မျက်နှာဖုံးတပ်ရင် ဘယ်သူမှ မမှတ်မိ
Vol. 110 Ch. 1438
ချင်မူ့ဦးခေါင်းအပေါ်ရှိ ချီနှင့်သွေးပင်လယ်က ပွက်ပွက်ဆူလာသည်။ ယိုတု၏ မိစ္ဆာချီတို့က သွေးပင်လယ်ကို မည်းနက်နေစေ၏။ သူ့ရုပ်ခန္ဓာပေါ်ရှိ အရေပြားမှာ အက်ကွဲလာကာ မူလဝိညာဉ်အပေါ်လည်း ချုပ်ထိန်းမထားနိုင်ဖြစ်လာသည်။
သူတို့နှစ်ယောက် နောက်တစ်ကြိမ် ဂါဝရပြုလိုက်ပြီးနောက် ဒဏ်ရာများက ပိုမိုပြင်းထန်လာကြချေပြီ
“ကျုပ် ဂါဝရပြုတာကို လက်ခံလိုက်”
“ငါ ဂါဝရပြုတာ လက်ခံလိုက်စမ်း”
ဝုန်း…
တစ်လောကလုံးကို အက်ကွဲသွားစေနိုင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ချင်မူမှာ သူ့အနောက်ရှိ ကောင်းကင်မြေပြင်မုခ်၀ ပေါက်ကွဲသွားသည့်အထိ တုန်ရီသွားသည်။ သူ၏ရုပ်ခန္ဓာမှာ ခံနိုင်ရည်မရှိတော့ဘဲ အနက်ရောင်ဝိညာဉ်သဲမှုန်တို့က သူ၏မျက်လုံး၊ နား၊ ပါးစပ်နှင့်နှာခေါင်းတို့မှ စီးကျလာကြ၏။
အခြားတစ်ဖက်တွင် သူ့အား ကြည့်နေသည့် ကောင်းကင်ယင်သားတော်မှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ သူ၏ရုပ်ခန္ဓာက ပြာကျသွားပြီး ကောင်းကင်လက်နက်အစိတ်အပိုင်းများစွာက ဖရိုဖရဲချီမျှင်များနှင့်အတူ အမှောင်ပင်လယ်ထဲသို့ ကျလာကြ၏။
ချင်မူ့ခန္ဓာကိုယ်မှာ ယိုင်သွားသော်လည်း လဲကျမသွားပေ။ သူက ရုတ်တရက် ဝိညာဉ်လမ်းညွှန်ကို အသက်သွင်းလျက် သူ၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသော ဝိညာဉ်ထဲရှိ အနက်ရောင်သဲမှုန်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီး ဝိညာဉ်အား ပြန်လည်တည်ဆောက်၏။
သားသတ်သမားမှာ သူ့ကို ဆွဲထူရန် ပြင်လိုက်သော်လည်း သူ ပြန်လည်သက်သာလာပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏အရှိန်အဝါက အားနည်းနေသော်လည်း အခြေအနေကောင်းနေသေးသဖြင့် လက်ကို ပြန်ရုတ်လိုက်လေသည်။
‘ကောင်းကင်ယင်သားတော် သေသွားပြီလား’
သားသတ်သမားက သူ၏ကောင်းကင်ဓားမကို မြှောက်၍ ပတ်ဝန်းကျင်သို့ ကြည့်ကာ ကောင်းကင်ယင်သားတော်ကို ရှာဖွေနေသည်။
တျန်းရှုကလည်း သူ၏ တော်ဝင်မုခ်ဝနတ်ဓားမကို မြှောက်လျက် ကောင်းကင်ယင်သားတော်၏ ဝိညာဉ်ကို ရှာနေ၏။
လော့ဝူရွှမ်ကလည်း နတ်ဓားမကို မြှောက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ကျဲ့ဟွလီက နဂါးသွားမိစ္ဆာဓားမအား မြှောက်လိုက်သည်။ သို့သော် နဂါးသွားမှာ အရှေ့နတ်မင်း၏ နဂါးသွားစွယ်ဖြစ်၏။ ဓားမသွားက တောက်ပမနေသောကြောင့် ဟင်းလင်းပြင်အလွှာများအထိ အလင်းဖောက်နိုင်ခြင်း မရှိပေ။
တခြားတစ်ဖက်တွင် နဂါးဓားမသွား၏ ဓားမရိုး၌ မိစ္ဆာမျက်လုံးတစ်လုံး ရှိ၏။ မိစ္ဆာမျက်လုံးက လှည့်ပတ်လျက် ကောင်းကင်ယင်သားတော်ကို ရှာဖွေနေသည်။
