တိရီယွဲ့၏ အဖေ
Vol. 110 Ch. 1440
တျန်းဖန်မြို့သည် ကောင်းကင်တာအို ၄၉ ခုထဲတွင် ၁၁ ခုမြောက် ကောင်းကင်တာအို ဖြစ်သလို၊ ရွှမ်တု၏ နတ်ဘုရားမြို့တော် ၄၉ မြို့ထဲမှ တစ်မြို့လည်း ဖြစ်၏။ ဤနေရာတွင် စွမ်းအင်အများအပြား စုဝေးနေကာ ကောင်းကင်တာအိုအရှိန်အဝါက အသိပ်သည်းဆုံးပင်။
သူတို့ တျန်းဖန်မြို့သို့ ရောက်သည့်အခါတွင် ကောင်းကင်တာအိုက တစ်မြို့လုံးအား ထောက်ပံ့ပေးထားကြောင်း တွေ့လိုက်ရ၏။ နတ်ဘုရားမြို့အပြင်တွင် ၎င်းသည် သိပ်သည်းလွန်းသဖြင့် အသွင်သဏ္ဍာန်ပင် ဖွဲ့တည်နေလေသည်။ မရေမတွက်နိုင်သော နေစောင့်ရှောက်သူများ၊ လစောင့်ရှောက်သူများနှင့် ကြယ်တာရာအရှင်သခင်များမှာ ဤနေရာတွင် စုဝေးနေကြ၏။
နတ်ဘုရားမြို့မှာ ထောင်သောင်းချီသော နေ၊ လ၊ ကြယ်တာရာတို့ဖြင့် ၀န်းရံခံထားရသည်။ ၎င်းသည် ကျယ်ပြောလာသော စကြ၀ဠာတစ်ခုအလယ်တွင် မြောလွင့်နေသည့်အလားပင်။ အလင်းရောင်က မျက်စိကျိန်းမတတ် တောက်ပလင်းလက်နေလေရာ စေ့စေ့ကြည့်ရန်ပင် မဖြစ်နိုင်ချေ။
ထိုအခိုက်အတန့်တွင် တျန်းဖန်မြို့မှာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ စစ်တပ်ကို ဦးဆောင်သော မဟာနေဧကရာဇ်တန့်ဖုန်းလိုင်၏ ဝိုင်းထားခြင်း ခံထားရသည်။ မရေမတွက်နိုင်သော ရွှေကျီးကန်းများက နေလုံးကြီးများကို ဆွဲလာနေကြပြီး မရေမတွက်နိုင်သော ကျီးကန်းစစ်သည်တော်များက နေလုံးကြီးများထဲမှ ပျံထွက်၍ တျန်းဖန်မြို့ကို တိုက်ခိုက်နေကြသည်။
သို့သော် မဟာနေဧကရာဇ် တန့်ဖုန်းလိုင်အနေဖြင့် တျန်းဖန်မြို့၏ အကာအရံကဲ့သို့ ခံစစ်ကို မထိုးဖောက်နိုင်ဖြစ်နေသည်။
တန့်ဖုန်းလိုင်သည် ကောင်းကင်နတ်ဘုံ၏ မြေပုံအနေအထားနှင့် ရွှမ်တုထဲရှိ ကောင်းကင်နတ်ဘုံသားနတ်ဘုရားတို့၏ ရာထူးတို့အား ကြီးကြပ်ကွပ်ကဲခဲ့ဖူးသော်လည်း အမိကမ္ဘာမြေက ရွှမ်တုထဲရှိ ကောင်းကင်နတ်ဘုံအင်အားစုအားလုံး ရှင်းလင်းသုတ်သင်ပစ်ခဲ့သည်။ သူ့လက်အောက်ရှိ နတ်ဘုရားမိစ္ဆာအားလုံး အမိကမ္ဘာမြေလက်ချက်ဖြင့် သေဆုံးသွားသောကြောင့် သူ ယခု ထိန်းချုပ်နေသော တပ်ဖွဲ့မှာ စစ်တပ်အသစ် ဖြစ်သည်။ သို့သော် ကမ္ဘာလောကအသီးသီးမှ စုဝေးထားသော ရွှေကျီးကန်းမျိုးနွယ်စုသည် မူလပထမ ကိုယ်ရံတော်များနှင့် မယှဥ်နိုင်ပေ။
