← Chapters

သရုပ်မှန်

Vol. 2 Ch. 19

သရုပ်မှန်

Vol. 2 Ch. 19

“နတ်ဆိုးငှက်က ကျန်းကွမ်ကျားကို ရှာနေတာဆိုတော့ သူတို့ချင်းတွေ့ပေးဖို့ စီစဉ်ကြည့်သေးလား”

ထောင်ယော်ယဲ့က မေးသည်။

ရွာလူကြီး သက်ပြင်းလေးပင်စွာ ချလိုက်သည်။

“စီစဉ်ပေးစရာမလိုတော့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီ့နတ်ဆိုးငှက်က ကျန်းကွမ်ကျားအိမ်ကို သွားတယ်။ ကျန်းကွမ်ကျားကိုကြည့်ပြီး “နတ်ဆိုး” “နတ်ဆိုး”လို့အော်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ ပျံထွက်လာပြီး တစ်ခြားအိမ်တစ်လုံးကို ကူးသွားတယ်။ ကျုပ်တို့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန် အခု သခင်တို့နှစ်ယောက် ရောက်လာတာပါပဲ”

ထောင်ယော်ယဲ့ ခဏစဉ်းစားသည်။

“ကျန်းကွမ်ကျားက နတ်ဆိုးဖြစ်နေလို့များလား။ ဒါကြောင့် နတ်ဆိုးငှက်က သူ့ကိုသတိထားဖို့ သတိပေးချင်တာဖြစ်မလား”

နတ်ဆိုးမျိုးနွယ်ထဲတွင် စိတ်ကောင်းနှလုံးကောင်းရှိသူများ အမှန်တကယ်ရှိပါသည်။ လူသားအသွင်ဖြင့် သို့မဟုတ် သူတို့ပင်ကိုယ်ပုံစံဖြင့် ဖြစ်လာမည့် ဘေးအန္တရာယ်များကို သတိပေးတတ်သည်။ ဥပမာ နတ်ဆိုးဘုရင် ကျူးယန်ကို ဒဏ္ဍာရီထဲတွင် ကပ်ဆိုးဖန်တီးသူအဖြစ် နားလည်မှုလွဲကြသည်။ အမှန်အားဖြင့် ကျူးယန်က နတ်ဆိုးနယ်မြေမှ အလယ်ပိုင်းတိုက်နယ်သို့ လူသားမျိုးနွယ်များအား စေတနာဖြင့် သတိပေးရန်လာခြင်းဖြစ်သည်။ အထင်လွဲမှားရသည့်ကိစ္စတွင် ကျူးယန်၏ ချို့ယွင်းချက်လည်းရှိပါသည်။ လူသားများကြောက်ရွံ့မည်စိုးသဖြင့် သူစကားမပြောခြင်းဖြစ်သည်။

စကားလည်းမပြော ရုပ်သွင်ကလည်းကြမ်းတမ်းသဖြင့် စိတ်ထားကောင်းသည့်နတ်ဆိုးအဖြစ် လူသားတို့ ယုံကြည်ဖို့ခက်ခဲသွားသည်။ ယခု ဤငှက်နတ်ဆိုးလုပ်နေသည်ကလည်း ကျန်းကွမ်ကျားသည် အသွင်ပြောင်းနတ်ဆိုးဖြစ်ကြောင်း ထိုင်ပင်ရွာသားများကို သတိပေးနေခြင်း ဖြစ်နိုင်သည်။

တာအိုလမ်းစဉ်ဂိုဏ်းမှ မသေမျိုးမိန်းမလှ၏စကားအား ဆန့်ကျင်ရမည်ကို ရွာလူကြီး နည်းနည်းအားနာနေသည်။ သို့သော် ကျန်းကွမ်ကျားအား နတ်ဆိုးအဖြစ် မှားယွင်းစွပ်စွဲမိမည်ကိုလည်း စိုးရိမ်သည်။

“ကျန်းကွမ်ကျားဟာ ငယ်ကတည်းက ဒီရွာမှာပဲကြီးပြင်းလာတာပါ။ ဒါကို ရွာကအကြီးအကဲတွေ သက်သေခံနိုင်ပါတယ်။ သူ့မှာ ကျန်းကွမ်ယိနဲ့ ကျန်းကွမ်ပင်ဆိုတဲ့ ညီအကိုနှစ်ယောက်ရှိပါတယ်။ ညီအကိုချင်းလည်း အတော်ရင်းနှီးကြပါတယ်။ အခု ကျန်းကွမ်ကျားက ကိုယ်ပိုင်ကျောင်းတစ်ခု ထောင်ထားတယ်။ ကလေးတွေကို ကွမ်ဖြူးရှပ်စာပေနဲ့ ကျင့်ကြံမှုနည်းလမ်းတွေသင်ပါတယ်။ ထိုင်ပင်ရွာရဲ့ ရှားပါးဆရာတွေထဲကတစ်ယောက်ပါပဲ။ သူ့ကိုသာ နတ်ဆိုးလို့ပြောမယ်ဆိုရင်....”

