← Chapters

ထူးဆန်းသည့်ဈေးကွက်

Vol. 2 Ch. 25

ထူးဆန်းသည့်ဈေးကွက်

Vol. 2 Ch. 25

တာအိုလမ်းစဉ်ဂိုဏ်း၏ ကျိုးဆောင်မှတ်များသည် ဂိုဏ်းတွင်းငွေကြေးအဖြစ် သုံးစွဲနိုင်သည်။ ဂိုဏ်းအတွင်းမှ ပစ္စည်းများဝယ်ယူရန် အဓိကသုံးသည်။ စားသောက်ဆိုင်များတွင် သုံးစွဲနိုင်သည်။ ဂိုဏ်းတပည့်အပေါင်းအသင်းများနှင့် အရောင်းအဝယ်လုပ်နိုင်သည်။

မစ်ရှင်ခန်းမထဲမှ အထူးအကျိုးခံစားခွင့်ဆုလာဒ်များအတွက်လည်း ကျိုးဆောင်မှတ်များကို သုံးစွဲနိုင်သည်။

ဥပမာ ယခုထိ အလွန်လူသိများပြီး ဘယ်သူမှမရသေးသည့် “တစ်နေ့တာဂိုဏ်းချုပ်လုပ်ပိုင်ခွင့်” ဖြစ်သည်။ ထိုခံစားခွင့်တွင် ဂိုဏ်းအကြီးအကဲများနှင့် ဆွေးနွေးပွဲတက်ခြင်း၊ ဂိုဏ်းကိစ္စများ စီမံခန့်ခွဲခြင်း၊ အားလုံးက ဂိုဏ်းချုပ်ကြီးဟု အခေါ်ခံရခြင်းများ ပါဝင်သည်။ မသေမျိုးဂိုဏ်းငါးဂိုဏ်းမှတစ်ဂိုဏ်း၏ အမြင့်ဆုံးရာထူးကို ခံစားနိုင်သည်။

အကျိုးကျေးဇူးများက များပြားပါသည်။ သို့သော် လိုအပ်သည့်ကျိုးဆောင်မှတ်ပမာဏက မြင့်မားလွန်းသဖြင့် ယခုထိ ထိုဆုလာဒ်ကို ဘယ်သူမှ မရသေး။ စီနီယာတပည့်တစ်ချို့က သူတို့ပိုင်ဆိုင်မှုများဖြင့် ဂိုဏ်းချုပ်အတွေ့အကြုံကို ခံစားနိုင်ဖို့ ပြိုင်ဆိုင်ခဲ့ဖူးသည်။ နောက်ဆုံးတွင် သူရသင့်သည် ငါရသင့်သည် ငြင်းခုန်တိုက်ခိုက်ကြပြီး အားလုံး ဆေးကုသဖို့ ဆေးအိုးတောင်ထိပ်သို့ ရောက်သွားကြသည်။ လူအများ စိတ်ဝင်တစားကြည့်ရှုစရာ ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ယခု ထိုစီနီယာများ ဂိုဏ်းအပြင်ထွက်၍ ရေရှည်မစ်ရှင်များ ထမ်းဆောင်နေကြပြီး ပြန်မလာသည်မှာ အတော်ကြာပြီဖြစ်သည်။

နောက်ဥပမာတစ်ခုက “ဆေးဘုရင်ဆေးရည်”။ တာအိုလမ်းစဉ်ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖော်စပ်ထားသည့် အတုမဲ့ရတနာဖြစ်သည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်။ အသက်ဓာတ်ကိုတိုးစေသည်။ ဝိညာဉ်ဓာတ်ခိုင်မာစေသည်။ ကျင့်စဉ်အဆင့်တည်ငြိမ်စေသည်။ ဈေးနှုန်းအမြင့်ဆုံးဖြစ်သော်လည်း စီနီယာတပည့်များကြားတွင် အလွန်တရာ ရေပန်းစားသည်။

တိုက်ခိုက်နေစဉ်အတွင်း တစ်ငုံသောက်ရုံဖြင့် စွမ်းအားပြန်ဖြည့်နိုင်သည်။ ဒဏ်ရာပျောက်ကင်းနှုန်း မြန်ဆန်စေသည်။ သုံးဖူးသူများက ထိုဆေး၏အာနိသင် တကယ်ထက်မြက်ကြောင်း အာမခံထားသည်။

“လေကြောင်းမတော်တဆ အာမခံ” ဆုကြေးကိုလည်း ကျိုးဆောင်မှတ် တစ်မှတ်တည်းဖြင့် ဝယ်ယူနိုင်သည်။

“နေပါဦး၊ ဘာလို့ “လေကြောင်းမတော်တဆအာမခံ”ဆိုတာ ရှိနေရတာလဲ”

