ကြယ်ဓားမသေမျိုး
Vol. 2 Ch. 17
“စီနီယာလုက ဓားဝိညာဉ်မြစ်ပိုင်ရှင်နော်”
ထောင်ယော်ယဲက လုယန်၏ခါးမှဓားရှည်နှင့် အသားမာတက်နေသည့် လက်ဖဝါးများကိုကြည့်၍ မေးသည်။ တစ်နှစ်တာအတွင်း ဖြစ်ခဲ့သည့်အပြောင်းအလဲများက လုယန်ကို ဓားကျင့်ကြံသူဖြစ်ကြောင်း သက်သေခံနေသည်။
“ဓားကျင့်ကြံသူတစ်ယောက်သက်သက်ပါပဲ”
လုယန် ခေါင်းတစ်ချက်ငြိမ့်သည်။
ထူးခြားစွမ်းရည်များပေါ်မူတည်၍ ကျင့်ကြံသူများကို အမျိုးအစားခွဲခြားကြသည်။ တန်(ဆေး)၊ ဖူ(မှော်အဆောင်)၊ မှော်စက်ဝန်း၊ ခန္ဓာကိုယ်၊ ဓားကျင့်ကြံသူ စသဖြင့်ရှိသည်။ ဓားကျင့်ကြံသူများသည် တိုက်ခိုက်မှုစွမ်းအား အပြင်းထန်ဆုံးဖြစ်သည်။ အဆင့်တူချင်းချင်းတွင် ဓားကျင့်ကြံသူနှင့် ဘယ်သူမှရင်မဆိုင်ချင်ကြ။
“ဓားတစ်ချက်က်နှင့် အားလုံးကိုချိုးဖျက်သည်”ဟူသည့်စကားက နာမည်ကျော်သည်။ တစ်ဘက်ရန်သူ၏ ကျင့်စဉ်စွမ်းအား မည်မျှအဆင့်မြင့်သည်ဖြစ်စေ ဓားတစ်လက်ဖြင့် အားလုံးကိုချိုးဖျက်ပစ်နိုင်သည်။
ဓားကျင့်ကြံသူတို့နှင့် တန်းတူစွမ်းအားကြီးသူများမှာ နည်းဗျူဟာပညာရှင်များဖြစ်သည်။ ဓားရေးဘယ်လောက်ထက်ထက် ဗျူဟာမျိုးစုံသုံး၍ တန်ပြန်တိုက်ခိုက်နိုင်သည်ဟု ယုံကြည်ကြသည်။
ဓားကျင့်ကြံသူများကြားတွင် “ကောင်းကင်ကိုခွဲသည့်ဓား” “ဓားပျံပညာ” တို့သည် ဒဏ္ဍာရီဓားလေ့ကျင့်နည်းများဖြစ်သည်။
ဝတ်ရုံဖြူလူတစ်ယောက် ဓားပျံပေါ်ရပ်လျက် လေကိုထိုးခွဲ၍ပျံသန်းနေသည့်အဖြစ်ကို မြင်ယောင်ကြည့်ပါ။
ကျင့်ကြံသူများသည် စွမ်းအားသာမက ဟိတ်ဟန်ကိုလည်း လိုချင်ကြသည်။ ဓားကျင့်ကြံသူတို့သည် ထိုဟိတ်ဟန်နှင့်စွမ်းအား နှစ်မျိုးလုံး ပိုင်ဆိုင်သည်။ ထို့ကြောင့်လည်း လူတိုင်းက ဓားကျင့်ကြံသူ ဖြစ်လိုကြသည်။ သို့သော် ဓားတာအိုပါရမီမပါလျှင် ဓားကျင့်ကြံသူ ဖြစ်မလာနိုင်ပေ။
“ဒါဆို ဓားပျံပညာကျွမ်းကျင်ပြီးရင် အကိုလုဘာဆက်လုပ်မှာလဲ”
ထောင်ယော်ယဲ့ကမေးသည်။ အမြင့်ကြောက်တတ်သည့် ဓားကျင့်ကြံသူဟူ၍ သူတစ်ခါမှ မကြားဖူးသောကြောင့်ဖြစ်သည်။
တစ်ခြားလူများက ပျံသန်းဖို့ လေ့ကျင့်ကြသည်။ လုယန်က တတ်နိုင်သမျှ လေပေါ်မတက်ဖို့ ဆုံးဖြတ်ထာသည်။
လုယန် တည်ကြည်လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေသည်။
“ဓားမသေမျိုးတိုင်း ကောင်းကင်ကိုတက်စရာမလိုပါဘူး။ မြေဓားမသေမျိုးဆိုတာ ညီမကြားဖူးလား”
