နတ်ဆိုးငှက်
Vol. 2 Ch. 18
ကျင့်ကြံသူလောကအကြောင်း လုယန်သိပ်မသိခဲ့။ ဂိုဏ်းထဲမဝင်မီက ပုံပြောဆရာများထံမှ ကြားဖူးသည့်အသိများသာရှိသည်။ ဂိုဏ်းထဲရောက်ပြီးနောက် သူ့အသိဗဟုသုတများ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာသည်။ သို့သော် သူဖတ်ခဲ့သည့်စာအုပ်များတွင် အလွန်အခြေခံကျသည့် “လှေပျံပေါ်မှ ဆင်းနည်း”ဟူ၍မပါ။ ဘယ်သူမှလည်း ထိုအကြောင်းကို ရေးပြနေမည်မဟုတ်။
ကျင့်ကြံသူမိသားစုတွင် ကြီးပြင်းလာသူဖြစ်သည့် ထောင်ယော်ယဲ့လောက် ကျင့်စဉ်လောကဗဟုသုတများအကြောင်း သူသိပ်မသိ။
လှေပျံများအကြောင်းလည်း သူသိပ်မသိ။ ထိုလှေပျံများသည် ရွှေစီးပွာနယ်မြေ၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း၊ ဆင်းလိုလျှင် ခုန်ဆင်းရမည်ဖြစ်ကြောင်းလောက်သာသိသည်။ နည်းလမ်းအတိအကျ သူမသိ။
လှေပျံများသည် နှစ်စဉ်အမြတ်အစွန်းများစွာရသည်။ သို့သော် ထိုလုပ်ငန်းသည် ရွှေစီးပွားနယ်မြေ၏ လုပ်ငန်းခွဲလေးတစ်ခုသာဖြစ်သည်။ အလယ်ပိုင်းတိုက်နယ်တွင် အကြီးဆုံးစီးပွားရေးအဖွဲ့အစည်းဖြစ်သည့် ရွှေစီးပွားနယ်မြေသည် ထူးဆန်းသည့်နောက်ခံနှင့် ရတနာများစွာ ပိုင်ဆိုင်ထားသည်။ ဝိညာဉ်ကျောက်တုံးလုံလောက်အောင်ရှိလျှင် ဘာမဆိုဝယ်နိင်သည်။ ရွှေဗုဒ္ဓနယ်မြေမှ ဒဏ္ဍာရီအမွေအနှစ်ပစ္စည်းများ၊ နတ်ဆိုးနယ်မြေမှ တော်ဝင်အရိုးများ၊ ပုံပြင်ထဲမှာသာကြားဖူးသည် ကောင်းကင်သစ်သီးများကိုပင် ဝယ်ယူနိုင်သည်။
ရွှေစီးပွားနယ်မြေထံ အကြွေးတင်လျှင် သို့မဟုတ် သူတို့ထံမှ ပစ္စည်းကိုခိုးယူလျှင် စွမ်းအားမြင့်ကျင့်ကြံသူများပင် လောကမှပျောက်ကွယ်သွားသည့် သာဓကများရှိခဲ့သည်။
လေဟာနယ်စွမ်းအား ကျွမ်းကျင်သည့် “သူခိုးဘုရင်”ဟူသည့် ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးသည်။ တစ်ခြားလူများ၏ လေဟာနယ်ရတနာတိုက်များကို ခိုင်းယူနိုင်သူဖြစ်သည်။ အနီးအဝေးဆိုသည်မှာ သူ့အတွက်အဓိပ္ပါယ်မရှိ။ တောင်တန်းနှင့်မြစ်ချောင်းထောင်ချီကို ခြေတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်နိုင်သည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများထံမှပင် ပစ္စည်းများခိုးယူခဲ့သည်။
“ရွှေစီးပွားနယ်မြေမှ ပစ္စည်းမခိုးရ”ဟူသည့် စည်းမျဉ်းကို သူခိုးအဝိုင်းအဝန်းတွင် ဘယ်သူမှမပြောဘဲ လိုက်နာရသည်။ အစက ထိုသူခိုးဘုရင်လည်း ထိုစည်းမျဉ်းကို လိုက်နာပါသည်။ သို့သော် သူ့နာမည်ကျော်ကြားလာပြီး အဆင့်မြင့်ကျင့်ကြံသူများပင် သူ့ကိုမဖမ်းနိုင်ဘဲဖြစ်လာသဖြင့် သူ့ကိုယ်သူ သွေးနားထင်ရောက်ပြီး စည်းမျဉ်းဟောင်းကို ဖောက်ဖျက်ချင်လာသည်။
