ရှန်မိသားစု
Vol. 2 Ch. 20
လူစကားပြောသည့်သတ္တဝါတိုင်း နတ်ဆိုးမဟုတ်နိုင်။ ကြက်တူရွေးလည်းဖြစ်နိုင်သည်။
“ဘာနတ်ဆိုးသားရဲလဲကွာ”
လုယန် ဒေါသထွက်သွားသည်။ လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်နှင့် ကြက်တူရွေးက သူ့လက်ထဲသို့ ပါလာသည်။ တုံ့ပြန်ချိန်ပင်မရ။
ရွာလူကြီးလည်း သူ့လိုဖမ်းနိုင်စွမ်းရှိပါသည်။ သို့သော် ချီစုစည်းခြင်းအဆင့် သို့မဟုတ် အခြေတည်အဆင့် နတ်ဆိုးသားရဲဖြစ်မည်ထင်၍ တုံ့ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
“နတ်ဆိုးသားရဲ၊ နတ်ဆိုးသားရဲ”
ကြက်တူရွေးက အဆက်မပြတ်အော်နေသည်။
အခန်းထဲမှအသံများကြောင့် ထောင်ယော်ယွဲ့လည်း ပြေးဝင်လာပြီး အခြေအနေကိုကြည့်သည်။ သူလည်း လုယန်လိုပင် ဒေါသထွက်သွားသည်။
မတိုက်ခိုက်ရဘဲ မစ်ရှင်ပြီးမြောက်သွားသည်က ကောင်းပါသည်။ သို့သော် ကြက်တူရွေးတစ်ကောင်အတွက် တာအိုလမ်းစဉ်ဂိုဏ်းမှ သူတို့ခရီးရှည်ထွက်ခဲ့ရသည်။ လှေပျံသုံးရက်စီးရသည်။ မစ်ရှင်အစီရင်ခံစာတွင် ထိုအကြောင်းဘယ်လိုပြန်ရေးမည်နည်း။ လူရယ်စရာဖြစ်သွားလိမ့်မည်။
ထိုင်ပင်ရွာမှလူများ အသိဗဟုသုတနည်းကြသည်။ ထိုငှက်သည် မုတ်သုံတောနက်များတွင် ကျက်စားသည့် ကြက်တူရွေးဖြစ်မှန်း မသိကြ။ လုယန်နှင့် ထောင်ယော်ယွဲ့တို့ကသိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ယခုလို အခြေခံဗဟုသုတများ အလွယ်လေ့လာနိုင်သည်။
“တာအိုရှင်ဖြစ်နေတာ မဆန်းတော့ပါဘူး။ နတ်ဆိုးငှက်ကိုတောင် အလွယ်တကူဖမ်းနိုင်တာပဲ”
ရွာလူကြီးနှင့် ရွာသားများက ကြာက်တူရွေးဖမ်းပြီးကြောင်းသိသည်နှင့် လုယန်၏ကျင့်စဉ်စွမ်းအားကို ချီးကျူးကြသည်။
နှစ်ယောက်လုံး စိတ်ပျက်လက်ပျက်ဖြင့် ဤငှက်သည် သာမန်ငှက်ဖြစ်ကြောင်း တိုက်နယ်မြောက်ပိုင်းတွင်သာ သိပ်မတွေ့ရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။
“ဒီကြက်တူရွေးမျိုး....ခင်ဗျားတို့ခေါ်တဲ့ နတ်ဆိုးငှက်မျိုးဟာ လူ့စကားကို တုပပြောနိုင်တဲ့နေရာမှာ အတော်ဆုံးပဲ”
“လူ့စကားကို တုပတယ်”
“လူ့စကားကို တုပတယ်”
ကြက်တူရွေးက လုယန်စကားကို ဆက်အော်နေသည်။ လုယန်က ငှက်နှုတ်သီးကိုကိုင်၍ ဆက်ရှင်းပြသည်။
“ကျန်းကွမ်ကျားကို နတ်ဆိုးလို့ခေါ်တာက သူ့စိတ်သဘောနဲ့သူခေါ်တာမဟုတ်ဘူး။ အပ်ချုပ်သမားဖုန်ပြောတဲ့စကားကိုကြားပြီး သူကပြန်တုပခဲ့တာပါ။ ကျန်းကွမ်ကျားကိုတွေ့တဲ့အချိန်မှာ အဲဒီ့စကားလုံးကို ထပ်အော်လိုက်တော့ တိုက်ဆိုင်သွားတာပေါ့”
