ရှန်မိသားစုခေါင်းဆောင်
Vol. 2 Ch. 23
“သူအရေပြားသရဲဆိုတာ ရှင်ဘယ်လိုရိပ်မိလဲ”
အိမ်ထိန်းကျန်း သိမသွားသည့် မေးခွန်းကို ထောင်ယော်ယဲ့ ထပ်မေးသည်။
လုယန်က အခန်းကိုရှင်းလင်းနေသည်။ အရေပြားသရဲ၏ ပြာများကို အပုံငယ်ဖြစ်အောင် တံမျက်စည်းဖြင့်စုသည်။ ထောင်ယော်ယဲ့က အမှိုက်ကျုံးသည့်ခွက်ဖြင့်ကျုံးသည်။
“ရိုးရှင်းပါတယ်၊ ကြက်တူရွေးပြောတဲ့စကားကို စဉ်းစားကြည့်လေ။ “အိမ်ထိန်းကျန်းဘယ်မှာလဲ”လို့ မေးတာဖြစ်မယ်။ ရှန်ယွမ်ကလည်း ငါတို့ကို တမင်တကာ မောင်းထုတ်တယ်။ ရှန်မိသားစုနဲ့ ဝေးဝေးနေဖို့ သတိပေးတယ်။ ဒီတော့ လက်ရှိအိမ်ထိန်းကျန်းဟာ ရှန်ယွမ်သိခဲ့တဲ့လူမဟုတ်တော့ဘဲ အရမ်းအန္တရာယ်များလို့ပဲပေါ့။
“အိမ်ထိန်းကျန်းအသွင်ပြောင်းနိုင်တဲ့ အခြေအနေသုံးခုရှိတယ်။ ပထမတစ်ခုက ခန္ဓာကိုယ်ကို ဝင်ပူးလိုက်တာ။ ဒါပေမယ့် ဝိညာဉ်တစ်ကောင်က ခန္ဓာကိုယ်ကိုဝင်ပူးပြီး ရှန်မိသားစုမှာ ဘာလို့ဒီလောက်ကြာအောင် ရစ်ဝဲနေမှာလဲ။ ငါသာဆိုရင် ပူးကပ်ပြီးတာနဲ့ ရွာကနေချက်ချင်းထွက်သွားမှာ။ ကျင့်ကြံဖို့ နေရာကောင်းတစ်ခုရှာမှာ။ ပြီးတော့ အိမ်ထိန်းကျန်းရဲ့ပါရမီက အဲလောက်မကောင်းဘူး။ ရှန်သခင်ကြီးကိုပူးကပ်တာက ပိုကောင်းတာပေါ့။
“ဒုတိယတစ်ချက်က အိမ်ထိန်းကျန်းအဖြစ် ရုပ်ဖျက်အယောင်ဆောင်ပြီးနေဖို့။ ဒါကလည်း အဓိပ္ပါယ်သိပ်မရှိဘူး။ ရှန်မိသားစုမှာ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူး။ ဘာလို့ဒုက္ခခံနေမှာလဲ။ ထူးဆန်းတဲ့အကြိုက်မျိုးရှိလို့လား။ ရှန်မိသားစုမှာ အဖိုးတန်ပစ္စည်းတွေရှိရင်တောင် တိုက်ရိုက်ခိုးလိုက်မှာပေါ့။ အခြေတည်နောက်ဆုံးအဆင့်နဲ့ဆို ထိုင်ပင်ရွာကိုတောင် အလွယ်လေးဓားပြတိုက်လို့ရပါတယ်။
“တတိယဖြစ်နိုင်ခြေက အရေပြားသရဲပဲ။ အရေပြားသရဲဟာ လူ့အရေပြားကိုယူပြီး အယောင်ဆောင်နေထိုင်ရတာကိုကြိုက်တယ်။ သူတို့ဟာ တစ်ချိန်က လူသားတွေပဲ။ သေပြီးမှ သရဲဖြစ်လာတာ။ သရဲကျင့်ကြံသူအမျိုးအစားတစ်ခုပဲ။ အများစုက စိတ်ပိုင်းဆိုင်ရာမူမမှန်တာတွေရှိတယ်။
“ဥပမာ အရေပြားသရဲတွေဟာ အလိမ်ပေါ်မိသွားတာမျိုးကို မုန်းတီးကြတယ်။ သူတို့ကိုယ်သူတို့ လူသားလို့သတ်မှတ်ပြီး ပြောဆိုနေထိုင်ကြတယ်။ ငြီးငွေ့သွားရင် နောက်ထပ်အရေပြားအသစ်ရှာတယ်။ ဘဝသစ်စတယ်။ အဲလို သံသရာလည်တာပဲ”
