အကြီးမားဆုံးအကြောက်တရား
Vol. 2 Ch. 24
“အေးစိမ့်ခြောက်သွေ့တဲ့ ဥမင်လမ်းအတိုင်း ခြေဖျားထောက်ပြီး ကျုပ်လျှောက်သွားတယ်။ နံရံပေါ်က လက်သီးအရွယ် ညလင်းပုလဲတွေကြောင့် လမ်းကြောင်းကလင်းနေတယ်။ ဒါပေမယ့် အလင်းကအတော်မှိန်တော့ ကိုယ့်ကိုယ်ကိုတောင် သေချာမမြင်ရဘူး။ တစ်ယောက်ယောက်က ကျုပ်ကိုစောင့်ကြည့်နေသလို ခံစားရတယ်။ ကျုပ်ဆံပင်မွှေးတွေ ထောင်သွားတယ်။ ဒါပေမယ့် နောက်ကိုလှည့်ကြည့်တော့ ဘာမှမရှိဘူး။ စိတ်ထင်လို့ဖြစ်မှာပါဆိုပြီး တွေးလိုက်တယ်။
“အလင်းရောင်ပေါ်တဲ့ လမ်းကြောင်းအတိုင်း ဂူသင်္ချိုင်းရဲ့ အလယ်ဗဟိုက ခန်းမဆီကို ကျုပ်သွားတယ်။ ဗဟိုခန်းမရဲ့ ထည်ဝါချက်က အံ့မခန်းပါပဲ။ မှောင်မိုက်တဲ့ ဂူသင်္ချိုင်းထဲ ရောက်နေတယ်ဆိုတာတောင် ကျုပ်မေ့သွားတယ်”
ရှန်ကျုန်းထန် ခဏစကားရပ်သည်။ ဂူသင်္ချိုင်းထဲတွင် သူမြင်ခဲ့သည့်အရာများကို အသေးစိတ်ပြန်စဉ်းစားနေပုံရသည်။
“ဒီလောက်ကြီးတဲ့ သင်္ချိုင်းခန်းမမျိုး ကျုပ်တစ်ခါမှမမြင်ဖူးဘူး။ မျက်နှာကျက်တွေကလည်း အမြင့်ကြီးပဲ။ မြေနီစစ်သားရုပ်ထုတွေက ကြေးဝါလှံတွေကိုင်ပြီး သူတို့သခင်ကို စောင့်ကြပ်နေတယ်။ မြှုပ်နှံထားတဲ့ ပစ္စည်းတွေကို ရှစ်မြှောင့်တြိဂံမှော်စက်ဝန်းထဲမှာ ပြထားတယ်။ မိုးမြေနိယာမနဲ့ တကယ်လိုက်ဖက်ညီတာပဲ။
“ခေါင်းတလားထဲကအလောင်းဟာ သေတာနှစ်ပေါင်းရာချီကြာလောက်ပြီ။ ဒါပေမယ့် အခေါင်းဆီကနေ ကြောက်စရာစွမ်းအင်လှိုင်းတွေ တုန်ခါနေတော့ ကျုပ်ရင်ထိတ်နေတယ်။ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် အိပ်မောကျနေသလို ထင်မိတယ်။ အခေါင်းထဲကနေ ထလာတော့မလိုလိုပဲ။
“ဒါပေမယ့် ကျုပ်က တွေဝေတုံ့ဆိုင်းမနေတတ်ဘူး။ မြှုပ်နှံပူဇော်ထားတဲ့ ပစ္စည်းတွေထဲက တစ်ဝက်ယူလိုက်တယ်။ ပြီးတော့ ထွက်သွားခါနီးမှာ အနားကနေ ခြေသံတွေကြားလိုက်ရတယ်။ ဘာမှမရှိတဲ့ခန်းမထဲမှာဆိုတော့ ခြေသံတွေပဲ့တင်သံထပ်နေတော့ ကျုပ်ကြက်သီးထလာတယ်။
