အရေပြားထိသည့်အဆိပ်
Vol. 2 Ch. 22
မျက်နှာရိုက်ခံရပြီးနောက် အိမ်ထိန်းကျန်း တစ်ပတ်လည်သွားသည်။ သူဂုဏ်ယူရသည့် ကျင့်ကြံသူအတော်များများကို သတ်နိုင်ခဲ့သည့်အဆိပ်က ဤတစ်ကြိမ် ဘာကြောင့်အလုပ်မဖြစ်သည်မသိ။ ထောင်ယော်ယဲ့က သူ့အမေးကိုမဖြေ။ သခင်မရှန်သည် ကြက်တူရွေးပိုင်ရှင်ဖြစ်မှန်း သိပြီးကတည်းက သူသတိထား၍နေသည်။
စကားပြောသည့် “နတ်ဆိုးငှက်”အကြောင်း တစ်ရွာလုံးသိကြသည်။ ရှန်မိသားစုက တစ်ယောက်ယောက် လိုက်ရှားခိုင်းလိုက်လျှင်ကြက်တူရွေးကို အလွယ်တကူပြန်တွေ့နိုင်သည်။ ယခု လိုက်မရှာခဲ့။ တစ်ခုခုမူမမှန်မှန်းသိသာသည်။ သခင်မရှန်ကပြောဆိုပုံကလည်း သူတို့ကို အိမ်မှတကယ်မောင်းထုတ်လိုပုံမရ။ အိမ်ထဲမှ အန္တရာယ်ကို သတိထားမိပြီး မြန်မြန်ထွက်သွားစေလိုခြင်းသာဖြစ်သည်။
ထိုစဉ် နောက်ဘက်မှ ပျင်းရိပျင်းတွဲ စကားသံတစ်ခုက ထောင်ယော်ယဲ့ကိုယ်စား ပြန်ဖြေပေးသည်။
“တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေအတွက် အခြေခံသင်တန်းမှာ “အတွေ့ရများတဲ့အဆိပ် ၁၈၀၀ နဲ့ ဖြေဆေးများ” ဆိုတာပါတယ်။ ခင်ဗျားဖတ်ကြည့်ချင်လား”
အိမ်ထိန်းကျန်းဂုဏ်ယူသည့် အဆိပ်သည် သူတို့အတွက် ဟာသတစ်ခုသာဖြစ်သည်။ အဆိပ်ဖော်စပ်ရာတွင် သူမည်မျှတော်သည်ဖြစ်စေ ဆေးအိုးတောင်ထိပ်တွင် ဖန်တီးသည့် အဆိပ်များကို ယှဉ်နိုင်မည်မဟုတ်။
အိမ်ထိန်းကျန်း ချက်ချင်းနောက်လှည့်ကြည့်သည်။ လုယန်က ဓားကိုင်၍ တံခါးဘောင်ကိုမှီရင်း သူ့ကိုပြုံး၍ကြည့်နေသည်။ အိမ်ထိန်းကျန်း နားလည်သွားသည်။ ယခု သားကောင်သည် သူသာဖြစ်သည်။ ထောင်ယော်ယဲ့မဟုတ်။
“ငါဆိုတာ မင်းတို့ဘယ်လိုရိပ်မိသွားတာလဲ”
ရှန်အိမ်တော်တစ်ခုလုံးကို သူထိန်းချုပ်ထားသည်။ သူ့လျှို့ဝှက်ချက်ကို ဘယ်သူမှာ ထုတ်မပြောနိုင်။ လုယန်နှင့် ရှန်ယွမ်တို့စကားပြောသည်ကို နားထောင်ရင်းမှ ထိုနှစ်ယောက်သည် တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်ကြောင်း သူသိခဲ့သည်။ သို့တိုင်အောင် ရှန်ယွမ်က သူ့သရုပ်မှန်ကို ထုတ်မပြောခဲ့။
“ကြက်တူရွေးက ရွာထဲမှာ ဘာပြောလဲ ခင်ဗျားသိလား။ “ကျန်းကွမ်ကျားဘယ်မှာလဲ”တဲ့”
လုယန် ပြန်ပြောသည်။