လုယန်ရှင်းလင်းချက်က ကျိုးကြောင်းဆီလျော်လှသည်။ လှေပျံပေါ်တွင် ကြောက်ရွံ့နေခဲ့သည့် လုယန်ပုံစံမျိုးမဟုတ်တော့။ ထောင်ယော်ယဲ့ အံ့ဩရသည်။
“ဒီပြာတွေယူခဲ့တာပေါ့။ ဒါ ငါတို့မစ်ရှင် အောင်မြင်တဲ့သက်သေပဲ”
လုယန် တစ်ပေခန့်ရှည်သည့် ကြွေအိုးဖြူတစ်လုံးထုတ်ပြီး ပြာများကိုသေချာသိမ်းဆည်းလိုက်သည်။
အရေပြားသရဲပြဿနာသည် သူတို့မစ်ရှင်နှင့် ဆက်စပ်နေသည်။ ထိုသရဲကို အနိုင်ယူလိုက်သည့်အတွက် ကြက်တူရွေးရှာဖွေသည်ထက် ဆုကြေးကောင်းကောင်းရမည်မှာ သေချာသည်။
အခန်းပြင်မှ ပြေးလာသည့်ခြေသံများ ကြားရလိုက်ရသည်။ တံခါးဝတွင် ရပ်သွားသည်။ အိပ်ယာမှနိုးလာပြီး အခြေအနေလာကြည့်ကြသည့် ရှန်မိသားစုဝင်များ ဖြစ်ဟန်ရှိသည်။ သို့သော် အထဲသို့ ဝင်မလာရဲကြ။
လုယန် ပြုံး၍ အော်ခေါ်လိုက်သည်။
“ဝင်ခဲ့ပါ ရှန်သခင်ကြီး။ အရေပြားသရဲကို သတ်ပြီးပါပြီ။ ဒီမှာ ဘေးကင်းပါပြီ”
တံခါး ဝုန်းခနဲပွင့်သွားသည်။ ရှန်သခင်ကြီး၊ မိန်းမ၊ သမီးနှင့် အစေခံများ စိတ်သက်သာရာရသည့်အမူအရာဖြင့် ဝင်လာကြသည်။
“အရေပြားသရဲကို သုတ်သင်ရှင်းလင်းပြီး ရှန်မိသားစုဝင်ဆယ့်နှစ်ယောက်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရှင်သခင်တို့”
ရှန်သခင်ကြီး ဒူးထောက်လိုက်သည်။ ကျန်သည့်လူများလည်း ဒူးထောက်အရိုအသေပြုကြသည်။
ရက်စက်ကြမ်းတမ်း၍ ခန့်မှန်းရခက်သည် ဤအရေပြားသရဲသည် အိမ်ထိန်းကျောက်ဘဝကို ငြီးငွေ့လာသည်နှင့် တစ်မိသားစုလုံးကို အလွယ်တကူ သတ်ပစ်နိုင်သည်။
“အဲလိုလုပ်စရာမလိုပါဘူး ရှန်သခင်ကြီး။ နတ်ဆိုးတွေကိုသုတ်သင်ပြီး တော်ဝင်လမ်းကိုကာကွယ်တာဟာ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေ လုပ်ရမယ့်အလုပ်ပါ”
အားလုံးဒူးထောက်အရိုအသေပြုနေသဖြင့် လုယန် မျက်နှာပျက်သွားပြီး အမြန်ဆွဲထူလိုက်သည်။
“အရေပြားသရဲကို စောစောကြိုပြီး သတိမထားမိခဲ့တဲ့အတွက် ကျုပ်တို့ကို ခွင့်လွှတ်ပါ။ ဒီသရဲကအရမ်း လျှို့ဝှက်ပါတယ်။ ဘယ်ကဘယ်လိုရောက်လာမှန်း ကျုပ်မသိပါဘူး။
“အိမ်ထိန်းကျောက်အဖြစ် ဟန်ဆောင်ပြီးကတည်းက ရှန်အိမ်တော်ကနေမထွက်ဖို့ ဘယ်သူနဲ့မှ စကားမပြောဖို့ ကျုပ်တို့ကိုတားမြစ်ခဲ့တယ်။ လျှို့ဝှက်ချက်ပေါက်ကြားတာနဲ့ သေချာပေါက် ကျုပ်တို့သေမှာပါ”
ရှန်ယွမ်လည်း စိတ်မကောင်းဖြစ်နေပုံရသည်။ စတွေ့စဉ်က သူအေးစက်စက်ပြောခဲ့ခြင်းမှာ လုယန်တို့နှစ်ယောက်ကို အန္တရာယ်မဖြစ်စေလိုသောကြောင့်သာဖြစ်သည်။
