မြေကျုံ့ပညာ
Vol. 2 Ch. 30
သုံးရက်ကြာပြီးနောက်။
လုယန် ကိုယ်ကြပ်အင်္ကျီဖြင့် မတ်တပ်ရပ်လျက် စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးနေသည်။ ရွှေစာရွက်ထဲမှ မန္တာန်ကို အလွတ်ရပြီးဖြစ်သည်။
“ရွတ်ပြပါဦး”
“ငါ့မျက်စိရှေ့၊ မိုင်ထောင်ချီဖြစ်တည်၊ လွှတ်မည်၊ ကျုံ့မည်.......”
လုယန် မရပ်မနား သွက်လက်စွာရွတ်ဆိုသွားသည်။ ကျေညက်စွာ အလွတ်ကျက်ထားမှန်း သိသာသည်။
ယွမ်ကျိ ခေါင်းငြိမ့်သည်။ မန္တာန်၏စကားလုံးတိုင်းက နက်နဲသည့်အဓိပ္ပါယ်များရှိသည်။ ရွတ်ဆိုရာတွင် စိတ်စွမ်းအင်များစွာ စိုက်ထုတ်ရသည်။ ယခုအတိုင်းအတာအထိ ရွတ်ဆိုင်နိုင်သည်ကပင် လုယန်၏ ကြိုးစားအားထုတ်မှုသက်သေဖြစ်သည်။
“ဒီမန္တာန်က နိဒါန်းပျိုးတာပါ။ မှော်ပညာနဲ့ မရင်းနှီးသေးရင် အောင်မြင်ဖို့အတွက် မင်းစိတ်ထဲမှာ ရွတ်ဆိုရတယ်။ မြေကျုံ့ပညာကို ကျွမ်းကျင်သွားရင် ဒီမန္တာန်ကို မလိုအပ်တော့ပါဘူး။
“မြေကျုံ့ပညာဆိုတာ လေဟာနယ်မှော်ပညာပဲ။ လေ့ကျင့်ဖို့တော့ နည်းနည်းစောလွန်းသေးတယ်။ ဒါပေမယ့် မင်းကငါ့ဆရာရဲ့ တပည့်ပဲ။ သူလည်း ဒီမှော်ပညာကို မင်းအဆင့်လောက်မှာ တတ်ခဲ့တာဆိုတော့ မင်းလည်း လေ့လာနိုင်လောက်ပါတယ်။
“လေဟာနယ်မှော်ပညာကို လေ့ကျင့်တဲ့နေရာမှာ အရေးကြီးဆုံးက ဘေးကင်းဖို့ပဲ။ လေဟာနယ်ကို နေရာမှားချမိရင် ကိုယ်နှစ်ပိုင်းပြတ်သွားနိုင်တယ်။ ဒါကြောင့် ကျင့်ကြံသူလောကမှာ မပြောဘဲသိတဲ့ စည်းမျဉ်းတစ်ခုရှိတယ်။ လေဟာနယ်မှော်ပညာလေ့ကျင့်တဲ့အခါ အနားမှာ လမ်းညွှန်ပေးမယ့် ပညာရှင်တစ်ယောက် ရှိကိုရှိရမယ်”
ယွမ်ကျိ အလေးအနက်လေသံမျိုးဖြစ်လာသဖြင့် လုယန်လည်း သေချာဂရုစိုက်၍ နားထောင်သည်။
“မှော်ပညာစည်းမျဉ်းက မြေပြင်ကို တစ်လက်မအရွယ်ထိ ကျုံ့ဖို့ပဲ။ ဒါမှ ကျင့်ကြံသူက အလွယ်တကူ ဖြတ်ကျော်သွားလို့ရမှာ။ ခရီးဝေးကို ခြေတစ်လှမ်းနဲ့ ကျော်လွှားသွားနိုင်မှာ။ ကျွမ်းကျင်လာလေ နေရာကျယ်ကျယ်ကျုံ့နိုင်လေ ဝေးဝေးသွားနိုင်လေပဲ။ အပြည့်အဝ ကျွမ်းကျင်သွားပြီဆိုရင် ဒီလောက်ကျယ်တဲ့ အလယ်ပိုင်းတိုက်နယ်တောင် မင်းခြေလှမ်းတွေကို မတားနိုင်တော့ဘူး။
“ဒီမှော်ပညာလေ့ကျင့်တဲ့အခါ အသိအမြင်လိုတယ်။ လေဟာနယ်မှော်ပညာကို မင်းတစ်ခါမှ မလေ့ကျင့်ဖူးတော့ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ လက်ခံနိုင်အောင် ကြိုးစားပါ။
“ကျင့်ကြံသူတွေဟာ လွန်ကဲတဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေကို ကျော်လွှားရမယ်”