အစက ကြက်တူရွေးသည် ကျန်းကွမ်ကျားကို ရှာနေသည်ဟု ထင်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သူကြားဖူးသည့် စကားလုံးကို ပြန်ရေရွတ်ခြင်းသာဖြစ်ကြောင်း နားလည်ခဲ့သည်။ လုယန်သုံးသပ်သည်။ ကြက်တူရွေးပြောသည်မှာ “ကျန်းကွမ်ကျား ဘယ်မှာလဲ” မဟုတ်ဘဲ “အိမ်ထိန်းကျန်းဘယ်မှာလဲ”ဟု မေးခြင်းဖြစ်နိုင်သည်။ (အိမ်ထိန်း နှင့် ကွမ်ကျားသည် တရုတ်စကားတွင် အသံထွက်ချင်းဆင်တူသည်)
ဖြစ်နိုင်ခြေတစ်ခုကို လုယန် စိတ်ကူးပုံဖော်သည်။ လွန်ခဲ့သည့်ရက်နှစ်ဆယ်က ရှန်သခင်မလေး အိမ်ထိန်းကျန်းအတုအကြောင်း အမှတ်မထင်သတိထားမိမည်။ ထို့ကြောင့် “ရှင်ဘယ်သူလဲ။ အိမ်ထိန်းကျန်းဘယ်မှာလဲ”ဟု ရှန်ယွမ်က မေးမည်။ ။ လန့်ဖြတ်သွားသည့် ကြက်တူရွေး ပျံသန်းထွက်ပြေးမည်။ နောက်ဆုံးကြားခဲ့သည့်စကားကို ရေရွတ်နေမည်။ ကြက်တူရွေး၏ အသံထွက်မပီခြင်းကြောင့် သို့မဟုတ် ရွာလူကြီးဟွမ်၏ နားလည်မှုလွဲခြင်းကြောင့် ကြက်တူရွေး၏စကားက “ကျန်းကွမ်ကျား ဘယ်မှာလဲ”ဟု ဖြစ်လာမည်။
အိမ်ထိန်းကျန်း ဒေါသထွက်သွာသည်။ ကြက်တူရွေးကြောင့် သူ့အစီအစဉ် ပျက်စီးရသည်ကို နောင်တရနေသည်။ အစကတည်းက သူသတ်ပစ်ခဲ့ရမည်။ သို့သော် သူသည် ကျင့်ကြံသူလောကတွင် ကျင်လည်စ လူသစ်တစ်ယောက်မဟုတ်။ လုယန်တို့နှစ်ယေက်ကို ရယ်ရယ်မောမောဖြင့် ခပ်အေးအေး ရင်ဆိုင်သည်။
“အခြေတည်နောက်ဆုံးအဆင့်ရောက်နေတဲ့ငါ့ကို ထွက်မပြေးအောင် မင်းတို့တားနိုင်မယ်ထင်လို့လား”
ထောင်ယော်ယဲ့ စိုးရိမ်သည်။ အိမ်ထိန်းကျန်းထွက်ပြေးလျှင် ဂိုဏ်းကို သတင်းပို့ရတော့မည်။ ခြေရာခံနိုင်ဖို့ အာမခံချက်လည်းမရှိ။ သူတို့အတွက် ရှက်စရာကိစ္စဖြစ်လာမည်။ ဤတစ်ကြိမ်သည် သူ့အတွက် တတိယမြောက်မစ်ရှင်သာ ရှိသေးသည်။ အခြေအနေက ယခုပင် ရှုပ်ထွေးနေသည်။
လုယန်က မျက်နှာမပျက်။
“ခင်ဗျား ကျုပ်တို့ကို အဆိပ်ခတ်နိုင်ရင် ကျုပ်တို့လည်း ခင်ဗျားကို အဆိပ်ခတ်နိုင်လိမ့်မယ်လို့ စဉ်းစားဖူးလား”
အိမ်ထိန်းကျန်းက မခိုးမခန့်လေသံဖြင့်
“အဆိပ်လား၊ အဆိပ်က ငါ့ကို ဘာလုပ်နိုင်မှာလဲ”
ပြောနေရင်းမှာပင် သူ့အရေပြားများ မြွေအရေလဲသလို ခန္ဓာကိုယ်မှအိဆင်းသွားသည်။ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ် ဘုတ်ခနဲကျသည်။ ပြည့်စုံသည့် လူပုံစံအရေပြားတစ်ခု အခန်းထဲတွင် ရပ်လျက်သားကျန်ခဲ့သည်။ ဘာမှမရှိသည့် မျက်လုံးအိမ်က ထောင်ယော်ယဲ့ကို စိုက်ကြည့်နေသည်။
