ရှေးဟောင်းမဟာခေတ်၏အယူအဆ
Vol. 2 Ch. 29
“မင်းရဲ့မစ်ရှင်အစီရင်ခံစာကိုဖတ်ပြီးပြီ။ ဉာဏ်ကိုလွှာသုံးပြီး အရေပြားသရဲကို သုတ်သင်ခဲ့တာ တကယ်တော်ပါတယ်”
လုယန်ဝမ်းသာလုံးဆို့သွားသည်။ အကြီးဆုံးစီနီယာအမထံမှ ချီးကျူးစကားကြားရဖို့ မလွယ်ကူပေ။ ထိုင်ပင်ရွာခရီးစဉ်က တကယ်ထိုက်တန်ခဲ့သည်။
ခဏစကားပြောပြီးနောက် အရေပြားသရဲနှင့်ဆက်စပ်၍ ရှုပ်ထွေးသည့်အကြောင်းအရာများကို ယွမ်ကျိစဉ်းစားမိပြီး မျက်မှောင်ကျုံ့သွားသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအတွင်း မဟာကပ်ရောက်လာတာနဲ့ လျှို့ဝှက်အင်အားစုမျိုးစုံ မငြိမ်မသက်ဖြစ်လာတယ်။ သရဲတွေ နတ်ဆိုးတွေ လှုပ်ရှားလာတယ်။ မဟာရှားနိုင်ငံက တည်ငြိမ်နေသယောင်ထင်ရပေမယ့် အတွင်းပိုင်းမှာ အန္တရာယ်မျိုးစုံ ပုန်းကွယ်ခိုနေတယ်။ ရှားနိုင်ငံက မာနကြီးတော့ မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းဆီ အကူအညီမတောင်းပဲ ပြဿနာတွေကို သူ့ဘာသာ ဖြေရှင်းနေတယ်”
ယွမ်ကျိ သက်ပြင်းချသည်။ ထိုစကားများက လုယန်ကိုရည်ရွယ်၍ ပြောနေခြင်းမဟုတ်။
လုယန်က သူ့စကားထဲမှ စကားတစ်လုံးကို ချက်ချင်းသတိထားမိသည်။
“မဟာကပ်ကာလရောက်လာတယ်..ဟုတ်လား”
ထိုစကားလုံးကို သူတစ်ခါမှမကြားဖူး။ စာအုပ်ထဲတွင်လည်း မတွေ့ဖူး။
ယွမ်ကျိက တစ်ခြားလောကသို့ စိတ်ရောက်နေသည့်လေသံဖြင့် ပြန်ပြောပြသည်။
“လွန်ခဲ့တဲ့နှစ်တစ်ရာက ကောင်းကင်ပဟေဠိဂိုဏ်းရဲ့ မဟာအကြီးအကဲဟာ ဂူသင်္ချိုင်းထဲ အနားယူကျင့်ကြံရာကနေ ထွက်လာပြီး ချင်မြစ်အပေါ် သွေးစက်ချတယ်။ ကောင်းကင်ကို သူ့အသက်နဲ့ရင်းပြီး မေးခွန်းထုတ်ခဲ့တယ်။ သူဘာသိခဲ့သလဲဆိုတာ ဘယ်သူမှမသိဘူး”
ကောင်းကင်ပဟေဠိဂိုဏ်းသည် အရာအားလုံးကို ခန့်မှန်းနိုင်သည်ဟု နာမည်ကျော်သည်။ သဘာဝမျှတမှုနှင့် ကံကြမ္မာအကျိုးအကြောင်းကို ဦးစားပေးလေ့လာသည်။ လော်တိစီးပွားရေးလုပ်ငန်စု၏ အာမခံကြေးနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သူလည်းဖြစ်သည်။