ယွမ်ကျိ ကျင့်စဉ်အတွေ့အကြုံများကို သင်ပြနေသည်။
လုယန် ခေါင်းငြိမ့်သည်။ စီနီယာအမသည် ထိုစကားပြောဖို့ အကိုက်ညီဆုံးဖြစ်သည်။ ယွမ်ကျိ စိတ်ခံချက်ပြင်းထန်သည့်အချိန်ကို သူတစ်ခါမှမမြင်ဖူး။
ထိုအပိုင်းတွင် သူအားနည်းနေသည်။
ယွမ်ကျိသည်မျက်နှာက အမြဲတမ်းတည်ငြိမ်နေသဖြင့် ခံစားချက်ကင်းမဲ့သည်ဟု အစက လုယန်ထင်ခဲ့သည်။ သို့သော် စိတ်ခံစားချက်ရှိကြောင်း နောက်ပိုင်းတွင် သိလာရသည်။ အတော်နူးညံ့သိမ်မွေ့၍သာဖြစ်သည်။
တစ်ခါတစ်ရံ သိမ့်မွေ့သည့် အမူအရာများမှ သူ့စိတ်ကို လုယန်ခွဲခြားနိုင်လာသည်။
အမြဲတမ်းခန့်မှန်းနိုင်သည်ဟုလည်း မပြောရဲပါ။
“ငါမင်းကို အရင်သရုပ်ပြမယ်”
ယွမ်ကျိ အလံနီတစ်ခု မျက်နှာချင်းဆိုင်မှ တောင်ထိပ်တစ်ခုသို့ ပစ်လွှတ်လိုက်သည်။ လုယန် သေချာမကြည့်ရသေးမီ ယွမ်ကျိရှေ့သို့ခြေတစ်လှမ်းလိုက်သည်။ နေရာမှ ပျောက်သွားသည်။ ထို့နောက် အလံနီကိုင်၍ ပြန်ပေါ်လာသည်။
“ဒီလိုလေးပါပဲ။ အောင်မြင်ပြီဆိုတာနဲ့ နည်းနည်းထပ်လေ့ကျင့်လိုက်ပါ။ မင်းလည်း ငါ့လိုကျွမ်းကျင်လာလိမ့်မယ်”
လုယန် မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကျောက်ရုပ်လိုဖြစ်နေသည်။
ဘာဖြစ်သွားသည်ကို သေချာနားမလည်။
သူ့အမြင်တွင် ယွမ်ကျိသည် အလံနီကို ပစ်လွှတ်ပြီး အလွယ်တကူ ပြန်ယူလာသလိုသာ ထင်ရသည်။ အလံက တစ်ဘက်တောင်ထိပ်သို့ ရောက်မရောက်ပင် သေချာမသိ။ မှော်ပညာသုံးသည်လက္ခဏာမျိုးလည်း မတွေ့ရ။
ယွမ်ကျိသည် မျက်မှောင်ကျုံ့လေ့သိပ်မရှိ။ သူ့ဆရာကလည်း ထိုပညာကို ထိုသို့သာသင်ခဲ့သည်။ တစ်ခါပြရုံဖြင့် သူတတ်မြောက်ခဲ့သည်။
လုယန်နားမလည်မည်စိုး၍ နောက်တစ်ကြိမ်ထပ်လုပ်ပြသည်။
အလံကိုလွှင့်သည်။ ခြေတစ်လှမ်းတိုးသည်။ ပြန်ရောက်လာသည်။ အားလုံးက တစ်ဆက်တည်းလှုပ်ရှားသလို ချောမွေ့နေသည်။
လုယန် ငေးကြောင်နေသည်။
“..”
အမှန်တကယ်ပင် စီနီယာယွမ်ကျိကို အားကိုး၍မရသည့် အချိန်များရှိသည်။ လေ့လာမှုဆိုသည်မှာလည်း ကိုယ်ပိုင်အားထုတ်ရသည့်သဘော ဖြစ်မည်ထင်သည်။
ယွမ်ကျိ၏မျက်လုံးအကြည့်မှ သူ့စိတ်ကို လုယန်ခန့်မှန်းနိုင်သည်။
ယွမ်ကျိ သူ့ကိုအတော်အထင်ကြီးနေပုံရသည်။
သို့သော် ယွမ်ကျိသင်ကြားပုံအဆင့်အတန်းမျိုးကို ဘယ်သူမှနားလည်နိုင်မည်မထင်။
လုယန် ကျိတ်၍သက်ပြင်းချလိုက်သည်။ ယွမ်ကျိကို အားကိုးမနေတော့။ သူနားလည်သည့်အတိုင်း မြေကျုံ့ပညာကို မှော်မန္တာန်ရွတ်ဆို၍ စတင်အသက်သွင်းလိုက်သည်။
“ငါ့မျက်စိရှေ့မှာ၊ မိုင်ထောင်ချီဖြစ်တည်၊ လွှတ်မည်၊ ကျုံ့မည်...”
