဝကိုခံစားနိုင်တယ်။ ကောင်းကင်နဲ့လူသား ပေါင်းစည်းမှုကိုခံစားတယ်။ ကိုယ်ထဲကို ဝိညာဉ်စွမ်းအင် စုပ်ယူပြီး ချက်ချင်း ကျင့်ကြံသူတွေဖြစ်လာတာ”
ရှေးခေတ်ကျင့်ကြံမှုများသည် စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှုမလို လျှို့ဝှက်နည်းလမ်းမလို။ ခန္ဓာကိုယ်တုံ့ပြန်မှုကို အဆက်မပြတ်ဆင်ခြင်၍ လေ့လာခြင်းဖြစ်သည်။
“သွေးကြောတွေကတော့ မင်းခန္ဓာကိုယ်ဆေးစိမ်တုန်းက အားလုံးပွင့်သွားတာပါ။ ဝိညာဉ်စွမ်းအင်တွေ အတားအဆီးမရှိ လည်ပတ်နိုင်သွားပြီ။ ကောင်းကင်နဲ့လူ တစ်သားတည်းရှိတဲ့အချိန်မှာ စွမ်းအင်က မင်းအတွက် အသင့်တော်ဆုံး လမ်းကြောင်းတွေကနေ စီးဆင်းတယ်။ ဘယ်ကျင့်စဉ်နည်းထက်မဆို သာလွန်ပါတယ်”
ကျင့်စဉ်လောကတွင် ကျင့်စဉ်နည်းများကို ငါးမျိုးခွဲလေ့ရှိသည်။ အဝါရောင်အဆင့်၊ နက်ရှိုင်းမှုအဆင့်၊ မြေအဆင့်၊ ကောင်းကင်အဆင့်၊ မသေမျိုးအဆင့်။ သို့သော် ယွမ်ကျိအမြင်အရ နှစ်မျိုးသာရှိသည်။ ကိုယ့်အတွင့် သင့်တော်သည့်ကျင့်စဉ်နှင့် မသင့်တော်သည့်ကျင့်စဉ် ဖြစ်သည်။
“ဘယ်ကျင့်စဉ်နည်းမဆို စဖန်တီးတဲ့အချိန်က မင်းအတွက် သီးခြားဖန်တီးထားတာမဟုတ်ဘူး။ ဓားဝိညာဉ်မြစ်အတွက် သင့်တော်တယ်ဆိုတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ငါ့ဆီမှာလည်း သေတ္တာတစ်လုံးစာလောက်ရှိတယ်။ ဒါပေမယ့် ဘယ်ဟာမှ မင်းအတွက် မသင့်တော်ဘူး။...ဒီနေ့ကစလို့ ငါမင်းကို ရေရှည်လုပ်ရမယ့် တာဝန်တစ်ခုပေးမယ်။ မင်းရဲ့ကိုယ်ပိုင် ကျင်စဉ်နည်းကို ဖန်တီးပါ။”
တစ်ယောက်တည်းစဉ်းစားတွေးခေါ်၍ ဖန်တီးရမည်ဟုတော့ မဆိုလို။ ယွမ်ကျိက လမ်းညွှန်ပေးမည်။ သို့သော် ထိုအလုပ်မည်မျှခက်ခဲသည်က သိသာနေသည်။
ကျင့်ကြံနည်းဖန်တီးသည် ကျင့်ကြံမှုလောကမှ သက်တမ်းရင့်အကြီးအကဲများသာ လုပ်နိုင်သည့်အရာမျိုးဖြစ်သည်။
လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။
“အရင်က ကျင့်စဉ်နည်းဖန်တီးတဲ့ ဘိုးဘေးတွေက အရမ်းအဆင့်မြင့်တယ်။ ကျင့်စဉ်အဆင့်အားလုံးရဲ့ သဘောတရားကို နားလည်ကြတယ်လေ။ ကျုပ်က အခုမှ ချီသန့်စင်ခြင်းအဆင့်ကိုဝင်ကာစဆိုတော့ နည်းနည်းများ....”