အရေပြားသရဲ။
ထောင်ယော်ယဲ့အမူအရာ လေးနက်လာသည်။ အိမ်ထိန်းကျန်း အဆိပ်ကိုဘာကြောင့်မကြောက်မှန်း နားလည်လာသည်။ အဆိပ်ဆိုသည်မှာ ကိုယ်တွင်းအင်္ဂါများ၊ ကြွက်သားများ သွေးကြောများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ အရေပြားသရဲ၏ပုံစံအစစ်က အရေပြားတစ်ခုသာဖြစ်သည်။ သာမန်အဆိပ်များ သက်ရောက်မှုမရှိနိုင်။ ထို့အပြင် အရေပြားကို ဦးတည်တိုက်ခိုက်သည့် အဆိပ်မျိုး ဘယ်သူကအထူးတလည် ဖော်စပ်မည်နည်း။
သို့သော် လုယန်တွင် အဖြေရှိသည်။
အိမ်ထိန်းကျန်း သူ့အစွမ်းကို ကြွားလုံးထုတ်ရန် ပြင်နေချိန်တွင် သူ့ခြေထောက်တွင် ပဲစေ့အရွယ်အရေဖုများ ပေါ်လာပြီး အရေပြားများ ကွာကျသွားသည်။ ထိုအရေဖုများက ရောင်ရမ်းကြွတက်၍ အလွန်အမင်း ယားယံလာသည်။ နည်းနည်းထိရုံဖြင့် အဝါရောင်အရည်များ စိမ့်ထွက်လာသည်။
“ဒါဘာလဲ”
အိမ်ထိန်းကျန်း ထိတ်လန့်လာသည်။ ထို့အခြေအနေမျိုး တစ်ခါမှမကြုံဖူး။ သူဘာကြောင့် အဆိပ်မိရသနည်း။
“သဲဝဲအဆိပ်လေ”
လုယန် ပြန်ဖြေသည်။
(**ခြေထောက်သဲဝဲစားသည်ဟုဆိုကြပါသည်။ ခြေဖဝါးအရေပြားတွင် အပေါက်ကလေးများဖြစ်လာသည်။)
အိမ်ထိန်းကျန်း တွေးရခက်သွားသည်။ နားကြားမှားသည်ဟု ထင်လိုက်သည်။
“ကျုပ်ကခင်ဗျားနဲ့ အချိန်ကုန်ခံပြီး စကာပြောနေတယ်ထင်လား။ မဟုတ်ဘူး၊ ဒီသဲဝဲရောဂါအဆိပ် အာနိသင်ပေါ်လာအောင် အချိန်ဆွဲနေတာ။ ခင်ဗျား ထောင်ယော်ယဲ့နောက်ကို လိုက်လာမယ်မှန်းသိလို့ သဲဝဲအဆိပ်ကို ဒီအခန်းထဲမှာ ကျုပ်ကြိုချထားတာ”
အိမ်ထိန်းကျန်းမျက်နှာ ဖြူရောက်သွားသည်။
ထောင်ယော်ယဲ့ မျက်နှာတင်းသွားသည်။
လုယန် အေးစက်စက်ပြုံး၍ ရှေ့တိုးလာသည်။ အိမ်ထိန်းကျန်း ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး နောက်ဆုံး ကြမ်းပြင်ပေါ်ထိုင်လိုက်ရသည်။
“မင်း...မင်း....ငါအရေပြားသရဲမှန်း မင်းဘယ်လိုသိတာလဲ”
သူအရေပြားသရဲမှန်းသိ၍သာ အရေပြားထိခိုက်သည့်အဆိပ်မျိုး သုံးခဲ့ခြင်းဖြစ်မည်။ သူစဉ်းစားမရ။
အရေပြားသရဲကို သဲဝဲအဆိပ်ဖြင့် တိုက်ခိုက်ခံရသည်ဟု သူတစ်ခါမှမကြားဖူး။
