← Chapters

ခန္ဓာကိုယ်ထဲသို့ လေကိုဆွဲသွင်းခြင်း

Vol. 1 Ch. 13

ခန္ဓာကိုယ်ထဲသို့ လေကိုဆွဲသွင်းခြင်း

Vol. 1 Ch. 13

စွမ်းအားလေ့ကျင့်သည်က ဝိညာဉ်သားရဲအသားများစား၍ ဆေးရည်စိမ်၍ ရုပ်ခန္ဓာစွမ်းအားကို လေ့ကျင့်နိုင်သည်။ သို‌သော် ယခုထိန်းချုပ်မှုက သူ့ကိုယ်သူသာ အားကိုးရသည်။ အာရုံအပြည့်အဝစိုက်ဖို့လိုအပ်သည်။ သတိလွတ်သွား၍မရ။ “မှန်ကန်သည့်ခံစားချက်ကို ရှာဖွေရမည်၊ ခန္ဓာကိုယ်ဖြင့် ထိုစွမ်းအားကို ထိန်းချုပ်ရမည်။ စိတ်ကိုထိန်းချုပ်ရခြင်းမဟုတ်”ဟု စီနီယာယွမ်ကျိက ပြောသည်။

မည်သည့်ရည်ရွယ်ချက်မှမပါဘဲ တို့ဟူးကို ကိုင်ထားရုံသာဖြစ်သည်။ တစ်နေ့ကုန်သွားချိန်တွင် တစ်ကိုယ်လုံး တို့ဟူးနံထွက်သွားသည်။ အချိန်ကြာမြင့်စွာ အာရုံစိုက်၍ကြည့်ရလွန်းသဖြင့် မျက်လုံးများစွေခါနီးဖြစ်လာသည်။ အတွေ့အကြုံရှိသည့်ရုပ်သေးက သူ့ပါးကို သုံးလေးချက်ရိုက်လိုက်၍သာ တော်သေးသည်။ မျက်လုံးများ ပုံမှန်ပြန်ဖြစ်လာသည်။

ယခု စားပွဲအပြည့်ရှိသည့် တို့ဟူးဟင်းခွက်များ သူ့မျက်စိရှေ့တွင် ရှိနေသည်။ တို့ဟူးမွှေကြော်၊ တို့ဟူးအကျက်ကြော်၊ တို့ဟူးပေါင်း၊ တို့ဟူးပူတင်း၊ ပဲနို့်ပြုတ်တို့ဟူး။ ဟင်းအားလုံးက နေခင်းပိုင်း သူ့လေ့ကျင့်၍ ပျက်စီးသွားသည့် တို့ဟူးများဖြင့် လုပ်ထားခြင်းဖြစ်သည်။ တို့ဟူးပူတင်းနှင့် ပဲနို့များကို စေတနာထက်သန်သည့် ဈေးသည်များက ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိရသည်။

ဘိုးဘေးများကို သူကျေးဇူးတင်ပါသည်။ သူ့စွမ်းအားကို ကောင်းစွာမထိန်းချုပ်နိုင်သရွေ့ တို့ဟူးမှလွဲ၍ တစ်ခြားဟင်းစားရမည်မဟုတ်မှန်း သူသိနေသည်။ တို့ဟူးသည် သာမန်မဟုတ်။ ကျင့်ကြံသူ၏ ဓာတ်ငါးမျိုးမျှခြေကို ထိန်းနိုင်သည်။ ချီကို တိုးတက်စေသည်။ တိုက်ပွဲခုခံနိုင်စွမ်းကို တိုးစေသည်။ သို့သော် နေ့တိုင်းတို့ဟူးစားရသည့်အဖြစ်ကို ဘယ်သူမှသည်းခံနိုင်မည်မဟုတ်။

ရွေးချယ်စရာမရှိသဖြင့် လုယန် သူ့အစားအသောက်အပေါ် အာရုံစိုက်သည်။ နောက်တစ်နေ့ သူ့စွမ်းအားကို ဘယ်လိုပိုကောင်းအောင် ထိန်းချုပ်ရမည်ကို စဉ်းစားသည်။

..............................