“ကျင့်စဉ်နည်းဖန်တီးတယ်ဆိုတာ မင်းထင်သလောက်မခက်ပါဘူး။ အခြေတည်ဆောက်အဆင့်ရောက်ပြီးသူတွေအတွက် တာအိုလမ်းစဉ်ဂိုဏ်းက သတ်မှတ်ထားတဲ့ စဉ်းမျဉ်းကို သိတယ်မဟုတ်လား။ ဂိုဏ်းတပည့်တိုင်း တော်ဝင်လမ်းအတွက် မစ်ရှင်ခန်းမမှာ ထုတ်ပြန်ထားတဲ့ တာဝန်တွေ ထမ်းဆောင်ရမယ်ဆိုတာလေ”
လုယန် ခေါင်းငြိမ့်သည်။ သူကြားဖူးသည်။
တစ်ခြားဂိုဏ်းများလည်း အလားတူစနစ်မျိုးရှိသည်။ ဂိုဏ်းတပည့်များကို တာဝန်များပေးထားသည်။ အလကားနေသူများကို ဂိုဏ်းက ထောက်ပံ့နိုင်မည်မဟုတ်။ ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ခြင်းသည် ဂိုဏ်းတပည့်၏ တန်ဖိုးပင်ဖြစ်သည်။
သို့သော် မသေမျိုးဂိုဏ်းငါးဂိုဏ်းက ကွဲပြားသည်။ တပည့်များကို တာဝန်ထမ်းဆောင်ခိုင်းခြင်းသည် ဂိုဏ်းအကျိုးအတွက်မဟုတ်။ တော်ဝင်လမ်းစဉ်အတွက်ဖြစ်သည်။
“သာမန်တာဝန်တွေက တောင်အောက်ကိုဆင်းပြီး နတ်ဆိုးတွေသရဲတွေ သတ်ဖြတ်တာမျိုးပဲ။ ဒါပေမယ့်ငါက သေမျိုးလောကရဲ့ စွမ်းအင်ရောင်ကို မကြိုက်ခဲ့လို့ တာဝန်ထမ်းဆောင်ဖို့ တစ်ခြားနည်းလမ်းကို ရွေးချယ်ခဲ့တယ်”
“ဘယ်လိုမျိုးလဲ”
“တာအိုလမ်းစဉ်ဂိုဏ်းမှာ မှတ်တမ်းမရှိသေးတဲ့ ကျင့်စဉ်နည်းတစ်ခုကို မှတ်တမ်းပြုစုရမယ်ဆိုတဲ့ ပုံသေတာဝန်တစ်ခု မစ်ရှင်ခန်းမမှာရှိတယ်။ အဲဒါလည်း တာဝန်ထမ်းဆောင်တာပဲ”
“ဒါဆို စီနီယာက...”
လုယန် ထူးဆန်းသည့်အတွေးတစ်ခု ခေါင်းထဲပေါ်လာသည်။
“အဆင်ပြေအောင်...တာဝန်ပြီးမြောက်အောင် ကျင့်စဉ်နည်းတွေအများကြီး ဖန်တီးပြီး ရှေးဟောင်းနယ်မြေပျက်ထဲမှာ တွေ့ခဲ့တာလို့ လိမ်ခဲ့တာ။ ဒါပေမယ့် နောက်ပိုင်းတော့ အလိမ်ပေါ်သွားတယ်”
“ဘယ်လိုလုပ် ပေါ်သွားတာလဲ”
“ငါ့အစီရင်ခံစာထဲမှာ နယ်မြေတွေအားလုံးကို ရှာဖွေစူးစမ်းတယ်လို့ ပြောပြီးသွားပြီလေ။ နောက်ထပ် ဘယ်နယ်မြေကို လိမ်ဆင်ထည့်ရမှန်း မသိတော့ဘူး။ ....ဒီတော့ မင်းနားလည်တယ်မဟုတ်လား။ ကျင့်စဉ်တစ်ခုဖန်တီးတာ မခက်ပါဘူး”
ယွမ်ကျိက သူ့အတွေ့အကြုံဖြင့် နားလည်အောင်ရှင်းပြသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူပြောချင်သည့်စကားများစွာရှိသည်။
-စီနီယာအမကို ရိုးသာတယ်ထင်ခဲ့တာ။ အမလည်း လိမ်တာပဲလား-
-စီနီယာရဲ့ ပါရမီက သာမန်လူတွေ လိုက်မမီနိုင်ဘူးလေ-
-စီနီယာအတွက် ကျင့်စဉ်ဖန်တီးတာ ကျုပ်အတွက် ကျင့်စဉ်အတုလုပ်တာနဲ့ မတူဘူးလေ-
သို့သော် ယွမ်ကျိ၏ အေးစက်စက်အကြည့်ကြောင့် စကားတစ်ခွန်းသာ ထွက်လာသည်။
“စီနီယာပြောတာ မှန်ပါတယ်”
“မင်အခု ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီဆိုပေမယ့် အရည်အချင်းပြည့်တဲ့ ဓားကျင့်ကြံသူဖြစ်ဖို့ အများကြီးလိုသေးတယ်။ ဒီစာအုပ်ကိုယူထားပါ”
မှော်သားရဲသားရေဖြင့်လုပ်ထားသည့် ထူထဲလေးလံသည့် ရှေးဟောင်းစာအုပ်ကြီးတစ်ခုကို ယွမ်ကျိ လှမ်းပေးသည်။
