အဆင့်တက်ခြင်း
Vol. 2 Ch. 27
တော်ဝင်မိသားစုနှင့် မုန်မိသားစုတို့ ရင်းနှီးသည့်ဆက်ဆံရေးမျိုး ရှိခဲ့သည်။ မကြာခဏ မျိုးနွယ်နှစ်ခု လက်ဆက်ကြသည်။ မုန်မိသားစုမှ ပါရမီရှင်များ ဆက်တိုက်ထွက်သည်။ မုန်မိသားစုမျိုးဆက် အားနည်းလာပြီး အဆုံးသတ်တော့မည်ဟုတွေးတိုင်း ပါရမီရှင်တစ်ယောက် ပေါ်လာသည်။ မုန်မိသားစု၏ မသေမျိုးဒဏ္ဍာရီကို ထိန်းသိမ်းသည်။ ထို့ကြောင့် မုန်မိသားစု၏ ကံကြမ္မာသည် ရှားနိုင်ငံနှင့် ဆက်စပ်နေသည်ဟုပင် ကောလဟာလ ထွက်လာသည်။ ရှားနိုင်ငံရှိနေသရွေ့ မုန်မိသားစု ပျောက်ကွယ်သွားမည်မဟုတ်။
“အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ ငါ့ကို မုန်မိသားစုရဲ့ မျိုးဆက်တစ်ခုမှာတစ်ယောက်ပေါ်ထွန်တဲ့ ပါရမီရှင်ရယ်လို့ မင်းတို့တွေးနေကြမယ်လို့ ထင်မထားဘူး”
မုန်ကျင်းကျိုး ယဉ်ကျေးမှုအရ ပြန်ငြင်းသည်။
“...မဟုတ်ပါဘူး။ မင်းကို ပါရမီရှင်လို့ ငါတို့မတွေးပါဘူး”
လုယန်က အမှန်တရားကိုပြောသည်။ အလေးအနက်ဘာမှမထားသည့် မုန်ကျင်းကျိုးသာ မုန်မိသားစု၏ ကြီးလေးသည့် တာဝန်များကို ထောက်ပံ့မည်ဆိုလျှင် မုန်မိသားစု၏ မသေမျိုးမျိုးဆက် အဆုံးသတ်သွားလောက်သည်။
ပါရမီရှင်ဆိုသည့်စကားလုံးက လုယန်နှင့် ပိုသင့်တော်သည်။ လုယန်သည် နောင်တစ်ချိန် တာအိုလမ်းစဉ်ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ဖို့ ကံပါလာသူဖြစ်သည်။
သူတို့နှစ်ယောက် ကိုယ့်ကိုယ်ကို ချီးမွှမ်း၍ တစ်ဘက်လူကို အထင်သေးကြသည်။ သူတို့ဘေးမှ ထောင်ယော်ယဲ့ကို လုံးဝမေ့နေကြသည်။ အမှန်တော့ ငှက်မသေမျိုးခန္ဓာ၏ ပါရမီသည် တစ်ကိုယ်တော်ဝိညာဉ်မြစ်နှင့် ဓားဝိညာဉ်မြစ်တို့ထက် သာလွန်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကိစ္စကို သိပ်ကြာကြာမပြောနိုင်ကြ။ ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအင်ရောင်တစ်ခု အောက်ထပ်မှ ရုတ်တရက် ပျံ့နှံ့လာသည်။ ဆိုင်တစ်ခုလုံး တုန်ခါသွားသည်။ အဆောက်အဦးသာမခိုင်လျှင် ထိုစွမ်းအင်ရောင်ဖြင့်ပင် ပြိုကျသွားနိုင်လောက်သည်။