“နောက်တော့ မဟာအကြီးအကဲက လောကကို ကြေငြာတယ်။ မဟာကပ် ရောက်လာပြီတဲ့။ မသေမျိုးကျင့်ကြံမှုတွေ ရှေးခေတ်ကလို ထွန်းတောက်တော့မယ်လို့ နိမိတ်ဖတ်ခဲ့တယ်။ ပုံမှန်ဆိုရင်တော့ ဂိုဏ်းကြီးငါးဂိုဏ်းက မျိုးဆက်တိုင်းမှာ တစ်ကိုယ်တော်ဝိညာည်မြစ်ပေါ်လာရင် ကောင်းတယ်လို့ သတ်မှတ်တယ်။ မင်းတို့မျိုးဆက်မှာ ရှေးဟောင်းအရိုင်းမျိုးဆက်၊ တစ်ကိုယ်တော်ဝိညာဉ်မြစ်နဲ့ ရှားပါးမသေမျိုးခန္ဓာပိုင်ရှင်တွေ ရှိလာတယ်။ တစ်ခြားဂိုဏ်းတွေကလည်း နှစ်တစ်ရာအတွင်း တစ်ကိုယ်တော်ဝိညာဉ်မြစ်ထက်မညံ့တဲ့ ပါရမီရှင်တွေ စုစည်းခဲ့တယ်လို့ ကြားတယ်။ ဒီတော့ ရှေးခေတ်မဟာကပ်ရဲ့ အစွန်းအနားကို မြင်လာရပြီလို့ ပြောနိုင်တယ်”
ယွမ်ကျိ ရှားပါးသည့် တွန့်ပြုံးရိပ်မျိုး ပြုံးနေသည်။
“ရှေးမဟာကပ်ဆိုတာ ခမ်းနားထည်ဝါတယ်လို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တော့ အရမ်းဖရိုဖရဲဖြစ်တဲ့အချိန်ပါ။ အခုလာမယ့်မဟာကပ်လည်း ဒုက္ခမျိုးစုံကြုံရမယ့်ကာလပဲ။ အင်းအားစုတွေနှင့်အကျိုးအမြတ် ခွဲဝေမှုတွေ ရှုပ်ထွေးနေမယ်။ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ အချင်းချင်း အကောက်ကြံမယ်။ လူသားတွေရဲ့စိတ်က ခန့်မှန်းလို့မရဖြစ်လာမယ်။ သေခြင်းရှင်ခြင်းက ကံကြမ္မာလက်ထဲမှာပဲ။ မဟာကျင့်ကြံသူတစ်ယောက် ပေါ်မလာမချင်း မရေမတွက်နိုင်တဲ့ အပြစ်မဲ့လူတွေ သေကြတယ်။ အခုလက်ရှိအချိန်လောက် မငြိမ်းချမ်းဘူး။ မတည်ငြိမ်ဘူး”
ယွမ်ကျိ၏အပြုံးက အတော်အေးစက်နေသည်ဟု လုယန်ခံစားရသည်။
ရှေးမဟာကပ်အကြောင်း စာအုပ်များထဲတွင် ဖတ်ဖူးသည်။ စွမ်းအားသည် အဓိပဓိဖြစ်သည်။ အောင်နိုင်သူက ဘုရင်ဖြစ်သည်။ အမှန်အမှား ကွဲပြားမှုမရှိ။ လူသားမျိုးနွယ်သည် ထိုအချိန်က အင်အားကြီးသည့် မျိုးနွယ်ခွဲတစ်ခုသာဖြစ်သည်။ ယနေ့လို တိုက်နယ်ကိုလွှမ်းမိုးနိုင်သည့် အဆင့်အတန်းမျိုးမရှိ။
နတ်ဆိုးများပေါ်လာသည်။ နဂါးနှင့်ကျားများ တိုက်ခိုက်ကြသည်။ သူရဲကောင်းများ လောကထဲ လှည့်လည်သွားကြသည်။ နာမည်ဂုဏ်သတင်းကို သွေးနှင့်အရိုးဖြင့် အဆုံးမဲ့သတ်ဖြတ်ခြင်းဖြင့် တည်ဆောက်ကြသည်။