ရှန်သခင်ကြီး ဆက်ပြောသည်။
“ကံဆိုးချင်တော့ ကျေးလက်ဒေသကို ရောက်ပြီးနောက်မှာ ကျင့်ကြံသူဘဝက ကျုပ်ပိုင်ဆိုင်မှုတွေအားလုံး ရွှေငွေ ကျောက်မျက်ရတနာတွေအဖြစ် ပြောင်းခဲ့ပါပြီ။ တာအိုရှင်တို့နှစ်ယောက်အတွက် အသုံးဝင်တာ ဘာမှမရှိတော့ဘူး။ ကျေးဇူးကို ဘယ်လိုပြန်မဆပ်နိုင်ပါဘူး။ တာအိုရှင်တို့ လိုအပ်တစ်ခုခုရှိလား။ ကျုပ်အားလုံးကိုရောင်းချပြီး ဖြည့်ဆည်းပေးပါ့မယ်”
တမင်ဟန်လုပ်၍ ပြောခြင်းမဟုတ်။ အသက်ကယ်ခဲ့သည့် ကျေးဇူးကို တကယ်ပြန်ဆပ်လိုခြင်းဖြစ်သည်။
ရှန်မိသားစုပိုင်ဆိုင်မှုများက တာအိုလမ်းစဉ်ဂိုဏ်းတပည့်များအတွက် အသုံးမဝင်လှ။ သို့သော် လုယန် တစ်ခုတောင်းဆိုသည်။
“အသက်ဘေးတစ်ခု တွေ့ကြုံပြီးနောက်မှာ ခင်ဗျား ကျင့်ကြံသူလောကထဲက အနားယူခဲ့တယ်။ ဂူသင်္ချိုင်းတူးဖော်တဲ့အလုပ်ကိုလည်း စွန့်လွှတ်ခဲ့တယ်လို့ကြားတယ်။ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲ သိခွင့်အရှိမလား”
သင်္ချိုင်းဖောက်သည့်ပုံပြင်နှင့် စွန့်စားမှုများအကြောင်း စိတ်ဝင်စားသဖြင့် ထောင်ယော်ယဲ့လည်း ရှန်သခင်ကြီးကို လှမ်းကြည့်နေသည်။ ကြီးမားသည့်စွန့်စားခန်းတစ်ခု၊ ကြီးမားသည့်အခွင့်အလမ်းတစ်ခု ဖြစ်ပုံရသည်။ မသိသေးသည့် အကြောင်းအရာများကို သူစူးစမ်းလိုသည်။
လုယန်က ထိုသို့စူးစမ်းသည်ကို သိပ်စိတ်မဝင်စား။ ထူးဆန်းသည့် ဇာတ်လမ်းပုံပြင်များ နားထောင်ရသည်ကိုသာ သဘောကျခြင်းဖြစ်သည်။
ရှန်မိသားစုခေါင်းဆောင် ရှန်ကျုန်းထန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ တစ်ချိန်က ဇာတ်လမ်းဟောင်းကို ပြန်ပြောလိုပုံမရ။ သို့သော် အသက်ကယ်တင်ရှင်များ၏အမေးကို ပြန်ဖြေရမည့်ဝတ္တရားရှိနေသည်။ မိသားစုဝင်အားလုံးကို အပြင်ထွက်ရန် ပြောသည်။ အထူးသဖြင့် သူ့သမီးရှန်ယွမ်ကို အခန်းပြင်သို့ နှင်ထုတ်သည်။ ပြီးမှ ဇာတ်လမ်းကိုစပြောသည်။
“ဒီနေ့ပြောတဲ့ဇာတ်လမ်း တစ်ခြားလူတွေကို ပြန်မပြောပါနဲ့”
လုယန်တို့နှစ်ယောက် ပြိုင်တူခေါင်းငြိမ့်ကတိပေးသည်။
“လွန်ခဲ့တဲ့နှစ်သုံးဆယ်က ကျုပ်ရှန်ကျုန်းထန်ဟာ အခြေတည်အဆင့်သင်္ချိုင်းဖောက်တဲ့ အသိုင်းအဝိုင်းမှာ နည်းနည်းနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ နာမည်ဆိုးတာမဆိုးတာထက် ကျုပ်ကိုသဘောမကျတဲ့လူတွေတော့ အများကြီးရှိတယ်”
