← Chapters

မုန်မိသားစု၏မူလဇစ်မြစ်

Vol. 2 Ch. 26

မုန်မိသားစု၏မူလဇစ်မြစ်

Vol. 2 Ch. 26

တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် လိုအပ်ချက်မျိုးစုံအတွက် ဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းများစွာရှိသည်။ ကျင့်ကြံမှုဘဝသည် အစဉ်မပြတ် လေ့ကျင့်နေရခြင်းမဟုတ်ဘဲ လိုအပ်သည့် စိတ်အပန်းဖြေမှုများ ရနိုင်ရန် စီစဉ်ထားသည်။

ဥပမာ အစောပိုင်းက ပြောခဲ့သည့် စီချွမ်းနှင့် ချုန်ချင်းဟော့ပေါ့ဆိုင်များ ယခု မုန်ကျင်းကျိုးတို့ သွားနေသည့် ရနံ့တစ်ရာစားသောက်ဆိုင်များ ပါဝင်သည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် အရင်က ထိုသို့မဟုတ်။ ကျင့်ကြံမှုကိုသာ တင်းကြပ်စွာလုပ်ဆောင်ရသည်။ တာအိုလမ်းစဉ်မှ အာရုံလွဲသွားနိုင်သည့် လှုပ်ရှားမှုများ လုံးဝမလုပ်ရ။ သို့သော် ဂိုဏ်းချုပ်ဟောင်းများ အကြီးအကဲဟောင်းများ အနားယူသွားပြီး ခေါင်းဆောင်သစ်များ တာဝန်ယူချိန်တွင် များစွာပြောင်းလဲပစ်ခဲ့သည်။ ကျင့်ကြံမှုနှင့် အပန်းဖြေမှု အချိုးမျှအောင် တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

“ဒီအရာတွေကြောင့် တာအိုနှလုံးပျက်စီးတယ်ဆိုရင် တာအိုကိုရှာဖွေနေလို့ ဘာအကျိုးထူးလာနိုင်မှာလဲ”

ထိုစကားက ခေါင်းဆောင်သစ်များ၏အမြင်ဖြစ်သည်။ လက်ရှိဂိုဏ်း၏ အနေအထားသည် စံပြမဟုတ်သေးဟု လုယန်ခံစားမိသည်။ ဂိုဏ်းတွင် အဆင့်မြင့်ရာထူးတစ်ခု ရလာလျှင် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ သူဆုံးဖြတ်ထားသည်။

ရနံ့တစ်ရာစားသောက်ဆိုင်က လူစည်ကားနေသည်။ ပင်ပန်းသည့်လေ့ကျင့်မှု ပြီးဆုံးသူများ မစ်ရှင်ပြီးဆုံးသူများ စုဝေးလာသည့် တပည့်များပြည့်နေသည်။ ဤဆိုင်မှအစားအသောက်ကလည်း လက်ဖက်ရည်ဆောင်များထက် ပိုကောင်းသည်။

“စားပွဲထိုး၊ စားပွဲနံပါတ်ကိုးမှာ လူသုံးယောက်စာ ကြိုမှာထားပါတယ်။ မှာထားတဲ့အတိုင်း အစားအသောက်တွေ ချပေးပါ”

မုန်ကျင်းကျိုး ညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ။ ချက်ချင်းရစေရမယ်”

ဒုတိယထပ်သို့ တက်လာချိန်တွင် တစ်ခြားစားပွဲများမှ လွင့်ပျံလာသည့် အစားအသောက်နံ့ကြောင့် သူတို့ဗိုက်ဆာလာကြသည်။ စားပွဲထိုး၏ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍မရသဖြင့် လုယန် အတော်စိတ်ဝင်စားနေသည်။

လုယန်နှင့်ထောင်ယော်ယဲ့တို့က ရနံ့တစ်ရာစားသာက်ဆိုင်သို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်လည်း ထိုနေရာတွင် သူတို့လာစားသောက်စရာမလို။ မုန်ကျင်းကျိုးကတော့ ဆိုင်နှင့်အတော်ရင်းနှီးနေသည်။

“ဒီကိုမင်းတို့မရောက်ဖူးဘူးမဟုတ်လား။ မြည်းစမ်းစရာ အစားအသောက်ကောင်းတွေ အများကြီးရှိတယ်။ အစားသောက်စာရင်းကလည်း ရွေးချယ်စရာတွေလည်း အများကြီးရှိတယ်ကွ”