လုယန် ထိုဝေါဟာရကို နည်းနည်းထူးဆန်းသည်ဟုမြင်သည်။

မစ်ရှင်ချပေးသည့် စီိနီယာအကိုက ခပ်အေးအေးလေသံဖြင့် ရှင်းပြသည်။

“ဒါက သာမန်ပါပဲ။ ဘယ်ခရီးသွားဝန်ဆောင်မှုမဆို ရာနှုန်းပြည့်စိတ်ချရတယ်ဆိုတာ မရှိပါဘူး။ ငွေမိုးစီးပွားရေးလုပ်ငန်းစုက လည်ပတ်နေတဲ့ လေကြောင်းယာဉ်တွေတောင် မတော်တဆမှုတွေ ရှိတတ်တယ်။ လေထဲပျံနေတဲ့ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်နဲ့ တိုက်မိတာတို့။ စက်ပိုင်းဆိုင်ရာချို့ယွင်းလို့ ပျက်ကျတာတို့။ ယာဉ်မောင်းတွေ လစာနည်းလို့ ဆန္ဒပြတာမျိုးတို့ပေါ့...။ ဒါတွေက ပုံမှန်ပဲ။ ထိခိုက်သေဆုံးတာမျိုးတော့ မရှိပါဘူး။ လော်တိစီးပွားရေးလုပ်ငန်းစုဥက္ကဌက ဒီအန္တရာယ်ကို နားလည်တယ်။ ခရီးသည်တွေ ဘုံရန်ပုံငွေထဲကို ငွေနည်းနည်းစီထည့်ဝင်ဖို့ အကြံပေးတယ်။ မတော်တဆဖြစ်စဉ်တစ်ခုကြုံရင် လုပ်ငန်းစုက ဒီရန်ပုံငွေနဲ့ ခရီးသည်တွေကို လျော်ကြေးပေးတယ်။

“မတော်တဆမှုမဖြစ်ရင်လည်း ခရီးသည်တွေ ငွေနည်းနည်းပဲ ဆုံးရှုံးမယ်။ တစ်ခုခုဖြစ်လာရင် အဆင်မပြေမှုအတွက် သူတို့လျော်ကြေးရမယ်။

“အဲဒီဥက္ကဌက “အန္တရာယ်အာမခံ” ဒါမှမဟုတ် “အာမခံကြေး”စနစ်ကို တစ်ခြားလုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့တယ်။

“ဒါပေမယ့် စိတ်မပူပါနဲ့။ ငါတို့ဂိုဏ်းက ဂိုဏ်းတပည့်တွေ စိတ်ဓာတ်ကျအောင် မလုပ်ပါဘူး။ အာမခံကြေးတွေနဲ့ ပတ်သက်လာရင် ငွေကိုရက်ရက်ရောရောသုံးပါတယ်။ ဂိုဏ်းကိုဝင်လာတာနဲ့ မင်းတို့အတွက် အာမခံမျိုးစုံ ဝယ်ထားပြီးသားပါ။ လေကြောင်းအားမခံလည်းပါတယ်။ ဆုကြေးကဏ္ဍမှာ ထည့်သွင်းထားတာက လျော်ကြေးငွေပမာဏကို မြှင့်တင်ဖို့ပါပဲ”

စီနီယာအကို၏မျက်နှာအမူအရာက “ငါတို့ဟာ တော်ဝင်ဂိုဏ်းပါ။ သေရင်သေ မသေရင်ရှင်ဆိုတဲ့ နတ်ဆိုးဂိုဏ်းတွေလိုမဟုတ်ဘူး။ လိုအပ်တဲ့အာမခံအားလုံး ဝယ်ပေးထားပါတယ်”ဟု ပြောလိုသယောင်ရှိသည်။

“-ကျင့်ကြံသူလောကရဲ့တိုးတက်မှုက တကယ်မြန်တာပဲ။ အာမခံကြေးတောင် ပေါ်နေပြီပေါ့-”

လုယန် နည်းနည်းအံ့အားသင့်သွားသည်။ အတိတ်မှတ်ဉာဏ်များအရ အာမခံကြေးဆိုသည်မှာ ရေကြောင်းခရီးသွားလုပ်ငန်းများမှ စတင်ခဲ့သည်ဟု သိထားသည်။ ယခုကျင့်ကြံသူလောကတွင် လေကြောင်းခရီးသွားလုပ်ငန်းမှ စတင်သည်။

ထိုအာမခံကြေးမျိုးသည် နိမိတ်လုံးဝမကောင်းဟု သူခံစားရသည်။ တစ်ခြားအရာများကို ဝယ်ယူသည်က ပိုကောင်းမည်။ ကျင့်ကြံသူလောကတွင်လည်း အယူသည်းမှု နည်းနည်းတော့လိုသည်။