ကောင်းကင်ယင်သားတော်မှာ ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်သော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်တို့က အလွန်တရာ ထူးဆန်း၏။ သူသည် ပြီးပြည့်စုံလွန်းသဖြင့် သူ့အား ခုခံရန် ခက်ခဲလေသည်။
ကောင်းကင်ယင်သားတော်ကို သတ်ဖြတ်ရခြင်းက သေးငယ်သောကိစ္စဟု သူတို့ထင်မှတ်ထားခဲ့၏။ သို့သော် ကောင်းကင်ယင်သားတော်ကို သတ်ရခြင်းမှာ အတော်လေး ခက်သည်။
ထိုမျှသာမက ကောင်းကင်ယင်သားတော်၏ ယိုတုကောင်းကင်နတ်သိုင်းနှင့် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်တို့က သူတို့အား ကြောက်ရွံ့မိစေသည်။
“သူ သေသွားတာလား… ထွက်ပြေးသွားတာလား” သားသတ်သမားက အချိန်အတော်ကြာရှာဖွေပြီးနောက် မေးလိုက်သည်။ ကောင်းကင်ယင်သားတော်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။
ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားထဲရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်အား ကြည့်သည်။ အဝေးတွင် လှိုင်းထနေသော အမှောင်ပင်လယ်အား ဖျတ်ခနဲ တွေ့လိုက်ရ၏။ ပင်လယ်ထဲတွင် ခေါင်းတစ်လုံးက မျောလွင့်နေပြီး ယိုတုဆီ ဦးတည်နေသည်။ “သူ အခုထိ မသေသေးဘူး” သူက ဖြေလိုက်သည်။ “ယိုတုကို ပြန်သွားတာ” ကောင်းကင်ယင်သားတော်ကား ကောင်းကင်ယင်လမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးဖြစ်သည်သာမက ယိုတုမဟာတာအိုတွင်လည်း ကျွမ်းကျင်သူဖြစ်လေရာ အလွယ်တကူ သတ်နိုင်လိမ့်မည် မဟုတ်ပေ။ “သူ့ကို ဂရုစိုက်စရာမလိုဘူး… ကောင်းကင်ယင်သားတော်က ကျွန်တော်တို့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေ စမ်းသပ်ဖို့ ကြားခံတစ်ခု သက်သက်ပဲ…. အဓိကနေရာကို သူရောက်လာနိုင်မှာ မဟုတ်ဘူး”
သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မြေက်ကောင်းကင်၏ မိစ္ဆာစစ်တပ်ကြီးအား မဟာရန်သူတော်တစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ တွေ့လိုက်ရ၏။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာပေါင်းများစွာက သင်္ဘောထိပ်များတွင် ရပ်လျက် သူတို့အား ရင်တုန်စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
သားသတ်သမား၊ တျန်းရှု၊ လော့ဝူရွှမ်နှင့် အခြားသူများက ရှေ့တစ်လှမ်းတိုးလာကြပြီး လော့ဝူရွှမ်သည် လက်တစ်ဖက်နတ်ဓားမကို ခါ၍ မှင်သေသေ မေးလိုက်၏။ “သူတို့အားလုံးကို သတ်ပစ်လိုက်ကြမလား”
ဦးဆောင်နေသည့် တပ်မှူးအချို့မှာ မျက်နှာများသိသိသာသာ ပျက်ယွင်းသွားကြသည်။ သူတို့အားလုံးက ခန္ဓာကိုယ်များကို ပထမဦးဆုံး ကာကွယ်ရန် ကောင်းကင်လက်နက်များအား အသက်သွင်းလိုက်ကြ၏။
“မလိုပါဘူး”
