တစ်ညတည်းခိုခြင်း
Vol. 2 Ch. 21
သခင်မရှန်က စာအုပ်ကိုပိတ်၍ လုယန်တို့ကို အေးစက်စက်လေသံဖြင့် နှုတ်ဆက်သည်။
“ရှောင်လုကို ပြန်ခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မနာမည် ရှန်ယွမ်ပါ”
ရှန်ယွမ်ကိုမြင်သည်နှင့် ကြက်တူရွေးက လုယန်လက်ထဲမှ ရုန်းထွက်ရန် အတင်းကြိုးစားနေသည်။ လုယန်လွှတ်ပေးလိုက်သည်။ ကြက်တူရွေးက အခန်းထဲတွင် လှည့်ပတ်ပျံသန်းနေသည်။
“နောက်တစ်ခါ ပိုဂရုစိုက်ပါ။ ဒီကြက်တူရွေးက ထိုင်ပင်ရွာနားမှာပဲ ရှိနေလို့ တော်သေးတယ်။ တစ်ခြားနေရာကိုသာ ပျံသွားရင်။ တကယ်ပျောက်သွားလောက်တယ်”
လုယန်က ပြုံး၍သတိပေးသည်။
ရှန်ယွမ်က သူတို့နှစ်ယောက်ပုံစံကိုကြည့်၍ သူရဲကောင်းဆန်သည့် ဝါရင့်ခရီးသွားများဖြစ်ကြောင်း ရိပ်မိသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ မစ်ရှင်ခန်းမမှ ထုတ်ပေးထားသည့် သူတို့ဝတ်စုံများက ဖြောင့်မတ်တည်ကြည်သည့်အသွင်မျိုး ပေါ်လွင်စေရန် ဒီဇိုင်းထွင်ထားသည်။
သို့သော် ရှန်ယွမ်၏ပုံစံက နည်းနည်းသူစိမ်းဆန်လွန်းနေသည်။ စိတ်နှင့်လူမကပ်သလိုဖြစ်နေသည်။ သူ့ပင်ကိုယ်စရိုက်ကြောင့်လားတော့မသိ။
“အခု ရှောင်လုပြန်ရောက်ပြီဆိုတော့ ရှင်တို့သွားလို့ရပါပြီ”
ရှန်ယွမ်စကားကြောင့် ထောင်ယော်ယဲ့ မျက်မှောင်ကျုံ့သွားသည်။
သို့သော် လုယန်က စကားအလိမ္မာဖြင့် နှင်ထုတ်နေသည်ကို အရေးမစိုက်ဘဲ ပြုံး၍အကြံပြုသည်။
“စကားပြောကြသေးတာပေါ့။ ရှန်မိသားစုက အတော်သဘောကောင်းတဲ့ပုံပါပဲ။ ဒီတစ်ညလောက်တော့ တည်းခိုခွင့်ပြုမယ်ထင်ပါရဲ့”
ရှန်ယွမ် နှာခေါင်းရှုံ့သည်။
“ရှန်မိသားစု သဘောကောင်းတိုင်း ကျွန်မသဘောကောင်းတယ်လို့ မဆိုလိုဘူး။ ပြန်ကြပါတော့။ ထိုင်ပင်ရွာကနေပါ ရှင်တို့ထွက်သွားမယ်ဆိုရင် အကောင်းဆုံးပဲ”
“ဘာလို့ ထိုင်ပင်ရွာက ထွက်သွားရမှာလဲ။ နတ်ဆိုးတွေ သရဲတွေလည်း မရှိပါဘူး။ အပြင်လောကအကြောင်း မင်းမသိချင်ဘူးလား”
ရှန်ယွမ် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ လုယန် ထိုသို့ပြောလာမည်ဟု ထင်မထား။ နောက်ဆုံးတွင် သူ့လေသံအနည်းငယ်ပျော့သွားသည်။
“ရှင်တို့နှစ်ယောက် ဘယ်ကလာတာလဲ။ ကျွန်မ အိမ်အပြင်ကိုမထွက်တာ တစ်လနီးပါးကြာပြီ။ အပြင်မှာဘာတွေဖြစ်နေလဲ ပြောပြပေးနိုင်မလား”
“ငါတို့က မသေမျိုးငါးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ တာအိုလမ်းစဉ်ဂိုဏ်းကပါ။ နှစ်ယောက်လုံး အခြေတည်ဆောက်ခြင်းအဆင့်ပဲ။ နတ်ဆိုးငှက်တစ်ကောင်ရှိနေတယ်ဆိုတဲ့ သတင်းရလို့ ငါတို့လာခဲ့တာပါ...”