“နောက်တော့ ဂူသင်္ချိုင်းဖောက်တဲ့ သက်တမ်းတစ်လျှောက် တစ်ခါမှမကြုံဖူးတဲ့ အကြောက်တရားမျိုးကို ကျုပ်ကြုံလိုက်ရတယ်”
လုယန်နှင့်ထောင်ယော်ယဲ့တို့ ရှေ့သို့ကိုင်းညွှတ်လာသည်။ ဆက်ပြောမည့်အကြောင်းကို စောင့်နေကြသည်။
ရှန်ကျုန်းထံ အလွန်တရာ နာကျင်ခံစားနေရသည့် အမူအရာမျိုးဖြစ်သည်။ တုန်တုန်ရင်ရင်အသံဖြင့် သူပြောသည်။
“အဲဒီနတ်ဝိညာဉ်ကျင့်ကြံသူကို လာပူဇော်တဲ့ မျိုးဆက်တွေနဲ့တွေ့တာပါ”
“ဘယ်လို”
လုယန်နှင့် ထောင်ယော်ယဲ့တို့ မင်သက်မိသွားကြသည်။
“အဲဒီ့လူတွေက လှူဖွယ်ပစ္စည်းတွေ ရတနာတွေသယ်လာပြီး သူတို့ဘိုးဘေးကို ပူဇော်ကြတာ။ သူတို့မိသားစု အသက်ရှည်ဖို့၊ မျိုးဆက်သစ်တွေ ပေါ်လာဖို့ ဆုတောင်းကြတာ။ သူတို့အရိုအသေလာပေးတဲ့အချိန် ကျုပ်ကိုတွေ့သွားတော့ ကျုပ်ကိုဖမ်းကြတယ်။ အရမ်းကြောက်စရာကောင်းတယ်။ အခု အဲဒီ့အကြောင်း တွေးနေတုန်းတောင် ချွေးစေးပြန်နေတုန်းပဲ”
“...သူတို့အပြုအမူက ပုံမှန်ပဲလို့ထင်ပါတယ်”
လုယန် ရိုးရိုးသားသား မှတ်ချက်ပေးသည်။ ဘာကြောင့် ထိုမျိုးဆက်များ ရှန်ကျုန်းထန်အား ချက်ချင်းသတ်မပစ်ခဲ့သည်ကို သူအံ့ဩနေသည်။
“ရှင်ပြောတဲ့ ကြောက်စရာအတွေ့အကြုံဆိုတာ အဲဒါလား”
ထောင်ယော်ယဲ့က မေးသည်။
“ဟုတ်ပါတယ်၊ ဂူဖောက်သမားတစ်ယောက် သင်္ချိုင်းဂူထဲက ပစ္စည်းတွေခိုးနေတုန်း ဂူပိုင်ရှင်ရဲ့မျိုးဆက်တွေနဲ့ တွေ့ရတာထက် ပိုကြောက်စရာကောင်းတာ ဘာရှိနိုင်ဦးမှာလဲ”
”နောက်တော့ ဘာဆက်ဖြစ်လဲ”
“ရိုက်ခံရတယ်။ ချီသန့်စင်ခြင်းထိပ်ဆုံးအဆင့်ကနေ အလတ်တန်းအဆင့်ကို ကျသွားတယ်။ အရာရှိတွေက ကျုပ်ကိုအကျဉ်းချတယ်။ အရင်ကခိုးယူခဲ့တဲ့ ပစ္စည်းတွေအတွက်ပါ လျော်ကြေးပေးခဲ့ရတယ်။ ထောင်ဆယ်နှစ်ကျတယ်။ ကျုပ်ပြန်လွတ်လာတော့ ဒီလုပ်ငန်းကနေ ဝေးဝေးရှောင်ပြီး ဘဝသစ်စဖို့ ဆုံးဖြတ်ခဲ့တယ်။ အရိုးသားဆုံးပြောရရင်တော့ ကျုပ်မိတ်ဆွေ ဂူဖောက်သမားတွေကို ထပ်ပြီးမျက်နှာချင်းမဆိုင်ရဲတော့လို့ပါ”
“...”