စီနီယာအကိုက လုယန်အတွေးကို သိနေသလားထင်ရသည်။ သူဆက်ပြောသည်။

“ဒါပေမယ့် အကျိုးအကြောင်း(ရှေ့ဖြစ်နိမိတ်) လေ့လာတဲ့ အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်ကပြောတယ်။ အာမခံကြေးဝယ်တာဟာ အန္တရာယ်တွေနဲ့ အကြောင်းရင်းတစ်ခု ဆက်စပ်သလို ဖြစ်သွားနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်ချေ ပိုများလာစေတယ်တဲ့။

“လော်တိစီးပွားရေးလုပ်ငန်းစုကတော့ ဒီကိစ္စကို အပြတ်ငြင်းတယ်။ သူတို့နှစ်ဘက် အတော်ကြာအောင် ငြင်းခုန်ခဲ့ပေမယ့် အခုထိ အတည်ပြုကောက်ချက်မချနိုင်သေးဘူး။

“ဒီကိစ္စဟာ ကျင့်ကြံသူလောကမှာ စိတ်ဝင်တစားလေ့လာစရာအကြောင်းတစ်ခုဖြစ်လာတယ်။ ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချနိုင်ရင် နိမိတ်ဖတ်ဆရာက မင်းကိုထောက်ခံပေးလိမ့်မယ်။ မရှိဘူးလို့ ကောက်ချက်ချနိုင်ရင် စီးပွားရေးလုပ်ငန်းစုက ထောက်ခံပေးလိမ့်မယ်။ ဘယ်လိုဖြစ်ဖြစ် အရှုံးမရှိနိုင်ပါဘူး”

အကယ်၍သာ ဆက်စပ်မှုရှိသည်ဟု ကောက်ချက်ချလျှင် စီးပွားရေးလုပ်ငန်းစုက သူ့ခေါင်းကို လိုချင်လာနိုင်သည်ဟု လုယန်တွေးလိုက်မိသည်။

“ကျိုးဆောင်မှတ်တစ်မှတ်ကို အဆင့်နိမ့်ဝိညာည်ကျောက်တစ်ရာနဲ့ လဲလှယ်နိုင်တယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်ရာ့နှစ်ဆယ်ကို ကျိုးဆောင်မှတ်တစ်မှတ်နဲ့ လဲနိုင်တယ်”

“သွေးသောက်ဓားပျံ - ကျိုးဆောင်မှတ်နှစ်ထောင်တဲ့။ သွေးထဲမှာ ကြာကြာနှစ်ထားလေ စွမ်းအားတိုးလာလေလို့ ပြောထားတယ်။ ဘာလို့ ဒီလက်နက်က မိစ္ဆာလမ်းစဉ်လို ဖြစ်နေတာလဲ”

လုယန်ကမေးသည်။

“လူ့သွေးထဲမှာ နှစ်ထားစရာမလိုပါဘူး။ ဝက်သွေး၊ နွားသွေး ဘဲသွေးတွေလည်းရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သွေးသောက်ဓားပျံတစ်လက်ကို လူတစ်ယောက်က ဟော့ပေါ့ထဲမှာ တိတ်တဆိတ်နှစ်သွားတယ်လို့ စီချွမ်းဟော့ပေါ့ဆိုင်ပိုင်ရှင်တစ်ယောက်က တိုင်လာတယ်။

“စုံစမ်းစစ်ဆေးပြီးတော့ တရားခံကို ဖမ်းတယ်။ ဟော့ပေါ့ချဉ်စပ်ရည်တစ်အိုး အတင်းတိုက်ပြီးအပြစ်ပေးခဲ့တယ်။ အခု အဲဒီ့လူ တစ်သက်လုံး ဟော့ပေါ့မစားချင်လောက်တော့ဘူး”

စီနီယာအကိုက ထူးဆန်းသည့်မျက်နှာပေးဖြင့် ပြန်ပြောပြသည်။

လုယန် လဲလှယ်နိုင်သည့် ပစ္စည်းများကို ထပ်ကြည့်သည်။

“ဘယ်ရနံ့နှင့်မဆို ဥပုသ်ဆေးတစ်ပုလင်းလျှင် ကျိုးဆောင်မှတ်တစ်မှတ်”

“ရှေးဟောင်းအသားကင်နည်း - ကျိုးဆောင်မှတ်တစ်ရာ’

“ဓားပျံ‌မှော်အင်း၊ ကျိုးဆောင်မှတ်နှစ်ဆယ့်ငါးမှတ်”