လုယန်က တည်ငြိမ်သည့်လေသံဖြင့် စိတ်အားထက်သန်စွာ ပြန်ပြောပြသည်။ လမ်းပေါ်မှ ပုံပြင်များဖြင့် စိတ်ဝင်စားအောင် ဆွဲဆောင်သည်။ ရှန်ယွမ်သည် ဆန်းကျယ်သည့်အပြင်လောကကို စိတ်ဝင်စားနေသည်။ ကိုယ်တိုင် ထိတွေ့ခံစားချင်နေသူဖြစ်သည်။
“ကျွန်မ ကျင့်ကြံချင်တယ်။ ဒါပေမယ့် အဖေက သဘောမတူဘူး။ အန္တရာယ်များလွန်းတယ်လို့ပြောတယ်။ ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုမှာ သူသေမလိုဖြစ်ခဲ့တာလေ။ ကံကောင်းလို့ လွတ်လာတာ။ သူဘယ်လိုတွေ့ကြုံခဲ့တယ်ဆိုတာ ကျွန်မမေးကြည့်တယ်။ ဒါပေမယ့် သူပြောမပြဘူး”
ရှန်ယွမ် စိတ်ပျက်နေပုံရသည်။
ရှန်သခင်ကြီးလည်း ကိုယ်ပိုင်စွန့်စားခန်းတစခု ရှိခဲ့လိမ့်မည်ဟု လုယန်တွေးမိသည်။
“ရှန်သခင်ကြီးရဲ့ ကျင့်စဉ်အဆင့်ကဘာလဲ”
“သူကြွားလုံးထုတ်ခဲ့တာတော့ ချီသန့်စင်ခြင်း ကိုးဆင့်မြောက်လို့ပြောတယ်။ ဒါပေမယ့် သူအသက်ဘေးကြုံရပြီးနောက်မှာ ချီသန့်စင်ခြင်း လေးဆင့်ငါးဆင့်လောက်ထိ ထိုးကျသွားတယ်”
ရှန်ယွမ်က မျက်ခွံလှန်ကြည့်၍ပြောသည်။
ထောင်ယော်ယဲ့က
“ဒါလောက်ဆို မဆိုးလှသေးပါဘူး။ ထိုင်ပင်ရွာမှာ ကျင့်ကြံသူသိပ်မများဘူး။ စွမ်းအားအမြင့်ဆုံးဖြစ်တဲ့ ရွာလူကြီးတောင် ချီသန့်စင်ခြင်းသတ္တမအဆင့်ပဲ။ ရှန်သခင်ကြီးရဲ့ မိသားစုနောက်ခံနဲ့ဆိုရင် ချီသန့်စင်ခြင်းအဆင့်လေးငါးလောက်ဆို နေပျော်ပါတယ်”
ရှန်ယွမ် သက်ပြင်းချသည်။
“ဒါပေမယ့် ချွီဟဲကောင်တီထဲမှာတင် ကျွန်မတစ်သက်လုံးပိတ်မိမနေချင်ဘူး။ လောကထဲ ခရီးဆန့်ပြီး လျှို့ဝှက်ဆန်းကျယ်တဲ့အရာတွေ အံ့ဩစရာတွေကို ကြည့်ချင်တယ်။ ရှင်နဲ့ကျွန်မဆို အသက်ချင်းအတူတူလောက်ပဲ။ ဒါပေမယ့်ရှင်က အခြေတည်အဆင့်ကိုရောက်နေပြီ။ ကျွန်မက ချီသန့်စင်တဲ့အဆင့်တောင် မစရသေးဘူး”
ထောင်ယော်ယဲ့ စကားဆက်ပြောရန်ပြင်နေစဉ် အိမ်ထိန်းကျန်း၏ တံခါးခေါက်သံ ပေါ်လာသည်။
“သခင်မလေး၊ ညစာစားဖို့ အချိန်ရောက်ပါပြီ။ ပြီးတော့ သခင်ကြီးကလည်းမှာလိုက်ပါတယ်။ နောက်ကျနေပြီဖြစ်လို့ ဧည့်သည်နှစ်ယောက်ကို ညစာစားပြီးရင် အိမ်တော်မှာပဲတည်းခိုကြပါတဲ့။ သူရဲကောင်းတို့နှစ်ယောက်ကို သခင်ကြီးနဲ့ရွာလူကြီးဟွမ်တို့ စောင့်နေကြပါတယ်”
“ကောင်းပြီလေ၊ သွားကြတာပေါ့”
လုယန် ပြန်ပြောသည်။
ထောင်ယော်ယဲ့က ငြင်းဆန်ရန်ပြင်နေသော်လည်း လုယန်က တားလိုက်သည်။
“တွေ့လား၊ ရှန်မိသားစုက သဘောကောင်းပါတယ်။ ငါတို့ကို တည်းခိုခွင့်ပေးတယ်။ သူတို့စေတနာကို ငြင်းပယ်လို့ဘယ်ကောင်းမလဲ”
............................