ကျန်းကွမ်ကျား သက်ပြင်းချလိုက်သည်။ သူ့နာမည်ကို ထိုမျှမြန်မြန်ဆန်ဆန်ရှင်းပေးနိုင်သည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို ကျေးဇူးတင်မိသည်။
“အဲလိုပါပဲ။ “မင်းဘယ်သူလဲ။ ကျန်းကွမ်ကျားဘယ်မှာလဲ”ဆိုတာတွေ မေးတာကလည်း အဓိပ္ပါယ်ကို သူနားလည်လို့မဟုတ်ဘူး။ တစ်ခြားနေရာမှာ သူကြားခဲ့တာကို ပြန်ရေရွတ်နေတဲ့သဘောပါ”
“ဒီသောက်ရေးမပါတဲ့ငှက်ကို ကျုပ်သတ်ပါရစေ”
ကျန်းကွမ်ကျား ထိုငှက်ကိုမြင်ကတည်းက ဒေါသထွက်နေသည်။
လုယန် လက်ပြတားလိုက်သည်။
“မုတ်သုံသစ်တောတွေဆီကနေ ဒီနေရာအထိ ဒီလောက်အဝေးကြီးကို သူ့ဘာသာပျံရင်းရောက်လာတာတော့ မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က ခေါ်လာတာပဲဖြစ်ရမယ်။ ထူးဆန်းရုံကလွဲပြီး တစ်ခြားဘာမှသုံးမရတဲ့ ဒီငှက်ကို တိုက်နယ်တစ်ဝက်စာခရီးဖြတ်ပြီး ခေါ်လာတဲ့လူဟာ ပျင်းရိငြီးငွေ့လွန်းလို့တော့မဖြစ်နိုင်ဘူး။ ငွေကြေးနဲ့ ရောင်းဝယ်ဖို့အတွက်ပဲ ဖြစ်မယ်။ အဲလိုထူးဆန်းတာတွေ ရောင်းဝယ်ဖောက်ကားတဲ့နေရာမျိုး ဒီမှာရှိလား”
ရွာလူကြီး ခေါင်းခါသည်။
“ကျုပ်တို့လို ဝေးလံဆင်းရဲတဲ့ရွာမှာ ဒါမျိုးမရှိပါဘူး။ ချွီဟဲကောင်တီက လူအစည်ကားဆုံးနေရာမှာတော့ တစ်ခုရှိပါတယ်။ တစ်ယောက်ယောက် အဲဒီကနေဝယ်လာပြီး ဒီကြက်တူရွေးကို မတော်တဆ လွတ်သွားတာဖြစ်နိုင်ပါတယ်”
လုယန် ထပ်မေးသည်။
“ဒီငှက်က ထိုင်ပင်ရွာနားမှာပဲ ရက်နှစ်ဆယ်လောက်ဝဲပျံနေတာ။ တစ်ခြားဘယ်ကိုမှမသွားဘူး။ ဒီတော့ သူ့ပိုင်ရှင်က ဒီမှာပဲဖြစ်လောက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွာလူကြီး တစ်ခုခုတွေးမိတာများရှိလား”
ခဏစဉ်းစားပြီးနောက် ရွာလူကြီးပြန်ပြောသည်။
“နတ်ဆိုးငှက်အကြောင်း ကျုပ်တို့ရွာကလူအားလုံး သိကြပါတယ်။ မသိလောက်တဲ့လူဆိုလို အရှေ့ပိုင်းမှာနေတဲ့ ရှန်မိသားစုပဲရှိမယ်။ ရှန်မိသားစုက အပြင်ကိုထွက်ခဲတယ်။ လူတွေကိုလည်း စကားမပြောဘူး။ ရှန်မိသားစုခေါင်းဆောင်ကလည်း ကျင့်ကြံသူပဲ။ သူငယ်ငယ်တုန်းက မတော်တဆတစ်ခုဖြစ်ခဲ့လို့ ကျင့်စဉ်စွမ်းအားတွေ ဆုံးရှုံးသွားတယ်လို့ကြားတယ်။ အဲဒီ့ကတည်းက ကျင့်စဉ်လမ်းကို စိတ်ကုန်သွားပြီး ဒီမှာပဲသူ့ဘာသာ သီးခြားနေတာ။ .....ရှန်မိသားစုက အတော်လေးချမ်းသာတယ်။ ဒီနားပတ်ဝန်းကျင်မှာတော့ အချမ်းသာဆုံးပဲ။ ချွီဟဲကောင်တီဈေးကနေ ကြက်တူရွေးဝယ်ခဲ့တာ သူတို့ဖြစ်နိုင်ပါတယ်”
“ဒါဆို ရှန်မိသားစုကို သွားမေးကြည့်ရအောင်”