လုယန် မျက်စိမှိတ်၍ လက်နှစ်ဘက်ဖြင့် မှော်အင်းရေးဆွဲသည်၊ မန္တာန်ရွတ်သည်။
“လက်မအရွယ်ထိ မြေပြင်ကိုကျုံ့”
လုယန် အော်ဟစ်လိုက်သည်။ သူခန္ဓာကိုယ် နေရာမှချက်ချင်းပျောက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားသည်။ သီးခြားလေဟာနယ်သို့ရောက်သွားသယောင်ရှိသည်။
ပထမဆုံးကြိုးစားမှုမှာပင် အောင်မြင်မှုရသွားပြီထင်၍ သူပျော်သွားသည်။
သူ့ကိုယ်သူ တကယ့်ပါရမီရှင်ဟု ခံစားမိသည်။
မြေကြောချုံ့ပညာသည် လေဟာနယ်ကို တွန့်ခေါက်၍ သီးခြားလေဟာနယ်တစ်ခုသို့ လျှောက်လှမ်းရခြင်းဖြစ်သည်။ လေဟာနယ်က မျဉ်းဖြောင့်တစ်ခုဖြစ်သွားပြီး ဦးတည်ရာအရပ်သို့ အချိန်တိုအတွင်း ရောက်သွားသည်။
လုယန် အော်ဟစ်ရယ်မောရန်ပြင်လိုက်စဉ် သူ့ပါးစပ်ထဲသို့ အနက်ရောင်အမှုန့်များ ဝင်လာသည်။ တစ်ကိုယ်လုံး ကြပ်တည်းနေသည်။ ခြေလက်များမလှုပ်နိုင်တော့။ ဤလေဟာနယ်တွင် လေလုံးဝမရှိ။ အသက်ရှူဖို့ အလွန်တရာ ခက်ခဲသည်။
ခဏစိတ်တည်ငြိမ်အောင်ထိန်းပြီး ပြန်စဉ်းစားသည်။ အဖြစ်မှန်ကို နားလည်လာသည်။
သူသည် မြေကြီးထဲသို့ ကျုံ့ဝင်သွားခြင်းဖြစ်သည်။
ယခု အကောင်းနှင့်အဆိုး နှစ်ခုရှိလာသည်။
ကောင်းသည့်အချက်က မြေကျုံ့ပညာထဲမှ တစ်ဝက်ဖြစ်သည့် “ကျုံ့”သည့်ပညာကို သူနားလည်သွားသည်။
ဆိုးသည့်အချက်က လူတစ်ကိုယ်လုံး မြေထဲသို့ “ကျုံ့ဝင်”မိခြင်းဖြစ်သည်။
မြေပြင်ပေါ်တွင်ရှိနေသည့်ယွမ်ကျိ ဘာပြောရမှန်းမသိတော့။ လုယန်မှော်စွမ်းအားသုံး၍ မြေထဲသို့ကျုံ့ဝင်သွားသည်ကို မြင်ရသည်။ တစ်နည်းဆိုသော် မြေလျှိုးပညာကို တတ်မြောက်သွားသည်။
ဘာကြောင့် လေဟာနယ်မှော်ပညာက (မြေ)ဓာတ်သဘောမှော်ပညာအဖြစ် ကွဲထွက်သွားသည်မသိတော့။
ဂိုဏ်း၏ထိပ်တန်းတပည့်ယွမ်ကျိသည် ကျင့်စဉ်ပညာနှင့် ပါရမီအရာတွင် ဂိုဏ်းတပည့်များအားလုံးကြားတွင် ပြိုင်ဘက်ကင်းသည်။ ကျင့်စဉ်နည်းများ ရေးသားနိုင်သည်။ မှော်ပညာများကို တစ်ခါကြည့်ရုံဖြင့် လေ့လာနိုင်သည်။ မည်သည့်ပါရမီရှင်မဆို မယှဉ်နိုင်လောက်အောင် ထူးခြားသည်။
ယခု သူသည်ပင် လုယန်၏ မှော်စွမ်းအင်အသုံးချပုံကို နားမလည်နိုင်တော့။
သင်သည့်ပညာနှင့် တတ်သွားသည့်ပညာက လုံးဝအဆက်အစပ်မရှိ။