တစ်ညတွင် ရွှေစီးပွားနယ်မြေမှ ရတနာတစ်ခုကို ခိုးယူမည်ဟု သူအတိအလင်းကြေငြာခဲ့သည်။ အားလုံးက ထိုသူခိုးနှင့် ရွှေစီးပွားနယ်မြေကြား ပြဿနာဖြစ်တော့မည်ဟု ခန့်မှန်းမိကြသည်။ သို့သော် အံ့ဩစရာကောင်းသည်။ ထိုညက ဘာမှမဖြစ်ခဲ့။ နောက်ထပ်လည်း ထိုသူခိုးဘုရင်အကြောင်း မကြားရတော့။
လုယန် ခဏသာ အနေခက်သည်။ လှေပေါ်မှဆင်းသည့်အချိန်တွင် ဘယ်သူမှသူ့ကို အရေးမစိုက်အားကြတော့။
ထီးကိုယ်စီဖွင့်၍ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားသည်။ လုယန်နှင့် ထောင်ယော်ယဲ့တို့လည်း နောက်မှလိုက်ဆင်းကြသည်။ ကောင်းကင်တွင် ထီးကိုင်၍ဆင်းလာသူများကို အဝေးမှကြည့်လျှင် နှမ်းစေ့အရွယ်သာရှိသည်။ လုယန်က နောက်ကျောမှ ကြိုးကိုဆွဲလိုက်ချိန်တွင် လေထီးက “ဝုန်းခနဲ”ပွင့်သွားသည်။ သူ့ပုံစံက ကောင်းကင်အမြင့်တွင် ထူးထူးခြားခြား ပေါ်လွင်နေသည်။
ပုံမှန်အားဖြင့် ထိုမျှအမြင့်မှ ခုန်ဆင်းရလျှင် သူအတော်ကြောက်နေမည်ဖြစ်သည်။ သို့သော်ယခု ထိုအတွေးမျိုးမတွေးနိုင်။
အများကြားတွင် ရှက်စရာကောင်းသည်။
ခရီးဦးတည်ရာမတူကြသာ တော်သေးသည်။ လုယန်နှင့်ထောင်ယော်ယဲ့တို့က ထိုင်ပင်ရွာဆီသွားသည်။
စောင့်မျှော်နေသည့်ရွာလူကြီးက သူတို့ကို ဝမ်းပန်းတသာကြိုဆိုသည်။
“မသေမျိုးသခင်တို့ ရောက်လာကြပြီလား။ လှေပျံပေါ်က သခင်တို့ဆင်းလာတဲ့ပုံက တကယ်အံ့ဩစရာကောင်းတာပဲ”
“ကျုပ်နာမည် လုယန်ပါ။ သူက ထောင်ယော်ယဲ့ပါ။ ကျုပ်တို့နှစ်ယောက်လုံး တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တပည့်တွေပါ။ ကျုပ်တို့မစ်ရှင်အတွက် နတ်ဆိုးငှက်အကြောင်းကိုဖော်ပြထားတာ သိပ်ပြီးမတိကျဘူး။ ခင်ဗျားဆီကနေ တိုက်ရိုက်ကြားချင်ပါတယ်”
အစက အဆင့်မြင့်အရာရှိများကို ဧည့်ခံသည့်ထုံးစံအတိုင်း ရွာလူကြီးက အကျွေးအမွေး စားသောက်ပွဲဖြင့် ဧည့်ခံရန် ပြင်ဆင်ထားသည်။ သို့သော် လုယန်တို့က လုပ်ငန်းအကြောင်းသာတန်းပြောသဖြင့် ဂိုဏ်းတပည့်တို့၏စည်းကမ်းရှိပုံကို ရွာလူကြီး အတော်လေးစားသွားသည်။
ရွာလူကြီးသည် ချီစုစည်းခြင်းထိပ်တန်းအဆင့်ဖြစ်ကြောင်း ထောင်ယော်ယဲ့ သတိထားမိသည်။ အစောပိုင်းလေ့ကျင့်မှုက သိပ်အဆင်ပြေခဲ့ပုံမပေါ်။ ဝိညာဉ်စွမ်းအင်ထဲတွင် မသန့်စင်သည့်စွမ်းအင်ရောင်များစွာ ကျန်နေသည်။ အခြေတည်ဆောက်အဆင့်သို့ ဆက်တက်နိုင်မည့်ပုံမရှိ။ သာမန်ကျင့်ကြံသူသာဖြစ်သည်။