လုယန်နှင့်တစ်ခြားလူများ ခေါင်းပေါ်သို့ တူတစ်လက်ကျလာသလို ခံစားကြရသည်။ သိစိတ်များ ဗလာဖြစ်သွားသည်။ အတွင်းကလီစာများ ညှစ်ထုတ်ခံနေရသလို ခံစားရသည်။ အတော်မသက်သာသည့် ဝေဒနာမျိုးဖြစ်သည်။
ရွှေသန္ဓေအဆင့်များအပါအဝင် အနီးအနားရှိ လုယန်တို့ထက် ကျင့်စဉ်စွမ်းအားအဆင့်မြင့်သူများလည်း သိပ်မသက်သာလှ။
“တစ်ယောက်ယောက် နတ်ဝိညာဉ်အဆင့်ကို တက်နေတာများလား”
နတ်ဝိညာဉ်အဆင့်အမတစ်ယောက်က တအံ့တဩပြောသည်။ စွမ်းအင်ရောင်ထဲတွင် သက်တမ်းရင့်သည့် ကြမ်းတမ်းမှုလက္ခဏာမျိုး ပါဝင်နေသည်။
ရနံ့တစ်ရာဆိုင်မှ အစားအသောက်များသည် အရသာရှိရုံသာမဟုတ်။ ကျင့်စဉ်အဆင့်ကိုလည်း တိုးတက်စေနိုင်သည်။ သို့မဟုတ် ကျင့်စဉ်စွမ်းအင်လည်ပတ်မှုကိုပင် တိုးပွားစေနိုင်စွမ်းရှိသည်။ အချိုးအစားမှန်မှန် ပေါင်းစပ်၍စားသောက်လျှင် အာနိသင်ပိုတိုးပွားနိုင်သည်။
“ဒီဆိုင်မှာ တစ်နပ်စားရုံနဲ့ အဆင့်တစ်ခုတက်နိုင်တယ်တဲ့။ အဲဒါကို ကောလဟာလလို့ပဲထင်ခဲ့တာ။ ဒီနေ့မှ လက်တွေ့ကြုံရတာပဲ။ ဘယ်ညီငယ်ညီမငယ်ကများ ကံကောင်းပြီး အဆင့်တက်သွားတယ်မသိဘူး”
ပုံမှန်အားဖြင့် အဆင့်တက်မည့်လူသည် တိတ်ဆိတ်သည့်နေရာ အလုံပိတ်နေရာ အကာအကွယ်ရှိသည့်နေရာ ရှာရသည်။ ဆူညံပွက်လောရိုက်နေသည့် ရနံ့တစ်ရာဆိုင်မျိုးသည် အဆက်တက်ဖို့ သင့်တော်သည့်နေရာမဟုတ်။ ထိုနေရာမျိုးတွင် အဆင့်တက်နိုင်ခြင်းသည် ဆိုင်အစားအသောက်များက ကျင့်စဉ်စွမ်းအားကို အကြီးအကျယ် တိုးပွားစေနိုင်သောကြောင့်သာဖြစ်မည်။
စားပွဲထိုးက လက်ဝါးကို အနည်းငယ်ဖိချလိုက်သည်။ နတ်ဝိညာဉ်အဆင့်ဖိအား ချက်ချင်းပျောက်ကွယ်သွားသည်။ အားလုံး အသက်ရှူချောင်လာပြီး စားပွဲထိုးကို တအံ့တဩလှမ်းကြည့်ကြသည်။
စားပွဲထိုးကို ရွှေသန္ဓေအဆင့်ဟုသာ မြင်ကြသည်။ သို့သော် သူပြလိုက်သည့်စွမ်းအားက ထိုအဆင့်လောက်မက။ ကျင့်စဉ်အဆင့်အစစ်ကို ဖုံးကွယ်ထားခြင်းဖြစ်မည်။
တစ်ယောက်က သူ့အဖော်ကို တီးတိုးကပ်ပြောသည်။
“အကြီးအကဲတစ်ယောက်ပြောတာ ငါကြားဖူးတယ်။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က ရနံ့တစ်ရာစားသောက်ဆိုင်ဖွင့်တော့ ဒီလူက စားပွဲထိုးလုပ်တယ်။ အခု နှစ်တစ်ထောင်ကြာပြီးတော့လည်း သူ့ရုပ်က ဒီအတိုင်းပဲတဲ့”
