မစ်ရှင်ခန်းမ
Vol. 1 Ch. 15
ထိုအချိန်မှစ၍ လုယန်၏ဘဝ အလုပ်များခဲ့သည်။ မနက်ပိုင်း တောင်ထိပ်တွင်ထိုင်၍ အာရုဏ်အလင်းကို ခံစားသည်။ မွန်းတည့်မတိုင်မီအထိ ဓားပညာလေ့ကျင့်သည်။ မွန်တည့်ချိန် သစ်ပင်ထက်တွင်နားသည်။ နေ့လည်ပိုင်းတွင် ရုပ်သေးနှင့် ယှဉ်ပြိုင်လေ့ကျင့်သည်။ ရှုံးသည်။ ညစာစားပြီးနောက် ညာဉ့်နက်ပိုင်းအထိ စာဖတ်သည်။ ယွမ်ကျိပေးထားသည့် တာဝန်များကို ပြည့်စုံအောင်လုပ်သည်။
တစ်နှစ်ကုန်လွန်သွားသည်။ လုယန်၏ကျင့်စဉ်စွမ်းအား ပုံမှန်တိုးတက်ခဲ့သည်။
“ဟိုမှာကြည့်ပါဦး၊ ဂိုဏ်းချုပ်ရဲ့ လေးယောက်မြောက်တပည့် ဓားဝိညာဉ်မြစ်ပိုင်ရှင် လုယန်မဟုတ်လား”
မစ်ရှင်ခန်းမထဲတွင် ဝတ်ရုံဖြူဝတ်ထားသည့် လုယန်က တက်ကြွသည့်အမူအရာမျိုးရှိပြီး အနီရောင်ပန်းပွားမြိတ်နှင့် ဓားတစ်လက်ကို ခါးတွင်ချိတ်ဆွဲထားသည်။ အားလုံး အာရုံစိုက်မိကြသည်။
လူငယ်ပါရမီရှင်ဟု အားလုံးက ချီးမွှမ်းကြသည်။
ဝင်ခွင့်ဖြေရာတွင် ထိပ်တန်းရွေးချယ်ခံဖြစ်ခဲ့သည်။ ဓားဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်ခဲ့သည်။ တိုင်ပုဖန်နှင့် ယွမ်ကျိတို့၏ အာရုံစိုက်မှုခံခဲ့ရသည်။ ဂိုဏ်းချုပ်၏ တပည့်ဖြစ်လာသည်။ မျိုးဆက်သစ်တပည့်များတွင် တောက်ပသည့်ကြယ်ပွင့်ဖြစ်လာသည်။ အလှအပကြောင့် လူသိများသည့် မက်မွန်ရွက်ထက်ပင် နာမည်ကျော်ကြားသည်။
“စီနီယာယွမ်ကျိကိုယ်တိုင် လေ့ကျင့်ပေးတဲ့ လုယန်လား။ အိုး...တကယ်သူပဲ”
“ဂိုဏ်းထဲဝင်တာ တစ်နှစ်ရှိပြီ။ သိပ်မကြာခင်ကပဲ အခြေတည်အဆင့်ရောက်ခဲ့တာလို့ကြားတယ်”
“အခြေတည်အဆင့်လား။ ဟား...မစ်ရှင်ခန်းမကို သူရောက်လာတာ မဆန်းတော့ပါဘူး။ သူ့စွမ်းရည်ကိုသွေးဖို့ တာဝန်ထမ်းဆောင်တော့မယ်ထင်တယ်”
ရှားပါးတိရစ္ဆာန်တစ်ကောင်လို အကြည့်ခံရသည့်အဖြစ်ကို လုယန် ရိုးအီနေပြီဖြစ်သည်။
ညီအကိုးများဆွေးနွေးပြောဆိုသည်က မမှားပါ။ လွန်ခဲ့သည့် ခုနစ်ရက်က အခြေတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ကျင့်စဉ်စွမ်းအားကို တည်ငြိမ်စေရန် ခုနစ်ရက် အချိန်ကုန်ခဲ့သည်။ ထို့နောက် တံခါးပိတ်ကျင့်ရာမှထွက်လာပြီး ယွမ်ကျိညွှန်ကြားချက်အတိုင်း အပြင်လောကကို စူးစမ်းရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။
လုယန် အံ့ဩသွားသည်။ မစ်ရှင်ခန်းမတွင် မစ်ရှင်မျိုးစုံ ဖော်ပြထားသည်။ အင်အားကြီးနတ်ဆိုးများ သတ်ဖြတ်သည့်တာဝန်မှအစ ပျောက်သွားသည့် အိမ်မွေးတိရစ္ဆာန်များကို ကူညီရှာဖွေပေးရသည့်အလုပ်မျိုးထိ ရှိသည်။