ထိုင်ပင်ရွာသည် သိပ်မကြီးလှ။ လုယန်တို့လူစု ရှန်မိသားစုအိမ်တံခါးသို့ ချက်ချင်းရောက်သွားသည်။
သုံးလေးကြိမ် တံခါးခေါက်ပြီးနောက် စာပေဝတ်စုံနှင့် မုတ်ဆိတ်မွှေးပါသည့် လူတစ်ယောက် တံခါးလာဖွင့်သည်။ အတော်တည်ကြည်သည့်အသွင်မျိုးရှိသည်။
“ဪ...ရွာလူကြီးပါလား။ ဒီနှစ်ယောက်ကရော ဘယ်သူတွေလဲ။ ကျုပ်သခင်ကို သတင်းသွားပို့နိုင်ဖို့ပါ”
လုယန်က ကြက်တူရွေးကို တောင်ပံမှဆွဲကိုင်ထားသည်။
“ဒီကြက်တူရွေးကို ကျုပ်တို့အမှတ်မထင်တွေ့လာတယ်။ ရှန်မိသားစုကဖြစ်မယ်ထင်လို့ ကျုပ်တို့လာမေးမြန်းကြည့်တာပါ”
ထောင်ယော်ယဲ့အလှကြောင့် မှင်သက်မိနေသည့် မုတ်ဆိတ်နှင့်လူက ကြက်တူရွေးကိုမြင်သည်နှင့် ပြုံးလာသည်။
“အား...သဘောပေါက်ပြီ။ ကျေးဇူးတင်ပါတယ် သူရဲကောင်းတို့။ ဒါ ကျုပ်တို့သခင်မလေးရဲ့ ကြက်တူရွေးဖြစ်မှာပါ။ ဒီကောင်လေးပျောက်သွားကတည်းက သခင်မမျက်နှာမှိုင်နေတာ။ ကျုပ်တို့အိမ်စေတွေလည်း အတော်လေးဒုက္ခများခဲ့တာ။ ကြက်တူရွေးပြန်တွေ့မှန်းသိရင် သခင်မလေးအတော်ပျော်သွားလောက်တယ်”
ရွာလူကြီးက လုယန်နှင့် ထောင်ယော်ယဲ့ကို တီးတိုးပြောသည်။
“သူက ရှန်မိသားစုရဲ့အိမ်ထိန်း။ ကျန်းမျိုးရိုးပါ။ ရှန်မိသားစုကို ကျုပ်လာလည်တိုင်း တံခါးလာဖွင့်တာသူပဲ”
အိမ်ထိန်းကျန်းက အမြန်သတင်းသွားပို့သည်။ မကြာမီ ချက်ချင်းပြန်ရောက်လာသည်။
“သခင်ကြီးက ခင်ဗျားတို့သုံးယောက်ကို အိမ်ထဲလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
တံခါးကိုဖြတ်၍ အပြင်ဘက်ခြံဝန်းသို့ ရောက်လာပြီးနောက် ဒုတိယဂိတ်တံခါးကိုဖြတ်သည်။ စင်္ကြံလျှောက်လမ်းကိုဖြတ်သည်။ အဓိကအိမ်မကြီးကိုရောက်ပြီးနောက် ရှန်မိသားစုခေါင်းဆောင်နှင့် တွေ့ဆုံသည်။
ရှန်မိသားစုခေါင်းဆောင်သည် ဝဖိုင့်ဖိုင့်လူတစ်ယောက်ဖြစ်သည်။ မျက်နှာကြောက အတော်တင်းသဖြင့် လူရှိန်ချင်စရာဖြစ်သည်။ စကားတော့ သိပ်ပြောချင်ပုံမရ။ သို့သော် ရွာလူကြီးရောက်လာသဖြင့် အတော်ပျော်ရွှင်နေဟန်ရှိသည်။
“ဟွမ်အဘိုးကြီး၊ မတွေ့တာတောင် အတော်ကြာပြီနော်”
ရွာလူကြီးက ဟွမ်မျိုးရိုးဖြစ်သည်။
အချင်းချင်း ဦးညွှတ်နှုတ်ဆက်ကြသည်။
ရှန်မိသားစုခေါင်းဆောင်က ကြက်တူရွေးကို ခဏစစ်ဆေးပြီးနောက် ခေါင်းငြိမ့်သည်။
“ဟုတ်တယ်၊ ဒါကောင်တီဈေးကနေ ကျုပ်သမီးဝယ်လာတဲ့ ကြက်တူရွေးပါ။ သိပ်လည်းမတန်လှဘူးလို့ ကျုပ်ထင်ပါတယ်။ ရောင်းတဲ့လူက ဈေးကိုမြှင့်ရောင်းတယ်။ ဒါပေမယ့် ကျုပ်သမီးက လိုချင်နေတော့ သူ့ဆန္ဒကို ဖြည့်ပေးလိုက်ရတယ်”