ကျင့်ကြံသူတို့ ရုပ်ရည်မပြောင်းလဲသည်မှာ မဆန်းလှ။ သို့သော် နှစ်တစ်ထောင်ကြာအောင် မပြောင်းမလဲ ရှိနေဖို့တော့ ခက်ခဲသည်။
စားပွဲထိုးက တီးတိုးစကားကို မကြားယောင်ဆောင်၍ တောင်ပန်းသည့်အပြုံးမျိုးဖြင့်
“ကျုပ်တို့ဆိုင်ရဲ့ဧည့်သည်တစ်ယောက်က စိတ်အရမ်းလှုပ်ရှားသွားပြီး အဆက်တက်တဲ့အချိန် စွမ်းအင်ရောင်ကို ထိန်းချုပ်ဖို့ မေ့သွားတာဖြစ်မယ်။ ကျုပ်တို့ကို နားလည်ပေးကြပါခင်ဗျ”
ရွှေသန္ဓေအဆင့်သို့ဝင်စ ဂျူနီယာတစ်ယောက်က ပေါ်ထွက်ခဲ့သည့်စွမ်းအင်ရောင်အကြောင်း ပြန်စဉ်းစားရင်း မျက်နှာဝင်းပလာသည်။
“ဒီစွမ်းအင်ရောင်က ရှေးဟောင်းနဂါးမျိုးနွယ် ပြန်မွေးဖွားသလို ကြမ်းတမ်းတဲ့အငွေ့အသက်ပါတယ်။ အဆင့်တက်သွားတာ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မယ်။ ဒီစွမ်းအင်ရောင်နဲ့ ရင်းနှီးအောင် လုပ်ကြည့်ရအောင်။ ငါတို့ခန္ဓာကိုယ် သန်မာဖို့အတွက် အများကြီးအထောက်အကူရနိုင်တယ်”
“ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့အတွက် ရှားပါးအခွင့်အရေးကို အရယူရမယ်”
သူ့အဖော်များကလည်း ထောက်ခံကြသည်။ အားလုံးကျင့်ကြံမှု စလုပ်ကြသည်။
သူတို့ခန္ဓာကိုယ် လေထဲသို့ အနည်းငယ်ကြွတက်လာပြီး မျက်လုံးမှိတ်လိုက်ကြသည်။ နေရာစုံမှဝင်လာသည့် အေးမြလတ်ဆတ်သည့်ချီကို ခံစားကြသည်။ အတော်သက်တောင့်သက်သာ ဖြစ်လာသည်။
သူတို့သည် ခန္ဓာကိုယ်ကျင့်ကြံသူများ မဟုတ်သော်လည်း သူတို့ရုပ်ခန္ဓာကို တန်ဖိုးထားကြသည်။ မှော်စွမ်းအင်အားကောင်းပြီး ရုပ်ခန္ဓာအားနည်းပါက အလစ်တိုက်ခိုက်ခံရပြီး တစ်ချက်တည်းသေသွားနိုင်သည်။ သို့မဟုတ် အနီးကပ်တိုက်ခိုက်သည့် ရန်သူမျိုးကြုံရလျှင် ပြန်တိုက်ခိုက်ချိန်ပင်မရဘဲ သေသွားနိုင်သည်။ ထို့ကြောင့် တာအိုလမ်းစဉ်ဂိုဏ်းက ဂိုဏ်းတပည့်များ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုကို အလေးထားခြင်းဖြစ်သည်။