“မကောင်းဆိုးဝါးနယ်မြေမှတ်တမ်း”
လုယန် စာအုပ်ကိုဖွင့်လိုက်သည်။ ပြင်းထန်သည့်စွမ်းအင်ရောင်ကို ခံစားလိုက်ရသည်။ မကောင်းဆိုးဝါးမျိုးစုံ၏ ရုပ်ပုံများကို စာမျက်နှာတိုင်းတွင် ထင်ရှားစွာရေးဆွဲထားသည်။ သူတို့ဟိန်းဟောက်သံကိုပင် ကြားလာရသလိုရှိသည်။
တကယ်အဖိုးဖြတ်မရသည့် စာအုပ်မျိုးဖြစ်သည်။
လုယန်စဉ်စားသည်။ ဓားကျင့်ကြံသူတို့သည် ဓားဝိညာဉ်လိုအပ်သည်။ သို့သော် ချီသန့်စင်အဆင့်လောက်ဖြင့် သူဘယ်လိုလေ့ကျင့်နိုင်မည်နည်း။
ရှေးခေတ်က ဓားကျင့်ကြံသူတို့သည် မကောင်းဆိုးဝါးများနှင့် ကြမ်းတမ်းစွာတိုက်ခိုက်၍ သေရေးရှင်ရေးအချိန်ကာလများကို ဖြတ်သန်းကာ ပထမဆုံးဓားဝိညာဉ်ကို နားလည်ကြသည်။ ထိုသတ္တဝါတို့၏ ကြမ်းတမ်းသည့်ဆန္ဒကို ရင်ဆိုင်ကြသည်။
ထို့ကြောင့် လုယန်အတွက် အဖြေကရှင်းသည်။ မကောင်းဆိုးဝါးတို့ပုံရိပ်ကို အာရုံထဲမြင်လာအောင် ပုံဖော်ကြည့်ရမည်။ သူတို့၏ သားရဲဆန္ဒကိုနားလည်ပြီး ဝိညာဉ်သန္ဓေကို ထုတ်ရမည်။ မကောင်းဆိုးဝါးပုံရိပ်များစွာကို နေရာတစ်ခုတည်းတွင် စုစည်း၍ ကိုယ်ပိုင်ဓားဝိညာဉ်ကို နားလည်အောင် ကြိုးစားရမည်။ ထိုနည်းလမ်းသည် ခက်ခဲသော်လည်း သူ့လို ဓားဝိညာဉ်မြစ်ပိုင်ရှင်အတွက် အထူးသင့်တော်သည်။
လုယန် ခေါင်းငြိမ့်သည်။ ယွမ်ကျိ၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားမှန်း သိသည်။
“ကျုပ်နားလည်ပါပြီ”
ယွမ်ကျိ သူ့ကို တစ်ချက်ကြည့်သည်။ လုယန် ဘာကိုနားလည်မှန်း သေချာမသိ။ ထို့နောက် ရုပ်သေးတစ်ခုကို နောက်ထပ်တို့ဟူးတွန်းလှည်းတစ်စီးယူလာရန် အချက်ပြလိုက်သည်။
“နားလည်ရင် ကောင်းတာပေါ့။ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ တိကျမှုလိုတယ်။ ဒီဓားစိမ်းကိုယူပါ။ မင်းလုပ်ရမယ့်တာဝန်က တို့ဟူးကို ဓားဦးထိပ်နဲ့ မကောင်းဆိုးတွေရဲ့ပုံစံကို ရေးထွင်းဖို့ပဲ။ ရုပ်ပုံတွေကိုတော့ စာအုပ်ထဲမှာ ကြည့်ပါ”
ယွမ်ကျိက အေးစိမ့်သည့်အလင်းရောင်များ ဖြာထွက်နေသည့် အစိမ်းရောင်ဓားတစ်လက်လှမ်းပေးသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်နေသည်။
တို့ဟူးနှင့် ကြုံရပြန်ပြီ။
ဟိုအရင်တစ်ညက အိပ်မက်သည် အိပ်မက်ဆိုးတစ်ခုမဟုတ်ဘဲ ကြိုတင်နိမိတ်များ ဖြစ်နေမလားဟု ခံစားမိသည်။ တို့ဟူးမသေမျိုး သူတကယ်ဖြစ်လာမည်လားမသိ။
ဆိုးဝါးသည့်အတွေးကို ခေါင်းထဲမှ အမြန်ထုတ်လိုက်သည်။
ဓားစိမ်းကိုယူလိုက်သည်။ ပေါ့ပါးမှုကို ခံစားမိသည်။ ဓားကပေါ့လွန်း၍မဟုတ်။ ချီသန့်စင်မှုတတိယအဆင့်အောက်မှ ကျင့်ကြံသူများအတွက် ကိုင်ဆောင်ရန် ခက်ခဲသည်။ သို့သော် ရေစည်လေ့ကျင့်မှုလုပ်ထားသဖြင့် သူအလွယ်တကူ ကိုင်ဆောင်နိုင်ခြင်းဖြစ်သည်။ အမှန်တော့ အစောပိုင်းချီသန့်စင်အဆင့်ကျင့်ကြံသူများကို လက်သီးတစ်ချက်တည်းဖြင့် သူအနိုင်ယူနိုင်သည်။
..................