ရှန်ကျုန်းထန်၏ အလေးအနက်လေသံကြောင့် လုယန်တို့နှစ်ယောက် ဘာပြန်ပြောရမှန်းမသိကြတော့။
အရေပြားသရဲ၏ ရုပ်ကြွင်းကို သေချာမြှုပ်နှံပြီးနောက် ရှန်ကျုန်းထန်က နောက်တစ်ညဆက်တည်းခိုရန် တားသေးသည်။ ထောင်ယော်ယဲ့ ငြင်းလိုက်သည်။ အရေပြားသရဲကြောင့်သာမဟုတ်လျှင် ညအိပ်ညနေတည်းခိုဖို့ ရွေးချယ်ခဲ့မည်မဟုတ်။ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်အတွက် ညဘက်ခရီးသွားခြင်းသည် မခက်ခဲလှ။
ရွာမှမထွက်မီ လုယန်က ရှန်ယွမ်ကိုသွားတွေ့ပြီး ကြက်တူရွေး၏ဦးခေါင်းကို အသာပုတ်သည်။ ထိုကြက်တူရွေးကိုသာ နတ်ဆိုးငှက်နှင့် အထင်မမှားခဲ့လျှင် ရှန်မိသားစုမှ အရေပြားသရဲပြဿနာကို ဖြေရှင်းခွင့်ရခဲ့မည်မဟုတ်။
“ဒီကြက်တူရွေးက မဆိုးဘူး။ တကယ် နတ်ဆိုးသားရဲဖြစ်လာနိုင်တယ်။ သေချာမွေးထားပါ”
ရှန်ယွမ် အံ့အားသင့်သွားပြီး အကျိုးအကြောင်းပြန်မေးသည်။
“နတ်ဆိုးသားရဲတွေကို အစောပိုင်းအရွယ်မှာ သိဖို့မလွယ်ဘူး။ တောရိုင်းသားရဲတွေနဲ့ ခွဲခြားဖို့ခက်တယ်။ ကျုပ်လည်း သူတို့ကို မခွဲခြားနိုင်ဘူး။ ဒါပေမယ့် ဒီကောင်လေးက မင်းတို့အိမ်ကနေ အဝေးကြီးကို ပျံထွက်မသွားခဲ့ဘူး။ အန္တရာယ်ရှိမှန်းလည်းသိတော့ အိမ်ပြန်မလာဘူး။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ရင် အသိဉာဏ်နိုးထလာတဲ့ လက္ခဏာဖြစ်မယ်။ ပြောရခက်တယ်”
လုယန်ပြုံး၍ ရှင်းပြသည်။ ထိုထက် ထပ်မပြောတော့။
ရှန်ကျုန်းထန်က သူတို့အပေါ် ဧည့်ဝတ်မကျေသလို ခံစားရသည်။ မည်သို့ဆိုစေ လုယန်တို့နှစ်ယောက်သည် သူတို့မိသားစု၏ အသက်သခင်ကျေးဇူးရှင်များဖြစ်သည်။ သူအနားယူခဲ့သည့်အကြောင်းသာ ပြန်ပြောပြနိုင်ခဲ့သည်။
“ဂူင်္ချိုင်းဖောက်တဲ့အတွေ့အကြုံတွေကို မှတ်တမ်းတစ်ခု ကျုပ်ရေးထားတယ်။ စိတ်မရှိဘူးဆိုရင် ဒါလေးလက်ခံပေးပါ။ တစ်နေ့နေ့ကျရင် အသုံးဝင်လာနိုင်ပါတယ်”
ရှန်ကျုန်းထန် အပြာရောင်အဖုံးနှင့်စာအုပ်တစ်ခု ဝတ်ရုံထဲမှ ဆွဲထုတ်ပြီး လှမ်းပေးသည်။
လုယန် ယဉ်ကျေးမှုအရ လက်ခံလိုက်သည်။ ထို့နောက် နှုတ်ဆက်၍ ထွက်လာသည်။
အပြန်လမ်းတွင် လုယန်မေးသည်။
