← Chapters

တို့ဟူးစားခဲ့တဲ့အချိန်

Vol. 2 Ch. 28

တို့ဟူးစားခဲ့တဲ့အချိန်

Vol. 2 Ch. 28

လုယန်တို့လူစု အကြည့်လွှဲလိုက်ကြသည်။ တစ်ဘက်ဝိုင်းမှလူများ အာရုံမစိုက်မိအောင်နေသည်။

စီနီယာငါးယောက်၏မျက်နှာအမူအရာက လူသတ်တော့မလိုဖြစ်နေသည်။

“ဒါနဲ့လေ၊ မင်းအတွက် ဘာအစားအသောက်တွေမှာထားလဲ မင်းခန့်မှန်းကြည့်ပါလား။ အားလုံးက မင်းအကြိုက်တွေချည်းဆိုတာ သေချာပါတယ်”

မုန်ကျင်းကျိုး တစ်ဘက်ဝိုင်းမှ ဝက်သတ်ဟင်းစားနေသည့် စီနီယာအကိုငါးယောက် အာရုံရောက်လာမည်စိုးသဖြင့် လေသံကိုနှိမ့်၍ပြောသည်။

လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူဘာကြိုက်သည်ကို မုန်ကျင်းကျိုး ဘယ်လိုသိသနည်း။

“အကိုလုဘာဟင်းကြိုက်လဲဆိုတာ ရှင်ဘယ်လိုလုပ်သိတာလဲ”

ထောင်ယော်ယဲ့လေသံက မုန်ကျင်းကျိုးထက် ပို၍နှိမ့်ထားသည်။

မုန်ကျင်းကျိုး လက်မထောင်ပြ၍ သွားတန်းပေါ်လာအောင် ပြုံးလိုက်သည်။

“စီနီယာယွမ်ကျိကို သေချာသွားမေးထားတာပေါ့”

လုယန် ရင်ထိတ်လာသည်။

“အစာသွပ်တို့ဟူး ရောက်ပါပြီ”

“ဒါကတို့ဟူးဦးနှောက်ပါ”

“ဒါကကြက်သွန်နီတိုဟူးခဲ”

“ဒါကမာပိုတို့ဟူး”

ဟင်းခွက်များကို စားပွဲပေါ်ချပေးရင်း စားပွဲတစ်ခုက တစ်ခုချင်းကြေညာသည်။ လက်ရာမြောက်သည့် တို့ဟူးဟင်းပွဲများ လုယန်ရှေ့သို့ ရောက်လာသည်။ တို့ဟူးသိပ်မကြိုက်သည့် ထောင်ယော်ယဲ့ပင် တိုးဟူးနံ့ကြောင့် မြည်းကြည့်ချင်စိတ် ပေါ်လာသည်။

ဟင်းတစ်မျိုးကြေညာတိုင်း လုယန်မျက်နှာ ပိုဖြူရော်လာသည်။

မုန်ကျင်းကျိုးက သူ့ကိုယ်သူအတော်ကျေနပ်နေဟန်ရှိသည်။

“စီနီယာအမကပြောတယ်။ တစ်ခါတုန်းက တို့ဟူးကလွဲလို့ မင်းဘာမှမစားတဲ့အချိန် ရှိခဲ့တယ်တဲ့။ နေ့တိုင်း တို့ဟူးပဲစားတယ်။ အိပ်နေရင်းတောင် “တို့ဟူးမသေမျိုး”အကြောင်း ယောင်ပြီးအော်တယ်တဲ့။ ဒါကြောင့် မင်းက တို့ဟူးကိုတကယ်ကြိုက်တဲ့လူပဲလို့ ငါတွေးလိုက်တာပါ။

“အဲလောက်လည်း ရင်ထဲထိမသွားပါနဲ့။ ငါ့မိသားစုကသင်ထားတယ်။ လူတစ်ယောက်ကို စားသောက်ပွဲဖိတ်ရင် စိတ်ရင်းစေတနာကိုပြဖို့ အဲဒီလူဘာကြိုက်တယ်ဆိုတာ အရင်စုံစမ်းထားဖို့ အရေးကြီးတယ်တဲ့။ ငါ့မိသားစုနဲ့ အမြဲတမ်းအမြင်မတူပေမယ့် ဒီတစ်ချက်တော့ ငါသဘောတူတယ်ကွ။