မီနူးကိုလှမ်းပေးရင်း မုန်ကျင်းကျိုးကပြောသည်။

လုယန် မီနူးကိုကြည့်၍ စိတ်ဝင်စားသွားသည်။ ပထမစာမျက်နှာတွင် ထူးဆန်းသည့် မှတ်ချက်တစ်ခုပါသည်။

“ချက်ပြုတ်ပြီးသား အစားအသောက်များသာရောင်းသည်။ အစားအသောက်ပစ္စည်းများ မရောင်းပါ”

ဒုတိယစာမျက်နှာတွင် အဓိကဟင်းလျာများကို ကျိုးဆောင်မှတ်နှင့်ဝိညာဉ်ကျောက် ဈေးနှုန်းနှစ်မျိုးဖြင့် တွဲဖက်ဖော်ပြထားသည်။

“ကောင်းကင်ဆင်းရဲစွမ်းအင်သန္ဓေဟင်းလျာ”

ကျင့်ကြံသူများ ကောင်းကင်းဆင်းရဲဖြတ်၍ ကျန်ရစ်ခဲ့သည့် စွမ်းအင်သန္ဓေဖြင့် ပြုလုပ်ထားသည့် ဟင်းလျာဖြစ်သည်။ မိုးကြိုးနှင့်လျှပ်စီးစွမ်းအားနားလည်ဖို့ များစွာအထောက်အကူပြုသည်ဟု ယူဆကြသည်။

“ရေခဲချောက်နက်ဆင်သားနှပ်”

မြောက်ပိုင်းနယ်မြေ အအေးဆုံးနေရာမှ ရရှိသည်။ ထိုဒေသတွင် အလွမ်းမိုးနိုင်ဆုံးမျိုးစိတ်ဖြစ်သည့် ရေခဲချောက်ဆင်သားဖြင့် စီမံထားသည့်ဟင်းလျာဖြစ်သည်။ အရွယ်ရောက်ပြီးသား ရေခဲချောက်နက်ဆင်သည် စွမ်းအားအလွန်ကြီးသည်။ ရေခဲတောင်များကို ချေမွပစ်နိုင်သည်။ ရေခဲတောင်ပြိုကျချိန်တွင် မယိုင်မလဲရပ်နိုင်စွမ်းရှိသည်။

“ခရမ်းချဉ်သီး ကြက်ဥမွှေကြော်”

လူကြိုက်များသည့် အစားအသောက်ဖြစ်သည်။ ကြက်ဥအမျိုးအစား ရွေးချယ်နိုင်သည်။ သာမန်ကြက်ဥမှစ၍ နာမည်ကျော် ရတနာရှစ်ပါးကြက်ဥ၊ ရှားပါးသည့် ရွှေတောင်ပံကြက်ဥများအထိ ရနိုင်သည်။

ဈေးနှုန်းများကိုကြည့်၍ လုယန် တအံ့တဩလေချွန်လိုက်မိသည်။ ထိုဟင်းလျာများသည် သူတို့လို အခြေတည်အဆင့်များအတွက် ဖန်တီးထားခြင်းမဟုတ်။ ထိုမျှတန်ဖိုးကြီးသည့် အစားအသောက်များကိုလည်း သူတို့မတတ်နိုင်ပါ။

သို့သော် သူတို့တတ်နိုင်သည့် “ဥပုသ်‌ဆေးမွှေကြော်”လို ဟင်းလျာလေးများလည်း ရှိသည်။

လုယန်မျက်မှောင်ကျုံ့နေသဖြင့် ဈေးနှုန်းကိုလန့်နေသည်ဟု ထောင်ယော်ယဲ့ကတွေးပြီး ပြုံး၍မေးသည်။

“ဘာလဲ၊ ပြဿနာတစ်ခုခုရှိလို့လား”

“မင်းတွေးမိလား၊ ဥပုသ်စောင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အစားအသောက်နေရာမှာ မိုးမြေဝိညာဉ်စွမ်းအင်နဲ့ အစားထိုးဖို့ပဲ။ ဥပုသ်ဆေးစားတယ်ဆိုတာကလည်း ဥပုသ်စောင့်နိုင်ဖို့မဟုတ်လား”

“ဟုတ်တယ်”

ထောင်ယော်ယဲ့ ခေါင်းငြိမ့်သည်။

“ဒါဆိုရင် မင်း‌ပြောကြည့်ပါ။ ဥပုသ်ဆေးစားတယ်ဆိုတာ အစာစားတာလား ဥပုသ်စောင့်တာလား”