သို့သော် ထောင်ယော်ယဲ့က သူ့စကားကို လက်မခံ။

“နတ်ဆိုးတွေဟာ သက်တမ်းရှည်တယ်။ အတော်များများက တစ်နေရာမှာ နှစ်ပေါင်းဆယ်ချီနေပြီး တဖြေးဖြေးအသက်ကြီးလာတဲ့ပုံမျိုး ဟန်ဆောင်တတ်တယ်။ လူသားတွေနဲ့ရောနှောနေတယ်။ နေရတာ ငြီးငွေ့လာပြီဆိုရင် သေသွားသလိုဟန်ဆောင်ပြီး နေရာတစ်ခု အသစ်ပြောင်းတယ်”

ရွာလူကြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ ဘယ်လိုတုံ့ပြန်ရမည်မသိတော့။ သူ့အသိဗဟုသုတက ထောင်ယော်ယဲ့ကိုမမီ။

လုယန် ခေါင်းကိုငြင်သာစွာခါယမ်း၍ ထောင်ယော်ယဲ့သုံးသပ်ချက်မှ ချွင်းချက်တစ်ခု ထောက်ပြသည်။

“ကျန်းကွမ်ကျားသာ နတ်ဆိုးဆိုရင် အသွင်ပြောင်းထားတဲ့ အဆင့်မြင့်နတ်ဆိုးပဲဖြစ်မယ်။ ဒီလို နတ်ဆိုးကြီးတစ်ကောင်က နတ်ဆိုးငှက်လေးတစ်ကောင်ကို ဘာလို့သည်းခံနေမှာလဲ။ အဲဒီ့ငှက် သူ့ကိုဖော်ကောင်မလုပ်ခင် သတ်ပစ်မှာပေါ့”

ထောင်ယော်ယဲ့ မငြင်းပါ။ လုယန်စကားက ကြောင်းကျိုးဆီလျော်နေသည်။

လုယန်ထရပ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် အဲဒီ့ကျန်းကွမ်ကျားကိုတော့ ကျုပ်တို့သွားတွေ့သင့်တယ်”

“ကြွပါ မသေမျိုးသခင်”

ရွာလူကြီးက အမြန်ဦးဆောင်ခေါ်သွားသည်။

လမ်းတွင် လုယန်က ရွာလူကြီး၏အခေါ်အဝေါ်ကို ပြင်ပေးသည်။

“ကျုပ်တို့အားလုံး မသေမျိုးအဖြစ်ကိုရဖို့ ကျင့်ကြံနေတဲ့လူတွေချည်းပါပဲ။ ကျုပ်တို့လို အခြေတည်အဆင့်မပြောနဲ့။ မသေမျိုးဘဝနဲ့ အနီးဆုံးဖြစ်တဲ့ ဝိညာဉ်ပေါင်းအဆင့်တို့ ကူးဖြတ်ခြင်းအဆင့်တို့ ရောက်နေသူတွေတောင် မသေမျိုးသခင်လို့ ခေါ်လို့မရပါဘူး။ ကျုပ်တို့ကို တာအိုရှင်လို့ပဲခေါ်ပါ”

ရွာလူကြီး တောင်းပန်သည့်အပြုံးမျိုး ပြုံးလိုက်သည်။ လုယန်တို့နှစ်ယောက်ကို သာမန်အခြေတည်အဆင့်နှစ်ယောက်လို သူမဆက်ဆံရဲ။ အခြေတည်အဆင့်မှ ရွှေသန္ဓေအဆင့်သို့တက်နိုင်သူ ဆယ်ယောက်တွင် တစ်ယောက်ပင်မရှိ။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသားများသည် ရွှေသန္ဓေအဆင့်သို့ ရောက်နိုင်ဖို့ သေချာသလောက်ရှိသည်။ အနာဂတ်တိုးတက်လမ်းများ စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားသည်။

“ဒါက လူတစ်ယောက် မသေမျိုးဖြစ်တာမဖြစ်တာနဲ့ မဆိုင်ပါဘူး။ မသေမျိုးတွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေက ဝိုးတဝါးပါပဲ”

လုယန် ဘာမှထပ်မပြောတော့။

မကြာမီ ကျန်းကွမ်ကျား၏အိမ်သို့ သူတို့သုံးယောက် ရောက်လာသည်။

“လောင်ကျန်း၊ ဧည့်သည်လာတယ်။ တံခါးဖွင့်ပါဦး”