လုယန်မျက်နှာထားက လေးနက်သည့်အပြင် မြေမသေမျိုးဆိုသည့်အခေါ်အဝေါ်ကိုလည်း ရင်းနှီးနေသဖြင့် ထောင်ယော်ယဲ့ ခေါင်းငြိမ့်လိုက်သည်။
“မသေမျိုးတိုင်း အမြင့်တက်ရမယ်လို့ ဘယ်သူပြောလဲ။ မသေမျိုးဆိုတဲ့စကားမှာတောင် သေမျိုးဆိုတဲ့စကားက ပါနေတာပဲမဟုတ်လား။ မသေမျိုးတွေဟာ မိုးမြေကြားမှာ လှည့်လည်သွားတယ်။ ကြယ်တွေလတွေကို ဖမ်းဆုပ်နိုင်တယ်။ အနက်ရှိုင်းဆုံးချောက်နက်တွေထဲကို ထိုးဆင်းနိုင်တယ်။ အတားအဆီး အကန့်အသတ်ဆိုတာ မရှိဘူး။
“မြေဓားမသေမျိုးဆိုတဲ့စကားလုံးအရ မသေမျိုးဆိုတာ ကောင်းကင်မှာပဲ ပျံသန်းကြတာမဟုတ်ဘူး။ မြေပြင်မှာလည်း သွားလို့ရတယ်။ မိုင်တစ်ထောင်အကွာကနေ ဓားတစ်ချက်ဝင့်လိုက်တာနဲ့ နတ်ဆိုးတွေကို ခေါင်းဖြတ်နိုင်တယ်။ ကျုပ်ရည်ရွယ်ချက်က အဲလိုမြေဓားမသေမျိုးဖြစ်လာဖို့ပဲ”
ထောင်ယော်ယဲ့ ခေါင်းငြိမ့်ရန်ပြင်သည်။ သို့သော် မူမမှန်သည့်တစ်ချက်ကို ချက်ချင်းသဘောပေါက်လိုက်သည်။
“နေပါဦး။ မြေမသေမျိုးဆိုတာကိုတော့ ကြားဖူးပါတယ်။ မြေဓားမသေမျိုးဆိုတဲ့စကားက ဘယ်ကပေါ်လာတာလဲ”
လုယန် ထောင်ယော်ယဲ့ကို သုံးစက္ကန့်လောက် ငြိမ်သက်စွာကြည့်နေသည်။ ထို့နောက် ရှေးခေတ်လျှို့ဝှက်ချက်တစ်ခု ထုတ်ပြောသည့်လေသံဖြင့် ဖြေးညှင်းစွာပြောသည်။
“ကိုယ့်ဘာသာဖန်တီးလိုက်တာပါ”
“...”
အလွန်ရိုးသားလွန်းသည့် သဘောထားကြောင့် ထောင်ယော်ယဲ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။နောက်ထပ် ဆက်ပြောစရာမလိုတော့။ သုံးရက်အတွင်း လုယန်အပေါ် သူအထင်ကြီးထားခဲ့သမျှ အားလုံးတစ်စစီကြေမွသွားသည်။
ပထမစမ်းသပ်ပွဲတွင် လုယန်သည် ဓားဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်ကြောင်း သိခဲ့ရသည်။ ထိုစဉ်က လုယန်ကို ဖြောင့်မတ်တည်ကြည်သည့် စကားနည်း၍ စွမ်းရည်မြင့်သည့် လူတစ်ယောက်အဖြစ် သူမြင်ခဲ့သည်။
ဒုတိယစမ်းသပ်ပွဲပြီးချိန်တွင် လုယန်၏ ထူးခြားသည့် ချဉ်းကပ်ပုံကို သူသဘောကျခဲ့သည်။ နောင်တစ်ချိန် အောင်မြင်မှုများ ပို၍မြင့်မားလာမည့်လူဟု တွေးခဲ့သည်။
တတိယစမ်းသပ်ပွဲ တာအိုနှလုံးတောင်ကုန်းထိပ်နား အားအင်ကုန်ခမ်းနေချိန်၊ ဘယ်သူမှ လှေခါးထစ်ငါးဆယ်ထိ မတက်နိုင်လောက်ဟု ထင်နေချိန် လုယန်က ရောက်သွားသည်။ သူလည်း အားတက်လာပြီး ဆက်တက်၍ ပန်းဝင်ခဲ့သည်။
