ယွမ်ကျိပါရမီ
Vol. 2 Ch. 16
လုယန်၏ ဂိုဏ်းတူမိတ်ဆွေများလည်း ထိုမစ်ရှင်ကိုသတိထားမိသဖြင့် ခပ်ညှင်းညှင်းရယ်ကြသည်။
“ဒီမစ်ရှင်ကိုမြင်တိုင်း စီနီယာအမရဲ့ ထင်ရှားပြောင်မြောက်တဲ့ အောင်မြင်မှုကို ငါပြန်သတိရတယ်ကွာ”
“ကျင့်စဉ်တွေ အတုလုပ်ပြီး ကောင်းကင်ဂူပျက်တွေက တွေ့တာပါလို့ လိမ်ထားတာ။ အလိမ်ပေါ်သွားတုန်းကဆို အတော်ဂယက်ထသွားတာ”
“လင်းနန်မှာ စီရွှေ့ဆိုတဲ့ ရှေးဟောင်းဂူတစ်ခုရှိတယ်လို့ ငါ့ဆရာပြောဖူးတယ်။ အဲဒီ့ထဲမှာ အရင်ဂူသခင်ချန်ခဲ့တဲ့ ကျင့်စဉ်နည်းက တန်ဖိုးအကြီးအဆုံးရတနာပဲတဲ့။ ကပ်ဆိုးအာရုဏ်ကျင့်စဉ်လို့ခေါ်တယ်။ ပေါက်မြောက်အောင်ကျင့်ကြံနိုင်ရင် ကပ်ဆိုးအားလုံးကို ချေဖျက်ပြီး အမှန်တရားအားလုံးကို ခွဲခြားသိနိုင်တယ်တဲ့”
“ဒါပေမယ့် အဲဒီဂူထဲမှာ အဲဒီကျင့်စဉ်အစစ်ကို တစ်ယောက်က တွေ့လာပြီး စီနီယာယွမ်ကျိဖန်တီးထားတဲ့ ကပ်ဆိုးအာရုဏ်နဲ့ နှိုင်းယှဉ်ကြည့်တော့ စီနီယာလိမ်ဆင်ရေးထားတဲ့ကျင့်စဉ်က ပိုရိုးရှင်းလွယ်ကူပြီး အကျိုးကျေးဇူးလည်း အများကြီးသာနေတယ်တဲ့”
“နောက်တော့ ကောင်းကင်ဂူအမျိုးမျိုးမှာ ကျင့်စဉ်တွေအများကြီး ရှာတွေ့လာကြတယ်။ နာမည်ချင်းတူပေမယ့် စီနီယာဖန်တီးရေးသားထားတဲ့ကျင့်စဉ်တွေလောက် ဘယ်ဟာမှမကောင်းဘူးတဲ့။ ဒီကိစ္စကြောင့် အကြီးအကဲတွေ ရက်အတော်ကြာအောင်အသံတိတ်သွားတယ်လို့ကြားတယ်”
လုယန် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ကျမ်းစာဆောင်မှ ယွမ်ကျိစာအုပ်စင်ကို သူမမြင်ဖူးသေးပါ။ ယွမ်ကျိရေးထားသည့် ကျင့်စဉ်နည်းလမ်းများက ထူးခြားလွန်းသဖြင့် ကျမ်းစာဆောင်၏အမြင့်ဆုံးထပ်တွင် သိမ်းထားပုံရသည်။ အထူးအာဏာမရှိဘဲ သွားခွင့်ရမည်မဟုတ်။ တားမြစ်ချက်တစ်ခု ဖြစ်နေသည်။
“စီနီယာဟာ ခေတ်ကာလာရဲ့ပါရမီရှင်ပဲ။ ကောင်းကင်ကို တိုင်းတာပြီး မြေပြင်ကို ခန့်မှန်းနိုင်တဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်လည်း ဂိုဏ်းချုပ် တံခါးပိတ်ကျင့်နေချိန် ကိုယ်စားအနေနဲ့ ဂိုဏ်းကိုသူဦးစီးနေတာ ငါတို့ဂိုဏ်းအတွက်ကောင်းချီးပဲလို့ လူတိုင်းပြောနေကြတာပေါ့”