သူသည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်၍ ရှေ့ဆုံးမှ ဦးဆောင်ကာ ချီတက်သွားသည်။
ချင်မူတို့ ရောက်လာသည့်အချိန်တွင် တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိနေ၏။ တန့်ဖုန်းလိုင် မြို့ထဲဝင်ရောက်တော့မည့်အချိန်တွင် မြို့ထဲရှိ ကောင်းကင်တာအိုက ရုတ်တရက် တုန်ခါသွားသည်။ နေစောင့်ရှောက်သူများ၊ လစောင့်ရှောက်သူများနှင့် ကြယ်တာရာအရှင်သခင်တို့က ပြိုင်တူအော်ဟစ်လိုက်ကြသည့်အခါ သူတို့၏မှော်စွမ်းအင်သည် စုစည်းသွားပြီး ကောင်းကင်ထဲရှိ ကောင်းကင်တာအိုကို သိပ်သည်းလာစေ၏။ ထို့နောက် ဝုန်းခနဲ ကျဆင်းလာသော ကောင်းကင်ချိတ်တံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ချိပ်တံဆိပ် အပြည့်အဝ ကျဆင်းမလာခင် တန့်ဖုန်းလိုင်၏ မျက်လုံးထောင့်များ တွန့်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်တာအိုသံကြိုးများ၏ ချက်ချင်း ချုပ်နှောင်ခံလိုက်ရသည့်အလား မလှုပ်ရှားနိုင်တော့ပေ။ အဆုံးအစမဲ့သော ဖိအားက အပေါ်မှ ဖိချနေပြီး ကောင်းကင်ချိပ်တံဆိပ် သူ၏ဦးခေါင်းသို့ မရောက်ရှိခင်မှာပင် သူ၏အရိုးများမှာ အက်ကွဲ၍ အရေပြားလည်း ပေါက်ကွဲသွားသည်။ နတ်ဘုရားသွေးသည်လည်း ပွက်ပွက်ဆူလာတော့သည်။
တန့်ဖုန်းလိုင်က စူးရှစွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ မီးငှက်အသွင် ပြောင်းလဲသွားသည်။ ကောင်းကင်နန်းဆောင်သုံးခုက ကောင်းကင်ထက်သို့ ပြေးတက်သွားပြီး သူ၏မူလဝိညာဉ်နှင့် မှော်စွမ်းအင်တို့က နေလုံးကြီးများကို ဆွဲလျက် အပြည့်အဝ ထွက်ပေါ်လာကာ ကောင်းကင်ချိပ်တံဆိပ်နှင့် ထိပ်တိုက်ရင်ဆိုင်၏။ နေလုံးကိုးလုံးမှာ ကြယ်တာရာများအလား ကောင်းကင်ချိပ်တံဆိပ်ကို အဆက်မပြတ် ရိုက်ခတ်သွားကြသည်။ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးက ကောင်းကင်ချိပ်တံဆိပ်ကို ကျိုးပျက်သွားစေသည့်အချိန် တန့်ဖုန်းလိုင်က တောင်ပံများခတ်၍ အဝေးသို့ ပျံသန်းသွား၏။
ဝုန်း…