ယခု တစ်နှစ်ကြာပြီးနောက် ကြောက်စရာကောင်းသော်လည်း လေကြောအလွန်ရှည်သည့် အကိုလုနှင့် သူဆုံရသည်။ ”ဝေးတသသ”ဟူသည့်စကား၏ အဓိပ္ပါယ်စစ်ကို သူတကယ်သဘောပေါက်လာသည်။ (**အဝေးမှ မှန်းဆအထင်ကြီးရသည်က ပို၍ကောင်းသည်)
“ဆင်းဖို့အချိန်ကျပြီ”
လုယန် မြေပုံတစ်ခု ထုတ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၊ ရှားနိုင်ငံနန်းမြို့တော်နှင့် နာမည်ကျော် တောင်တန်းများ မြစ်များ မြို့တော်များ တော်ဝင်မြေများကို သေချာညွှန်ပြထားသည်။
အလယ်ပိုင်းတိုက်နယ်၏ ရှစ်ပုံတစ်ပုံကိုဖော်ပြထားသည့် မြေပုံဖြစ်သည်။
သေးငယ်သည့် အနီစက်လေးတစ်ခု မြေပုံပေါ်တွင် ဖြေးညှင်းစွာ ရွေ့လျားနေသည်။ သေချာမကြည့်လျှင် ရွေ့နေသည်ဟုပင် မထင်ရ။
ထိုအနီစက်က လက်ရှိသူတို့ရောက်နေသည့်နေရာကို ညွှန်ပြပေးနေသည်။ မြေပုံကလည်း သာမန်မြေပုံမဟုတ်။ ခရီးသွားမှော်မြေပုံဖြစ်သည်။ အသေးစိတ်ကျသည်ဆိုသော်လည်း ထိုင်ပင်ရွာလို အလွန်သေးငယ်သည့်နေရာကိုတော့ ပြမထား။ ချွီဟဲကောင်တီကို ပြထားသည်ကပင် အတော်ကျေးဇူးတင်သင့်သည်။
လှေပျံသည် ချွီဟဲကောင်တီလို နေရာငယ်များတွင် ရပ်နားလေ့မရှိ။ နေရာတိုင်းရပ်နေလျှင် ပျံသန်းသည့်အရှိန် များစွာလျော့ကျသွားမည်။ မြင်းရထားလောက်ပင် မြန်တော့မည်မဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်း၊ ချင်ယွမ်မြို့တော်၊ ထုန်တန်တောင်ကြား၊ ဖူလုန်တောင်၊ နန်းမြို့တော် စသည့် အဓိကနေရာကြီးများတွင်သာ ရပ်နားသည်။
လှေပျံပေါ်မှဆင်းလိုလျှင် ခုန်ဆင်းရုံသာဖြစ်သည်ဟု သူ့စီနီယာအမက ပြောဖူးသည်။ ထိုအချက်ကြောင့် သူမျက်ခုံးလှုပ်ရသည်။ သူ့အတိတ်ဘဝက လေယာဉ်များလိုပင် လှေပျံသွားနှုန်းက မယုံနိုင်လောက်အောက်မြန်သည်။ ခရီးတွင်ကျယ်မှုကို ဦးစားပေးသည်။ ကွားခြားချက် တစ်ခုသာသည်။ လေယာဉ်ခရီးသည်များက လေယာဉ်ဆင်းချိန်ကိုစောင့်ပြီးမှ လေယာဉ်ပေါ်မှ ဆင်းရသည်။ ကျင့်ကြံသူလောက လှေပျံခရီးသည်များက ကိုယ်ဆင်းလိုသည့်နေရာတွင် လွတ်လပ်စွာ ခုန်ချကြသည်။
ယခုတစ်ကြိမ်သည် လုယန်ပထမဆုံး ခုန်ချသည့်အကြိမ်ဖြစ်၍ အတော်စိတ်လှုပ်ရှားနေသည်။ ခြေထောက်များတုန်ရင်နေသည်။ မည်သို့ဆိုစေ လှေပျံက အမြင့်မီတာတစ်သောင်းအထက်တွင် ပျံသန်းနေခြင်းဖြစ်သည်။
“လှေပေါ်က ဘယ်လိုဆင်းရမလဲဆိုတာရော သိရဲ့လား အကိုလု”
“သိပါတယ်”