“ရာထူးယူပြီး ဂိုဏ်းချုပ်အစစ်ဖြစ်လာချင်လို့ ဂိုဏ်းချုပ်ကြီးကို စီနီယာအမက အကျဉ်းချထားတယ်လို့လည်း ကောလဟာလကြားဖူးတယ်။ အကြီးအကဲရှစ်ယောက်နဲ့လည်း သဘောတူညီမှုယူထားတယ်။ အဆင့်မြင့်အုပ်ချုပ်သူတွေကလည်း သူ့ကိုမဆန့်ကျင်ရဲဘူး။ ညဘက်တွေဆို ကောင်ကင်ဂိတ်တောင်ထိပ် အကျဉ်းခန်းထဲကနေ ဂိုဏ်းချုပ်ကြီးငိုနေသံကို ကြားရတယ်လို့ တစ်ချို့ကပြောကြတယ်”
“ဟားဟားဟား။ အဓိပ္ပါယ်မရှိတာကွာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူတို့ပြောသည့် ဂိုဏ်းချုပ်ငိုသံကို လုယန်မကြားဖူးပါ။ ထိုကိစ္စကို သိပ်လည်း အရေးမစိုက်တော့။ မစ်ရှစ်များကိုသာ ဆက်ရှာသည်။
နောက်ဆုံးတွင် သူနှင့်သင့်တော်သည့် မစ်ရှင်တစ်ခုတွေ့သည်။
“ချူဟဲကောင်တီ ထိုင်ပင်ရွှာသားများက လူစကားပြောသည့် နတ်ဆိုးငှက်တစ်ကောင်တွေ့သည်ဟုဆိုသည်။ ထိုငှက်၏မျိုးနွယ်အမျိုးအစားအကြောင်း မသိရ။ လူသားများကို အန္တရာယ်ပေးခြင်း သို့မဟုတ် နတ်ဆိုးစွမ်းအားထုတ်ပြခြင်း မှတ်တမ်းမရှိ။ တာအိုလမ်းစဉ်ဂိုဏ်းမှ တာအိုရှင်တစ်ယောက်ကို နတ်ဆိုးငှက်ပြဿနာ ဖြေရှင်းပေးဖို့ တောင်းဆိုထားသည်”
ခဏစဉ်းစားပြီးနောက်လုယန် ထိုမစ်ရှင်ကို လက်ခံရန်ဆုံးဖြတ်လိုက်သည်။
ဖော်ပြချက်အရ လူသားနယ်မြေသို့ လမ်းမှားရောက်လာသည့် နတ်ဆိုးငှက်ဖြစ်လိမ့်မည်။ ကံထူး၍ သိစိတ်နိုးထလာသည့်သားရဲလည်း ဖြစ်နိုင်သည်။ ထိုသားရဲမျိုးသည် အခြေတည်အဆင့်စွမ်းအားထက် ပိုလေ့မရှိ။ ရန်မူလိုစိတ်လည်း နည်းတတ်သည်။ လူသားများနှင့် နီးနီးကပ်ကပ် ကြီးပြင်းခဲ့သည့် ငှက်မျိုးပင်ဖြစ်နိုင်သည်။ သူ့လိုလူသစ်အတွက် ထိုမစ်ရှင်သာ အသင့်တော်ဆုံးဖြစ်သည်။
ထို့အပြင် မစ်ရှင်အတွက် ဆုကြေးလည်းထုတ်ထားသည်။ ကျိုးဆောင်မှတ် သုံးဆယ်ရမည်။ မစ်ရှင်တစ်ခုအတွက် အနည်းဆုံးဆုကြေး သတ်မှတ်ချက်ဖြစ်သည်။
မစ်ရှင်ဆုကြေးများကို ဂိုဏ်းတွင်ခန့်အပ်ထားသည့် အမှုထမ်းများက စီစဉ်တွက်ချက်သည်။ တစ်ခြားတစ်ယောက်က တိကျမှုရှိမရှိ အတည်ပြုသည်။ ဆုကြေးနိမ့်လေ၊ တာဝန်ရိုးရှင်းလေဖြစ်သည်။