လုယန် အိပ်ပျော်သွားသည်။ မျက်နှာပေါ်တွင် စူးရှသည့်အဖြူရောင်အလင်း ထိုးကျလာသည်။ မျက်လုံးကို တင်းတင်းမှိတ်ထားရသည်။ သူ့မျက်နှာရှုံ့မဲ့နေသည်။ အလင်းရောင်နှင့် တဖြေးဖြေးကျင့်သားရလာပြီးနောက် မျက်လုံးကို ကြိုးစား၍ ဖွင့်ကြည့်သည်။ ထူးဆန်းသည့်လေဟာနယ်တစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရသ်ည်။ ဘေးပတ်လည်တွင် မြူငွေ့များ ဝန်းရံနေသည်။ သူ့ဘေးပတ်လည်ကိုသာ မြင်နိုင်သည်။ အလင်းရောင်ဘယ်ကလာသည်ကို သူခန့်မှန်း၍မရ။

“ဘယ်ရောက်နေတာလဲ”

သူနည်းနည်းလန့်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် သူအိပ်နေခဲ့သည်။ ထူးဆန်းသည့် ဤနေရာသို့ သူ့ကိုဘယ်သူခေါ်လာသနည်း။ ကောင်းသည့်ရည်ရွယ်ချက်လား မကောင်းသည့်ရည်ရွယ်ချက်လား။

မြူကြားထဲမှ သက်တမ်းရင့်လူတစ်ယောက်၏ အောင်မြင်ခံ့ညားသည့် စကားသံ ထွက်လာသည်။

“ကောင်လေး၊ ဒါငါဖန်တီးထားတဲ့ ယာယီလေဟာနယ်ပဲ။ တစ်ခြားလူတွေ အာရုံမခံနိုင်ဘူး”

လုယန် တုန်လှုပ်သွားသည်။ သူနားမလည်သည့် ဖြစ်တည်မှုမျိုးဖြစ်သည်။ ထိုစွမ်းအားရှင် မကောင်းသည့်စိတ်မျိုး မရှိစေဖို့သာ ဆုတောင်းရတော့သည်။

“နှစ်သန်းချီကြာအောင် ငါလက်တွေ့မြင်ခဲ့တယ်။ ‌လောကကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတွေ မရေမတွက်နိုင်အောင်ငါမြင်ခဲ့တယ်။ ဒါပေမယ့် အားလုံးက နောက်ဆုံးကျတော့ အချိန်တိုက်စားမှုအောက်မှာ အရှုံးပေးသွားကြရတာပဲ။ ကောင်းကင်ကိုဆန့််ကျင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲတွေဟာ နောက်ဆုံးမှာ သက်ပြင်းချသံအဖြစ်ကို လျော့ကျသွားတယ်

“သူတို့ဘယ်လိုပဲ ထူးချွန်ကြပါစေ ငါကတော့ လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်းနဲ့ ထာဝရရှိနေတာပဲ”

အလွန်တရာ သက်တမ်းရင့်ခဲ့သည့် လေသံမျိုးဖြစ်သည်။

လုယန်၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် စွမ်းအားရှင်ဖြစ်သည်။

“ဒီနေ့ စိတ်ကူးပေါက်ပြီး အာရုံခံကြည့်တော့ မင်းနဲ့ငါဟာ ရေစက်ပါနေတာ တွေ့တယ်။ ဒါကြောင့် မင်းဝိညာဉ်ကို ဒီယာယီအမွေခံလေဟာနယ်ထဲ ငါခေါ်လိုက်တာ။ ဒီလေဟာနယ်မှာ ချီသန့်စင်အဆင့်ကနေ ကူးဖြတ်ခြင်းအဆင့်ထိ လိုအပ်သမျှအားလုံးရှိတယ်။ ကျင့်စဉ်နည်းတွေ၊ ဆေးလုံးတွေ၊ လျှို့ဝှက်မှတ်တမ်းတွေ၊ ကျင့်စဉ်အတွေးအမြင်တွေပေါ့။ ကျင့်ကြံမှုတစ်ဆင့်ခြင်းစီမှာ ငါ့အမွေရဲ့ အစိတ်အပိုင်းတစ်ခုကို မင်းဖွင့်နိုင်မှာပါ”

တစ်ဘက်က ရင်းနှီးသည့်စကားသံကြောင့် လုယန်သက်ပြင်းချလိုက်သည်။

“ခင်ဗျားဘယ်သူလဲဆိုတာ သိပါရစေ စီနီယာ”

အားပါးတရရယ်မောသံ သုံးကြိမ်ပေါ်လာပြီး မြူကြားထဲမှ ထိုစီနီယာ ရှေ့တိုးလာသည်။

မျက်နှာက ကြည်လင်နူးညံ့သည်။ အသားအရေက နို့နှစ်ရောင်၊ ဦးခေါင်းက လေး‌ထောင့်။ တို့ဟူးပုံလူသားတစ်ယောက်ဖြစ်သည်။