လုယန် ရင်ကော့၍ဖြေလိုက်သည်။ ပေတစ်သောင်းအမြင့်မှ ထိုအတိုင်းခုန်ဆင်းလျှင် အခြေတည်နောက်ဆုံးအဆင့် ကျင့်ကြံသူပင် အသားပုံဘဝရောက်သွားမည်။
သူ့စီနီယာယွမ်ကျိကို လှေပျံပေါ်မှဆင်းသည့်နည်းလမ်း မေးကြည့်ခဲ့သည်။ ယွမ်ကျိကပြောမပြ။ စာအုပ်များကို မကိုးကားဖို့ တစ်ခြားလူများကိုလည်းမမေးဖို့ ကိုယ့်ဘာသာလွတ်လပ်စွာတွေးခေါ်သည့်အကျင့်ကို မွေးမြူဖို့ ယွမ်ကျိက ပြောသည်။ ထို့ကြောင့် လှေပျံပေါ်မှဆင်းသည့်နည်းကို လုယန် ကိုယ့်ဘာသာကြံစည်တွေးတော၍ ပြင်ဆင်ခဲ့သည်။
ထောင်ယော်ယဲ့အပါအဝင် တစ်ခြားလူစိမ်းများလည်း လှေပျံပေါ်မှဆင်းရန် ပြင်ဆင်ကြသည်။ ကုန်းပတ်ပေါ်တွင် တန်းစီရပ်နေကြသည်။ လူစိမ်းများက စက္ကူထီးကိုယ်စီ ဆွဲကိုင်ကြသည်။ ထောင်ယော်ယဲ့လည်း သေချာပြင်ဆင်ထားသည့် အနီရောင်စက္ကူထီးတစ်ခု ကိုင်လိုက်သည်။
လုယန်က လေထီးတစ်ခု ဆွဲထုတ်လိုက်သည်။
သူနည်းနည်းကြောင်တက်တက်ဖြစ်သွားသည်။ ဘာကြောင့် တစ်ခြားလူများပြင်ဆင်ထားသည်က သူနှင့်ကွဲပြားနေသည်မသိ။
သူကြည့်နေစဉ်မှာပင် ဝတ်ရုံနက်ဝတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ထီးကိုင်၍ ခုန်ချသွားသည်။ ကျသည့်အရှိန်က မြန်လွန်းသည်။ သို့သော် ထိုလူက တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ထီးထဲသို့ ဝိညာဉ်စွမ်းအင်ပို့လွှတ်သည်။ ထီးကိုင်းတံများပတ်လည်တွင် မြွေနှင့်တူသည် အစိမ်းရောင်အလင်းများ ရစ်ခွေဖုံးအုပ်သွားသည်။
ထီးက အသက်ဝင်သကဲ့သို့ ကားထွက်လာသည်။ အောက်သို့ကျသည့်အရှိန်လည်း ချက်ချင်းနှေးသွားသည်.။ နောက်ဆုံးတွင် မြေပေါ်သို့ ညင်သာစွာကျသွားသည်။ ထို့နောက် ထီးကိုလွှတ်လိုက်သည်။ ထီးက အလင်းတန်းအဖြစ်ပြောင်း၍ လှေပျံပေါ် ပြန်ရောက်လာသည်။
အမှန်တော့ ထိုထီးများသည် ပုဂ္ဂလိကပိုင်ပစ္စည်းများမဟုတ်။ လှေပျံက ခဏငှားခြင်းသာဖြစ်သည်။
လူစိမ်းတစ်ချို့နှင့် ထောင်ယော်ယဲ့တို့ နားမလည်သည့်မျက်လုံးများဖြင့် လုယန်ကိုလှည့်ကြည့်လာသည်။ အားလုံးက ထီးကိုင်ထားချိန်တွင် လုယန်က အိတ်တစ်လုံးကိုင်ထားသည်။
မျက်နှာတွင် တည်ငြိမ်သည့်အပြုံးမျိုး ရှိနေသော်လည်း လုယန်၏အတွင်းစိတ်များက ယောက်ယက်ခတ်နေသည်။ ဘယ်ကစပြောရမှန်းမသိ။
သူအတွေးအားလုံး ဝါကျတစ်ကြောင်းတည်းအဖြစ် စုစည်းလာသည်။
စီနီယာယွမ်ကျိ သူ့ကို လမ်းညွှန်ပုံ မှားနေသည်။
**********************************************