ချီသန့်စင်အဆင့်သို့ဝင်ထားပြီး ဓားလမ်စဉ်ပါရမီဖြင့် ကောင်းစွာထိန်းချုပ်နိုင်သောကြောင့် ဖြစ်မည်ထင်သည်။ ဓားစိမ်းကို သာမန်ဓားကဲ့သို့ အသုံးပြုနိုင်သည်။ ဆယ်ရက်အတွင်းမှာပင် တို့ဟူးထဲတွင် မကောင်းဆိုးဝါးပုံများအပြင် သူနှင့်ယွမ်ကျိတို့၏ ရုပ်ပုံများကို ရေးထွင်းနိုင်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ကြာပုံတောင်ထိပ်ကိုးခုကိုပါ ရေးထွင်းနိုင်ခဲ့သည်။
ထို့အပြင် မီးဖိုချောင်တွင်လည်း ကျွမ်းကျင်လာသည်။ တို့ဟူးစားရသည့်ဘဝကို ကျော်ဖြတ်နိုင်ဖို့ စိတ်အားထက်သန်နေသည်။
ယွမ်ကျိ ပေါ်လာသည်။ သူ့ကိုအားပေးသည်။ ထို့နောက် နှမ်းစေ့တစ်စေ့ ပေးသည်။
“ဓားကျင့်ကြံသူတွေဟာ မျက်လုံးအာရုံကိုလည်း လေ့ကျင့်ဖို့လိုတယ်။ ဒီနှမ်းစေ့ကို ကျန်တဲ့တို့ဟူးတွေထဲ ငါပစ်ထည့်မယ်။ အချိန်တိုအတွင်း အမြန်ဆုံးရှာနိုင်အောင် ကြိုးစားဖို့လိုတယ်”
လုယန် ရင်ကွဲပက်လက်ဖြစ်သွားပြီး ဒူးထောက်လိုက်သည်။
“စီနီယာ၊ တစ်ခြားနည်းလမ်းတစ်မျိုးနဲ့ ကြိုးစားလို့မရဘူးလား”
ယွမ်ကျိက သူ့ကို အသံတိတ်ကြည့်နေသည်။ မျက်လုံးများက တည်ငြိမ်၍ ခံစားချက်ကင်းသည်။
“အဲ...”