သစ်သားတံခါးပွင့်သွားသည်။ ကျောက်ရုပ်မျက်နှာနှင့်် ကျန်းကွမ်ကျား ရပ်နေသည်။

“ကျုပ်မိတ်ဆက်ပေးမယ်။ ဒီနှစ်ယောက်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့်တွေပဲ။ နတ်ဆိုးငှက်ကိစ္စ ကူညီဖို့ရောက်လာတာပါ”

တာအိုလမ်းစဉ်ဂိုဏ်းဟုကြားသည်နှင့် ကျန်းကွမ်ကျား အမူအရာချက်ချင်းပြောင်းသွားသည်။ စိတ်ပျက်လက်ပျက်လေသံဖြင့်

“ကျုပ်တကယ် နတ်ဆိုးမဟုတ်ပါဘူး။ ဟိုငှက်ပြောတိုင်း ယုံလို့မရဘူးလေ။ ဟိုငှက်က “ဘိုးဘိုး၊ အတူလာကစားပါဦး”လို့လည်း အော်ခဲ့သားပဲ။ အဘိုးအိုသုံးလေးယောက်လောက် သူနဲ့ကစားဖို့ ပို့ပေးလိုက်ကြပါလား”

“ကျုပ်တို့က ဖြတ်သွားရင်းလမ်းကြုံလို့ ဝင်လာတာပါ”

ရွာလူကြီးက အားတုံ့အားနာဟန်ဖြင့် ရယ်၍ပြောသည်။

အားလုံး‌လေးစားရသည့် ရွာလူကြီးစကားကြောင့် ကျန်းကွမ်ကျား သူတို့သုံးယောက်ကို အိမ်ထဲသို့ဖိတ်ခေါ်လိုက်ရသည်။

ကျန်းကွမ်ကျား၏အိမ်က နှစ်ထပ်ဖြစ်သည်။ တစ်ကိုယ်တော်သမားအတွက် နေရာကကျယ်လွန်းသည်။

အသက်လေးဆယ်နီးပါးရှိသော်လည်း ကျန်းကွမ်ကျားက အိမ်ထောင်မပြု။

ပြောကြသည့်စကားက နတ်ဆိုးငှက်ကိစ္စဆီသို့သာ ပြန်ရောက်သွားသည်။ ကျန်းကွမ်ကျားက မကျေမနပ်လေသံဖြင့်

“အဲဒီ့နတ်ဆိုးငှက်ကို အရင်က ကျုပ်တစ်ခါမှမမြင်ဖူးဘူး။ ကျုပ်နာမည်ကို ဘာလို့ခေါ်နေသလဲ မသိတော့ပါဘူး။ ကျုပ်တစ်သက် ထိုင်ပင်ရွာက တစ်ခါမှထွက်မသွားဖူးဘူး။ အဝေးဆုံးခရီးထွက်ဖူးတာဆိုလို့ ချွီဟဲကောင်တီပဲရှိတယ်။ နတ်ဆိုးငှက်တစ်ကောင်နဲ့ ကျုပ်ဘယ်လိုသွားတွေ့နိုင်မှာလဲ။

“နေ့တိုင်း ကျောင်းသားတွေက ကျုပ်ကိုမေးကြတယ်။ ဆရာက နတ်ဆိုးလားတဲ့။ တစ်ချို့က သူတို့ကို ကျုပ်ကိုက်စားမှာကြောက်လို့ အိမ်စာတွေ အချိန်မှန်ပြီးအောင် လုပ်လာကြတယ်။

“အိမ်နီးတွေကတောင် ကျုပ်ဆီလာပြောတယ်။ ချွီဟဲကောင်တီမှာ အခြေတည်အဆင့် သူတို့ရန်သူတစ်ယောက်ရှိတယ်တဲ့။ ကျုပ်ကို အဲဒီ့ရန်သူကို လျှို့ဝှက်လုပ်ကြံပေးဖို့ ငွေနဲ့လာကမ်းလှမ်းကြတာလေ”

ကျန်းကွမ်ကျား အတော်မကျေမနပ်ဖြစ်နေသည်။ နတ်ဆိုးငှက်နှင့် ရန်ကြွေးရှင်းချင်နေပုံရသည်။

သူသည် သာမန်လူတစ်ယောက်သာဖြစ်သည်။ ယခု ထိုနတ်ဆိုးငှက်ကြောင့် အားလုံးကသူ့ကို နတ်ဆိုးဟု ထင်လာကြသည်။ သူသည်းမခံနိုင်။