“ဖတ်”ခနဲ အသံတစ်ခု ထွက်လာသည်။ မြေကျုံ့ပညာကို လုယန်ထပ်သုံးသည်။ သူ့ဦးခေါင်းက မြေကြီးထဲမှ ကြွက်တစ်ကောင်လို ထိုးထွက်လာသည်။ ခြေထောက်နှင့် ဖိနင်းပစ်ချင်စရာကောင်းလှသည်။
လုယန် အရှက်ပြေ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။
သူမည်မျှအရေထူသည်ဖြစ်စေ ထိုအရှက်တရားမျိုးကို မခံစားနိုင်ပေ။
ယွမ်ကျိက အပြုံးအရယ်မရှိဘဲ လုယန်ကို မြေထဲမှ ဆွဲထုတ်၍ မြေသားများကို လှုပ်ခါလိုက်သည်။
မုန်လာဥ နှုတ်လိုက်သည်နှင့်တူသည်။
“ဒါက မတော်တဆ ဖြစ်သွားတာပါ။ ထပ်စမ်းကြည့်မယ်”
မြေကျုံ့ပညာကို ကျွမ်းကျင်ဖို့ နီးစပ်လာပြီဟု လုယန်ခံစားရသည်။
“ငါ့မျက်စိရှေ့မှာ မိုင်ထောင်ချီဖြစ်တည်၊ လွှတ်မည် ကျုံ့မည်...”
မန္တာန်ကို အရင်ထက် ခပ်မြန်မြန်ရွတ်ဆိုသည်။
“မြေပြင်ကိုကျုံ့”
သူအော်လိုက်သည်။ အပြောင်းအလဲတစ်ခု ထပ်ဖြစ်လာပြန်သည်။
ယွမ်ကျိသည် လုယန်ထက် ခေါင်းတစ်လုံးစာ ပိုမြင့်သူဖြစ်သည်။ ယခု ပြောင်းပြန်ဖြစ်လာသည်။
ယွမ်ကျိက သူ့ထက် တဖြေးဖြေးအရပ်ပိုရှည်လာသည်။ အပေါ်စီးမှ မြင်ရသည့် အနေအထားမှ မော့ကြည့်ရသည့် အနေအထားမျိး ဖြစ်လာသည်။
ယခု ယွမ်ကျိမျက်နှာကိုပင် သူမမြင်ရတော့။
ယွမ်ကျိအသွင်က မြေပြင်ပေါ် ရပ်နေသည့် လူ့ဘီလူးကြီးလို ဖြစ်လာသည်။
“မဟုတ်သေးဘူး၊ ငါ့ခန္ဓာကိုယ်က သေးသွားတာပဲ”
လုယန် အလန့်တကြား အော်လိုက်သည်။ ဘေးပတ်လည်တွင် လူ့ခါးစောင့်းခန့် ကျောက်တုံးများကို မြင်ရသဖြင့် အခြေအနေမှန်ကို နားလည်သွားသည်။
ယခု လုယန်သည် သုံးလက်မအရွယ် လူတစ်ယောက်ဖြစ်နေသည်။ မြေပြင်ပေါ် ခုန်ဆွခုန်ဆွ လုပ်နေသည်။ သူ့အသံကလည်း ပို၍တိုးညှင်းလာသည်။
မှော်ပညာအသစ်တစ်ခု သူတတ်မြောက်သွားသည်။
လက်မအရွယ်ထိ ကိုယ်ချုံ့သည့်ပညာဖြစ်သည်။
သူ့မှော်ပညာပါရမီကလည်း ကြောက်စရာကောင်းသည်။ ယွမ်ကျိက မြေပြင်ကို လက်မအရွယ် ချုံ့နိုင်သလို သူကလည်း မြေထဲကျုံ့ဝင်ခြင်းနှင့် ခန္ဓာကိုယ်ကျုံခြင်း နှစ်မျိုးကို တတ်ကျွမ်းသည်။
ယွမ်ကျိ မြေပေါ်ဒူးထောက်၍ လုယန်ကို ငုံ့ကြည့်ရင်း မျက်မှောင်ကျုံ့နေသည်။ သူ့သင်ကြားမှု ဘယ်နေရာ မှားသွားသည်မသိတော့။
*************************************************