လက်တွေ့ကျသည့် ရွေးချယ်စရာတစ်ခုဖြစ်သည်။ ထိုမှော်အင်းကို လက်နက်ပေါ်ကပ်ထားလျှင် မိမိနောက်ကျောဘက်တွင် ပျံဝဲနေမည်။ ဓားအိမ်မလိုတော့။ လျင်မြန်စွာ တိုက်ခိုက်နိုင်သည်။ ဓားကို တစ်ခြားအရာများနှင့်မထိစေရန် အကာအကွယ်မှော်အင်းတစ်ခုလည်း ထည့်သွင်းထားသည်။ လုယန် ထိုဓားပျံမှော်အင်းကို ဝယ်လိုက်သည်။

မှော်အင်းက ဓားပေါ်တင်လိုက်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။ ဓားက သူ့နောက်ကျောဘက်တွင် ပျံဝဲနေသည်။ သူဘေးသို့ လျှောက်သွားသည်။ ဓားကလည်း သူ့နောက်မှ ချက်ချင်းလိုက်လာသည်။

“တကယ့်ပစ္စည်းကောင်းပဲ”

“နွားရိုင်းဆယ်ကောင်အားဆေး”

ဈေးနှုန်းက ကျိုးဆောင်မှတ် တစ်ရာ တစ်ထောင် တစ်သောင်း စသဖြင့် အခြေတည်အဆင့်မှ နတ်ဝိညာဉ်အဆင့်ထိ အသီးသီးရှိသည်။ အသုံးပြုသူကို ကြီးမားသည့်ခွန်အားမျိုး ပေးစွမ်းနိုင်သည်။ ရန်သူကို တဟုန်ထိုးတိုက်ခိုက်နိုင်သည်။ ဆေးလုံးတွင် အဆိပ်ရောသည်ဟု နာမည်ကြီးသည် ဝူမိန်၏လက်ရာဖြစ်သော်လည်း တိုက်ခိုက်ရတွင် ထူးခြားသည့်သက်ရောက်မှုရှိသည်ဟု အာမခံထားသည်။ လုယန် စမ်းဝယ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“အနှောက်အယှက်ပေးရတာ ဆောရီးပါ ထောင်ယော်ယဲ့။ ငါ့ကို ကျိုးဆောင်မှတ် ငါးမှတ်လာက် ချေးလို့ရမလား။ နောက်မစ်ရှင်ကျရင် ပြန်ဆပ်ပါ့မယ်”

ဂိုဏ်းတပည့်များအချင်းချင်း ကျိုးဆောင်မှတ်များ လွှဲပြောင်းနိုင်သည်။

ထောင်ယော်ယဲ့လိုချင်သည့် ပစ္စည်းများက ကျိုးဆောင်မှတ်အတော်များများ လိုအပ်သေးသည်။ ထို့ကြောင့် ငါးမှတ်ကို မတွန့်မတိုချေးလိုက်သည်။

“အိုကေ”

လုယန် နွားရိုင်းဆယ်ကောင်အားဆေး ဝယ်လိုက်သည်။ စီနီယာအကိုက ရွှေရောင်ဆေးလုံးပါသည့် ကြွေအိုးငယ်တစ်ခု လှမ်းပေးသည်။ ဆေးက နေရောင်အောက်တွင် တောက်ပနေသဖြင့် သာမန်ဆေးမဟုတ်ကြောင်း ထင်ရှားနေသည်။

“လုယန်အခြေတည်အဆင့်တက်တာကို ဂုဏ်ပြုပွဲလုပ်ပေးမယ်လို့ ကတိပေးထားတယ်။ ရနံ့တစ်ရာစားသောက်ဆိုင်မှာ တစ်ဝိုင်းစာကြိုမှာထားပြီးပြီ။ သွားစားကြစို့။ အားလုံးက မင်းကြိုက်တဲ့ အစားအသောက်တွေပါ။ ထောင်ယော်ယဲ့၊ မင်းလည်းလိုက်ခဲ့ပါလား”

မုန်ကျင်းကျိုးးက ရယ်မော၍ပြောသည်။ ထောင်ယော်ယဲ့ကိုလည်း ဖိတ်ခေါ်သည်။

ထောင်ယော်ယဲ့ တွေးသည်။ လုယန်သည် အမြင့်ကြောက်သည်။ ပေါက်တတ်ကရများပြောတတ်သည်။ သူ့အခန်းထဲ လျှို့ဝှက်၍သဲဝဲအဆိပ်ခတ်သည်။ သို့သော် မစ်ရှင်တစ်ခု အတူထမ်းဆောင်ခဲ့ပြီးဖြစ်၍ မိတ်ဆွေဟု သတ်မှတ်နိုင်သည်။

“သွားကြမယ်လေ”

****************************************************

All Chapters