ရှေးဟောင်းနဂါးတို့သည် မုန်တိုင်းကိုဆင့်ခေါ်နိုင်သည့် ပြိုင်ဘက်ကင်းရုပ်ခန္ဓာသားရဲများအဖြစ် နာမည်ကျော်သည်။ ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်သည် သားရဲနယ်မြေများကို အုပ်စိုးသည်။ ရှေးဟောင်းနဂါးချီကို နည်းနည်းနားလည်ရုံဖြင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးဖြစ်ထွန်းသည်။ နဂါးမျိုးနွယ်၏ နတ်စွမ်းအားတစ်ခုနှစ်ခုကို လေ့ကျင့်နိုင်သည်ဆိုလျှင် အတိုင်းထက်အလွန်ပိုကောင်းသည်။
အငွေ့တထောင်းထောင်းထနေသည့် အစားအသောက်များ ပြည့်နေသော်လည်း ရွှေသန္ဓေကျင့်ကြံသူငါးယောက်က ကျင့်ကြံမှုသာ လုပ်နေကြသည်။ တကယ်ရှားပါးသည့် မြင်ကွင်းဖြစ်သည်။
ထိုငါးယောက်၏ အခွင့်အရေးလက်လွတ်မခံသည့်စိတ်ကို လုယန် အတော်လေးစားမိသည်။
“ကျွန်မတို့လည်း ဒီအခွင့်အရေးကို အသုံးချပြီး နဂါးစွမ်းအင်ရောင်ကို အာရုံခံကြည့်ကြမလား”
ထောင်ယော်ယဲ့ အကြံပြုသည်။
လုယန် အံ့အားသင့်သွားသည်။
“မင်းက ဟိုအကိုတွေပြောတဲ့ ရှေးဟောင်းနဂါးချီကို အာရုံခံနိုင်လို့လား”
“စမ်းကြည့်မယ်လေ၊ ဆုံးရှုံးစရာမှမရှိတာ”
သူတို့သုံးယောက် ကျင့်ကြံမှုလုပ်သင့်မလုပ်သင့် စဉ်းစားနေစဉ် လှေခါးမှအမြန်တက်လာသည့် ခြေသံများ ကြားလိုက်ရသည်။
ကြောက်စရာအစွယ်များပါသည့် တောရိုင်းဝက်တစ်ကောင် ပေါ်လာသည်။ မျက်လုံးတွင် အကြောက်တရားနှင့် ဒေါသရိပ်များပြည့်နေသည်။ လူအားလုံး ထိတ်လန့်သွားကြသည်။
ဤဝက်ရိုင်း၏စွမ်းအားအဆင့်သည် ယခုရှိနေသူအများစုထက် ပိုမြင့်သည်။ စွမ်းအင်ရောင်ကလည်း မတည်ငြိမ်။ အဆင့်တက်ပြီးစပုံစံဖြစ်သည်။
စားပွဲထိုး မျက်မှောင်ကျုံ့သွားသည်။ လှုပ်ရှားသင့်မလှုပ်ရှားသင့် သူတွေးနေစဉ် တောက်ပသည့် ဓားရောင်တစ်ချက်လက်သွားသည်။ ပြင်းထန်၍ အလွန်တရာပူပြင်းသည့် ဓားရိပ်တစ်ခု ကျလာသည်။ တစ်ချက်တည်းဖြင့် ဝက်ရိုင်းခေါင်းပြတ်သွားသည်။ ခေါင်းပြတ်က လိမ့်ထွက်လာပြီး လုယန်ခြေရင်းတွင် ရပ်သွားသည်။
နာကျည်းရိပ်အပြည့်ရှိသည့် ဝက်ရိုင်းမျက်လုံးများက လုယန်ကိုစိုက်ကြည့်နေသည်။
သွေးများပြန့်ကျဲသွားခဲ့သင့်သော်လည်း သွေးမထွက်။ ဓားသွားမှ ပြင်းထန်သည့်အပူငွေ့ကြောင့် ပြတ်သည့်နေရာမှအသားများ ချက်ချင်းကျက်သွားသည်။ အသားကင်နံ့ ထွက်လာသည်။