“အိမ်ထိန်းကျန်း၊ ဒီလူငယ်သူရဲကောင်းနှစ်ယောက်ကို ရှောင်ယွမ်နဲ့တွေ့ဖို့ ခေါ်သွားပါ”
“ဟုတ်ကဲ့ သခင်ကြီး”
အိမ်ထိန်းကျန်း လုယန်တို့ကို လိုက်ခဲ့ရန် အချက်ပြသွားသည်။ အိမ်စေတစ်ယောက်ကို ရှန်မိသားစုခေါင်းဆောင်နှင့် ရွာလူကြီးတို့အတွက် လက်ဖက်ရည်ဧည့်ခံခိုင်းသည်။
လမ်းတွင် ထောင်ယော်ယဲ့က မေးသည်။
“အိမ်ထိန်းကျန်း၊ ရှန်မိသားစုနဲ့ အတူရှိခဲ့တာ ဘယ်လောက်ကြာပြီလဲ”
“သခင်ကြီးက တံခါးပိတ်ကျင့်ကြံဖို့သွားရင်းနဲ့ ကျုပ်အသက်ကိုကယ်ခဲ့တယ်။ အဲဒီကတည်းက သူ့ဘေးမှာ တာဝန်ထမ်းဆောင်နေခဲ့တာပါ။ အခုဆို နှစ်နှစ်ဆယ်ကြာသွားပါပြီ။ အဲဒီတုန်းက သခင်မလေးတောင် မမွေးသေးပါဘူး”
အိမ်ထိန်းကျန်းက လေးလေးစားစားပြောသည်။
“ဒါဆို သခင်မလေးရှန်နဲ့ အတော်ရင်းနှီးမှာပေါ့”
“သူက ကျုပ်မျက်စိအောက်မှာပဲ ကြီးပြင်းလာတာပါ။ ကျုပ်မှာ ကိုယ်ပိုင်သားသမီးမရှိပါဘူး။ သခင်မလေးကို ကျုပ်သမီးအရင်းလိုပဲ သဘောထားပါတယ်။ နေ့တိုင်း သူစိတ်မပျော်မရွှင်ဖြစ်နေတာမြင်ရတာ အိမ်ထိန်းတစ်ယောက်အနေနဲ့ ကျုပ်နာကျင်ရပါတယ်”
“ကြက်တူရေးပျောက်သွားတုန်းက ခင်ဗျားရှိနေခဲ့လား”
လုယန်က ရုတ်တရက် ဝင်မေးသည်။
အိမ်ထိန်းကျန်း သက်ပြင်းချသည်။ ကိုယ့်ကိုယ်ကိုအပြစ်တင်သည်လေသံဖြင့်
“အဲဒီတုန်းက တစ်ခြားကိုအာရုံရောက်နေလို့ ကြက်တူရွေးပျံထွက်သွားတာကို ကျုပ်မသိလိုက်ဘူး။ ကျုပ်သာ အာရုံပိုစိုက်ခဲ့ရင် သခင်မလေး ဒီလိုစိတ်မကောင်းဖြစ်ရမှာမဟုတ်ဘူး။ ကျုပ်ဘက်က တာဝန်ပျက်ကွက်ခဲ့တာပါ”
လုယန် ခေါင်းတစ်ချက်သာငြိမ့်သည်။ ဘာမှထပ်မပြောတော့။
အိမ်ထိန်းကျန်းက တံခါးကို သုံးချက်ခေါက်သည်။
“သခင်မလေး၊ ပျောက်သွားတဲ့ကြက်တူရွေး ပြန်တွေ့ပါပြီ။ ခရီးသွားသူရဲကောင်းနှစ်ယောက်က ပြန်ယူလာပေးတာပါ”
“အထဲကိုလွှတ်လိုက်ပါ”
အတွင်းလက်မှ စကားသံတစ်ခု ပေါ်လာသည်။
“ဟုတ်ကဲ့”
လုယန်နှင့် ထောင်ယော်ယဲ့တို့ တံခါးကိုဖွင့်လိုက်သည်။ ရှန်သခင်မလေးက ပြတင်းပေါက်ဘေးတွင်မှီ၍ စာအုပ်တစ်အုပ်ဖတ်နေသည်။ ညနေဆည်းဆာအလင်းက သူ့ဆံပင်ပေါ် ထိုးကျနေသဖြင့် အချိန်ကာလအေးခဲသွားမယောင်ထင်ရသည့်အလှက ပေါ်လွင်နေသည်။
ရှန်သခင်မလေးကို ထိုင်ပင်ရွာမှ လူငယ်အတော်များများ စွဲလန်းကြသည်။
လုယန် စေတနာဖြင့် အကြံပြုသည်။
“ဆည်းဆာချိန်မှာ စာဖတ်တာ မင်းမျက်လုံးအတွက် မကောင်းဘူး။ မီးအိမ်တစ်ခု ထွန်းသင့်တယ်။ မင်းအဖေက ငွေရှားတဲ့လူမဟုတ်ပါဘူး”
********************************************************