ကောင်းကင်ချိပ်တံဆိပ်က နေလုံးကိုးလုံးကို ဖိချေလျက် ကျဆင်းလာရာ စစ်မြေပြင်တွင် ခြေပြတ်လက်ပြတ်များဖြင့် ပြည့်နှက်သွားတော့၏။ တန့်ဖုန်းလိုင်၏ လက်အောက်ရှိ မရေမတွက်နိုင်သော ကောင်းကင်လက်နက်များနှင့် မူလဝိညာဉ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားကြပြီး မရေမတွက်နိုင်သော ခြေလက်များက လေပေါ် မြောက်တက်ကုန်သည်။ ထို့နောက် အဆက်မပြတ် တိုက်ခတ်နေသည့် လေမုန်တိုင်းကြောင့် ပြာဖြစ်သွားကြသည်။
ကြောက်မက်ဖွယ် အားလှိုင်းကြီးက ချင်မူတို့အရှေ့သို့ ရောက်လာရာ သူတို့၏ခန္ဓာကိုယ်များကို မတည်မငြိမ်ဖြစ်သွားစေသည်။ သင်္ဘောများပင်လျှင် တျန်းဖန်မြို့အနား မကပ်နိုင်ကြချေ။
ကောင်းကင်ချိပ်တံဆိပ် ကျဆင်းလာပြီးနောက် စစ်မြေပြင်ထက်တွင် ရေတွင်းတစ်တွင်း ရုတ်တရက်ပေါ်လာသည်။ ၎င်းသည် သာမန်ရေတွင်းများနှင့် မတူပေ။ ၎င်းအပေါ်တွင် ကောင်းကင် ရှိနေပြီး အောက်တွင် မြေကြီး ရှိနေ၏။ ရေတွင်း၏ ကိုယ်ထည်က နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ဖြစ်လေသည်။
ရေတွင်းကား စစ်မြေပြင်တွင် ပေါ်လာသည်နှင့် အရာအားလုံးကို ဝါးမြိုပစ်နိုင်သော မိစ္ဆာတစ်ကောင်အလားပင်။ ၎င်းက တန့်ဖုန်းလိုင်၏ စစ်တပ်ကို စုပ်ယူလိုက်ရာ မရေမတွက်နိုင်သော ကောင်းကင်လက်နက်များနှင့် နတ်တပ်မှူးများမှာ လေထဲ မြောက်တက်သွားကြသည်။ သူတို့မှာ တစ်စုံတစ်ခုကို လှမ်းဆွဲချင်သော်လည်း မဆွဲနိုင်လိုက်ဘဲ စုပ်ယူခံရကာ ပြာကျသွားတော့သည်။
“ကောင်းကင်တာအိုရဲ့ စွမ်းအားက သန်မာလွန်းနေတာ မဟုတ်ဘူးလား” တျန်းရှုက ရေရွတ်လိုက်သည်။
တန့်ဖုန်းလိုင်မှာ ရှုံးနိမ့်သွားသောကြောင့် စစ်သည်တော်များအား ပြန်ဆုတ်ရန် အသည်းအသန် အော်ဟစ်နေသည်။ ခမ်းနားတင့်တယ်သည့် ခန္ဓာကိုယ်များနှင့် နေစောင့်ရှောက်သူတို့က တျန်းဖန်မြို့အတွင်းမှ ထွက်လာကာ သူတို့အား လိုက်ဖမ်းကြသည်။
ချင်မူက စစ်မြေပြင်အပြင်တွင် တခဏ ရပ်နေပြီးနောက် သင်္ဘောသည် တျန်းဖန်မြို့ဆီသို့ ဦးတည်သွား၏။
သူတို့ မြို့ထဲသို့ ဝင်ရောက်သည့်အချိန်မှာတင် တစ်စုံတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရသည်။ “လူသေးသေးလေးတွေကို ပစ်ကြ… လူသေးသေးလေးတွေကို ပစ်”