နတ်ဆိုးငှက်အကြောင်းမေးသည်နှင့် ရွာလူကြီး အခက်တွေ့သည့်အမူအရာမျိုး ဖြစ်လာသည်။ ထိုင်ပင်ရွာသည် အပြင်လောကနှင့် သိပ်အဆက်အစပ်မရှိတော့။ နတ်ဆိုးငှက်သတင်းကြောင့် ခရီးသွားကုန်သည်များပင် ကြောက်ရွံ့သွားကြသည်။
လွန်ခဲ့သည့် ရက်နှစ်ဆယ်က ထိုအဖြစ်အပျက်ကို ချွီဟဲကောင်တီအာဏာပိုင်များထံ သူသတင်းပို့ခဲ့သည်။ သို့သော် လူသားများကို ဒုက္ခပေးသည့်ငှက်နတ်ဆိုးမဟုတ်သဖြင့် ဘာမှကူညီမပေးကြ။ ဆက်၍စောင့်ကြည့်ပြီး လူအင်အားပိုလျှံချိန်မှသာ လူလွှတ်ဖြေရှင်းပေးမည်ဟုဆိုသည်။
“လွန်ခဲ့တဲ့ရက်နှစ်ဆယ်က အပ်ချုပ်သမားဖုန် အော်ဟစ်ပြီးပြေးလာတယ်။ သူတို့အိမ်ကို ကြောက်စရာကောင်းတဲ့ လူသားစားနတ်ဆိုးတစ်ကောင် ရောက်လာတယ်တဲ့။ ဒီသတင်းကြောင့် အိမ်နီးချင်းတွေလည်း လန့်ဖျတ်သွားကြတယ်။ လူသားစားနတ်ဆိုးဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူးလေ။ ထိုင်ပင်ရွာမှာ ကျင့်ကြံသူသုံးဆယ်လောက်ရှိတယ်။ ရွာလူကြီးဖြစ်တဲ့ကျုပ်က ကျင့်စဉ်အဆင့်အမြင့်ဆုံးဆိုတော့ အပ်ချုပ်သမားဖုန်တို့လူစု ကျုပ်ဆီရောက်လာတယ်။
“နတ်ဆိုးကို မသတ်ခင် အခြေအနေကိုသေချာနားလည်ချင်လို့ ဖုန်မျိုးရိုးကိုကျုပ်မေးတယ်။ လူသားစားနတ်ဆိုးလို့ပြောရအောင် အဲဒီ့နတ်ဆိုးက ဘယ်သူ့ကိုစားတာလဲပေါ့”
လူသားစားသည့်နတ်ဆိုးနှင့်မစားသည့်နတ်ဆိုး ကွာခြားချက်များစွာရှိသည်။ ဝိညာဉ်စွမ်းအင်အပြည့်ဆုံးဖြစ်သည့် လူသားများကို စားဖူးလျှင် ထိုအရသာကို စွဲလန်းသွားတတ်သည်။ နောက်ထပ် လူသားများကို အမဲလိုက်ရန် ကြိုစားလာလျှင် ထိုဒေသအန္တရာယ်ကျလာမည်။
“ဘယ်သူ့ကိုစားမှန်းတော့ ဖုန်မျိုးရိုးက မသိဘူး။ ဒါပေမယ့် လူသားစားထားတာတော့ သေချာတယ်တဲ့။ အဲဒီ့နတ်ဆိုးက လူစကားပြောတယ်တဲ့လေ”
မှန်သည်။ သေမျိုးလောက ကောလဟာလထဲတွင် နတ်ဆိုးများသည် လူသားစားပြီးလျှင် လူအဖြစ်အသွင်ပြောင်း၍ လူစကားပြောနိုင်စွမ်းရှိလာသည်ဟု ဆိုကြသည်။ သို့သော် တမင်ချဲ့ကားပြောကြခြင်းသာဖြစ်သည်။
နတ်ဆိုးတစ်ကောင် လူစကားပြောနိုင်ဖို့ လည်ချောင်းထဲမှ အသံအိုးအရိုးကို သန့်စင်ရသည်။ ချီစုစည်းခြင်း နောက်ဆုံးအဆင့်ရောက်မှသာ ထိုသို့လုပ်နိုင်သည်။
“အစကတော့ လမ်းပျောက်တဲ့ငှက်တစ်ကောင် သူ့ဆီရောက်လာတယ်လို့ ဖုန်မျိုးရိုးက ထင်တာတဲ့။ မလှုပ်မယှက် သူအပ်ချုပ်တာကို ကြည့်နေတယ်။ နောက်တော့ ရုတ်တရက် အဲဒီ့ငှက်က လူစကားပြောလာလို့ သူ့ဆိုင်ကနေ ထွက်ပြေးလာတာပါ။