အတော်ကြာအောင် စကားပြောကြသော်လည်း အသုံးဝင်သည့်အချက်အလက် ဘာမှမသိရ။ ကျန်းကွမ်ကျား၏ မကျေမနပ်ရေရွတ်ချက်များသာ နားထောင်နေရသည်။

နတ်ဆိုးငှက်ကို ရှင်းလင်း၍ ကျန်းကွမ်ကျားအတွက် တရားမျှတမှုယူပေးမည်ဖြစ်ကြောင်း လုန်နှင့်ထောင်ယော်ယဲ့ ပြောလိုက်မှ ငြိမ်ကျသွားသည်။

“နတ်ဆိုးငှက် ရောက်လာပြန်ပြီဟေ့”

ထိုစဉ် အပြင်ဘက်မှ လူများအော်ဟစ်ပြေးသွားသံ ကြားလိုက်ရသည်။

လုယန်နှင့် ထောင်ယော်ယဲ့တို့မျက်နှာ ချက်ချင်းလေးနက်တည်ကြည်သွားပြီး မှော်ရတနာကိုယ်စီထုတ်၍ နတ်ဆိုးငှက်ကို ရင်ဆိုင်ရန် ခြံထဲဆင်းသွားသည်။

“သတိထားကြပါ တာအိုရှင်တို့”

ရွာလူကြီးက လှမ်းသတိပေးသည်။ တစ်ခြားရွာသားများကိုလည် အသံတိတ်နေကြရန် နတ်ဆိုးငှက်ပေါ်လာသည့်နေရာနှင့် ဝေးဝေးနေကြရန် မှာကြားနေသည်။

လူသားများကို တိုက်ခိုက်ရန်ကြိုးစားလာလျှင် ထိုငှက်အား ချက်ချင်းနှစ်ပိုင်းခုတ်ဖြတ်ဖို့အတွက် လုယန် ဓားကိုအသင့်ပြင်ထားသည်။

ထောင်ယော်ယဲ့က သူ့မှော်ရတနာ ပုံရိပ်တစ်ထောင် စက္ကူနီထီးကိုဆွဲထုတ်သည်။ ထိုထီးသည် ဖွင့်လိုက်သည်နှင့် ပုံရိပ်ယောင်တစ်ခုပေါ်လာပြီး ရန်သူများကို ညှို့ငင်ဆွဲဆောင်နိုင်သည်။

လုယန်က သူရှေ့မှသွားမည်ဟု အချက်ပြသည်။ ထောင်ယော်ယဲ့ ခေါင်းငြိမ့်သည်။

နတ်ဆိုးငှက်က ရွာသားတစ်ယောက်၏အိမ်ပေါ်တွင်နားသည်။ လုယန်က ကြောင်တစ်ကောင်လို ပေါ့ပါးစွာ ရှေ့သို့ ထိုးကပ်သွားသည်။

တစ်ကိုယ်လုံး သတိအနေအထားရှိနေသည်။ ကြွက်သားအားလုံး တင်းမာနေသည်။ ဓားကို အချိန်မရွေး ဆွဲထုတ်နိုင်ရန် ပြင်ထားသည်။

ထိုနတ်ဆိုးငှက် ချီစုစည်းခြင်း သတ္တမအဆင့်သာရှိလျှင် အကောင်းဆုံးဖြစ်သည်။ အခြေတည်နောက်ဆုံးအဆင့် နတ်ဆိုးဖြစ်နေလျှင် အခြေအနေဆိုးမည်။ တိုက်ခိုက်ရခက်ခဲမည်။ အနိုင်ယူနိုင်ဖို့ များစွာအားထုတ်ရမည်။

နောက်ဆုံးတွင် ရက်နှစ်ဆယ်ကြာ ထိုင်ပင်ရွာကို ဒုက္ခပေးခဲ့သည့် နတ်ဆိုးငှက်ကို သူမြင်လိုက်ရသည်။

စိမ်းပြာရောင်အမွှေးအတောင်များ စိုပြေတောက်ပနေနေသည်။ မျက်လုံးမှ လည်တိုင်အထိရှိနေသည့် အနီရောင်အမွှေးကွက်များက ထူးခြားသည်။ စိမ်းပြာရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ထူးထူးခြားခြားလှပနေသည်။

တစ်ချက်ကြည့်ရုံဖြင့် အမျိုးအစားကို လုယန်ခွဲခြားသိလိုက်သည်။

တောနက်ထဲတွင် နေထိုင်လေ့ရှိသည်။

သဖန်းသီး ဘယ်ရီသီးများစားသည်။

လူစကားကို တုပပြောတတ်သည်။

ကြက်တူရွေးတစ်ကောင်ဖြစ်သည်။

******************************************************

All Chapters