တို့ဟူးစီနီယာက ရှေ့သို့တိုးလာရင်း စကားထပ်ပြောသည်။

“ငါက တို့ဟူးမသေမျိုးပဲ။ ဒါဟာ ငါ့ဘဝရဲ့ ဉာဏ်ပညာပဲ။ တို့ဟူးများများစားလေ မင်းရဲ့ကျင့်စဉ်စွမ်းအားမြန်မြန်တက်လေ အခြေခံခိုင်မာလေ ဖြစ်လာမယ်။ အဆင့်တွေတက်မယ်။ လေးစားသူများလာမယ်။ တိုက်နယ်ရဲ့ ထိပ်ဆုံးလူဖြစ်လာဖို့လည်း အခက်အခဲမရှိဘူးကွ”

လုယန် ချွေးစေးများပြန်လာပြီး ရုတ်တရက် လန့်နိုးလာသည်။ ကုတင်ပေါ်ထထိုင်သည်။ မှောင်မည်းတိတ်ဆိတ်နေသည့် ဘေးပတ်လည်ကို လှည့်ကြည့်သည်။ ထို့နောက် စိတ်သက်သာရာရပြီး သက်ပြင်းချသည်။

“အိပ်မက်ဖြစ်နေလို့ တော်သေးတာပေါ့”

သူ့နောက်ကျောတွင် ကြောက်ချွေးပြန်၍ တုန်ရင်နေသည်။

.........

ယွမ်ကျိ မျက်လုံးပွင့်လာသည်။ လက်ချောင်းထိပ်မှ လုယန်အခန်းထဲသို့ ပို့လွှတ်ထားသည့် အပြာရောင်အလင်းတန်းကို ပြန်ရုတ်သိမ်းသည်။

“ဒါက သူ့ကိုပိုပြီး ဝီရိယစိုက်လာအေင် လှုံ့ဆော်ပေးနိုင်လောက်ပါတယ်”

သူ့ဘာသာ ခပ်တိုးတိုးရေရွတ်သည်။

သင့်တင့်မျှတသည့်ဖိအားသည် တွန်းအားတစ်ခုဖြစ်စေပြီး လူများကို ပိုကြိုးစားချင်စိတ် ပေါက်လာစေသည်ဟု သူ့ဆရာသင်ဖူးသည်။

သူကိုယ်တိုင်လည်း ထိုနိယာမ၏ သက်သေဖြစ်သည်။ ထို့ကြောင့် လုယန်ကို အိပ်မက်မှော်စွမ်းအင်တစ်ခုသုံး၍ ဖိအားပေးလိုက်ခြင်းဖြစ်သည်။

“အဋ္ဌမအကြီးအကဲပေးတဲ့ စာသားတွေက နည်းနည်းတော့ ရှက်စရာကောင်းတယ်။ ဒီစကားမျိုးကို သူဘယ်လိုများ ပုံမှန်လေသံနဲ့ ပြောနိုင်တာလဲ”

အကြံတောင်းရာတွင်လည်း သူကျွမ်းကျင်သည်။ အိပ်မက်ထဲမှ အရာအားလုံး အဆင့်အားလုံး စာသားအားလုံးကို အဋ္ဌမအကြီးအကဲက စီစဉ်ခဲ့ခြင်းဖြစ်သည်။ အကျိုးသက်ရောက်မှုကိုလည်း အာမခံထားသည်။

....................

အချိန်တစ်ချို့ ဖြတ်ကျော်သွားသည်။ လုယန် တို့ဟူးအား မြှောက်၍ သက်တောင့်သက်သာ ပြန်ဖမ်းပြီး တည်ငြိမ်အောင် ကိုင်ထားသည်ကို ယွမ်ကျိမြင်နေရသည်။ ရုပ်သေးနှင့်ပင် အပြန်အလှန် တို့ဟူးပစ်ဖမ်းတမ်း ကစားနေသေးသည်။

ပျော့အိသည့်တို့ဟူးကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ အလွယ်တကူ ထိန်းချုပ်နိုင်သည်။

“ပေါ့တာကိုလေးသလိုမြှောက်မတဲ့လေ့ကျင့်ခန်း မင်းအောင်မြင်သွားပြီ။ ဒီအဆင့် ပြည့်စုံသွားပြီ”

လုယန် ပြုံးလိုက်သည်။ လေ့ကျင့်စကနှင့်မတူ‌တော့။ တို့ဟူးနှင့် အဆက်မပြတ်လေ့ကျင့်ရင်း လှုပ်ရှားနေသည့် သူ့စိတ်နှလုံးလည်း တဖြေးဖြေးတည်ငြိမ်လာသည်။

မန္တာန်မသုံး ကျင့်စဉ်စွမ်းအားမသုံးဘဲ စိတ်တည်ငြိမ်အောင် ထိန်းနိုင်လာသည်။

“နောက်ထပ် ဘာဆက်လုပ်ရမှာလဲ”

သူ့အဖော်များနှင့် တန်းတူလိုက်ဖို့ သူမကြိုးစားတော့။ သူ့စီနီယာအမကို ယုံကြည်ထားလိုက်သည်။

ပြုံးခဲလှသည့်ယွမ်ကျိ ပြုံးလာသည်။

“မင်းရဲချီသန့်စင်ခြင်းအဆင့်ကို ခိုင်မာအောင်လုပ်ရမယ်”

လုယန် အံ့ဩသွားသည်။ သူ့ကိုယ်သူ လက်ညှိုးထိုးလျက်

“ချီသန့်စင်ခြင်းအဆင့်...ကျွန်တော်လား...”