“ငါဒီဆိုင်ကိုလာပြီး မင်းအတွက် တို့ဟူးတစ်ဝိုင်းစာအပြည့် ကြိုမှာထားတာ။ ဒီဟင်းတွေကို အထင်မသေးနဲ့။ ကြည့်ရင်သာ သာမန်ထင်ရပေမယ့် ဒီတို့ဟူးလုပ်တဲ့ ပဲတွေအားလုံး ထိပ်တန်းဝိညာဉ်ပဲစေ့တွေပဲ။ အမွှေးအကြိုင်ပစ္စည်းတွေကလည်း သက်တမ်းရင့်ဝိညာဉ်ဆေးပင်တွေ။ ရေကိုတောင် မြောက်ပိုင်းနယ်က အသန့်စင်ဆုံးရေခဲသန္ဓေကို သုံးထားတာ”

လုယန်မျက်နှာ တို့ဟူးသားလို ချက်ချင်းဖြူရော်သွားသည်။

ဘယ်လိုအကြိုက်မျိုးကို ထိုလူစုံစမ်းထားသည်မသိတော့။

…

ညစာစားသူများ ပြည့်နေသည့်ဝမ်းဗိုက်ကိုပွတ်လျက် ရနံ့တစ်ရာဆိုင်မှ ပြန်သွားကြသည်။ စားပွဲထိုးက စားပွဲများ ဟင်းခွက်များ အမြန်သန့်ရှင်းသည်။ အချိန်ခဏအားသည်နှင့် လုယန်မေးသည့်မေးခွန်းကို ပြန်သတိရလာသည်။

ဥပုသ်ဆေးစားခြင်းသည် အစာစားခြင်းလား....ဥပုသ်စောင့်ခြင်းလား....

ရိုးရှင်းသယောင်ထင်ရသော်လည်း အ‌တော်နက်နဲသည် ဒဿနတစ်ခုဖြစ်သည်။ တွေးလေ စိတ်ဝင်စားလေဖြစ်လာသည်။

ယခုနှစ်တပည့်သစ်များကြားတွင် နောင်တစ်ချိန် အောင်မြင်မှုရကြမည့် ဉာဏ်ရည်မြင့်သူတစ်ချို့ ပါလာပုံရသည်။

“ဟေ့ စားဖိုမှူး၊ ငါမင်းကို မေးစရာရှိတယ်”

မီးဖိုချောင်သို့သွား၍ ဝက်သတ်သည့်စားဖိုမှူးကို သူပြောသည်။

ပူလောင်နေသည့် မီးဖိုခန်းက ချီသန့်စင်အဆင့်ကျင့်ကြံသူပင် သတိမထားလျှင် အပူလောင်သွားနိုင်သည်။ ထူးခြားဟင်းပွဲများ အစားအသောက်များ ချက်ပြုတ်ရာတွင် သာမန်မီးဖြင့် မလုံလောက်။ အနည်းဆုံး ရွှေသန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက် ဖန်တီးထားသည့် မီးတောက်စွမ်းအားမျိုး ရှိဖို့လိုသည်။

စားပွဲထိုးက ကြောက်စရာအပူဓာတ်ကို အရေးမစိုက်ဘဲ ပုခုံးပေါ်တင်ထားသည့်တဘက်ဖြင့် လေအေးရအောင် ယပ်ခတ်နေသည်။

“ဘာမေးမလို့လဲ။ ဝက်သတ်နည်းသင်ချင်လို့လား”

စားပွဲထိုး မကျေမနပ်စိုက်ကြည့်သည်။

“အဲဒါကို ငါဘာလို့သင်ရမှာလဲကွ။ ချက်ပြုတ်တာနဲ့ပတ်သက်တဲ့ ဒဿနပုစ္ဆာတစ်ခု တွေးမိလို့ပါ။ မင်းဦးနှောက်ကို ငါစမ်းသပ်ကြည့်မယ်”

စားဖိုမှူး ရယ်မောလိုက်သည်။ မီးဖိုကိုသန့်ရှင်းရေးလုပ်နေရာမှရပ်လျက် ဝက်မှင်ဘီးကို ဘေးတွင်ချပြီး နောက်ပြန်မှီလိုက်သည်။

“မေးပါလေ

“ဥပုသ်ဆေးစားတာကို မင်းဘယ်လိုထင်လဲ။ အစာစားတာလား၊ ဥပုသ်စောင့်တာလား”

စားဖိုမှုက နှာခေါင်းရှုံ့၍ ချက်ချင်း ပြန်ဖြေရန်ပြင်သည်။ သို့‌သော် သူ့နှုတ်မှ စကားသံထွက်မလာ။