ချင်မူ အသံလာရာသို့ ကြည့်လိုက်ရာ ရွှမ်တုမှ နေ၊လ စောင့်ရှောက်သူများနှင့် ကြယ်တာရာအရှင်သခင်တို့၏ ကလေးများဖြစ်ကြကြောင်း တွေ့လိုက်ရသည်။ သူတို့သည် ကျောတွင် လေးမြားများ လွယ်ထားကြပြီး စာခြောက်ရုပ်တချို့ကို ပစ်ခတ်နေကြ၏။
စာခြောက်ရုပ်ထဲတွင် တစ်ရုပ်က ရှေးဟောင်းနတ်ဘုရားဘုရင်၊ နောက်တစ်ရုပ်က ကောင်းကင်နတ်အရှင်ဟွေ့ဖြစ်ပြီး နောက်ဆုံးတစ်ရုပ်ကတော့ ချင်မူပင်။
ကလေးများထဲမှ တစ်ယောက်က မြားတချို့ အဆက်မပြတ် ပစ်ခတ်ရင်း ဝမ်းသာစွာ အော်ဟစ်လိုက်သည်။ “ငါ ချင်မူကို ပစ်လိုက်ပြီး… လူသေးသေးလေးချင်”
“ငါရောပဲ”
စာခြောက်ရုပ်ချင်မူကို ထိအောင် မပစ်နိုင်သည့် ကလေးတချို့က ရှေ့သို့ တက်သွား၍ စာခြောက်ရုပ်အား တံတွေးထွေးလိုက်ကြသည်။
ချင်မူက တိတ်ဆိတ်နေပြီး သူ့မျက်နှာပေါ်ရှိ အနက်ရောင်အဝတ်ကို ထိလိုက်၏။
သားသတ်သမားက သူ့ဘေးနားသို့ ရောက်လာကာ ပခုံးပုတ်သည်။ “မင်းလုပ်ခဲ့တာကို အားလုံးတော့ နားမလည်နိုင်ကြဘူးလေ”
“ကျွန်တော်သိပါတယ်… ကလေးလေးတွေပဲဟာ… ကြောက်စရာမလိုဘူး”
ချင်မူက နှာခေါင်းရှုံ့၍ မြို့ထဲသို့ ဝင်ရောက်သွားသည်။ “အရှက်ခွဲတာတွေ ခံခဲ့ရဖူးပြီပဲ.. ဒါကို ဂရုစိုက်မနေပါဘူး”
သားသတ်သမားက သူ့ကျောပြင်ကို ကြည့်ရင်း ခေါင်းခါရမ်းကာ အနောက်မှ လိုက်သွား၏။
တျန်းရှုက အနက်ရောင်အဝတ်ကို ဖယ်၍ ပြော၏။ “ငါ တျန်းဖန်မြို့ကို ကာကွယ်နေတဲ့ ရွှမ်တုခေါင်းဆောင်ကို သိလောက်တယ်… သူက တိရီယွဲ့ရဲ့ အဖေ တီချင်း ဖြစ်ဖို့များတယ်… ခိုင်ဧကရာဇ်ခေတ်တုန်းက သူက ကမ္ဘာဦးဘုံရဲ့ နေစောင့်ရှောက်သူလေ… ကောင်းကင်နယ်စားမင်းရဲ့ အမိန့်ကြောင့် ခိုင်ဧကရာဇ်ကို လာကူညီခဲ့တာ … နောက်ပိုင်းမှာ တိရီယွဲ့ မွေးဖွားလာပြီး အံ့မခန်းလိလိ ပါရမီကို ထုတ်ပြနိုင်ခဲ့တယ်… သူက ခိုင်ဧကရာဇ်ကို တိရီယွဲ့လက်ထဲမှာ အပ်ထားခဲ့တာပဲ … မင်းတို့ထဲက တစ်ယောက်က ကောင်းကင်နတ်အရှင်မူ၊ နှစ်ယောက်က ကောင်းကင်နတ်ဘုံရဲ့ လက်တစ်ဖက်ပြတ်စစ်တပ်ထဲက… ကျန်တဲ့တစ်ယောက်ကတော့ ကောင်းကင်နတ်အရှင်မူရဲ့ ဆရာဆိုတော့ မျက်နှာတွေ ထုတ်ပြဖို့ အဆင်မပြေဘူး… ငါ သူနဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်… ငါ့နောက် လိုက်ခဲ့ကြ”
အားလုံးက သဘောတူ၍ သူ့အနောက် လိုက်သွားကြသည်။
