စီနီယာ မှန်သည်
Vol. 1 Ch. 14
ကျင့်ကြံသူလောကတွင် ကျင့်ကြံသူ ကိုးဆယ့်ကိုးရာနှုန်းသည် ချီသန့်စင်ခြင်းအဆင့်ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်ကို အပိုင်းငယ်ကိုးခုခွဲလေ့ရှိသည်။ နောက်ပိုင်းအဆင့်များလို အခြေခံ၊ အလတ်တန်း၊ နောက်ဆုံးအဆင့် ဟု မခွဲ။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ချီသန့်စင်ခြင်းအဆင့်သည် အခြေခံအဆင့်လမ်းစသာဖြစ်သည်။ နောက်ထပ်အဆင့်ထပ်ခွဲစရာမလို။ ချီသန့်စင်အဆင့်ဟုသာသတ်မှတ်သည်။ နောက်ထပ်အပိုင်းများ ခွဲမထား။
“တစ်ခြားလူတွေလည်း ချီသန့်စင်တဲ့အဆင့်ကို ဒီလိုပဲရောက်သွားကြတာလား”
လုယန် မေးလိုက်သည်။ သူ့တိုးတက်မှု အနှေးဆုံးဖြစ်နေသည်ဟု ယူဆသောကြောင့်ဖြစ်သည်။
ယွမ်ကျိ ခေါင်းခါသည်။
“မင်းနည်းလမ်းက ရှေးခေတ်က ကျင့်ကြံကြတဲ့ မူလနည်းလမ်းပါ။ ရှေးခေတ်ကလူတွေဟာ သဘာဝကိုခံစားနိုင်တယ်။ ကောင်းကင်နဲ့လူသား ပေါင်းစည်းမှုကိုခံစားတယ်။ ကိုယ်ထဲကို ဝိညာဉ်စွမ်းအင် စုပ်ယူပြီး ချက်ချင်း ကျင့်ကြံသူတွေဖြစ်လာတာ”
ရှေးခေတ်ကျင့်ကြံမှုများသည် စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှုမလို လျှို့ဝှက်နည်းလမ်းမလို။ ခန္ဓာကိုယ်တုံ့ပြန်မှုကို အဆက်မပြတ်ဆင်ခြင်၍ လေ့လာခြင်းဖြစ်သည်။
“သွေးကြောတွေကတော့ မင်းခန္ဓာကိုယ်ဆေးစိမ်တုန်းက အားလုံးပွင့်သွားတာပါ။ ဝိညာဉ်စွမ်းအင်တွေ အတားအဆီးမရှိ လည်ပတ်နိုင်သွားပြီ။ ကောင်းကင်နဲ့လူ တစ်သားတည်းရှိတဲ့အချိန်မှာ စွမ်းအင်က မင်းအတွက် အသင့်တော်ဆုံး လမ်းကြောင်းတွေကနေ စီးဆင်းတယ်။ ဘယ်ကျင့်စဉ်နည်းထက်မဆို သာလွန်ပါတယ်”
ကျင့်စဉ်လောကတွင် ကျင့်စဉ်နည်းများကို ငါးမျိုးခွဲလေ့ရှိသည်။ အဝါရောင်အဆင့်၊ နက်ရှိုင်းမှုအဆင့်၊ မြေအဆင့်၊ ကောင်းကင်အဆင့်၊ မသေမျိုးအဆင့်။ သို့သော် ယွမ်ကျိအမြင်အရ နှစ်မျိုးသာရှိသည်။ ကိုယ့်အတွင့် သင့်တော်သည့်ကျင့်စဉ်နှင့် မသင့်တော်သည့်ကျင့်စဉ် ဖြစ်သည်။
“ဘယ်ကျင့်စဉ်နည်းမဆို စဖန်တီးတဲ့အချိန်က မင်းအတွက် သီးခြားဖန်တီးထားတာမဟုတ်ဘူး။ ဓားဝိညာဉ်မြစ်အတွက် သင့်တော်တယ်ဆိုတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ငါ့ဆီမှာလည်း သေတ္တာတစ်လုံးစာလောက်ရှိတယ်။ ဒါပေမယ့် ဘယ်ဟာမှ မင်းအတွက် မသင့်တော်ဘူး။...ဒီနေ့ကစလို့ ငါမင်းကို ရေရှည်လုပ်ရမယ့် တာဝန်တစ်ခုပေးမယ်။ မင်းရဲ့ကိုယ်ပိုင် ကျင်စဉ်နည်းကို ဖန်တီးပါ။”
တစ်ယောက်တည်းစဉ်းစားတွေးခေါ်၍ ဖန်တီးရမည်ဟုတော့ မဆိုလို။ ယွမ်ကျိက လမ်းညွှန်ပေးမည်။ သို့သော် ထိုအလုပ်မည်မျှခက်ခဲသည်က သိသာနေသည်။
ကျင့်ကြံနည်းဖန်တီးသည် ကျင့်ကြံမှုလောကမှ သက်တမ်းရင့်အကြီးအကဲများသာ လုပ်နိုင်သည့်အရာမျိုးဖြစ်သည်။
လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။
“အရင်က ကျင့်စဉ်နည်းဖန်တီးတဲ့ ဘိုးဘေးတွေက အရမ်းအဆင့်မြင့်တယ်။ ကျင့်စဉ်အဆင့်အားလုံးရဲ့ သဘောတရားကို နားလည်ကြတယ်လေ။ ကျုပ်က အခုမှ ချီသန့်စင်ခြင်းအဆင့်ကိုဝင်ကာစဆိုတော့ နည်းနည်းများ....”