ဟုတ်သည်။ ဘယ်လိုသတ်မှတ်မည်နည်း။

စားဖိုမှူး သင်္ကာမကင်းဟန်ဖြင့် စားပွဲထိုးကို လှမ်းကြည့်သည်။

“ခဏနေဦး၊ မင်းဉာဏ်ရည်ကို လူတိုင်းသိပါတယ်။ ဘယ်လိုလုပ်ပြီး ဒီမေးခွန်းမျိုးကို တွေးမိတာလဲ”

“မင်းလို ဝက်သတ်သမားမျိုး သိအောင်ပြောလိုက်မယ်။ လူတွေကို အထင်မသေးနဲ့ကွ”

စားပွဲထိုး ဒေါသတကြီး ပြန်ပြောသည်။

“ဒါဆို ဒီမေးခွန်းကို မင်းတွေးမိခဲ့တာလား”

“မဟုတ်ဘူး”

ဆွေးနွေးကြပြီးနောက် ထိုမေးခွန်းကို သူတို့ဉာဏ်မမီဟု တွေးမိသဖြင့် ဆိုင်ပိုင်ရှင်ထံ သွားမေးကြသည်။

ထူးကဲသည့်လက်ဖက်ရည်နံ့များ သင်းပျံ့နေသည်။ ထူးဆန်းသည့် ရှေးဟောင်းစာလုံးများဖြစ်ပေါ်နေသည်။ ဆိုင်ရှင်က လက်ဖက်ရည်အိုးနှင့်ခွက်ကို ကျော့ရှင်းသည့်ဟန်ပန်ဖြင့် ဣန္ဒေရရကိုင်လိုက်သည်။ အလွန်ကြည့်ကောင်းသည်။

ဆိုင်ရှင်က လှပသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။ နဖူးပြင်တွင် ကြယ်အမှတ်အသားတစ်ခု ခပ်ရေးရေးမြင်ရသည်။ အားအားလျားလျား ထိုအသေးအဖွဲ့မေးခွန်းမျိုး လာမေးသည့် လူနှစ်ယောက်ကို စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်သည်။

“နာမည်ကြောင့် မျက်စိလည်မသွားနဲ့လေ။ ဥပုသ်ဆေးရဲ့ရည်ရွယ်ချက်က အစားရှောင်ဖို့မဟုတ်ဘူး။ အစာကို ဖြေးဖြေးချင်း ချေဖျက်ဖို့ ဆေးလုံးအဖြစ် ဖန်တီးထားတာ။ ဒါမှ အစာမစားဘဲ ရက်အတော်ကြာ နေနိုင်မှာ။ ဥပုသ်ဆေးဆိုတာ အစာပဲ။ နားလည်ပြီလား”

စားဖိုမှူး ခဏစဉ်းစား၍ ပြန်ဖြေသည်။

“နားလည်ပါပြီ။ ဒါဆို ဥပုသ်ဆေးသန့်စင်တဲ့ ဆေးပညာရှင်တွေဟာ ကျုပ်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ့ပေါ့”

စားဖိုမှူး နှာခေါင်းရှုံ့သည်။

“ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်မနေနဲ့ကွ။ အလွန်ဆုံးရှိလှရင်မင်းက ဆေးဖော်တဲ့မီးဖိုမှာ ယပ်ခတ်ပေးရတဲ့ ကောင်လေးတွေ အဆင့်လောက်ပဲ”

စားဖိုမှူး ဒေါသထွက်သွားပြီး ဝက်သတ်ဓားကိုဆွဲ၍ စားပွဲထိုးဆီ ခုန်ဝင်သွားသည်။

စားပွဲထိုးကလည်း အလျှော့မပေးဘဲ တဘက်စောင်ကို ဖျတ်ခနဲခါလိုက်သည်။ အဖြူရောင်သံတုတ်အဖြစ်သို့ ပြောင်းသွားသည်။

သူတို့နှစ်ယောက် အပြင်းအထန်တိုက်ခိုက်သည်။ လမ်းဘေးလူမိုက်များလို ညစ်ပတ်သည့်နည်းလမ်းမျိုးစုံသုံးသည်။ ဆိုင်ရှင်စိတ်ပျက်သွားသည်။ ထိုနှစ်ယောက်ကို လုပ်အားခသက်သာ၍သာ ဆိုင်တွင်ခေါ်ထားခြင်းဖြစ်သည်။