ထောင်ယော်ယဲ့နှင့် မုန်ကျင်းကျိုးတို့ ကြောင်သွားသည်။ မေးခွန်းက ကြောင်တောင်တောင်နိုင်လွန်းသည်ဟု ယူဆသည်။ သို့သော် ပိုစဉ်းစားကြည့်‌လေ ပိုနက်နဲမှန်း သိလာလေဖြစ်သည်။

စားပွဲထိုးကိုလှမ်းခေါ်၍ ထိုမေးခွန်းအဖြေကိုသိမသိ မေးကြသည်။ စားပွဲထိုးလည်း ငေးကြောင်သွားသည်။ ဤဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း ဖောက်သည်တစ်ယောက် ထိုမေးခွန်းမျိုးမေးသည်ကို သူတစ်ခါမှမကြုံဖူး။ ထိုသုံးယောက်က အစားအသောက်မရောက်သေးမီ အပြင်းပြေမေးမြန်းခြင်းလားတော့မသိ။

“အစားအသောက်တွေက ဈေးမနည်းဘူး။ မင်းမှာ ကျိုးဆောင်မှတ် လုံလောက်အောင်ပါရဲ့လား”

ဥပုသ်ဆေးသီအိုရီအကြောင်းမှ ဈေးနှုန်းအကြောင်းဆီ လုယန်အတွေးရောက်သွားသည်။

မုန်ကျင်းကျိုးသည် မစ်ရှင်သုံးခုသာ လုပ်ရသေးသည်။ ကျိုးဆောင်မှတ် များများမရှိနိုင်။

သူတို့သုံးယောက် ငွေမရှင်းနိုင်၍ ပန်းကန်ဆေးပြီး အကြွေးဆပ်ရမည့် အဖြစ်က မုန်ကျင်းကျိုးစတိုင်နှင့် ကိုက်ညီနေသယောင်ရှိသည်။

“ကျိုးဆောင်မှတ်လား။ ဘယ်ဟုတ်မလဲ။ ဝိညဉ်ကျောက်ကိုသုံးမှာပေါ့”

မုန်ကျင်းကျိုး သူဌေးသားလေသံဖြင့် ကြေညာသည်။

ထောင်ယော်ယဲ့က လုယန်ကို အံ့ဩဟန်ဖြင့် လှမ်းကြည့်သည်။ မုန်မိသားစုဝင်တစ်ယောက် ငွေကြေးပြတ်လပ်မည်ကို လုယန်ဘာကြောင့် စိတ်ပူနေမှန် သူမသိ။

“မုန်မိသားစုအကြောင်း ရှင်ကြားဖူးလား”

သူ‌မေးလိုက်သည်။

“မုန်ကျင်းကျိုးတို့ မုန်မိသားစုက အဲလောက်နာမည်ကျော်လို့လား”

ကျယ်ပြန့်သည့် အလယ်ပိုင်းတိုက်နယ်တွင် မုန်မိသားစုများစွာရှိသည်။ မုန်ကျင်းကျိုးကို ဘယ်မုန်မိသားစုဝင်မှန်း သူမသိနိုင်။

မုန်ကျင်းကျိုးသိသည်မှာ အတော်ကြာခဲ့သော်လည်း မိသားစုအကြောင်းပြောသံမကြားဖူး။ အစက မုန်ကျင်းကျိုး၏ မိသားစုသည် အခြေယိုင်နဲ့လာသဖြင့် သူတို့အကျိုးစီးပွားနလန်ထူရန်အတွက် သားဖြစ်သူ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ကို အားကိုးနေရသည်ဟု ထင်ခဲ့သည်။

“နာမည်အကျော်ဆုံးမိသားစုပါ”

ထောင်ယော်ယဲ့ အတည်ပြုလိုက်သည်။

လုယန် မျက်လုံးပြူးသွားသည်။ ဘယ်မုန်မိသားစုကို ရည်ညွှန်းမှန်း သ‌ဘောပေါက်သွားသည်။

“ရှားနိုင်ငံတည်ထောင်ဖို့ ရှားမင်းဆက်ဘိုးဘေးတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ နန်းမြို့တော်က မုန်မိသားစုပေါ့”