ရွှေရောင်နေ့ရက်များကို ပြန်အောက်မေ့လာဟန်ဖြင့် သူ့လေသံက ဝင့်ကြွားရိပ်အနည်းငယ်သန်းနေသည်။
သူဘာကြောင့် ထိုအဖြစ်ကိုဂုဏ်ယူနေမှန်း လုယန်တို့နှစ်ယောက် နားမလည်ကြ။ ဂူသင်္ချိုင်းဖောက်သူများကြားတွင် နာမည်ဆိုးတွင်သည်ဆိုလျှင် ထူးခြားစွမ်းရည်ရှိနေခြင်းကို ရည်ညွှန်းကြောင်း သူတို့မသိသောကြောင့်ဖြစ်သည်။
“ဂူဖောက်တဲ့နေရာမှာ ကျုပ်အမြဲတမ်းသတိထားတယ်။ ရှေးဟောင်းဂူသင်္ချိုင်းကြီးတွေကို ဘယ်တော့မှသွားမထိဘူး။ ဒီလုပ်ငန်းနယ်ပယ်ကလူတိုင်း ဆိုရိုးစကားတစ်ခုကို သိကြတယ်။ “ဂူသင်္ချိုင်းကြီးရင် သရဲတွေရှိတယ်။ ရှေးကျရင် မသေမျိုးတွေရှိတယ်”တဲ့”
ဤနေရာတွင် သရဲဆိုသည်မှာ အခြေတည်အဆင့်အရေပြားသရဲထက် စွမ်းအားများစွာပိုကြီးသည့် ဖြစ်တည်မှုများကို ရည်ညွှန်းသည်။
“ကျုပ်က ချီသန့်စင်အဆင့်ဆိုတော့ ချီသန့်စင်အဆင့်ကျင့်ကြံသူတွေရဲ့ ဂူသင်္ချိုင်းတွေကို ကျုပ်ရှောင်တယ်။ သူတို့က နောက်မျိုးဆက်တွေအတွက် တန်ဖိုးရှိတာတွေ သိပ်မချန်ခဲ့ဘူး။ ဒီတော့ ဂူဖောက်ရတာ မတန်ဘူး။ အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့် ကျင့်ကြံသူတွေကျတော့ ကျုပ်လိုလူအတွက် အဖိုးတန်တာတစ်ခု ရနိုင်တယ်လေ။
“ဒါပေမယ့် အမှတ်မထင်ကိစ္စဆိုတာ အမြဲကြုံတတ်တာပါပဲ။ တစ်ခါတော့ ရွှေသန္ဓေအဆင့်ကျင့်ကြံသူရဲ့ ဂူသင်္ချိုင်းလို့ထင်ပြီး ကျုပ်ဖောက်ဝင်ခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ အယောင်ဆောင်ထားတဲ့ နတ်ဝိညာဉ်အဆင့်ဂူသင်္ချိုင်းဖြစ်နေတယ်။
“ကျုပ်တို့ကျင့်စဉ်အဆင့်ထက်ကျော်တဲ့ ကျင့်ကြံသူဂူသင်္ချိုင်းတွေကို မတူးဖော်ရဘူးဆိုတာ ကျုပ်တို့ရဲ့စည်းကမ်းပဲ။ ဒါပေမယ့် အဲဒီတုန်းက အပျော်စိတ်ကြောင့် ကျုပ်မျက်လုံးကန်းခဲ့တယ်။ ချီသန့်စင်ခြင်းထိပ်ဆုံးအဆင့်ဆိုပေမယ့် အခြေတည်အဆင့်တစ်ယောက်နဲ့ အမြန်နှုန်းချင်း ကျုပ်ယှဉ်နိုင်တယ်လို့ တွေးခဲ့မိတယ်။ ဂူဖောက်တဲ့အလုပ်က တိုက်ခိုက်ရတာမျိုးလည်းမရှိတော့ ကိုယ့်ကိုယ်ကို အခြေတည်အဆင့်လို့တွေးပြီး နတ်ဝိညာဉ်အဆင့်သင်္ချိုင်းဂူကို ဖောက်ဖို့ဆုံးဖြတ်ခဲ့တယ်။
“အဲလိုနဲ့ ကျုပ်ဘိုးဘေးတွေကို မွှေးတိုင်ပူဇော်၊ ကောင်းချီးရှာဖွေပြီးတော့ အဲဒီဂူသင်္ချိုင်းထဲ စဝင်တာပေါ့”
******************************************************