လုယန် ကောင်တာဆီသို့ ချဉ်းကပ်သွားသည်။
“အကို၊ ငှက်နတ်ဆိုးသားရဲပြဿနာဖြေရှင်းတဲ့ ဒီမစ်ရှင်ကို လက်ခံချင်တယ်”
နောက်ထပ်စကားသံတစ်ခု လုယန်နှင့်တစ်ပြိုင်တည်းနီးပါး ပေါ်လာသည်။
အသံရှင်က ပါးလွှာသည့်ပန်းရောင်ဝတ်စုံ နူးညံ့သည့်မျက်နှာ ဖြူဖွေးသည့်အသားအရေနှင့် မိန်းမလှတစ်ယောက်ဖြစ်သည်။
နုနယ်သည့်ရုပ်ရည်နှင့် လုယန်နှင့်အဆင့်တူ ကျင့်စဉ်စွမ်းအားကြောင့် ထိုမိန်းကလေးဘယ်သူဘယ်ဝါဖြစ်ကြောင်း ထင်ရှားနေပါသည်။
“တိုက်ဆိုင်လွန်းနေပါလား ဂျူနီယာထောင်ယော်ယဲ့”
(**လုယန်တို့နှင့် ဂိုဏ်းဝင်သစ်ဖြစ်သည် ငှက်မသေမျိုးခန္ဓာပိုင်ရှင် “ထောင်ယော်ယဲ့”ကို တရုတ်နာမည် ထောင်ယော်ယဲ့ဟု ဖော်ပြထားသည်။ ဤအခန်းမှစ၍ ထောင်ယော်ယဲ့ဟုသာ ဘာသာပြန်ပါမည်)
လုယန်က ပြုံး၍ပြောသည်။ ထောင်ယော်ယဲ့ကို ဂိုဏ်းထဲရောက်စကသာ သူတွေ့ဖူးသည်။ ကောင်းကင်ဂိတ်သို့ရောက်ပြီးနောက်ပိုင်း အပြင်သို့သိပ်မထွက်ဖြစ်ခဲ့။
ဂိုဏ်းဝင်စစ်ဆေးချက်တွင် ပထမနေရာမှဖြတ်ကျော်ခဲ့သူဖြစ်၍ သူတို့အုပ်စုတွင် လုယန်သည် နောက်ထပ်အဆင့်သစ်တစ်ခု ပေါ်မလာမချင်း စီနီယာအကိုဟု သတ်မှတ်နိုင်သည်။
အမှန်တော့ ထောင်ယော်ယဲ့ ဤမစ်ရှင်ရွေးချယ်သည်က တိုက်ဆိုက်ခြင်းမဟုတ်ပါ။ အခြေတည်ကျင့်ကြံသူများအတွက် သင့်တော်သည့်မစ်ရှင်များ ရှားပါးလွန်းသောကြောင့်ဖြစ်သည်။ သူတို့လိုလူသစ်များအတွက် ရွေးချယ်ခွင့်သိပ်မရှိ။
“ဪ...အကိုလုကိုး။ အခြေတည်အဆင့်ရောက်လာတာ ဂုဏ်ယူပါတယ်။ ကျွန်မတို့လိုအဆင့်အတွက် မစ်ရှင်က သိပ်မရှိဘူး။ ကျွန်မတို့နှစ်ယောက် မစ်ရှင်ကိုပူးတွဲလက်ခံမယ်လေ။ ဆုကြေးကို ခွဲယူကြတာပေါ့”
ထောင်ယော်ယဲ့က ယဉ်ကျေးချိုသာစွာ အကြံပြုသည်။ တစ်ကိုယ်တည်းနေတတ်သည့် ထိုစီနီယာအကိုလု၏စရိုက်ကို သူစိတ်ဝင်စားသည်။
လုယန် ဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။
မစ်ရှင်ထမ်းဆောင်ခြင်းသည် ဆုကြေးအတွက်သက်သက်လည်းမဟုတ်။ အတွေ့အကြုံရှာခြင်းလည်းဖြစ်သည်။
“ချူဟဲကို လှေပျံနဲ့သွားကြမလား”
လုယန် အကြံပြုလိုက်သည်။
.....................