“တိရီယွဲ့နဲ့ တိချင်းက ဆက်ဆံရေး အဆင်မပြေဘူး ကြားဖူးတယ်” လော့ဝူရွှမ်က ရုတ်တရက် ထပြော၏။
တျန်းရှုက ဖြေသည်။ “ကြာလှနေတဲ့ ကိစ္စကြီးပါ… တိရီယွဲ့ရဲ့ အမေက လူသားတစ်ယောက်လေ… တိချင်းကကျ နတ်သား… သူ့မှာ ကောင်းကင်နယ်စားမင်းရဲ့ သွေးဆက် ရှိတယ်… သူ့အမေ ကိုယ်ဝန်ရလာတော့ တိချင်းက စွန့်ပစ်သွားခဲ့တယ်…နောက်ပိုင်းမှာတော့ တိရီယွဲ့ မွေးဖွားလာခဲ့တာပဲ… သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ကြပေမယ့် သူ့အမေရဲ့ ဘဝက သနားဖို့ကောင်းတယ်… နာကျင်ကျင်နဲ့ သေဆုံးသွားခဲ့ရတာ… တိရီယွဲ့က တိချင်းနဲ့ မထင်မှတ်ဘဲ တွေ့ကြတော့ သူ့ရဲ့ကလေးမှန်း သိသွားတယ်လေ… အဲဒါကြောင့် ခေါ်ထားခဲ့တာပဲ… လူသားမျိုးနွယ်နဲ့ ကလေးတစ်ယောက် ရခဲ့တာက သူ့အတွက် အမဲစက်ကြီးတစ်ခုလို ခံစားခဲ့ရလို့ ခိုင်ဧကရာဇ်ဆီ ပေးခဲ့တာ… ပထမတော့ ခိုင်ဧကရာဇ်ရဲ့ ဇနီး ဖြစ်လာဖို့ပဲ”
သူသည် ခိုင်ဧကရာဇ်လက်အောက်ရှိ ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးပြီး သူ တိချင်းဆီ သွားတွေ့ခဲ့ခြင်းက အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ သူ၏ ရောက်လာမှုက ခိုင်ဧကရာဇ်၏ စိတ်နေသဘောထားကို ဖော်ပြသဖြင့် တိချင်းသည် တျန်းဖန် မြို့မှ အစောင့်အရှောက်များစွာ ခေါ်ကာ သွားရောက်တွေ့ဆုံခဲ့၏။
“ခိုင်ဧကရာဇ်က တိရီယွဲ့ရဲ့ အရည်အချင်းကို မြင်ပြီးတဲ့အခါမှာတော့ အံ့အားသင့်သွားခဲ့တယ်… ဒါကြောင့် နေရာပေါင်းစုံ စေလွှတ်ပြီး ပညာသင်စေခဲ့တယ်… အဲဒါကြောင့်ပဲ တိရီယွဲ့က တိချင်းကို အရိုးစွဲတဲ့အထိ မုန်းနေတာ… သူနဲ့ တွေ့ရင် စကားတစ်ခွန်းမှ မပြောဘူး… နောက်ပိုင်း ခိုင်ဧကရာဇ်ခေတ်ကပ်ဘေး ပေါ်လာတော့ တိချင်း ခိုင်ဧကရာဇ်ကို ထားခဲ့ပြီး ထွက်သွားတယ်လေ… အဲဒီမှာ တိရီယွဲ့က အမုန်းတရားက ပိုပြီးပြင်းထန်သွားတာပဲ…”
တျန်းရှုသည် တိချင်းနှင့် အခြားသူများ လာရောက်နေသည်ကို မြင်လျှင် ချက်ချင်း စကားစရပ်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “နောင်တော်တိချင်း၊ မတွေ့ရတာကြာပြီနော်”