“ဒီဂူဖောက်မှတ်တမ်းစာအုပ်ကို မင်းယူချင်လား”
ထောင်ယော်ယဲ့ ခေါင်းခါသည်။ ဂူဖောက်သည့်အလုပ်ကို စိတ်မဝင်စား။ ထိုစာအုပ်သည် သူ့အတွက် အသုံးမဝင်။
လုယန်လည်း သိပ်အသုံးဝင်းဝင်မည်ဟုတ်မထင်ပါ။ သို့သော် ဘာဖြစ်ဖြစ် သိမ်းထားလိုက်သည်။
“ကျွန်မအခန်းထဲ သဲဝဲအဆိပ်ချထားမယ်ဆိုတာ ရှင်ဘာလို့ ကြိုမပြောတာလဲ”
ထိုကိစ္စကို ထောင်ယော်ယဲ့ အခဲမကြေသေး။ ငှက်မသေမျိုးခန္ဓာကိုယ်က အဆိပ်အားလုံးကို ခုခံနိုင်၍သာ တော်သေးသည်။ ထိုသို့မဟုတ်လျှင် အရေပြားသရဲလို သဲဝဲအဆိပ် မိခဲ့မည်ဖြစ်သည်။
လုယန် ပုခုံးတွန့်လိုက်သည်။ ထိုအဆိပ်မသုံးမီကတည်းက ထောင်ယော်ယဲ့ကို မထိခိုက်နိုင်ကြောင်း သူသိသည်။
“ပြောခဲ့ပါတယ်”
“ဘယ်တုန်းကလဲ”
“ညစာစားတဲ့အချိန်တုန်းက အကြည့်နဲ့ပြောခဲ့တယ်လေ”
“အဲဒါ ရှင်ဟင်းခွက်မမီလို့ ကျွန်မကိုလှမ်းပေးဖို့ မျက်ရိပ်ပြခဲ့တာမဟုတ်ဘူးလား”
“ငါက အဲလောက်အပေါစားဆန်အလုပ်မျိုး မလုပ်ပါဘူး”
တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ချိန်တွင် မုန်ကျင်းကျိုးနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆွေ့သည်။ သူလည်း သူ့မစ်ရှင်ပြီးဆုံးစဖြစ်သည်။ သူ့မစ်ရှင်နှင့်ပတ်သက်၍ မစ်ရှင်ချပေးသည့် စီနီယာအကိုတစ်ယောက်ကို မကျေမနပ်တိုင်တန်းနေသည်။
“မုန်ကျင်းကျိုး၊ မင်းမစ်ရှင်က ရိုးရိုးရှင်းရှင်းလေးပါ။ ဘာလို့ မြေခွေးနတ်ဆိုးက မင်းအကြောင်းလာတိုင်တာလဲ။ စိတ်သဘောထားအမြင်နဲ့ပတ်သက်ပြီး မင်းမှာပြဿနာရှိနေတယ်တဲ့။ သူနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးတဲ့”
စီနီယအကို နားမလည်နိုင်ဖြစ်နေသည်။ ယင်ယန်တာအိုကျင့်စဉ်နည်းပေးခြင်းသည် အလွန်ရိုးရှင်းသည်။ ဘာကြောင့် စိတ်သဘောထားအမြင်ပြဿနာက ပေါ်လာမှန်းမသိ။
“စီနီယာအကို၊ အဲဒီ့မြေခွေးကို အကိုစစ်ဆေးသင့်တယ်။ သူတစ်ခုခုမူမမှန်တာ သေချာတယ်။ ကျုပ်တာဝန်က ယင်ယန်ကျင့်စဉ်ပေးဖို့ပဲလေ။ ဒါပေမယ့်သူက အကျိုးအာနိသင်ကို လက်တွေ့စမ်းသပ်ချင်တယ်လို့ တောင်းဆိုလာတယ်။ ကျုပ်နဲ့အတူ လက်တွေ့စမ်းသပ်ပြီး ကျင့်စဉ်အစစ်ဟုတ်မဟုတ် အတည်ပြုချင်တယ်တဲ့လေ”