“ကျင့်စဉ်နည်းဖန်တီးတယ်ဆိုတာ မင်းထင်သလောက်မခက်ပါဘူး။ အခြေတည်ဆောက်အဆင့်ရောက်ပြီးသူတွေအတွက် တာအိုလမ်းစဉ်ဂိုဏ်းက သတ်မှတ်ထားတဲ့ စဉ်းမျဉ်းကို သိတယ်မဟုတ်လား။ ဂိုဏ်းတပည့်တိုင်း တော်ဝင်လမ်းအတွက် မစ်ရှင်ခန်းမမှာ ထုတ်ပြန်ထားတဲ့ တာဝန်တွေ ထမ်းဆောင်ရမယ်ဆိုတာလေ”
လုယန် ခေါင်းငြိမ့်သည်။ သူကြားဖူးသည်။
တစ်ခြားဂိုဏ်းများလည်း အလားတူစနစ်မျိုးရှိသည်။ ဂိုဏ်းတပည့်များကို တာဝန်များပေးထားသည်။ အလကားနေသူများကို ဂိုဏ်းက ထောက်ပံ့နိုင်မည်မဟုတ်။ ဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ခြင်းသည် ဂိုဏ်းတပည့်၏ တန်ဖိုးပင်ဖြစ်သည်။
သို့သော် မသေမျိုးဂိုဏ်းငါးဂိုဏ်းက ကွဲပြားသည်။ တပည့်များကို တာဝန်ထမ်းဆောင်ခိုင်းခြင်းသည် ဂိုဏ်းအကျိုးအတွက်မဟုတ်။ တော်ဝင်လမ်းစဉ်အတွက်ဖြစ်သည်။
“သာမန်တာဝန်တွေက တောင်အောက်ကိုဆင်းပြီး နတ်ဆိုးတွေသရဲတွေ သတ်ဖြတ်တာမျိုးပဲ။ ဒါပေမယ့်ငါက သေမျိုးလောကရဲ့ စွမ်းအင်ရောင်ကို မကြိုက်ခဲ့လို့ တာဝန်ထမ်းဆောင်ဖို့ တစ်ခြားနည်းလမ်းကို ရွေးချယ်ခဲ့တယ်”
“ဘယ်လိုမျိုးလဲ”
“တာအိုလမ်းစဉ်ဂိုဏ်းမှာ မှတ်တမ်းမရှိသေးတဲ့ ကျင့်စဉ်နည်းတစ်ခုကို မှတ်တမ်းပြုစုရမယ်ဆိုတဲ့ ပုံသေတာဝန်တစ်ခု မစ်ရှင်ခန်းမမှာရှိတယ်။ အဲဒါလည်း တာဝန်ထမ်းဆောင်တာပဲ”
“ဒါဆို စီနီယာက...”