“ညီမထောင်ယော်ယဲ့၊ ငါတို့လူသားမျိုးနွယ်တွေဟာ ဆန့်ကျင်အတွေးနှစ်ခုကို လက်ခံကြတယ်ဆိုတာသိလား။ လူတွေဟာ တူညီတဲ့အရာတစ်ခုတည်းကိုပဲ ကြောက်လည်းကြောက်တယ် ကိုးလည်းကိုးကွယ်ကြတယ်။
“ရှေးခေတ်က နတ်ဆိုးတွေသောင်းကျန်းပြီး ဘေးဒုက္ခတွေဖြစ်တော့ အားနည်းတဲ့လူသားမျိုးနွယ်တွေဟာ ဖြစ်တည်မှုကွာာဟချက်ကြောင့် ရှင်သန်ရပ်တည်ဖို့ ရုန်းကန်ခဲ့ကြရတယ်။
“နတ်ဆိုးကြီးတွေက သူတို့ဘိုးဘေးသွေးဆက်အစွမ်းနဲ့ ခန္ဓာကိုယ်တောင့်တင်းတယ်၊ မှော်စွမ်းအားတွေပိုင်ဆိုင်ကြတယ်။ လောကကို လွှမ်းမိုးတယ်။
“လူသားတွေက အဲဒီ့နတ်ဆိုးတွေကိုကြောက်ရတယ်။ သတ်ဖြတ်မရနိုင်တဲ့ သဘာဝအန္တရာယ်တွေလို့ မြင်လာတယ်။ တစ်ဘက်မှာလည်း အဲဒီနတ်ဆိုးကြီးတွေကိုလည်း ပူဇော်ကြတယ်။ နတ်ဆိုးစွမ်းအားကို တောင့်တကြတယ်။
“ဒါကြောင့် ငါ့တို့ရှေးဟောင်းဘိုးဘေးတွေက နတ်ဆိုးသားရဲတွေဆီက မှော်ပညာတွေသင်ယူပြီး ကျင့်ကြံမှုနည်းလမ်းတွေ တီထွင်ခဲ့တယ်။ စိန်ခေါ်မှုတွေအများကြီး ဖြတ်ကျော်ပြီးတော့ နောက်ဆုံးမှာ တိုက်နယ်ရဲ့ ထိပ်ဆုံးမှာ ရပ်နိုင်တဲ့အခြေအနေကို ရောက်လာတယ်။ လူသားကမ္ဘာအသစ်ကို ဖန်တီးတယ်။ ရပ်တည်မှုခိုင်မာအောင် ဆက်လုပ်ကြတယ်”
“ဥပမာ လေ၊မိုး၊ မိုးကြိုးနဲ့ လျှပ်စီးဓာတ်သဘာဝတွေကိုကြည့်ပါ။ ရှေးခေတ်လူသားတွေဟာ သူတို့ကိုကြောက်တယ်။ ဒါပေမယ့် သူတို့ရဲ့အတုမဲ့သဘာဝစွမ်းအားကိုလည်း တောင့်တကြတယ်။
“အဲတော့ ရှေးဘိုးဘေးတွေက မိုးမြေကို မေးခွန်းထုတ်(စွမ်းအင်ကျင့်ကြံ)တယ်။ မိုးကြိုးလျှပ်စီးကို အာခံတယ်။ မုန်တိုင်းကြားမှာ ဉာဏ်အလင်းကိုရှာတယ်။ လူဟာ မြေနောက်ကိုလိုက်၊ မြေက ကောင်းကင်နောက်လိုက်။ ကောင်းကင်က တာအိုနောက်လိုက်၊ တာအိုက သဘောဝနောက်လိုက်တယ်တယ်ဆိုတဲ့ နိယာမတွေကို နားလည်လာတယ်။ တာအိုကျင့်စဉ်မျိုးစုံကို သဘောပေါက်လာတယ်။
“ညီမ သဘောပေါက်ရဲ့လား၊ တိုက်နယ်ပေါ်မှာ လွှမ်းမိုးနိုင်တဲ့ မျိုးနွယ်ဖြစ်လာဖို့အတွက် လူသားတွေမှာ အဲလို ဆန့်ကျင်ဘက်စိတ်ဓာတ်နှစ်ခုက မရှိမဖြစ်လိုအပ်တယ်”