***************************************************
အခန်း (၁၅) မစ်ရှင်ခန်းမ
ထိုအချိန်မှစ၍ လုယန်၏ဘဝ အလုပ်များခဲ့သည်။ မနက်ပိုင်း တောင်ထိပ်တွင်ထိုင်၍ အာရုဏ်အလင်းကို ခံစားသည်။ မွန်းတည့်မတိုင်မီအထိ ဓားပညာလေ့ကျင့်သည်။ မွန်တည့်ချိန် သစ်ပင်ထက်တွင်နားသည်။ နေ့လည်ပိုင်းတွင် ရုပ်သေးနှင့် ယှဉ်ပြိုင်လေ့ကျင့်သည်။ ရှုံးသည်။ ညစာစားပြီးနောက် ညာဉ့်နက်ပိုင်းအထိ စာဖတ်သည်။ ယွမ်ကျိပေးထားသည့် တာဝန်များကို ပြည့်စုံအောင်လုပ်သည်။
တစ်နှစ်ကုန်လွန်သွားသည်။ လုယန်၏ကျင့်စဉ်စွမ်းအား ပုံမှန်တိုးတက်ခဲ့သည်။
“ဟိုမှာကြည့်ပါဦး၊ ဂိုဏ်းချုပ်ရဲ့ လေးယောက်မြောက်တပည့် ဓားဝိညာဉ်မြစ်ပိုင်ရှင် လုယန်မဟုတ်လား”
မစ်ရှင်ခန်းမထဲတွင် ဝတ်ရုံဖြူဝတ်ထားသည့် လုယန်က တက်ကြွသည့်အမူအရာမျိုးရှိပြီး အနီရောင်ပန်းပွားမြိတ်နှင့် ဓားတစ်လက်ကို ခါးတွင်ချိတ်ဆွဲထားသည်။ အားလုံး အာရုံစိုက်မိကြသည်။
လူငယ်ပါရမီရှင်ဟု အားလုံးက ချီးမွှမ်းကြသည်။
ဝင်ခွင့်ဖြေရာတွင် ထိပ်တန်းရွေးချယ်ခံဖြစ်ခဲ့သည်။ ဓားဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်ခဲ့သည်။ တိုင်ပုဖန်နှင့် ယွမ်ကျိတို့၏ အာရုံစိုက်မှုခံခဲ့ရသည်။ ဂိုဏ်းချုပ်၏ တပည့်ဖြစ်လာသည်။ မျိုးဆက်သစ်တပည့်များတွင် တောက်ပသည့်ကြယ်ပွင့်ဖြစ်လာသည်။ အလှအပကြောင့် လူသိများသည့် မက်မွန်ရွက်ထက်ပင် နာမည်ကျော်ကြားသည်။
“စီနီယာယွမ်ကျိကိုယ်တိုင် လေ့ကျင့်ပေးတဲ့ လုယန်လား။ အိုး...တကယ်သူပဲ”
“ဂိုဏ်းထဲဝင်တာ တစ်နှစ်ရှိပြီ။ သိပ်မကြာခင်ကပဲ အခြေတည်အဆင့်ရောက်ခဲ့တာလို့ကြားတယ်”
“အခြေတည်အဆင့်လား။ ဟား...မစ်ရှင်ခန်းမကို သူရောက်လာတာ မဆန်းတော့ပါဘူး။ သူ့စွမ်းရည်ကိုသွေးဖို့ တာဝန်ထမ်းဆောင်တော့မယ်ထင်တယ်”
ရှားပါးတိရစ္ဆာန်တစ်ကောင်လို အကြည့်ခံရသည့်အဖြစ်ကို လုယန် ရိုးအီနေပြီဖြစ်သည်။
ညီအကိုးများဆွေးနွေးပြောဆိုသည်က မမှားပါ။ လွန်ခဲ့သည့် ခုနစ်ရက်က အခြေတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ကျင့်စဉ်စွမ်းအားကို တည်ငြိမ်စေရန် ခုနစ်ရက် အချိန်ကုန်ခဲ့သည်။ ထို့နောက် တံခါးပိတ်ကျင့်ရာမှထွက်လာပြီး ယွမ်ကျိညွှန်ကြားချက်အတိုင်း အပြင်လောကကို စူးစမ်းရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။
လုယန် အံ့ဩသွားသည်။ မစ်ရှင်ခန်းမတွင် မစ်ရှင်မျိုးစုံ ဖော်ပြထားသည်။ အင်အားကြီးနတ်ဆိုးများ သတ်ဖြတ်သည့်တာဝန်မှအစ ပျောက်သွားသည့် အိမ်မွေးတိရစ္ဆာန်များကို ကူညီရှာဖွေပေးရသည့်အလုပ်မျိုးထိ ရှိသည်။