ညစာဝိုင်းတွင် ရှန်သခင်ကြီးက ထိပ်ဆုံးခုံတွင်ထိုင်၍ ရွာလူကြီးနှင့် စကားလက်ဆုံကျနေသည်။ ကျန်သည့်လူများအားလုံး အစားအသာက်ကိုသာ အာရုံစိုက်၍စားကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှလက်ရာများလောက် မကောင်းသော်လည်း သိပ်မဆိုးလှပါ။
အိမ်ထိန်းကျန်းနဲ့ အစေခံတစ်ယောက်က ရိုရိုသေသေဘေးတွင်ရပ်လျက် လိုအပ်တာမှန်သမျှ လုပ်ပေးနေသည်။
ညစာစားပြီးနောက် ရွာလူကြီးဟွမ် အိမ်ပြန်သွားသည်။ လုယန်နှင့်ထောင်ယော်ယဲ့က နံရံတစ်ဘက်ခြားနေသည့် အရှေ့ဘက်ခြမ်းမှအဆာင်တွင် တည်းခိုသည်။ ထောင်ယော်ယွဲ့က ထိုနေရာတွင်မအိပ်ချင်။ တာအိုလမ်းစဉ်ဂိုဏ်းရှိ အိပ်ယာမှလွဲ၍ တစ်ခြားအိပ်ယာများတွင် သူအိပ်မရ။
ကျင့်ကြံသူတစ်ယောက်အတွက် ထိုအကျင့်သည်မကောင်းမှန်း သူသိသည်။ သို့သော် မပြောင်းလဲနိုင်သေး။
“-စီနီယာလုကတော့ ဘယ်နေရာမဆို အိပ်နိုင်တာပဲ-“
သူ့ဘာသာတွေးရင်း ခပ်ညှင်းညှင်းရယ်ပြီးနောက် သမ်းတစ်ချက်ဝေလိုက်သည်။
“ဒီနေ့ စောစောအိပ်တာကောင်းပါတယ်။ ဒါမှ အိပ်ရေးဝမယ့်ပုံပဲ”
ထိုစဉ် ရုတ်တရက် မူမမှန်သည့်အဖြစ်ကို သတိထားမိသည်။
“မဟုတ်သေးဘူး။ ငါတို့အဆိပ်ခတ်ခံလိုက်ရပြီ”
သူ့မှော်ထီးကို လှမ်းဆွဲရန် ကြိုးစားသည်။ သို့သော် သူ့ဝိညာဉ်စွမ်းအင်များ အားနည်းနေသည်။ ထိန်းချုပ်၍မရ။ သူထိတ်လန့်သွားသည်။ တစ်ယောက်ယောက်က ကျင့်ကြံသူများအတွက်သုံးသည့် အဆိပ်ကိုသုံးခဲ့သည်။ သူတို့ ကျင့်ကြံသူမှန်းသိလျက်နှင့် ထိုသို့လုပ်ရဲသည်ဆိုလျှင် ထိုတရားခံသည်လည်း ကျင့်ကြံသူသာ ဖြစ်ရမည်။
ရှန်မိသားစုတွင် လူသိပ်မရှိ။ ရှန်သခင်ကြီးမှလွဲလျှင် တစ်ခြားကျင့်ကြံသူရှိပုံမပေါ်။ ရှန်သခင်ကြီးကများ အဆိပ်ခတ်ခဲ့လေသလားမသိ။ ထိုသို့မဟုတ်လျှင် သူအာရုံမခံနိုင်သည် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်။
အကိုလုလည်း ဖြစ်နိုင်စရာရှိသည်။
မေးခွန်းများစွာ သူ့ခေါင်းထဲပေါ်လာသည်။ သို့သော် သေချာစဉ်းစားချိန်မရလိုက်။ အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