လုယန် ထူးဆန်းသည့်အတွေးတစ်ခု ခေါင်းထဲပေါ်လာသည်။
“အဆင်ပြေအောင်...တာဝန်ပြီးမြောက်အောင် ကျင့်စဉ်နည်းတွေအများကြီး ဖန်တီးပြီး ရှေးဟောင်းနယ်မြေပျက်ထဲမှာ တွေ့ခဲ့တာလို့ လိမ်ခဲ့တာ။ ဒါပေမယ့် နောက်ပိုင်းတော့ အလိမ်ပေါ်သွားတယ်”
“ဘယ်လိုလုပ် ပေါ်သွားတာလဲ”
“ငါ့အစီရင်ခံစာထဲမှာ နယ်မြေတွေအားလုံးကို ရှာဖွေစူးစမ်းတယ်လို့ ပြောပြီးသွားပြီလေ။ နောက်ထပ် ဘယ်နယ်မြေကို လိမ်ဆင်ထည့်ရမှန်း မသိတော့ဘူး။ ....ဒီတော့ မင်းနားလည်တယ်မဟုတ်လား။ ကျင့်စဉ်တစ်ခုဖန်တီးတာ မခက်ပါဘူး”
ယွမ်ကျိက သူ့အတွေ့အကြုံဖြင့် နားလည်အောင်ရှင်းပြသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူပြောချင်သည့်စကားများစွာရှိသည်။
-စီနီယာအမကို ရိုးသာတယ်ထင်ခဲ့တာ။ အမလည်း လိမ်တာပဲလား-
-စီနီယာရဲ့ ပါရမီက သာမန်လူတွေ လိုက်မမီနိုင်ဘူးလေ-
-စီနီယာအတွက် ကျင့်စဉ်ဖန်တီးတာ ကျုပ်အတွက် ကျင့်စဉ်အတုလုပ်တာနဲ့ မတူဘူးလေ-
သို့သော် ယွမ်ကျိ၏ အေးစက်စက်အကြည့်ကြောင့် စကားတစ်ခွန်းသာ ထွက်လာသည်။
“စီနီယာပြောတာ မှန်ပါတယ်”
“မင်အခု ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီဆိုပေမယ့် အရည်အချင်းပြည့်တဲ့ ဓားကျင့်ကြံသူဖြစ်ဖို့ အများကြီးလိုသေးတယ်။ ဒီစာအုပ်ကိုယူထားပါ”
မှော်သားရဲသားရေဖြင့်လုပ်ထားသည့် ထူထဲလေးလံသည့် ရှေးဟောင်းစာအုပ်ကြီးတစ်ခုကို ယွမ်ကျိ လှမ်းပေးသည်။
“မကောင်းဆိုးဝါးနယ်မြေမှတ်တမ်း”
လုယန် စာအုပ်ကိုဖွင့်လိုက်သည်။ ပြင်းထန်သည့်စွမ်းအင်ရောင်ကို ခံစားလိုက်ရသည်။ မကောင်းဆိုးဝါးမျိုးစုံ၏ ရုပ်ပုံများကို စာမျက်နှာတိုင်းတွင် ထင်ရှားစွာရေးဆွဲထားသည်။ သူတို့ဟိန်းဟောက်သံကိုပင် ကြားလာရသလိုရှိသည်။
တကယ်အဖိုးဖြတ်မရသည့် စာအုပ်မျိုးဖြစ်သည်။
လုယန်စဉ်စားသည်။ ဓားကျင့်ကြံသူတို့သည် ဓားဝိညာဉ်လိုအပ်သည်။ သို့သော် ချီသန့်စင်အဆင့်လောက်ဖြင့် သူဘယ်လိုလေ့ကျင့်နိုင်မည်နည်း။
ရှေးခေတ်က ဓားကျင့်ကြံသူတို့သည် မကောင်းဆိုးဝါးများနှင့် ကြမ်းတမ်းစွာတိုက်ခိုက်၍ သေရေးရှင်ရေးအချိန်ကာလများကို ဖြတ်သန်းကာ ပထမဆုံးဓားဝိညာဉ်ကို နားလည်ကြသည်။ ထိုသတ္တဝါတို့၏ ကြမ်းတမ်းသည့်ဆန္ဒကို ရင်ဆိုင်ကြသည်။
ထို့ကြောင့် လုယန်အတွက် အဖြေကရှင်းသည်။ မကောင်းဆိုးဝါးတို့ပုံရိပ်ကို အာရုံထဲမြင်လာအောင် ပုံဖော်ကြည့်ရမည်။ သူတို့၏ သားရဲဆန္ဒကိုနားလည်ပြီး ဝိညာဉ်သန္ဓေကို ထုတ်ရမည်။ မကောင်းဆိုးဝါးပုံရိပ်များစွာကို နေရာတစ်ခုတည်းတွင် စုစည်း၍ ကိုယ်ပိုင်ဓားဝိညာဉ်ကို နားလည်အောင် ကြိုးစားရမည်။ ထိုနည်းလမ်းသည် ခက်ခဲသော်လည်း သူ့လို ဓားဝိညာဉ်မြစ်ပိုင်ရှင်အတွက် အထူးသင့်တော်သည်။