ချင်မူက ရုတ်တရက် ပြုံးလျက် မြောက်ကောင်းကင်စစ်တပ်မှ နတ်ဘုရားမိစ္ဆာ ထောင်သောင်းပေါင်းများစွာဆီ လက်ပြလိုက်သည်။ “လူစုခွဲကြ… ခင်ဗျားတို့အားလုံး လူစုခွဲလိုက်ကြတော့… ကောင်းကင်ယင်သားတော်က အမှောင်ပင်လယ်ဆီ ပြန်သွားပြီဆိုတော့ ခင်ဗျားတို့လည်း ကိုယ့်အိမ်ကို ပြန်ကြတော့”
တပ်မှူးအချို့မှာ ကြောင်အနေကြသည်။ ကျဲ့ဟွီလီက မျက်မှောင်ကြုတ်လျက် မေးတော့သည်။ “သူတို့က ငါတို့မျက်နှာကို မြင်သွားပြီလေ… သွားတိုင်ရင် ဘယ်လိုလုပ်ကြမလဲ…”
ချင်မူက အပြုံးပန်းများ ဝေဆာစွာဖြင့် အနက်ရောင်ပုဝါတစ်ခု ထုတ်ကာ မျက်နှာအပေါ် အုပ်လိုက်သည်။ “အခု ကျွန်တော်တို့ မျက်နှာကို မမြင်ရတော့ဘူးလေ”
လော့ဝူရွှမ်နှင့် ကျဲ့ဟွလီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
မတိုက်ခိုက်စဉ်က မျက်နှာမကာဘဲ တိုက်ခိုက်ပြီးမှ ကာလိုက်ခြင်းကား ခေါင်းလောင်းတီးပြီးမှ နားပိတ်လိုက်ခြင်းနှင့် တူနေမည် မဟုတ်လော။
သားသတ်သမားကလည်း အနက်ရောင်အဝတ်စတစ်ခု ထုတ်၍ မျက်နှာအား ကာလိုက်သည်။ သူသည်လည်း ဤလိုကိစ္စမျိုးနှင့် ရင်းနှီးနေပြီးဖြစ်သည်မှာ သိသာလှ၏။ ပြောရလျှင် ချင်မူမှာ နာမည်ကြီးသော မိသားစုမှဖြစ်ပြီး သူသည်လည်း နာမည်ကြီးသော ထိုမိသားစုမှ မဟုတ်လော။ “ငါတို့ကို လက်ပူးလက်ကြပ် မမိသရွေ့ ငြင်းလို့ရတယ်.. ဘယ်သူက ငါတို့ကို ဘာလုပ်နိုင်မှာလဲ…”
“မျက်နှာဖုံးဆိုတာ အရှက်ရစရာ အ၀တ်စပဲ… ၀တ်၀တ်၊ မ၀တ်၀တ် ဘာမှမထူးဘူး …. ဘယ်သူ့ဆီကနေ ပုန်းလို့ရမှာလဲ”
ချင်မူက ပြင်ဆင်ထားခဲ့ပြီးဖြစ်သဖြင့် အနက်ရောင်ပု၀ါသုံးခု ထုတ်ကာ တျန်းရှု၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်းအား ပေးလိုက်သည်။ “လက်ပူးလက်ကြပ် မမိသရွေ့ သေရင်တောင်မှ ၀န်မခံမိစေနဲ့… စွပ်စွဲခံရပြီဆိုရင် စကားတွေကတော့ ထွက်လာမှာပဲ… အနက်ရောင်ကိုတောင် အဖြူရောင်ဆိုပြီးတောင် ငြင်းလို့ရတယ်… သေသူကိုလည်း ရှင်နေပါတယ်လို့ ပြောလို့ရတယ်… ခင်ဗျားတို့မျက်နှာကို အရင်အုပ်လိုက်ကြပါ”
သူတို့သုံးယောက်က ပုဝါများကို တိတ်တဆိတ် လှမ်းယူကာ မျက်နှာများကို အုပ်လိုက်ကြ၏။
ထို့နောက် ချင်မူက ရုတ်တရက် အနက်ရောင်ပုဝါကို ပြန်ဖယ်လိုက်သည်။ သူက ထွက်ခွာလုဆဲဆဲ မြောက်ကောင်းကင်စစ်တပ်ဆီသို့ လှမ်းပြော၏။ “ကျုပ်က ကောင်းကင်နတ်အရှင်မူပဲ… ရွှမ်တုတိုက်ပွဲမှာ ဦးဆောင်တိုက်ခိုက်ဖို့ သွားနေတာ… လမ်းမှာ ဓားပြတွေ တွေ့ခဲ့ပြီး ရတနာသင်္ဘော ဖျက်ဆီးခံခဲ့ရတယ်… ဆိုတော့ ခင်ဗျားတို့ဆီက သင်္ဘောတစ်စင်း ယူသွားမယ်”
မြောက်ကောင်းကင်စစ်တပ်ရှိ တပ်မှူးများမှာ ဇဝေဇဝါဖြစ်သွားကြသည်။ သူတို့မှာ တိုက်ခိုက်ပြီးမှ မျက်နှာဖုံးအုပ်ခဲ့သည်ကို မြင်ရကတည်းက ကြောင်နေကြခြင်း ဖြစ်၏။ ယခုတွင် ချင်မူသည် မျက်နှာပင် မအုပ်တော့ဘဲ ကောင်းကင်နတ်အရှင်မူသရုပ်မှန်ဖြင့် သူတို့၏သင်္ဘောတစ်စင်းကို သိမ်းပိုက်နေချေပြီ။ အရေခွံထူလွန်းသဖြင့် ကောင်းကင်နတ်ဧကရာဇ်ပင်လျှင် ၎င်းအရေခွံကို ဖောက်ထွင်းနိုင်လိမ့်မည် မဟုတ်ပေ။