ဥပမာ ယခု သူကြည့်နေသည့် မစ်ရှင်က တရားဝင်ယင်ယန်ကျင့်ကြံနည်း ရှာဖွေသည့် မစ်ရှင်ဖြစ်သည်။ ယင်ယန်ကျင့်စဉ်များတွင် တရားဝင်နည်းနှင့် တရားမဝင်နည်း နှစ်မျိုးရှိသည်။ တရားဝင်ကျင့်စဉ်က ယောက်ျားနှင့်မိန်းမ ယင်နှင့်ယန်ကို မျှတအောင် အပြန်အလှန်ကူညီခြင်းဖြစ်သည်။ (**တာအိုအစစ်ဖြစ်သည်။ ကိုယ်လက်နှီးနှောခြင်းမဟုတ်)
တရားမဝင်နည်းလမ်းများကတော့ ရှင်းပြနေဖို့ မလိုတော့။
ထိုမစ်ရှင်ကို တာအိုလမ်းစဉ်ဂိုဏ်းနှင့် သဘောတူညီမှုယူထားသည့် မြေခွေးနတ်ဆိုးတစ်ယောက်က တင်သွင်းထားခြင်းဖြစ်သည်။
ဂိုဏ်း၏တာဝန်တွင် နတ်ဆိုးများကို ရှင်းလင်းရမည့်တာဝန် ပါဝင်သော်လည်း နတ်ဆိုးတိုင်းကို အရမ်းကာရော သတ်ဖြတ်သည်မဟုတ်။ လူသားများကို ဒုက္ခမပေးသည့် အပြစ်မရှိသည့်နတ်ဆိုးများကို ချမ်းသာပေးရုံသာမက တရာဝင်အဆင့်အတန်းတစ်ခုလည်း ချီးမြှင့်ထားသည်။
စုယန်ဟူသည့် ဤမြေခွေးနတ်ဆိုးလည်း ထိုအနေအထားမျိုးဖြစ်သည်။
အစက သူသည် တောင်တန်းပေါ်တွင်နေထိုင်သည့် သာမန်မြေခွေးလေးသာဖြစ်သည်။ တစ်နေ့ သူကစားနေရင်း မုဆိုးထောင်ချောက်တစ်ခုတွင် မိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လူချမ်းသာမိသားစုဝင်တစ်ယောက် တောကစားထွက်သည်နှင့် ကြုံကြိုက်၍ သူ့ကိုကယ်တင်ခဲ့သည်။ မုဆိုး၏တစ်နေ့တာလုပ်အားကို ဖျက်ဆီးလိုက်သည်။
နောက်ပိုင်းတွင် စုယန်က လျှို့ဝှက်ဂူထဲတွင် အသွင်ပြောင်းသစ်သီးကိုစားမိသည်။ သူ့ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းသွေးဆက် နိုးထလာပြီး မြေခွေးနတ်ဆိုးဖြစ်လာသည်။
ကျေးဇူးတရားကို ပြန်ဆပ်လိုသဖြင့် အသက်ကယ်တင်ခဲ့သည့် လူချမ်းသာမိသားစုသို့ သွားသည်။
တစ်ချိန်က လူချမ်းသာသခင်လေးက ယခု မိသားစုခေါင်းဆောင်ဖြစ်နေသည်။ မိန်းမလှများစွာ မြင်ဖူးသော်လည်း စုယန်ကို ဘယ်သူမှမယှဉ်နိုင်။
ထို့ကြောင့် သူတို့လက်ထပ်ကြသည်။
သို့သော် ပြဿနာက ထိုနေရာတွင်စသည်။
မြေခွေးနတ်ဆိုးတို့သည် မျိုးဆက်ဗီဇအရ ညှို့ယူဆွဲဆောင်သည့် စွမ်းအင်ရောင်တစ်မျိုးပိုင်ဆိုင်သည်။ ယန်စွမ်းအင်ကို အလိုလိုစုပ်ယူနိုင်သည်။ ကိုယ်လက်နှီးနှောသည့်အချိန်များတွင် ယောက်ျားဖြစ်သူက အမြဲတမ်း ယန်စွမ်းအင်ဆုံးရှုံးနေသည်။
ယန်စွမ်းအင်ကို ပြန်ဖြည့်နိုင်၍သာ တော်သေးသည်။ လက်ထပ်ပြီးနောက် ထိုလင်မယား ကိုယ်လက်နှီးနှောမှုအကြိမ်ရေကို ကန့်သတ်ထားရသည်။ နှစ်ယောက်လုံးအတွက် အဆင်မပြေ။ အကန့်အသတ်မထားလျှင် ယောက်ျားဖြစ်သူ တဖြေးဖြေးစွမ်းအင်ချိနဲ့လာသည်။ ဘေးလူများ အတင်းပြောစရာဖြစ်လာသည်။