“ပြီးတော့ ကောင်းကင်ရှိတယ်။ လူသားတွေက ကောင်းကင်ကို တောင့်တတယ်၊ ငှက်တွေလို ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်။ ကြောက်လည်းကြောက်ကြတယ်။ ကောင်းကင်ကို ထူးဆန်းပြီးအသိခက်တယ်လို့ ယူဆတယ်။ ဒီလိုဒွိဟစိတ်မျိုးဟာ ငါတို့သွေးထဲမှာ ကိန်းအောင်းနေတယ်။ မြင်သာသည်ဖြစ်စေ ပုန်းကွယ်နေသည်ဖြစ်စေ ဒါဟာ လူသားတိုင်းရဲ့ မွေးရာပါဗီဇစိတ်ပါပဲ”
လှေပျံပေါ်တွင် လုယန်က မတ်တပ်ရပ်၍ အာဘောင်အာရင်းသန်သန် လက်ဟန်ခြေဟန်သုံး၍ ပြောပြနေသည်။
ထောင်ယော်ယဲ့ ငြိမ်သက်စွာ တွေးနေပြီးနောက် စကားကြောရှည်နေသည့်လုယန်ကို စကားဖြတ်မေးသည်။
“ဒါဆို အဲဒီဗီဇစိတ်ကြောင့် ရှင်ကအမြင့်ကြောက်တတ်တာဆိုပါတော့”
“ဟုတ်တယ်”
“....”
တိမ်ကိုခွဲ၍ပျံသန်းနေသည့် လှေပျံအတွင်းခန်းတွင်ဖြစ်သည်။ လှေကိုယ်ထည်တွင် လေဟာနယ်မျှခြေထိန်းမှော်စက်ဝန်းများစွာ ရေးထွင်းထားသည်။ မုန်တိုင်းကြား၌ ဖြတ်သန်းနေလျှင်ပင် လှေထဲတွင်ရှိနေသူများအဖို့ ဘာမှခံစားရမည်မဟုတ်။
ကောင်းကင်က ကြည်လင်ရှင်းလင်းသည်။ ကုန်းပတ်ပေါ်နေရောင်ခံ၍ ရှုခင်းကြည့်ဖို့ အသင့်တော်ဆုံး ရာသီဥတုဖြစ်သည်။ ထောင်ယော်ယဲ့က ကုန်းပတ်ပေါ်တက်ကြည့်ဖို့ အကြံပြုသည်။ သို့သော် တာအိုကိုသာ စိတ်စွဲနေသည့် လုယန်က ပြတ်ပြတ်သားသားငြင်းသည်။
လုယန်စရိုက်ကို စိတ်ဝင်စားသည့် ထောင်ယော်ယဲ့က ဘာကြောင့် ကုန်းပတ်ပေါ်မတက်လိုသည်ကို အဆက်မပြတ်မေးခွန်းထုတ်သည်။ နောက်ဆုံးတွင် ရွေးစရာမရှိတော့သဖြင့် အမြင့်ကြောက်တတ်သည့်အဖြစ်ကို ရှေးဟောင်းသမိုင်းများမှ အစချီ၍ လုယန်ရှင်းပြရသည်။ သူ့အကြောက်တရားကို သမိုင်းအထောက်အထား ရာဇဝင်အကိုးအကားများဖြင့် ရှင်းပြသည်။ အမြင့်ကြောက်တတ်သည့်စိတ်သည် ကြောင်းကျိုးဆီလျော်၍ ရှေးကတည်းကဖြစ်တည်လာသည့် စိတ်သဘောတရားတစ်ခုဖြစ်သည်။ ခြုံငုံ၍ပြောရလျှင် လူသားမျိုးနွယ်တိုးတက်မှုအတွက် များစွာအကျိုးပြုသည့် အကြောင်းရှင်းတစ်ခုဖြစ်သည်။
သို့သော် ထောင်ယော်ယဲ့က သူ့စကားများကို တစ်လုံးမှမယုံကြည်ပါ။
***************************************************