နောက်ဆုံးတွင် ဓားသွားပိုင်ရှင်ပေါ်လာသည်။ သာမန်ရုပ်ရည်ရှိသည့် စာဖိုမှူးတစ်ယောက်ဖြစ်သည်။ ဦးထုပ်ရှည်တစ်လုံးဆောင်း၍ ဟင်းချက်ဝတ်စုံ ဝတ်ထားသည်။ ဝက်သတ်ဓားတစ်လက် ကိုင်းထားသည်။ မျက်နှာက ကြမ်းတမ်းသည်။ လုယက်တော့မည့် ဓားပြတစ်ယောက်ကဲ့သို့ အပြုံးမျိုးသည်။
“ဆောရီးပါ၊ ဆောရီးပါ။ အားလုံးထိတ်လန့်သွားစေဖို့ မရည်ရွယ်ပါဘူး။ ဒီနဂါးသွေးပါတဲ့ဝက်ရိုင်းကို သတ်ခါနီးမှာ ကျုပ်ဆီက ပြင်းထန်တဲ့လူသတ်ရိပ်ကြောင့်ဖြစ်မယ်။ ဒီကောင်က သေရေးရှင်ရေးကြုံတော့ သူ့ကိုယ်ထဲက ရှေးဟောင်းနဂါးသွေးဆက် နိုးထလာပြီး နတ်ဝိညာဉ်အဆင့်ကို ရောက်သွားတယ်။ ဒါ ကျုပ်တို့ဘက်က ပေါ့ဆမှုပါ။ နောက်မဖြစ်စေရပါဘူး။ နားလည်ပေးကြပါဗျာ”
စားဖိုမှူးက ဝက်သတ်ဓားကိုင်၍ ရုပ်ကြမ်းကြမ်းဖြင့် ပြုံးပြနေသည်။ စိတ်ရင်းဖြင့် တောင်းပန်နေပုံရသည်။ စားသောက်နေသူများ လက်ခံရုံမှတစ်ပါး တစ်ခြားရွေးစရာမရှိ။
စားဖိုမှူးက လုယန်ခြေထောက်ရင်းမှ ဝက်ခေါင်းကိုကောက်ယူ၍ ခန္ဓာကိုယ်နှင့် ပြန်ဆက်လိုက်သည်။ ပတ်ဝန်းကျင်တွင်ပေါ်နေသည့် ဖိအားများ ချက်ချင်းပျောက်ကွယ်သွားသည်။
ရွှေသန္ဓေအဆင့်ငါးယောက် အတော်ရှက်သွားသည်။ ဘာဆက်လုပ်ရမှန်းမသိကြတော့။
တစ်ယောက်က စားပွဲကို လက်ဖြင့်ဝုန်းခနဲရိုက်၍
“သောက်လခွမ်းပဲကွာ။ အဲဒီ့ဝက်ရဲ့အသားနဲ့ချက်ထားတဲ့ ဝက်သတ်ဟင်းတစ်အိုး ယူလာပေး”
(**”ဝက်သတ်ဟင်းရွက်”ဟူသည့် ဟင်းရွက်နှင့် ရောချက်ထားသည့်ဟင်းလျာတစ်မျိုးဟု ဆိုပါသည်)
ရှေးဟောင်းနဂါးသွေးဆက်ပါသည့် နတ်ဝိညာဉ်အဆင့်ဝက်ရိုင်းသားသည် အလွန်တရာဈေးကြီးသည်။ သူတို့မှာလိုက်သည့် ဝက်သတ်ဟင်းတစ်အိုးသည် သူတို့အတွက် အိပ်မက်ထဲမှ ဟင်းလျာမျိုးဖြစ်သည်။ ရှက်ရမ်းရမ်းရာမှ နှစ်ခါနာသည်ဟု ဆိုရမည်။
မည်မျှနာသည်ဖြစ်စေ ထိုဝက်ရိုင်းသားကို စားဖြစ်အောင်စားမည်ဟု သူတို့ဆုံးဖြတ်ထားကြသည်။ သူတို့မကြေနပ်ချက်များ အတွင်းဒဏ်ရာအဖြစ် ပြောင်းသွားမည်ကို လက်မခံနိုင်ကြ။
စားပွဲထိုးက တဘက်ကိုပုခုံးပေါ်ဖျတ်ခနဲတင်ပြီး ပြုံး၍အော်ဟစ်လိုက်သည်။
“ကျုပ်တို့ဧည့်သည်တော်ငါးယောက်အတွက် ဝက်သတ်ဟင်းတစ်ပွဲ ထပ်တိုးမယ်ဗျို့”
*********************************************************