ဆိုင်ရှင်က လက်ဖက်ရည်ကို ညင်သာစွာမှုတ်လိုက်သည်။ သိပ်သည်းစူးရှသည့်ရနံ့က တိုက်ခိုက်သူနှစ်ယောက်ကို ဖုံးလွှမ်း၍ သူတို့အာရုံများ ဝေဝါးသွားသည်။ ပြန်သတိရလာသည့်အချိန်တွင် အောက်ထပ်သို့ သူတို့ရောက်နေပြီဖြစ်သည်။

ဆိုင်ရှင်၏ နည်းနည်းစိတ်အလိုမကျသည့် စကားသံ လွင့်ပျံလာသည်။

“တိုက်ခိုက်ချင်ရင် အောက်ထပ်မှာတိုက်ကြ။ ပျက်စီးတဲ့တန်ဖိုးကို မင်းတို့လုပ်အားခထဲကနှုတ်မယ်”

…

ရနံ့တစ်ရာဆိုင်မှ အဖြစ်အပျက်များကို လုယန်မသိ။ ကောင်းကင်ဂိတ်တောင်ထိပ်သို့ ဖြူရော်နေသည့်မျက်နှာဖြင့် သူပြန်လာသည်။

ယွမ်ကျိက မင်နက်ရောင်ဝတ်စုံဖြင့် မြေပြင်အထက် သုံးပေခန့်အကွာတွင် တင်ပျဉ်ခွေထိုင်နေသည်။ လောကမြူမှုန်ကင်းသည့် နတ်သမီးတစ်ပါးနှင့်တူသည်။

ယွမ်ကျိ မျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ သူ့အကြည့်က ကြယ်ကောင်းကင်လို တလက်လက်တောက်ပနေသည်။ လုယန်မျက်လုံးကို ပွတ်လိုက်သည်။ ယွမ်ကျိက သူ့ကိုတည်ငြိမ်စွာကြည့်နေသည်ကိုတွေ့ရသည်။ ခုနက ထူးခြားလှပသည့်မြင်ကွင်း မမြင်ရတော့။ ပုံရိပ်ယောင်တစ်ခုဖြစ်မည်ထင်သည်။

“မင်းမျက်နှာ ဘာလို့ဒီလောက် ဖြူရော်နေတာလဲ”

လုယန်က မကျေမနပ်လေသံဖြင့်

“စီနီယာအမ မသိချင်ယောင်ဆောင်နေတာလား။ မုန်ကျင်းကျိုးက အမဆီကနေ ကျုပ်အရင်က တို့ဟူးနေ့တိုင်းစားတဲ့အကြောင်း သိသွားတယ်။ ဒီတော့ ကျုပ်အခြေတည်အဆင့်တက်တာကို ဆိုင်မှာ တို့ဟူးတစ်ဝိုင်းစာအပြည့်နဲ့ ဂုဏ်ပြုတယ်လေ”

စီနီယာယွမ်ကျိသည် ထိုကိစ္စကို တမင်လုပ်သည်ဟု သူသံသယဝင်သည်။

“မုန်ကျင်းကျိုးက ငါ့ကို မင်းဘာအများဆုံးစားသလဲလို့ မေးတယ်။ ငါ့မှတ်ဉာဏ်အရ မင်းအများဆုံးစားခဲ့တာ တို့ဟူးလေ့ကျင့်တုန်းက တို့ဟူးခွက်တွေပဲလေ။ တကယ်ဖြစ်ခဲ့တဲ့ကိစ္စကို ငါပြောလိုက်တာပဲ။ အဲဒါ ဘာမှားနေလို့လဲ”

“ပြီးတော့ တို့ဟူးမသေမျိုးကိစ္စ....”

လုယန်စကားမဆုံးမီ ယွမ်ကျိက အတက်အကျမရှိသည့်လေသံဖြင့် ပြန်ပြောသည်။

“မင်းအိပ်မက်ထဲမှာ မျိုးဆက်အမွေတစ်ခုရတဲ့အကြောင်းပြောပြီး တိုးဟူးမသေမျိုးကို အော်ခေါ်တယ်။ ငါက မင်းစကားကို ပြန်ပြောပြလိုက်ရုံပါပဲ”

ယွမ်ကျိ၏ အပြစ်ကင်းသည့် မျက်လုံးများကို ငြိမ်သက်စွာစိုက်ကြည့်၍ လုယန် အရှုံးပေးလိုက်သည်။

ယွမ်ကျိသူ့ကို လှည့်စားနေသည်ဟု သူအမြဲတမ်းသံသယဝင်ခဲ့သည်။ သို့သော် သက်သေအထောက်အထားမရှိ။

*****************************************************

All Chapters