ဥပမာ ယခု သူကြည့်နေသည့် မစ်ရှင်က တရားဝင်ယင်ယန်ကျင့်ကြံနည်း ရှာဖွေသည့် မစ်ရှင်ဖြစ်သည်။ ယင်ယန်ကျင့်စဉ်များတွင် တရားဝင်နည်းနှင့် တရားမဝင်နည်း နှစ်မျိုးရှိသည်။ တရားဝင်ကျင့်စဉ်က ယောက်ျားနှင့်မိန်းမ ယင်နှင့်ယန်ကို မျှတအောင် အပြန်အလှန်ကူညီခြင်းဖြစ်သည်။ (**တာအိုအစစ်ဖြစ်သည်။ ကိုယ်လက်နှီးနှောခြင်းမဟုတ်)
တရားမဝင်နည်းလမ်းများကတော့ ရှင်းပြနေဖို့ မလိုတော့။
ထိုမစ်ရှင်ကို တာအိုလမ်းစဉ်ဂိုဏ်းနှင့် သဘောတူညီမှုယူထားသည့် မြေခွေးနတ်ဆိုးတစ်ယောက်က တင်သွင်းထားခြင်းဖြစ်သည်။
ဂိုဏ်း၏တာဝန်တွင် နတ်ဆိုးများကို ရှင်းလင်းရမည့်တာဝန် ပါဝင်သော်လည်း နတ်ဆိုးတိုင်းကို အရမ်းကာရော သတ်ဖြတ်သည်မဟုတ်။ လူသားများကို ဒုက္ခမပေးသည့် အပြစ်မရှိသည့်နတ်ဆိုးများကို ချမ်းသာပေးရုံသာမက တရာဝင်အဆင့်အတန်းတစ်ခုလည်း ချီးမြှင့်ထားသည်။
စုယန်ဟူသည့် ဤမြေခွေးနတ်ဆိုးလည်း ထိုအနေအထားမျိုးဖြစ်သည်။
အစက သူသည် တောင်တန်းပေါ်တွင်နေထိုင်သည့် သာမန်မြေခွေးလေးသာဖြစ်သည်။ တစ်နေ့ သူကစားနေရင်း မုဆိုးထောင်ချောက်တစ်ခုတွင် မိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လူချမ်းသာမိသားစုဝင်တစ်ယောက် တောကစားထွက်သည်နှင့် ကြုံကြိုက်၍ သူ့ကိုကယ်တင်ခဲ့သည်။ မုဆိုး၏တစ်နေ့တာလုပ်အားကို ဖျက်ဆီးလိုက်သည်။
နောက်ပိုင်းတွင် စုယန်က လျှို့ဝှက်ဂူထဲတွင် အသွင်ပြောင်းသစ်သီးကိုစားမိသည်။ သူ့ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းသွေးဆက် နိုးထလာပြီး မြေခွေးနတ်ဆိုးဖြစ်လာသည်။
ကျေးဇူးတရားကို ပြန်ဆပ်လိုသဖြင့် အသက်ကယ်တင်ခဲ့သည့် လူချမ်းသာမိသားစုသို့ သွားသည်။
တစ်ချိန်က လူချမ်းသာသခင်လေးက ယခု မိသားစုခေါင်းဆောင်ဖြစ်နေသည်။ မိန်းမလှများစွာ မြင်ဖူးသော်လည်း စုယန်ကို ဘယ်သူမှမယှဉ်နိုင်။
ထို့ကြောင့် သူတို့လက်ထပ်ကြသည်။
သို့သော် ပြဿနာက ထိုနေရာတွင်စသည်။
မြေခွေးနတ်ဆိုးတို့သည် မျိုးဆက်ဗီဇအရ ညှို့ယူဆွဲဆောင်သည့် စွမ်းအင်ရောင်တစ်မျိုးပိုင်ဆိုင်သည်။ ယန်စွမ်းအင်ကို အလိုလိုစုပ်ယူနိုင်သည်။ ကိုယ်လက်နှီးနှောသည့်အချိန်များတွင် ယောက်ျားဖြစ်သူက အမြဲတမ်း ယန်စွမ်းအင်ဆုံးရှုံးနေသည်။
ယန်စွမ်းအင်ကို ပြန်ဖြည့်နိုင်၍သာ တော်သေးသည်။ လက်ထပ်ပြီးနောက် ထိုလင်မယား ကိုယ်လက်နှီးနှောမှုအကြိမ်ရေကို ကန့်သတ်ထားရသည်။ နှစ်ယောက်လုံးအတွက် အဆင်မပြေ။ အကန့်အသတ်မထားလျှင် ယောက်ျားဖြစ်သူ တဖြေးဖြေးစွမ်းအင်ချိနဲ့လာသည်။ ဘေးလူများ အတင်းပြောစရာဖြစ်လာသည်။