တပ်မှူးအချို့က တစ်ယောက်ကိုတစ်ယောက် မရှုမလှ ကြည့်လိုက်မိကြသည်။ ရုတ်တရက် သူတို့ထဲမှတစ်ယောက်က အသိစိတ်ဝင်လာပြီး သင်္ဘောပျံတစ်စင်းအား သွားရောက်ယူလာရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်၏။ သူတို့ထဲမှာ တချို့သည် ကြောက်လန့်တုန်လှုပ်နေကြပြီး စကားပင် မပြောရဲကြပေ။
ချင်မူက သူတို့ကို အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ကြည့်ကာ မှင်သေသေ သတိပေးလိုက်၏။ “ခင်ဗျားတို့ ဘာလို့ထွက်မသွားသေးတာလဲ… ကျုပ်မျက်နှာကို ကွယ်လိုက်တော့မယ်… ကျုပ်မျက်နှာကို ကွယ်ပြီးသွားရင် ကောင်းကင်နတ်အရှင်မူ မဟုတ်တော့ဘဲ ကောင်းကင်ယင်သားတော်ကို သတ်ဖြတ်ရဲတဲ့ ဓားပြတစ်ယောက် ဖြစ်သွားပြီနော်”
တပ်မှူးအချို့က ကမန်းကတန်း ထွက်ခွာသွားကြသည်။
သူတို့ငါးယောက်က သင်္ဘောပေါ်သို့ တက်လိုက်ကြပြီး သားသတ်သမားသည် မြောက်ကောင်းကင်စစ်တပ် ဆုတ်ခွာသွားသည်ကို ကြည့်နေ၏။ မင်တုစစ်တပ်သည် ဆုတ်ခွာနေသည့်အချိန်တွင်ပင် ပုံစံပျက်မသွားဘဲ ခံစစ်တိုက်စစ်ကို ဖော်ထားနေဆဲဖြစ်ရာ သားသတ်သမား မျက်မှောင်ကြုတ်သွားသည်။
“ကောင်းကင်ယင်သားတော်က စစ်ပညာကို အတော်လေး နားလည်ထားတာပဲ”
သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူက ခပ်ဩဩ ပြောသည်။ “ကောင်းကင်ယင်သားတော်သာ ဒေါသတကြီး ပြေးဝင်မလာခဲ့ဘူးဆိုရင် စစ်တပ်နဲ့ ၀င်္ကပါကို အသက်သွင်းရင်း ငါတို့ကို ပိတ်လှောင်ထားမှာပဲ… ငါတို့က သေရမှာကို စောင့်နေတဲ့ သိုးငယ်လေးတွေဘဝ ရောက်သွားလိမ့်မယ်”
တျန်းရှု၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်တို့မှာလည်း စစ်တပ်ကို ဦးဆောင်နေကြသည့် တပ်မှူးများဖြစ်ကြသည်။ လော့ဝူရွှမ်သည် အစက လက်တစ်ဖတ်ပြတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကျဲ့ဟွလီကတော့ လင်ယွိရှို့၏လက်အောက်တွင် အရေးပါသောရာထူး ပေးအပ်ခြင်းခံခဲ့ရပြီး အနောက်နယ်စပ်၌ တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ တျန်းရှုမှာလည်း ခိုင်ဧကရာဇ်လက်အောက်ရှိ ကောင်းကင်နတ်မင်းလေးပါးထဲမှ တစ်ပါးဖြစ်၍ ခိုင်ဧကရာဇ်ခေတ်စစ်တပ်ကို ထိန်းချုပ်သူဖြစ်သည်။
သူတို့သည် ကောင်းကင်ယင်သားတော်၏ စစ်တပ် မည်မျှအင်အားကြီးသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကြ၏။
နတ်ဘုရားမိစ္ဆာတစ်ပါး၏ အတိုက်အခိုက်စွမ်းရည်မှာ သူတို့အတွက် အရေးမပါပေ။ စစ်တပ်ကို ဦးဆောင်နေကြသည့် တပ်မှူးများပင်လျှင် အမြင့်ဆုံးသိုင်းအဆင့်ဟူ၍ ကျောက်စိမ်းမြို့တော်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့်တွင်သာ ရှိကြသည်။