သန်းချီသည့်လူများ လေးစားရသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်များ ဒဏ္ဍာရီဖြစ်လာသည်။ ကျင့်ကြံသူများအတွက် မရနိုင်သည့် ပန်းတိုင်မျိုးဖြစ်သည်။ အမှန်တကယ် စိတ်လှုပ်ရှားစရာကောင်းသည်။ ထိုခေတ်ကာလသို့ ပြန်သွားလိုစိတ် ဖြစ်ပေါ်စေသည်။ ကိုယ်ပိုင်ပါရမီကို ကြွားဝါလိုစိတ် ဖြစ်ပေါ်စေသည်။
ထိုကပ်ဆိုက်သည်ကာလတွင် သူရဲကောင်းမျိုးစုံ ထွက်ပေါ်ခွင့်ရသည်။
သို့သော် ယွမ်ကျိအမူအရာကိုကြည့်၍ ရှေးမဟာကပ်သည် ပါရမီထူးသူများအတွက်သာကောင်းပြီး သာမန်လူများအတွက် ငရဲတွင်းအိပ်မက်ဆိုးဖြစ်သည်။
ဘဝသည် မသေချာ။ အရုဏ်ချိန်ထိ အသက်ရှင်ဖို့ အာမခံမရှိ။ အထက်အရာရှိများ သာမန်စကားစစ်ထိုးမှုတစ်ခုကြောင့် သူတို့လူများ ကျွန်ဘဝ အကျဉ်းစံဘဝ ရောက်သွားနိုင်သည်။ ဘာမှမတည်မြဲ။
စာအုပ်ထဲမှ ရှေးမဟာကပ်သည် ခမ်းနားထည်ဝါသည်။ ရေးသားသူများက ထိုမြင်ကွင်းမျိုးကို တမ်းတကြသောကြောင့်ဖြစ်သည်။
သာမန်လူများအမြင်နှင့်တော့ လုံးဝကွဲပြားနေပေလိမ့်မည်။
ကျင့်ကြံသူဖြစ်လာကတည်းက တစ်ချိန်က ကိုယ်တိုင်သေမျိုးဖြစ်ခဲ့သည်ကို မေ့နေကြောင်း လုယန် ကိုယ့်ကိုယ်ကို သတိထားမိလာသည်။
ထိုသို့မဖြစ်သင့်။
ယွမ်ကျိ ထိုအကြောင်း ဆက်မပြောတော့။ လုယန်အတွက် သိဖို့စောလွန်းသေးသည်ဟု ယူဆပုံရသည်။
“မင်းမှာ တစ်ခြားမေးစရာရှိသေးလား”
“အင်း...စီနီယာဆီမှာ ခရီးမြန်မြန်သွားနိုင်တဲ့ မှော်ပညာတစ်ခုခုရှိလား”
“ရှိပါတယ်။ ဘာလုပ်ဖို့လဲ”
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ လော်တိစီးပွားရေးလုပ်ငန်းစုနှင့် သဘောတူညီချက်တစ်ခု ယူထားသည်။ ခရီးသွားလျှင် နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များအားလုံးကို တာအိုလမ်းစဉ်ဂိုဏ်းဘုံငွေထဲမှ ရှင်းပေးသည်။ လှေပျံစီးဖို့ လုယန် ဝိညာဉ်ကျောက်ပင်သုံးစရာမလို။ ဘာကြောင့် ခရီးသွားမှော်ပညာလိုချင်သည်မသိ။