ထို့ကြောင့် စုယန်က တရားဝင်ယင်ယန်ကျင့်စဉ်တစ်ခုလေ့ကျင့်၍ ညှို့အားပြင်းသည့် မြေခွေးသဘာဝစွမ်းအင်ရောင်ကို ထိန်းချုပ်လိုခြင်းဖြစ်သည်။ ထိုမစ်ရှင် တင်သွင်းထားသည်မှာ အတော်ကြာခဲ့သော်လည်း လက်ခံသူမရှိ။ ယင်ယန်ကျင့်စဉ်နည်းများ ရှားပါး၍မဟုတ်။ မစ်ရှင်လက်ခံသူသည် တရားဝင်ကျင့်စဉ်နည်းတစ်ခု ပိုင်ဆိုင်သည့်သဘောမျိုးဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ခြားသူများက တရားမဝင်ကျင့်စဉ်မျိုးလည်း ရှိကောင်းရှိနိုင်သည်ဟု ထင်ကြမည်။ တစ်ခြားလူများက တောင်းဆိုလာလျှင် ရှိမရှိ ဖွင့်ဟဝန်ခံဖို့နှင့် နည်းလမ်းမျှဝေဖို့ကိစ္စက ပြဿနာဖြစ်လာသည်။ ဂိုဏ်းတူညီအကိုမောင်နှမများက သူ့ကို ဘယ်လိုထင်ကြမည်နည်း။
“ဒီမစ်ရှင် ကောင်းမယ့်ပုံပဲ။ ငါယူလိုက်မယ်”
လုယန်နောက်ဘက်မှ စကားသံတစ်ခု ပေါ်လာသည်။ အသံကို မှတ်မိနေသည်။ မုန်ကျင်းကျိုး ဖြစ်သည်။ ထိုမစ်ရှင်နှင့် တကယ်ကိုက်ညီသူဖြစ်သည်။ မိသားစုနောက်ခံနှင့် သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ တရားမဝင်နည်းလမ်းမျိုးပိုင်ဆိုင်ထားမည်ဟု ယူဆ၍မရ။ တကယ်ရှိနေလျှင်ပင် သူဘာမှလုပ်လို့မရ။
မုန်ကျင်းကျိုးသည် လုယန်ထက်အရင် အခြေတည်အဆင့်သို့ ရောက်ခဲ့သူဖြစ်သည်။ ဤမစ်ရှင်သည် သူ့အတွက် တတိယမစ်ရှင်ဖြစ်သည်။
“မင်းလည်း အခြေတည်အဆင့်ကို ရောက်ပြီပေါ့”
မုန်ကျင်းကျိုး ပြုံး၍မေးသည်။ နှစ်ယောက်လုံး ရှားပါးဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ ပါရမီချင်း သိပ်မကွာလှ။ နည်းနည်းအဆင့်တက်နောက်ကျသည့်အဖြစ်က ထူးဆန်းနေသည်။
လုယန်က ယွမ်ကျိလမ်းညွှန်မှုအောက်တွင် ခက်ခဲစွာဖြတ်သန်းခဲ့ရပုံကို ပြန်သတိရလာပြီး သက်ပြင်းချသည်။
“နောက်ဆုံးတော့ အခြေတည်အဆင့်ကို တက်နိုင်ခဲ့ပါပြီ”
“ဒီတာဝန်ပြီးရင် တစ်ခုခုသွားစားကြမယ်လေ။ ငါကျွေးပါ့မယ်”
ဝိညာဉ်ကျောက်များစွာ ပိုင်ဆိုင်သည့် မုန်ကျင်းကျိုးက ကမ်းလှမ်းသည်။
မုန်ကျင်းကျိုး ထွက်သွားပြီးနောက် နံရံတွင်ရေးထားသည့် မစ်ရှင်များကို လုယန်ဆက်ကြည့်သည်။
“မြောက်ပိုင်းမှာ နတ်ဆိုးစစ်သင်္ဘော အထောက်အထားတွေ့ရကြောင်း သတင်းရထားသည်။ ရွှေသန္ဓေအဆင့်နှင့်အထက် ကျင့်ကြံသူများစုံစမ်းရန်။ မစ်ရှင်ဆုကြေး - အကျိုးဆောင်မှတ် ၄၀၀။ အပိုသတင်းသစ်များရလာလျှင် ဆုကြေးထပ်ဆောင်းပေးမည်”
“ရှန်ဟိုင်ကွမ်းမှ တာအိုရှင်လီဟောင်၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပျောက်ဆုံး။ ရှာဖွေရန် အကူအညီလိုအပ်သည်”
ခွေးများကြောင်များ ရှာပေးရသည့်အလုပ်သည် အန္တရာယ်မရှိသဖြင့် မဆိုးလှဟု လုယန်တွေးမိသဖြင့် ဆက်ဖတ်ကြည့်သည်။