သို့ထိတိုင် ထိုနတ်ဘုရားမိစ္ဆာများ ဗျူဟာကျသော စစ်တပ်တစ်တပ်အဖြစ် စုဝေးသွားကြသည့်အခါတွင်တော့ သူတို့ထုတ်ဖော်နိုင်သည့် စွမ်းအားမှာ ကြောက်စရာကောင်းလွန်း၏။
သဲမှုန်များမှ မျှော်စင်တစ်ခု ဖြစ်လာသည့်အလား သူတို့၏ခွန်အားအားလုံးကို စုပေါင်းတိုက်ခိုက်ပါက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးပင်လျှင် သူတို့၏တိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။
နတ်ဘုရားမိစ္ဆာများကြားရှိ တိုက်ပွဲကြီးများတွင် ဗျူဟာအနေအထားကို အထင်သေး၍မရချေ။
“အနာဂတ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်ဘုံနဲ့ စစ်ပွဲဖြစ်ခဲ့ရင် ဉာဏ်ပညာနဲ့ နတ်မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ မျက်ကန်းက အခရာ ဖြစ်လာလိမ့်မယ်”
သားသတ်သမားက သင်္ဘောထိပ်တွင် ရပ်လျက် အောက်၌ စီးဆင်းနေသော မြစ်ရေကို ကြည့်ရှုနေသည်။ “ကောင်းကင်ဆရာသခင်လေးပါး၊ ကောင်းကင်ဧကရာဇ်လေးပါး၊ ကောင်းကင်နတ်မင်းလေးပါး ရှိတယ်… ကောင်းကင်ယင်သားတော်က ကောင်းကင်ဧကရာဇ်လေးပါးထဲက တစ်ပါးပဲ” သူက အေးဆေးတည်ငြိမ်စွာ ပြော၏။ “မျက်ကန်းသာ အဲဒီလိုပုဂ္ဂိုလ်မျိုးကို ၀င်္ကပါပေါ်မှာ တိုက်ခိုက်ချင်တယ်ဆိုရင် သူ့၀င်္ကပါကို ဒီထက်လမ်းစဉ် နက်နက်နဲနဲ ဝင်ရောက်နိုင်အောင် လုပ်ရလိမ့်မယ်”
ချင်မူက သူ့ဘေးသို့ ရောက်လာပြီး ထိုသို့ခံစားနေရသည်။ သူက ခေါင်းညိတ်လျက် ပြော၏။ “ဘိုးဘိုးမျက်ကန်းဖြစ်ဖြစ် ဘိုးဘိုးရွှေအဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးကို ရိုက်နှက်ပြီးတော့ ကြိုးစားအောင် ကျွန်တော် ဖိအားပေးပါ့မယ်”
“အရှက်မရှိတဲ့ကောင်”
သားသတ်သမားက သူ့ကို တစ်ချက်ကြည့်၍ ဆူပူကြိမ်းမောင်းပြီးနောက် စိတ်ပူပန်စွာ မေးသည်။ “မင်းရဲ့ဒဏ်ရာတွေရော ဘယ်လိုနေလဲ.. ရွှမ်တုတိုက်ပွဲအပေါ် သက်ရောက်နိုင်လား…”
“ကျွန်တော်က ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်အဆင့်အထိ ကျင့်ကြံထားပြီးသားပါ… ဆိုတော့ ကျွန်တော်က ဧရာမနဂါးသွဲ့ရေကန်ကြီးပဲ… ပင်လယ်ထဲမှာ ကမ္ဘာဦးရေကြည်တွေ အများကြီးရှိတယ်… တာအိုဒဏ်ရာမဟုတ်သရွေ့ အလိုအလျောက် သက်သာလာနိုင်တယ်”
ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော့်ရဲ့ သိုင်းအခြေခံ ထိခိုက်သွားရင်တောင် အလျင်အမြန် သက်သာလာမှာ”
သူ၏အရှိန်အဝါသည် အမှန်တကယ်ပင် အဆက်မပြတ် ပြန်လည်သက်သာလာနေကြောင်း သားသတ်သမား တွေ့လိုက်ရပြီး ပြန်လည်သက်သာလာနှုန်းကလည်း အလွန်မြန်ဆန်၏။ သူက အံ့ဩစွာ စုတ်တစ်ချက် သပ်လိုက်မိသည်။ “ငါတို့ ဘေးအန္တရာယ်ချီကို ကိုယ်ကျိုးအတွက် သုံးလို့ရအောင် ဘယ်လိုသန့်စင်ရမလဲ သိခဲ့ပြီးပြီ… ဘိုးဘေးနန်းတော်ရဲ့ နဂါးသွဲ့ရေကန်အဆင့်မှာလည်း ကိုယ်ပိုင်အံ့ဩစရာတွေ ရှိတာပဲလား”