လုယန် တကယ်အံ့အားသင့်သွားသည်။ ထိုမုန်မိသားစု၏ သမိုင်းကြောင်းက တကယ်ထင်ရှားသည်။

လွန်ခဲ့သည့်နှစ်တစ်သိန်း ကပ်ဆိုက်နေသည့်ကာလ ဆင်းရဲဒုက္ခကြုံရချိန်တွင် သူရဲကောင်းများပေါ်လာသည်ဟု ဆိုကြသည်။ မုန်မိသားစုဘိုးဘေးသည် အရှေ့ပိုင်းနယ်မြေတွင် ပေါ်ထွက်ခဲ့သည်။ နေရာဒေသကျယ်ပြန့်စွာ ချဲ့ထွင်သည်။ နတ်ဆိုးများ ပင်လယ်သားရဲများကို မောင်းထုတ်သည်။ ပုန်ကန်သူများ နှိပ်ကွပ်သည်။

နှစ်တစ်သောင်းကြာအောင် စစ်မက်ဖြစ်ပွားပြီးနောက် မုန်မိသားစုဘိုးဘေးက အလယ်ပိုင်းတိုက်နယ်တစ်ဝက်ကို ထိန်းချုပ်ခဲ့သည်။ အင်အားကြီးဘုရင်နှစ်ယောက်တွင် တစ်ယောက်ဖြစ်လာသည်။ နောက်တစ်ယောက်က သူ့လိုပင် နတ်ဆိုးများ မကောင်းဆိုးဝါးအရိုင်းများကို တိုက်ထုတ်ခဲ့သည့် ရှားမင်းဆက်ဘိုးဘေးဖြစ်သည်။

အလယ်ပိုင်းတိုက်နယ်ကို သူတို့နှစ်ခြမ်းခွဲ၍ နိုင်ငံတည်ထောင်မည်။ သို့မဟုတ် အကြီးကျယ်ဆုံးတိုက်ပွဲကို ဆင်နွှဲ၍ တစ်ဘက်ကတစ်ဘက်ကို အနိုင်ပိုင်း၍ တိုက်နယ်တစ်ခုလုံး စုစည်းမည်ဟု လူအားလုံး ထင်ခဲ့ကြသည်။ သို့သော် ဘိုးဘေးနှစ်ယောက်က နောက်ထပ် သွေးထွက်သံယို မဖြစ်စေဖို့ ဆုံးဖြတ်ခဲ့သည်။ အလယ်တိုက်နယ်သည် နှစ်တစ်သောင်းကြာအောင် ကပ်ဆိုက်ခဲ့သည်။ လူများ သေကြေပျက်စီးခဲ့သည်။ စစ်ပွဲဆက်ဖြစ်လျှင် နောက်ထပ်နှစ်ပေါ်းများစွာ ဒုက္ခရောက်ကြဦးမည်။ လူ့အသက်မည်မျှသေဦးမည်မသိ။ သူတို့တိုက်ခိုက်ခဲ့သည်မှာ လောကငြိမ်းချမ်းဖို့ဖြစ်သည်။ နိုင်ငံ့ပလ္လင်အတွက်မဟုတ်။

ထို့ကြောင့် ဘိုးဘေးနှစ်ယောက် စစ်တပ်များကို စွန့်ခွာပြီး ကြယ်ကောင်းကင်တွင် ကျင့်ကြံသူများအဖြစ် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲကြသည်။ ကောင်းကင်တစ်ခုလုံး တုန်ခါခဲ့သည်။ နေနှင့်လတို့ အရောင်မှိန်ခဲ့သည်။ ကြယ်များကြွေကျခဲ့သည်။ ရှားဘိုးဘေးက အနိုင်ရသူဖြစ်လာသည်။ မုန်ဘိုးဘေးက ဂုဏ်သိက္ခာရှိရှိ အရှုံးပေးခဲ့သည်။

ထိုအချိန်က ရှားအင်ပါယာဘိုးဘေးများ အများသိကြေညာခဲ့သည်။ ရှားနိုင်ငံရှိနေသမျှ မုန်မိသားစု လုံးဝပျောက်ကွယ်မည်မဟုတ်ဟူ၏။ ရှားနိုင်ငံတည်ထောင်ချိန်တွင် ပြောသည့်စကားအတိုင်း တည်ခဲ့သည်။ မုန်မိသားစုက နန်းမြို့တော်တွင် အခြေချသည်။ ဖိနှိပ်ခြင်းလုံးဝမခံရ။ ဆုတ်ယုတ်ကျဆင်းသွားခြင်းမရှိ။

***************************************************

All Chapters