“ပျောက်သွားသည့်တိရစ္ဆာန်၊ နတ်ဝိညာဉ်အလတ်တန်းဆင့် ကျားပျံ။ ရှာပေးနိုင်သူ အကျိုးဆောင်မှတ် ၅၀၀၀”
လုယန် နောက်တွန့်သွားသည်။ နတ်ဝိညာဉ်အလတ်တန်းဆင့်နတ်ဆိုးသားရဲ။ အထူးသဖြင့် ရှေးဟောင်းကျားပျံသွေးဆက်မျိုးကို သူလက်လှမ်းမမီနိုင်။ နောက်မစ်ရှင်တစ်ခုကို အမြန်ပြောင်းဖတ်လိုက်သည်။
“ခွန်ဝူတောင်တန်းတွင် နေ့ညကူးပြောင်းချိန် ထူးဆန်းသည့်ဝိညာဉ်စွမ်းအင်လှိုင်းများ တွေ့ရ။ လျှို့ဝှက်ကောင်းကင်ဂူတစ်ခုရှိမည်ဟု ခန့်မှန်းသည်။ နတ်ဝိညာဉ်နောက်ဆုံးအဆင့်နှင့်အထက် ကျင့်ကြံသူများ စုံစမ်းရန်။ ဆုကြေး - ကျိုးဆောင်မှတ် ၈၀၀၀။ တစ်ခြားတန်ဖိုးရှိသည့် တွေ့ရှိမှုများအတွက် ဆုကြေးထပ်ပေးမည်”
ထိုမစ်ရှင်လည်း သူနှင့်မကိုက်ညီပြန်။
အပြင်လောကတွင် ချီလေ့ကျင့်သည့် ကျင့်ကြံသူများ သိုင်းသမားများလိုပင် လွတ်လပ်စွာ သွားလာကြသည်။ အခြေတည်အဆင့်ကျင့်ကြံသူများက နယ်မြေငယ်လေးများကို လွှမ်းနိုင်သည်။ နှစ်တစ်ရာ တိုးတက်ကြီးပွားမှုကို သာယာခံစားနိုင်သည်။ ရွှေသန္ဓေအဆင့်များက ကျောင်းများတည်ဆောက်နိုင်သည်။ တာအိုစစ်များဟု ခေါ်နိုင်သည်။
သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် သာမန်ဂိုဏ်းသားတစ်ယောက်ပင် ရွှေသန္ဓေအဆင့်ရှိသည်။ အုတ်ခဲတစ်ခုဖြင့် ရောက်ချင်ရာရောက် ပစ်လိုက်လျှင် အတော်များများထိနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် အကောင်းဆုံးများထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။ နောက်ဆုံးဝင်လာသည့် လုယန်တို့လူသစ်များမှလွဲ၍ ချီကျင့်ကြံခြင်းအဆင့် အခြေတည်အဆင့် ဂိုဏ်းတပည့်များ မရှိ။ အနိမ့်ဆုံးက ရွှေသန္ဓေအဆင့်ဖြစ်သည်။
အပြင်လောကတွင် မည်မျှကောင်းကောင်းစွမ်းနိုင်သည်ဖြစ်စေ ဂိုဏ်းသို့ပြန်လာလျှင် ရိုသေနှိမ့်ချရသည်။
ထို့ကြောင့်လည်း အခြေတည်အဆင့်များအတွက် သင့်တော်သည့်မစ်ရှစ်များက ရှားပါးသည်။ အနည်းဆုံး ရွှေသန္ဓေအဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့်ရောက်နေဖို့ လိုအပ်သည်။
ထူးဆန်းသည့် မစ်ရှင်တစ်ခုကိုလည်း သူသတိထားမိသည်။
“ရေရှည်မစ်ရှင် - တာအိုလမ်းစဉ်ဂိုဏ်းတွင် မှတ်တမ်းမတင်ရသေးသည့် ကျင့်စဉ်နည်းလမ်းများ စုစည်းပါ။ ဆုကြေးက ကျင့်စဉ်၏အကြောင်းအရာပေါ် မူတည်ပါသည်။
မှတ်ချက် - စီနီယာယွမ်ကျိ၊ ဤမစ်ရှင်ကို လက်မခံပါနှင့်။ စီနီယာစုစည်းသည့် ကျင့်စဉ်နည်းများ တိုက်ရိုက်ထားသိုနိုင်ရန် ကျမ်းစာဆောင်တွင် “ယွမ်ကျိစာအုပ်စင်”ကို ဖန်တီးထားပြီးဖြစ်ပါသည်။
****************************************************