မုန်ကျင်းကျိုး မကျေမနပ်ပြောသည်။
“တကယ်လို့ကျုပ်သာ သန့်စင်ယန်ကို ထိန်းချုပ်စရာမလိုရင် သူနဲ့အတူ လေ့ကျင့်ခဲ့မှာပေါ့”
သန့်စင်ယန်ခန္ဓာကြောင့် ရိုဆန်သည့်အတွေ့အကြုံတစ်ခု လက်လွှတ်လိုက်ရသဖြင့် မကျေနပ်ခြင်းလား။ မြေခွေးနတ်ဆိုးက သူ့တာအိုလမ်းစဉ်ကို မလေးမစားလုပ်၍ ဒေါသထွက်ခြင်းလား သိပ်မရှင်းလင်းလှ။
နှစ်ဘက်လုံး မကျေမလည်ဖြစ်နေသဖြင့် လုယန် ကြားဖြတ်ပြောလိုက်သည်။
“စီနီယာအကို၊ ကျုပ်တို့ နတ်ဆိုးသားရဲနဲ့ပတ်သက်တဲ့ မစ်ရှင်တစ်ခု ပြီးမြောက်ခဲ့ပါတယ်”
အဖြစ်အပျက်ကို လုယန်အသေးစိတ်ပြောပြသည်။ ကြက်တူရွေးကို နတ်ဆိုးငှက်ဟု အထင်မှားသည့် ထိုင်ပင်ရွာအကြောင်း။ ထို့နောက် အရေပြားသရဲကိစ္စ သူနှင့်ထောင်ယော်ယဲ့ မည်သို့ဖြေရှင်းခဲ့ကြောင်း ရှင်းပြသည်။
နောက်ဆုံး အရေပြားသရဲ၏အရိုးပြာကို ထိုစီနီယာလက်သို့ အပ်လိုက်သည်။
“မင်းရဲ့ပထမမစ်ရှင်ကို ကောင်းကောင်းအောင်မြင်အောင်လုပ်နိုင်ခဲ့တာပဲ။ ပါတော်တယ်ကွာ”
ထိုမစ်ရှင်ချမှတ်စဉ်က ရိုးရိုးရှင်းရှင်းဖြစ်မည်ဟု စီနီယာအကိုထင်ခဲ့သည်။ အခြေအနေက ထိုမျှရှုပ်ထွေးနေမည် သူထင်မထား။
အထူးသဖြင့် အရေပြားသရဲကို လုယန် အဆိပ်ခတ်၍ ချက်ချင်းရှင်းလင်းသုတ်သင်ခဲ့ပုံအား သူလေးစားသွားသည်။ လုယန်သာ အဆိပ်မခတ်ခဲ့လျှင် ထိုသရဲကို နှိပ်ကွပ်ဖို့ အတော်ခက်သွားမည်။ ထိုသရဲ ထွက်ပြေးလွတ်မြောက်သွားနိုင်သည်။
လုယန်က သဲဝဲအဆိပ်ကို သုံးနိုင်ခဲ့သည်ကို သူပို၍စိတ်ဝင်စားသည်။
“မင်းတို့နှစ်ယောက်လုံး မစ်ရှင်လိုအပ်ချက်ထက်ကျော်အောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ မူလအကျိုးဆောင်မှတ်ကို လေးဆတိုးပေးမယ်။ ...လုယန်၊ မင်းက အမှတ် ၁၂၀ ရမယ်။ ထောင်ယော်ယဲ့။ မင်းက ဒီမစ်ရှင်မှာ ထောက်ပံ့သူနေရာက ပါဝင်ခဲ့တာဆိုတော့ ကျိုးဆောင်မှတ် ၉၀ ရမယ်”
ထောင်ယော်ယဲ့ ကန့်ကွက်စရာမရှိပါ။ ဤမစ်ရှင်ကို လုယန်က အဓိကဦးဆောင်ခဲ့သည်။ သူက ငါးစာသာဖြစ်သည်။
****************************************************