ယခု သူ့ခြေထောက်များ အတော်ယားယံနေပြီး ရူးမတတ်ဖြစ်နေသည်။ ဖြတ်ပစ်ချင်စိတ်ပင် ပေါ်လာသည်။ အဆိပ်ဝေဒနာကို သူ့ဝိညာဉ်စွမ်းအားများ မှော်စွမ်းအားများသုံး၍ ဖိနှိပ်ထားရသည်။ ထို့ကြောင့် ထွက်ပြေးဖို့မဖြစ်နိင်တော့။
ရုတ်တရက် သူ့အမြင်ဝေဝါးသွားသည်။ လုယန် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“မဖြစ်နိုင်ဘူး”
သူမယုံနိုင်အောင် ဖြစ်နေသည်။ လုယန်သည် အခြေတည်အဆင့်ရောက်စလူငယ်သာဖြစ်သည်။ သူ့အမြင်အာရုံမှ ရှောင်ပြေးနိုင်မည်မဟုတ်။
“ဒါ ပုံရိပ်ယောင်ပဲ”
သူနားလည်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် လှိမ့်ရှောင်ရန် ကြိုးစားသည်။
သို့သော် နောက်ကျသွားသည်။ အေးစက်စက်အလင်းတစ်ခု ပေါ်လာသည်။ အိမ်ထိန်းကျန်း ဦးခေါင်းမှ ပေါင်ခွကြားအထိ နှစ်ခြမ်းပြတ်သွားသည်။ လုယန်၏ဓားချက်က တိကျသည်။
“တော်တယ်”
လုယန် ထောင်ယော်ယဲ့ကို လက်မထောင်ပြသည်။
ပုံရိပ်တစ်ထောင်ထီးဖြင့် ထောင်ယော်ယဲ့က အိမ်ထိန်းကျန်းကို အာရုံလွှဲခဲ့ခြင်းဖြစ်သည်။ သူ့စွမ်းအားက သိပ်မပြည့်စုံသဖြင့် အတွေ့အကြုံများသည့် အိမ်ထိန်းကျန်းက တစ်ခဏအတွင်း ပုံရိပ်ယောင်မှ ရုန်းထွက်နိုင်ခဲ့သည်။
သို့သော် လုယန်ဓားချက်အတွက်လည်း ထိုတစ်ခဏအချိန်လေးသာလိုသည်။
.
မမျှော်လင့်ဘဲ အလစ်အငိုက်တိုက်ခံရခြင်းလည်းဖြစ်၍ အရေပြားသရဲ လုယန်လို ဓားကျင့်ကြံသူတစ်ယောက်၏ ဓားချက်ကို မခုခံနိုင်ခဲ့။
အရေပြားသရဲက လုယန်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လှုပ်ရှားနေသည်။ “ငါ့ပုံစံအစစ်ကို မင်းဘယ်လိုသိတာလဲ”ဟု မေးနေဟန်ရှိသည်။
ထောင်ယော်ယဲ့လည်း ထိုအဖြေကိုသိလိုသဖြင့် လုယန်ကို လှည့်ကြည့်လာသည်။
လုယန်ဘာမှမပြောဘဲ ဓားကိုနောက်တစ်ကြိမ် ဝင့်လိုက်သည်။ အရေပြားသရဲ လေးပိုင်းဖြစ်သွားသည်။ ထို့နောက် ဝိညာဉ်ဝိုင်ကို လောင်းချလိုက်သည်။ မီးထတောက်လာသည်။ နာကျင်စွာအော်ဟစ်သံများကြားတွင် အစိတ်အပိုင်းများ ပြာမှုန့်အဖြစ်ပြောင်းလဲသွားသည်။
ထိုသတ္တဝါမျိုးကို အရင်သုတ်သင်၍ နောက်မှရှင်းပြခြင်းက ပိုကောင်းသည်။ အရေပြားသရဲ၏ လှည့်ကွက်များကို ဘယ်သူမှ သေချာမသိနိုင်ပေ။
***************************************************