လုယန် ခေါင်းငြိမ့်သည်။ ယွမ်ကျိ၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားမှန်း သိသည်။
“ကျုပ်နားလည်ပါပြီ”
ယွမ်ကျိ သူ့ကို တစ်ချက်ကြည့်သည်။ လုယန် ဘာကိုနားလည်မှန်း သေချာမသိ။ ထို့နောက် ရုပ်သေးတစ်ခုကို နောက်ထပ်တို့ဟူးတွန်းလှည်းတစ်စီးယူလာရန် အချက်ပြလိုက်သည်။
“နားလည်ရင် ကောင်းတာပေါ့။ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ တိကျမှုလိုတယ်။ ဒီဓားစိမ်းကိုယူပါ။ မင်းလုပ်ရမယ့်တာဝန်က တို့ဟူးကို ဓားဦးထိပ်နဲ့ မကောင်းဆိုးတွေရဲ့ပုံစံကို ရေးထွင်းဖို့ပဲ။ ရုပ်ပုံတွေကိုတော့ စာအုပ်ထဲမှာ ကြည့်ပါ”
ယွမ်ကျိက အေးစိမ့်သည့်အလင်းရောင်များ ဖြာထွက်နေသည့် အစိမ်းရောင်ဓားတစ်လက်လှမ်းပေးသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်နေသည်။
တို့ဟူးနှင့် ကြုံရပြန်ပြီ။
ဟိုအရင်တစ်ညက အိပ်မက်သည် အိပ်မက်ဆိုးတစ်ခုမဟုတ်ဘဲ ကြိုတင်နိမိတ်များ ဖြစ်နေမလားဟု ခံစားမိသည်။ တို့ဟူးမသေမျိုး သူတကယ်ဖြစ်လာမည်လားမသိ။
ဆိုးဝါးသည့်အတွေးကို ခေါင်းထဲမှ အမြန်ထုတ်လိုက်သည်။
ဓားစိမ်းကိုယူလိုက်သည်။ ပေါ့ပါးမှုကို ခံစားမိသည်။ ဓားကပေါ့လွန်း၍မဟုတ်။ ချီသန့်စင်မှုတတိယအဆင့်အောက်မှ ကျင့်ကြံသူများအတွက် ကိုင်ဆောင်ရန် ခက်ခဲသည်။ သို့သော် ရေစည်လေ့ကျင့်မှုလုပ်ထားသဖြင့် သူအလွယ်တကူ ကိုင်ဆောင်နိုင်ခြင်းဖြစ်သည်။ အမှန်တော့ အစောပိုင်းချီသန့်စင်အဆင့်ကျင့်ကြံသူများကို လက်သီးတစ်ချက်တည်းဖြင့် သူအနိုင်ယူနိုင်သည်။
..................
ချီသန့်စင်အဆင့်သို့ဝင်ထားပြီး ဓားလမ်စဉ်ပါရမီဖြင့် ကောင်းစွာထိန်းချုပ်နိုင်သောကြောင့် ဖြစ်မည်ထင်သည်။ ဓားစိမ်းကို သာမန်ဓားကဲ့သို့ အသုံးပြုနိုင်သည်။ ဆယ်ရက်အတွင်းမှာပင် တို့ဟူးထဲတွင် မကောင်းဆိုးဝါးပုံများအပြင် သူနှင့်ယွမ်ကျိတို့၏ ရုပ်ပုံများကို ရေးထွင်းနိုင်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ကြာပုံတောင်ထိပ်ကိုးခုကိုပါ ရေးထွင်းနိုင်ခဲ့သည်။
ထို့အပြင် မီးဖိုချောင်တွင်လည်း ကျွမ်းကျင်လာသည်။ တို့ဟူးစားရသည့်ဘဝကို ကျော်ဖြတ်နိုင်ဖို့ စိတ်အားထက်သန်နေသည်။
ယွမ်ကျိ ပေါ်လာသည်။ သူ့ကိုအားပေးသည်။ ထို့နောက် နှမ်းစေ့တစ်စေ့ ပေးသည်။
“ဓားကျင့်ကြံသူတွေဟာ မျက်လုံးအာရုံကိုလည်း လေ့ကျင့်ဖို့လိုတယ်။ ဒီနှမ်းစေ့ကို ကျန်တဲ့တို့ဟူးတွေထဲ ငါပစ်ထည့်မယ်။ အချိန်တိုအတွင်း အမြန်ဆုံးရှာနိုင်အောင် ကြိုးစားဖို့လိုတယ်”
လုယန် ရင်ကွဲပက်လက်ဖြစ်သွားပြီး ဒူးထောက်လိုက်သည်။
“စီနီယာ၊ တစ်ခြားနည်းလမ်းတစ်မျိုးနဲ့ ကြိုးစားလို့မရဘူးလား”
ယွမ်ကျိက သူ့ကို အသံတိတ်ကြည့်နေသည်။ မျက်လုံးများက တည်ငြိမ်၍ ခံစားချက်ကင်းသည်။
“အဲ...”
***************************************************