တိချင်းသည် အရပ်ရှည်၍ ခန္ဓာကိုယ်တောင့်တင်းကာ အဖြူရောင်ဆံပင်များနှင့် ငွေရောင်မျက်လုံးတို့ကို ပိုင်ဆိုင်ထားသည်။ သူ့တွင် ကောင်းကင်နယ်စားမင်း၏ ထူးဆန်းသောအသွင်အပြင် ရှိ၏။ သူက တဟားဟားရယ်လျက် တုံ့ပြန်သည်။ “ခိုင်ဧကရာဇ်က ငါတို့ရဲ့ အတိတ်က မိတ်ဆွေဆက်ဆံရေးကို မမေ့ခဲ့လို့ မင်းကိုလွှ တ်လိုက်တာမလား… ဆိုတော့ ငါ စိတ်အေးပါပြီ”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်လိုက်ပြီး တိချင်းက ပြုံး၏။ “ဒီနေ့တော့ တာအိုက ရွှမ်တုကို ကာကွယ်ပေးနေပါတယ်… မင်း မလာခဲ့ရင်တောင်မှ ကောင်းကင်နတ်ဘုံအနေနဲ့ ရွှမ်တုကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး… မင်းရောက်လာတာတော့ ကောင်းပါတယ်… မင်းနဲ့အတူ နာမည်ယူလို့ရတာပေါ့” ထို့နောက် သူက ကျယ်လောင်စွာ ရယ်လိုက်ပြန်သည်။
ချင်မူနှင့် အခြားသူများက မျက်မှောင်ကြုတ်သွားသော်လည်း တိတ်ဆိတ်နေကြ၏။
တျန်းရှု၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူက တည်ကြည်လေးနက်စွာ ပြောသည်။ “လမ်းမှာ နတ်မင်းလေးပါး ကောင်းကင်လက်နက်လေးခု သယ်ဆောင်လာတာကို တွေ့ခဲ့ရတယ်… နတ်မင်းလေးပါး ကောင်းကင်လက်နက်လေးခုအပြင်၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနဲ့ တာအိုမီးတောက် ဘိုးဘေးနယ်မြေတို့လည်း ပါတယ်… တျန်းဖန်မြို့အနေနဲ့ ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး… ဒါ့အပြင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက ခြောက်ပါးကလည်း လာနေကြပြီ… ကောင်းကင်နတ်အရှင်တွေအတွက် တျန်းဖန်မြို့က တစ်ချက်တည်းနဲ့ လည်ချိုးပစ်လို့ရတဲ့ ကြက်တစ်ကောင်လိုပဲ”
“ပုံကြီးချဲ့နေပြန်ပြီ”
တိချင်းက ခေါင်းခါရမ်း၏။ “တျန်းရှု၊ မင်း ကူညီဖို့ လာတာလား… အများစုကို ဝေဝါးသွားစေဖို့ လာတာလား… ငါ့ရဲ့ တျန်းဖန်မြို့က ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခံထားရတာ... ချိုးဖျက်လို့မရဘူး… ကောင်းကင်နတ်အရှင်တွေ တိုက်ခိုက်ရင်တောင် ဒီကောင်းကင်တာအိုမြို့ကို ကျူးကျော်နိုင်မှာမဟုတ်ဘူး… ငါတို့က မိတ်ဆွေဟောင်းတွေဆိုတော့ ဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်… ငါ့ရဲ့သမီးရော ပါလား”
တျန်းရှုက ခေါင်းရမ်း၏။
တိချင်းက အေးစက်စွာ ရယ်လိုက်သည်။ “သူလည်း နှလုံးသားမဲ့တဲ့သူပါလား”