ဘယ်အချိန် ချီသန့်စင်ခြင်းရောက်ခဲ့သည် သူမသိတော့။ ကျမ်းစာများထဲတွင် ခန္ဓာကိုယ်ထဲသို့ လေရှူသွင်းခြင်းသည် စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှု၊ နည်းလမ်းမျှဝေမှု၊ ပဥ္စမအာရုံကိုပိတ်ထို့နှင့် သွေးကြောများလည်ပတ်မှုများ လိုအပ်သည်။

ပါရမီနည်းသူများက ဆေးလုံးများ၏အကူအညီလိုအပ်သည်။

ထိုအရာများ သူတစ်ခါမှ မကြုံဖူး။ ယွမ်ကျိကလည်း မသင်ဖူး။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် ချီသန့်စင်ခြင်းအဆင့်သို့ဝင်ရန် ဆေးလုံးများမလိုအပ်။ အားလုံးက ထူးခြားပါရမီရှင်များဖြစ်သည်။ ဆေးလုံးအကူလိုလျှင် ဂိုဏ်းမှထွက်သွားရနိုင်သည်။

ဆေးလုံးမလိုဟု ယုံကြည်သော်လည်း ချီသန့်စင်အဆင့်သို့ ဘယ်လိုရောက်သွားသည်ကို သူမသိခဲ့။

“ပြီးခဲ့သည့် သုံးရက်ကပါ”

ယွမ်ကျိ အရိပ်အမြွက်ပြောပြလိုက်သည်။

လုယန် ထိုနေ့မနက်ကအကြောင်း ရုတ်တရက် သတိရလာသည်။ သူစောစောနိုးသည်။ မျက်လုံးမှိတ်၍ အရုဏ်ချိန်အလင်းဆီ မျက်နှာမူပြီး တို့ဟူးကို ဘယ်လိုဖမ်းဆုပ်ရမည်ကို သူစဉ်းစားနေခဲ့သည်။ အတွေးနက်လာသဖြင့် ပတ်ဝန်းကျင်ကို တဖြေးဖြေးမေ့သွားသည်။ သူ့စိတ်က မိုးမြေကြားတွင် လှည့်ပတ်လှုပ်ရှားနေသည့် ချီစွမ်းအင်တစ်ခုလို ဖြစ်လာသည်။ ထို့နောက် သူ့သိစိတ်အာရုံ ပြန်ကျလာသည်။ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။ သူ့ဗိုက်ထဲတွင် ပူနွေးသည့်လေလှိုင်းတစ်ခု စီးဆင်းနေသည်ကို သူခံစားမိသည်။

ထို့နေ့သည် တို့ဟူးကို ပထမဆုံး အောင်မြင်စွာ ဖမ်းဆုပ်နိုင်သည့်နေ့လည်းဖြစ်သည်။ သူလေ့ကျင့်ချိန်တွင် ယွမ်ကျိက သူ့အနားတွင်မရှိ။ တစ်နေရာရာမှ စောင့်ကြည့်နေခြင်းဖြစ်မည်။

“ဒါဆို အဲဒီ့တုန်းကခံစားချက်က ချီရှူသွင်းတဲ့သဘောတရားပေါ့”

လုယန် သူ့ဘာသာရေရွတ်၍ အတွေ့အကြုံပေါ် အာရုံစိုက်နေသည်။

ခံစားချက် တကယ်ကောင်းသည်။ နွေးထွေးသည့်တိမ်တိုက်ပေါ်ရောက်နေသလို ခံစားရသည်။ သက်တောင့်သက်သာဖြစ်လွန်းသဖြင့် မျက်လုံးဖွင့်ကြည့်ချင်စိတ်ပင် ပေါ်လာသည်။

သူမသိလိုက်ဘဲ စိတ်ထဲကဆုတောင်းလေးပြည့်ခဲ့သည်။ ကိုယ်ထဲသို့ ချီကိုရှူသွင်းနိုင်ခဲ့သည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာသည်။

*********************************************

All Chapters