လုယန် ခေါင်းကိုကုတ်၍ ရှက်ကိုးရှက်ကန်းဟန်ဖြင့်
“ဘာမှမဟုတ်ပါဘူး။ လေ့လာချင်ရုံပါပဲ။ တာအိုလမ်းစဉ်ဂိုဏ်းအတွက် ကုန်ကျစရိတ် သက်သာအောင်လို့ပါ”
ယွမ်ကျိ သံသယမဝင်ပါ။
“ဒီလိုစိတ်မျိုးရှိမှတော့ စီနီယာအမအနေနဲ့ မင်းစိတ်ပျက်အောင်လုပ်လို့ ဘယ်ဖြစ်မလဲ။ မင်းအခုမှ အခြေတည်အဆင့်ပဲရှိသေးတယ်။ မင်းသုံးနိုင်တဲ့ မှော်ပညာ များများစားစားမရှိဘူး”
လုယန်ရယ်လျက် လက်နှစ်ဘက်ကိုပွတ်လိုက်သည်။
“သုံးနိုင်တာတစ်ခုရှိရင် ရပါပြီ”
“ပြီးခဲ့တဲ့နှစ်အတွင်း မင်းကျင့်ကြံတာကို ငါကြည့်ခဲ့တယ်။ ဓားဝိညာဉ်မြစ်နာမည်နဲ့ ထိုက်တန်တယ်။ ငါ့ဆီမှာ မင်းအတွက် ဓားပျံစီးပြီး လွတ်လွတ်လပ်လပ် ခရီးသွားလို့ရတဲ့ ဓားပျံကျင့်စဉ်တစ်ခုရှိတယ်။
“ပြီးတော့ လေဟာနယ်ဖြတ်မှော်ပညာကျင့်စဉ်တွေလည်းရှိတယ်။ ခန္ဓာကိုယ် ထိန်းချုပ်ရွေ့လျားပြီး ပျံသန်းနိုင်အောင် မင်းရဲ့ဝိညာဉ်သိစိတ်ကို သန့်စင်ရတယ်။ အမြန်နှုန်းက ဓားပျံပညာလောက်တော့မမြင့်ဘူး။ ဒါပေမယ့် အားစိုက်ရသက်သာတယ်။ တိုက်ခိုက်တဲ့အခါ အထောက်အကူဖြစ်တယ်။
“အသွင်ပြောင်းမှော်ပညာတွေလည်း ရှိတယ်။ ကျွမ်းကျင်သွားရင် ငှက်တစ်ကောင်အသွင်ပြောင်းပြီး ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တယ်”
“အင်း...လေပေါ်ပျံစရာမလိုတဲ့ ခရီးသွားမှော်ပညာမျိုးရှိလား”
“မင်းကဘာလို့ အဲလိုနည်းလမ်းမျိုးလိုချင်တာလဲ”
ယွမ်ကျိက လုယန်ကို စိတ်ဝင်စားဟန်ဖြင့် ကြည့်သည်။
လုယန် စကားထစ်နေသည်။ သူ့အတွေးကို ထုတ်မပြောနိုင်။
ယွမ်ကျိ ဆက်ဖိအားမပေးတော့။
“ဒါမျိုးမှော်ပညာတွေလည်းရှိပါတယ်။ ဒါပေမယ့် တာအိုနိယာမကို အဆင့်မြင့်မြင့်နားလည်ဖို့နဲ့ လုံလောက်တဲ့မှော်စွမ်းအားရှိဖို့လိုတယ်။ မင်းလေ့လာဖို့ နည်းနည်းစောလွန်းဦးမယ်ထင်တယ်”
“ရပါတယ်။ ကျုပ်စမ်းကြည့်ပါ့မယ်။ အလုပ်မဖြစ်ရင်လည်း မတတ်နိုင်ဘူးပေါ့”
“မြေကျုံ့ပညာဆိုတဲ့ မှော်ပညာတစ်မျိုးရှိတယ်။ ကျွမ်းကျင်ဖို့ ခက်ခဲတယ်။ မန္တာန်ကို ငါပေးလိုက်မယ်။ မင်းမန္တာန်အလွတ်ရပြီဆိုရင် မင်းကိုစသင်ပေးမယ်”