ထို့ကြောင့် စုယန်က တရားဝင်ယင်ယန်ကျင့်စဉ်တစ်ခုလေ့ကျင့်၍ ညှို့အားပြင်းသည့် မြေခွေးသဘာဝစွမ်းအင်ရောင်ကို ထိန်းချုပ်လိုခြင်းဖြစ်သည်။ ထိုမစ်ရှင် တင်သွင်းထားသည်မှာ အတော်ကြာခဲ့သော်လည်း လက်ခံသူမရှိ။ ယင်ယန်ကျင့်စဉ်နည်းများ ရှားပါး၍မဟုတ်။ မစ်ရှင်လက်ခံသူသည် တရားဝင်ကျင့်စဉ်နည်းတစ်ခု ပိုင်ဆိုင်သည့်သဘောမျိုးဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ခြားသူများက တရားမဝင်ကျင့်စဉ်မျိုးလည်း ရှိကောင်းရှိနိုင်သည်ဟု ထင်ကြမည်။ တစ်ခြားလူများက တောင်းဆိုလာလျှင် ရှိမရှိ ဖွင့်ဟဝန်ခံဖို့နှင့် နည်းလမ်းမျှဝေဖို့ကိစ္စက ပြဿနာဖြစ်လာသည်။ ဂိုဏ်းတူညီအကိုမောင်နှမများက သူ့ကို ဘယ်လိုထင်ကြမည်နည်း။
“ဒီမစ်ရှင် ကောင်းမယ့်ပုံပဲ။ ငါယူလိုက်မယ်”
လုယန်နောက်ဘက်မှ စကားသံတစ်ခု ပေါ်လာသည်။ အသံကို မှတ်မိနေသည်။ မုန်ကျင်းကျိုး ဖြစ်သည်။ ထိုမစ်ရှင်နှင့် တကယ်ကိုက်ညီသူဖြစ်သည်။ မိသားစုနောက်ခံနှင့် သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ တရားမဝင်နည်းလမ်းမျိုးပိုင်ဆိုင်ထားမည်ဟု ယူဆ၍မရ။ တကယ်ရှိနေလျှင်ပင် သူဘာမှလုပ်လို့မရ။
မုန်ကျင်းကျိုးသည် လုယန်ထက်အရင် အခြေတည်အဆင့်သို့ ရောက်ခဲ့သူဖြစ်သည်။ ဤမစ်ရှင်သည် သူ့အတွက် တတိယမစ်ရှင်ဖြစ်သည်။
“မင်းလည်း အခြေတည်အဆင့်ကို ရောက်ပြီပေါ့”
မုန်ကျင်းကျိုး ပြုံး၍မေးသည်။ နှစ်ယောက်လုံး ရှားပါးဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ ပါရမီချင်း သိပ်မကွာလှ။ နည်းနည်းအဆင့်တက်နောက်ကျသည့်အဖြစ်က ထူးဆန်းနေသည်။
လုယန်က ယွမ်ကျိလမ်းညွှန်မှုအောက်တွင် ခက်ခဲစွာဖြတ်သန်းခဲ့ရပုံကို ပြန်သတိရလာပြီး သက်ပြင်းချသည်။
“နောက်ဆုံးတော့ အခြေတည်အဆင့်ကို တက်နိုင်ခဲ့ပါပြီ”
“ဒီတာဝန်ပြီးရင် တစ်ခုခုသွားစားကြမယ်လေ။ ငါကျွေးပါ့မယ်”
ဝိညာဉ်ကျောက်များစွာ ပိုင်ဆိုင်သည့် မုန်ကျင်းကျိုးက ကမ်းလှမ်းသည်။
မုန်ကျင်းကျိုး ထွက်သွားပြီးနောက် နံရံတွင်ရေးထားသည့် မစ်ရှင်များကို လုယန်ဆက်ကြည့်သည်။
“မြောက်ပိုင်းမှာ နတ်ဆိုးစစ်သင်္ဘော အထောက်အထားတွေ့ရကြောင်း သတင်းရထားသည်။ ရွှေသန္ဓေအဆင့်နှင့်အထက် ကျင့်ကြံသူများစုံစမ်းရန်။ မစ်ရှင်ဆုကြေး - အကျိုးဆောင်မှတ် ၄၀၀။ အပိုသတင်းသစ်များရလာလျှင် ဆုကြေးထပ်ဆောင်းပေးမည်”
“ရှန်ဟိုင်ကွမ်းမှ တာအိုရှင်လီဟောင်၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပျောက်ဆုံး။ ရှာဖွေရန် အကူအညီလိုအပ်သည်”
ခွေးများကြောင်များ ရှာပေးရသည့်အလုပ်သည် အန္တရာယ်မရှိသဖြင့် မဆိုးလှဟု လုယန်တွေးမိသဖြင့် ဆက်ဖတ်ကြည့်သည်။