“သူ့ပြောတဲ့စကားက မရေမရာမို့ ကျုပ်ကိုယ်တိုင် နတ်ဆိုးငှက်ဆီ တိတ်တဆိတ် သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျန်တဲ့လူတွေကို အဝေးမှာစောင့်ခိုင်းတယ်။ အဲဒီ့အချိန်ကျမှ ကျုပ်သေချာမြင်ခဲ့တာပါ။
“နတ်ဆိုးငှက်ရဲ့ အမွှေးအတောင်တွေက တောက်ပြောင်နေတယ်။ မျက်လုံးပတ်လည်မှာ အနီရောင်အမွှေးတွေရှိတယ်။ သာမန်ငှက်မဟုတ်တာ သေချာတယ်။ သာမန်ငှက်ဆိုရင် ဒီလိုအတင့်ရဲမှာမဟုတ်ဘူး။
“နတ်ဆိုးငှက်က ကျုပ်ကိုအရေးတကြီးလေသံနဲ့မေးတယ်။ မင်းဘယ်သူလဲ၊ ကျန်းကွမ်ကျားကဘယ်မှာလဲတဲ့။
“ကျုပ်တွေးရခက်သွားတယ်။ ကျန်းကွမ်ကျားဆိုတာ ကျုပ်တို့ရွာက ကျင့်ကြံသူတစ်ယောက်ပါ။ ချီစုစည်းခြင်းတတိယအဆင့်ရှိတယ်။ ဘာမှထူးထူးခြားခြားရယ်လို့မဟုတ်ပါဘူး။ နတ်ဆိုးတစ်ကောင်နဲ့ ဆက်စပ်မှုရှိနေတာ ထူးဆန်းနေတယ်လို့ ကျုပ်တွေးမိတယ်။
“ကျုပ်လည်း ခြိမ်းခြောက်တဲ့ပုံစံမျိုးမဟုတ်ဘဲ ယဉ်ယဉ်ကျေးကျေးပြန်မေးတယ်။ မဟာနတ်ဆိုးသခင်က ကျန်းကွမ်ကျားကို ဘာလို့ရှာတာလဲခင်ဗျာလို့ပေါ့။
“နတ်ဆိုးငှက်က ပြန်မဖြေဘဲ တောင်ပံတဖျတ်ဖျတ်ခတ်ပြီး အပ်ချုပ်ဆိုင်ကနေ ပျံထွက်သွားတယ်ဗျ။ အဲဒီ့ကတည်းက ဒီနတ်ဆိုးငှက် ထိုင်ပင်ရွာပတ်လည်မှာ ပျံဝဲနေတာပါပဲ။ ကောက်ပဲသီးနှံတွေစားတယ်။ လူစကားပြောတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးသေးပေမယ့် ဒီနတ်ဆိုးကိုမြင်ရုံနဲ့တင် သေမျိုးတွေက ကြောက်လန့်နေကြပါတယ်။ ဒီတော့ ဒီရက်ပိုင်း အားလုံး ကျီးလန့်စာစား နေကြရတာပေါ့။ နတ်ဆိုးငှက် ရုတ်တရက် စိတ်ထဖောက်ပြီး ကျုပ်တို့ကိုကိုက်စားမှာ စိုးရိမ်တယ်လေ”
“အဲဒီ့နတ်ဆိုးငှက်နဲ့ ခင်ဗျားတိုက်ခိုက်ကြည့်ပြီးပြီလား။ သူ့စွမ်းအားက ဘယ်လိုရှိလဲ”
လုယန် စူးစမ်းကြည့်သည်။
ရွာလူကြီး ခေါင်းခါသည်။
“ဒီနတ်ဆိုးငှက်က ဖမ်းရခက်တယ်။ ကောင်းကင်မှာပဲ အမြဲနေတာ။ ခြေရာခံဖို့ မလွယ်ဘူး။ ပြီးတော့ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကိုလည်း ကျုပ်မခန့်မှန်းနိုင်ဘူး။ ဒီတော့ အနည်းဆုံး ကျုပ်နဲ့အဆင့်တူ ချီစုစည်းမှုသတ္တမအဆင့်လောက် ရှိမယ်ထင်တယ်။ လူတွေကိုဒုက္ခမပေးဘဲနဲ့ ကျုပ်ဘက်က အတင်းသွားတိုက်ခိုက်မယ်ဆိုရင်လည်း သူ့ဒေါသကို သွားဆွသလိုဖြစ်မှာ စိုးရိမ်တယ်လေ”
လုယန် ခေါင်းငြိမ့်လိုက်သည်။ ရွာလူကြီး သတိဖြင့်တွေးတွေးဆဆလုပ်ခဲ့သည်ကို သူနားလည်သည်။
*****************************************************