တံခါးပွင့်သွားပြီးနောက် အိမ်ထိန်းကျန်း၏ အေးစက်စက်ပြုံးနေသည့်မျက်နှာ ပေါ်လာသည်။
“ရှင်လား”
ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။ အိမ်ထိန်းကျန်းကို ကျင့်ကြံသူမှန်း သူအာရုံမခံနိုင်ခဲ့။ သူ့ထက်စွမ်းအားအဆင့်မြင့်နေ၍သာဖြစ်မည်။
အိမ်ထိန်းကျန်း အသားလှီးဓားတစ်ခုကိုင်ထားသည်။ ဓားက လရောင်အောက်တွင် တောက်ပနေသည်။ နှုတ်ခမ်းများကို တစ်ချက်သပ်၍ အတင်းရုန်းထရန် ကြိုးစားနေသည့် ထောင်ယော်ယဲ့ကို ထောင်ချောက်မိနေသည့် သားရဲတစ်ကောင်လို ကြည့်နေသည်။
“ဒီလောက်လှတဲ့ အသားအရေမျိုး ငါ့တစ်သက်မှာ တစ်ခါမှမမြင်ဖူးဘူး။ မင်းဟာ တာအိုလမ်းစဉ်ဂိုဏ်းကမှန်း ငါသိတယ်။ မင်းတို့ဂိုဏ်းက အင်အားကြီးတော့ မင်းကိုသတ်လိုက်ရင် ဒုက္ခများမှာကိုလည်းသိတယ်။ ဒါပေမယ့် မင်းရဲ့အသားအရေကြောင့်ပေါ့။ ....ငါစိတ်မထိန်းနိုင်တော့ဘူး။ ဒါကြောင့် မင်းငါတို့ဆီ ညစာစားပြီး တည်းခိုမယ်ဆိုတော့ ငါစွန့်စားလိုက်တာ”
အိမ်ထိန်းကျန်း သွားရေယိုမတတ်လေသံဖြင့် ပြောနေသည်။
ညစာထဲအဆိပ်ခတ်ခြင်းဖြစ်သည်။ ထောင်ယော်ယဲ့ နားထောင်နေသည်။ အိမ်ထိန်းကျန်းက သူသည် အခြေတည်နောက်ဆုံးအဆင့်ရောက်နေသူဖြစ်ကြောင်း ပြောပြသည်။ ကြွားလုံးထုတ်နေသော်လည်း သူမပေါ့ဆရဲ။ တာအိုလမ်းစဉ်ဂိုဏ်းသားများသည် အခြေတည်အဆင့်ဖြစ်သည့်တိုင် အထင်သေး၍မရ။
“စိတ်ချပါ။ မင်းခဏပဲ နာမှာပါ။ ပြီးရင် ဘာမှကြောက်စရာမလိုတော့ပါဘူး”
အိမ်ထိန်းကျန်း ဓားသွားကိုလျှာဖြင့်တစ်ချက်လျက်ပြီးနောက် ရှေ့တိုးလာသည်။
ထိုစဉ် ထောင်ယော်ယဲ့ ရုတ်တရက် ခုန်ထလာသည်။ သူ့ဝိညာဉ်စွမ်းအင်များ လွတ်လပ်စွာလည်ပတ်စီးဆင်းနေသည်။ ထီးကိုဆွဲယူ၍ အိမ်ထိန်းကျန်းမျက်နှာကို ရိုက်ချလိုက်သည်။ အိမ်ထိန်းကျန်း အငိုက်မိသွားသည်။
“မင်းဘာလို့အဆိပ်မမိတာလဲ”
**********************************************************