ယွမ်ကျိ လက်ကိုမြှောက်၍ လေဟာနယ်တစ်ခု ဖွင့်သည်။ ရွှေစာရွက်တစ်ခု ထွက်လာသည်။ သပ်ရပ်လှပသည့်စာလုံးများ ပြည့်နေသည်။
လုယန် ရွှေစာရွက်ကို ဂရုတစိုက်ယူလိုက်သည်။ တန်ဖိုးကြီးမှန်း နားလည်သည်။ ပျက်စီးမည်စိုးသည်။
လုယန်ထွက်သွားပြီးနောက် ယွမ်ကျိ ဆက်၍ကျင့်ကြံမှုလုပ်နေသည်။ လေးအေးတစ်ချက်တိုက်ခတ်သွားသည်။ ကြမ်းရှ၍ နာကျည်းရိပ်သန်းနေသည့် စကားသံတစ်ခု ပဲ့တင်ထပ်၍ပေါ်လာသည်။ အနက်ရှိုင်းဆုံးချောက်နက်ထဲမှ ထွက်လာသကဲ့သို့ တုန်လှုပ်စရာကောင်းသည်။
“တပည့်လေး၊ မင်းဆရာဖြစ်တဲ့ငါ့ကို ဘယ်လောက်ကြာအောင်အကျဉ်းချထားဦးမှာလဲ”
စကားသံက ငရဲမှတက်လာသလို ကျောစိမ့်စရာကောင်းသည်။
“မင်းကိုငါသင်ပြခဲ့တဲ့အကြိမ်ရေက နည်းပါတယ်။ ဒါပေမယ့် လက်ရှိအဆင့်ထိ မင်းကျင့်ကြံနိုင်ခဲ့တယ်။ မင်းဆရာဖြစ်ရတဲ့အတွက် ငါဂုဏ်ယူပါတယ်”
“တာအိုလမ်းစဉ်ဂိုဏ်းမှာ ဂိုဏ်းချုပ်မရှိတာ ဆယ်နှစ်ကြာပြီ။ မင်းက ငါ့ကိုယ်စားတာဝန်ယူနေတယ်။ အတင်းအဖျင်းစကားကြောင့် အကြီးဆုံးစီနီယာအမဆိုတဲ့ပုံရိပ် ထိခိုက်မှာမကြောက်ဘူးလား”
“မင်းက ငါ့ကိုယ်စား တပည့်တစ်ယောက်လက်ခံခဲ့တယ်။ သူကဓားပါရမီရှင်ဆိုရင်တောင် ငါဝင်မစွက်ပါဘူး”
“ဒါပေမယ့် အနည်းဆုံး ငါ့တပည့်သစ်ကိုတွေ့ဖို့တော့ ငါ့ကိုအပြင်ထွက်ခွင့်ပေးပါလား။ လူအစစ်ကို အရိုအသေပေးတာနဲ့ ပန်းချီပုံကို ရှိခိုးတာက မတူဘူးလေ။ ဒီသတင်းသာပြန့်သွားရင် လူရယ်စရာဖြစ်လိမ့်မယ်”
စကားသံထဲတွင် စိတ်ခံစားချက်ကို လှုပ်ရှားစေနိုင်သည့် မှော်ပညာတစ်မျိုးပါသည်။ အသံရှင်၏စကားကို အလိုလို ယုံကြည်လာပြီး လွှတ်ပေးချင်စိတ် ပေါ်လာစေသည်။
ယွမ်ကျိက စကားသံကို လုံးဝအရေးမစိုက်ဘဲ ကျင့်ကြံမှုတွင်သာ အာရုံစိုက်နေသည်။
ယွမ်ကျိ အရေးမစိုက်သည်ကို မြင်သဖြင့် စကားသံများက သက်ပြင်းချသံအဖြစ်ပြောင်းလဲ၍ တိတ်ဆိတ်သွားသည်။
ယွမ်ကျိ စကားသံကြောင့် အနှောက်အယှက်မဖြစ်။ ကျင့်ကြံမှုတွင်သာ အာရုံစိုက်ထားသည်။
**********************************************