“ပျောက်သွားသည့်တိရစ္ဆာန်၊ နတ်ဝိညာဉ်အလတ်တန်းဆင့် ကျားပျံ။ ရှာပေးနိုင်သူ အကျိုးဆောင်မှတ် ၅၀၀၀”
လုယန် နောက်တွန့်သွားသည်။ နတ်ဝိညာဉ်အလတ်တန်းဆင့်နတ်ဆိုးသားရဲ။ အထူးသဖြင့် ရှေးဟောင်းကျားပျံသွေးဆက်မျိုးကို သူလက်လှမ်းမမီနိုင်။ နောက်မစ်ရှင်တစ်ခုကို အမြန်ပြောင်းဖတ်လိုက်သည်။
“ခွန်ဝူတောင်တန်းတွင် နေ့ညကူးပြောင်းချိန် ထူးဆန်းသည့်ဝိညာဉ်စွမ်းအင်လှိုင်းများ တွေ့ရ။ လျှို့ဝှက်ကောင်းကင်ဂူတစ်ခုရှိမည်ဟု ခန့်မှန်းသည်။ နတ်ဝိညာဉ်နောက်ဆုံးအဆင့်နှင့်အထက် ကျင့်ကြံသူများ စုံစမ်းရန်။ ဆုကြေး - ကျိုးဆောင်မှတ် ၈၀၀၀။ တစ်ခြားတန်ဖိုးရှိသည့် တွေ့ရှိမှုများအတွက် ဆုကြေးထပ်ပေးမည်”
ထိုမစ်ရှင်လည်း သူနှင့်မကိုက်ညီပြန်။
အပြင်လောကတွင် ချီလေ့ကျင့်သည့် ကျင့်ကြံသူများ သိုင်းသမားများလိုပင် လွတ်လပ်စွာ သွားလာကြသည်။ အခြေတည်အဆင့်ကျင့်ကြံသူများက နယ်မြေငယ်လေးများကို လွှမ်းနိုင်သည်။ နှစ်တစ်ရာ တိုးတက်ကြီးပွားမှုကို သာယာခံစားနိုင်သည်။ ရွှေသန္ဓေအဆင့်များက ကျောင်းများတည်ဆောက်နိုင်သည်။ တာအိုစစ်များဟု ခေါ်နိုင်သည်။
သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် သာမန်ဂိုဏ်းသားတစ်ယောက်ပင် ရွှေသန္ဓေအဆင့်ရှိသည်။ အုတ်ခဲတစ်ခုဖြင့် ရောက်ချင်ရာရောက် ပစ်လိုက်လျှင် အတော်များများထိနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် အကောင်းဆုံးများထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။ နောက်ဆုံးဝင်လာသည့် လုယန်တို့လူသစ်များမှလွဲ၍ ချီကျင့်ကြံခြင်းအဆင့် အခြေတည်အဆင့် ဂိုဏ်းတပည့်များ မရှိ။ အနိမ့်ဆုံးက ရွှေသန္ဓေအဆင့်ဖြစ်သည်။
အပြင်လောကတွင် မည်မျှကောင်းကောင်းစွမ်းနိုင်သည်ဖြစ်စေ ဂိုဏ်းသို့ပြန်လာလျှင် ရိုသေနှိမ့်ချရသည်။
ထို့ကြောင့်လည်း အခြေတည်အဆင့်များအတွက် သင့်တော်သည့်မစ်ရှစ်များက ရှားပါးသည်။ အနည်းဆုံး ရွှေသန္ဓေအဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့်ရောက်နေဖို့ လိုအပ်သည်။
ထူးဆန်းသည့် မစ်ရှင်တစ်ခုကိုလည်း သူသတိထားမိသည်။
“ရေရှည်မစ်ရှင် - တာအိုလမ်းစဉ်ဂိုဏ်းတွင် မှတ်တမ်းမတင်ရသေးသည့် ကျင့်စဉ်နည်းလမ်းများ စုစည်းပါ။ ဆုကြေးက ကျင့်စဉ်၏အကြောင်းအရာပေါ် မူတည်ပါသည်။
မှတ်ချက် - စီနီယာယွမ်ကျိ၊ ဤမစ်ရှင်ကို လက်မခံပါနှင့်။ စီနီယာစုစည်းသည့် ကျင့်စဉ်နည်းများ တိုက်ရိုက်ထားသိုနိုင်ရန် ကျမ်းစာဆောင်တွင် “ယွမ်ကျိစာအုပ်စင်”ကို ဖန်တီးထားပြီးဖြစ်ပါသည်။
****************************************************